ဝမ်လင်းက ဓားကို စစ်ဆေး ကြည့်နေချိန်တွင် သူ့နောက်မှ တိုးညင်းသော အသံတစ်ခုကို ကြားလိုက်ရပြီး နောက်သို့ လှည့်လိုက်သည်။
ကျန်းဟူက မျက်လုံးကို ဖွင့်လိုက်သောအခါ ဝမ်လင်းကို မြင်လိုက်ရပြီး အလန့်တကြား ဖြစ်သွားကာ ဘေးပတ်ဝန်းကျင်ကို တစ်ခုခုကို ရှာဖွေနေသကဲ့သို့ ကြည့်လိုက်၏။ ထိုအခါ ဝမ်လင်းလက်ထဲမှ ဓားနှင့်ဓားအိမ်ကို မြင်ပြီး ကျန်းဟူ၏ မျက်နှာတွင် ပျော်ရွှင်သော အမူအရာများ ပေါ်လာကာ မေးလိုက်သည် …။
“သူ… သူ သေသွားပြီလား …”
ဝမ်လင်းက ရယ်ပြီး ခေါင်းညိတ် ပြလိုက်သည် …။
“ဟုတ်တယ် … ကျန်းဟူ … သူ သေသွားပြီ … မင်း ငါနဲ့မသိဘူးလို့ ပြောတာ သူ့ကြောင့်လား … ”
ကျန်းဟူက အလျင်အမြန် သူ့ရင်ဘတ်ကို ထိကြည့်လိုက်သည်။ ထို့နောက် အနည်းငယ် စဉ်းစားပြီး ပြောလိုက်သည် …။
“သူ တကယ် သေသွားပြီပဲ … ဝမ်လင်း ဒီနေရာက စကားပြောလို့ ကောင်းတဲ့နေရာ မဟုတ်ဘူး … ငါ ဒီလူတွေအားလုံးကို ရှင်းပြီးရင် ဒီကနေ မြန်မြန် သွားကြမယ် ..”
ပြောပြီးသည်နှင့် သူက လက်ကို မြှောက်လိုက်ရာ မီးလုံး၃လုံး ထွက်ပေါ်လာ၏။
ထိုအချိန်တွင် ပတ်ဝန်းကျင်ရှိ လူအားလုံးက မှင်တက်နေသည်။ သူတို့ မြင်လိုက်ရသည့် မြင်ကွင်းက သူတို့ တစ်သက်သာတွင် မြင်ရလိမ့်မည်ဟု တစ်ခါမှ မတွေးဖူးကြချေ။ ရုတ်တရက် ကျန်းဟူလက်ထဲမှ မီးလုံး၃လုံးကို မြင်လိုက်ရချိန်တွင် သူတို့၏ မျက်နှာတွင် ကြောက်လန့်သော အမူအရာများ ပေါ်လာသည်။
ဝတ်စုံနက်ဝတ် လူများကလည်း ကြောက်လန့်နေသော မျက်လုံးများဖြင့် ကျန်းဟူကို ကြည့်နေကြ၏။
ဝမ်လင်း မျက်မှောင်ကြုတ် သွားပြီး တစ်ခုခုပြောရန် ပြင်လိုက်ချိန်တွင် ကျန်းဟူက မီးလုံးများကို ဝတ်စုံနက်ဝတ် လူများ ဆီသို့ ပစ်လွှတ်လိုက်သည်။
တန်ဖိုးအရ ပြောရလျှင် အင်မော်တယ်များ အတွက် သာမန် သေမျိုးများ၏ အသက်သည် ပုရွက်ဆိတ် သဖွယ်သာ ဖြစ်၏။ ပြန်တိုက်ခိုက်နိုင်စွမ်း လုံးဝမရှိပဲ ဆောင်ရှင်း အပါအဝင် ဝတ်စုံနက်များကို မီးလုံးများက တိုက်သွားကာ သူတို့ကို မီးစွဲသွားစေသည်။ သို့သော်လည်း ထူးဆန်းသည်က သူတို့ကို ပြာအဖြစ် လောင်ကျွမ်းမသွားပဲ ထူးဆန်းသော ရွှေရောင် သွေးစက်များ ဖြစ်သွားစေ၏။ ထိုရွှေရောင် သွေးစက်များကို ကျန်းဟူက မျိုချလိုက်သည်။
မီးအရှိန်နှင့်တင် လျိုစန်းတို့ လူစုအတွက် အလွန်ပူနေလေပြီ။ သူတို့၏ဆံပင်များသည် အပူရှိကြောင့် တွန့်လိမ်နေပြီး သူတို့၏ အရေပြားတွင်လည်း အက်ကွဲကြောင်းများ ပေါ်နေ၏။ သို့သော်လည်း မည်သူ တစ်ဦးတစ်ယောက်မျှ မလှုပ်ရှားရဲကြချေ။
ကျန်းဟူ နောက်ထပ် မီးလုံး၃လုံး ထုတ်လိုက်သည်ကို မြင်လိုက်ရသောအခါ ဝမ်လင်းက ကျန်းဟူကို တားဆီးလိုက်သည် …။
“ကျန်းဟူ … နောက်ထပ် မသတ်ပါနဲ့တော့ …”
ကျန်းဟူက ဝမ်လင်းကို လှည့်ကြည့်ပြီး ပြန်ပြောလိုက်သည် …။
“သူတို့ကို မသတ်ရင် သူတို့ ပြန်ရောက်တဲ့အခါ အားလုံးကို လျှောက်ဖွ ကြလိမ့်မယ် … မင်းသတ်လိုက်တဲ့ ငါ့ဆရာက အဘိုးကြီးကျိမိုရဲ့ ၆ယောက်မြောက် တပည့်ပဲ … သူကသာ ဒါကို သိသွားရင် ငါတို့အတွက် အသက်ရှင်ဖို့ ခက်ခဲသွားလိမ့်မယ် …”
ကျောင်းတော်သားပုံစံ သက်လတ်ပိုင်း လူကြီးက အလျင်အမြန် ပြောလိုက်သည် …
“အင်မော်တယ် သခင်လေးတို့ … ကျွန်တော်တို့ မပြောပါဘူးလို့ ကတိပေး …”
သူ ပြောလို့ မပြီးခင်မှာတင် ကျန်းဟူက မျက်မှောင်ကြုတ်ပြီး ဖြတ်ပြော လိုက်သည် …
“မပြောဖို့ ကတိပေးမှာလား … ဟိုက မင်းလို မဟုတ်ဘူး … မင်းတို့ရဲ့ ဝိညာဉ်ကို သန့်စင်လိုက်တာနဲ့ မင်းတို့က အားလုံးကို ပြောပြကြလိမ့်မယ် …”
ကျန်းဟူက ကျောင်းတော်သားပုံစံ ရှိသော သက်လတ်ပိုင်းလူကြီးကို ပြောနေသော်လည်း သူ၏မျက်လုံးများက ဝမ်လင်းထံသို့သာ ရောက်နေ၏။
ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ ကျန်ရှိနေသော လူ၇ယောက်ခန့်က ဝမ်လင်း၏ရှေ့သို့ ဆွဲယူခြင်း ခံလိုက်ရသည်။
ကျန်းဟူကလည်း သူ၏ မီးလုံးကို သိမ်းလိုက်ပြီး ဘေးတွင် ငြိမ်သက်စွာ ရပ်နေလိုက်၏။
ဝမ်လင်းက သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုကျောက်စိမ်းပြားသည် လဲလှယ်ပွဲတွင် ကျန်းခွမ်းဆီမှ ရရှိခဲ့သော ကျောက်စိမ်းပြား ဖြစ်၏။
ကျောက်စိမ်းပြားထဲတွင် မှတ်ဉာဏ်များကို ဖျက်ပေးသော နည်းစနစ်တစ်ခု ပါသည်ကို မှတ်မိသည့်အတွက် ဝမ်လင်းက ကျောက်စိမ်းပြားကို ထုတ်ယူလိုက်ခြင်း ဖြစ်သည်။
ဝမ်လင်းသည် ကျောက်စိမ်းပြားထဲမှ နည်းစနစ်ကို တစ်ခါမှ ဖတ်ကြည့်ပြီးနောက် ကျောက်စိမ်းပြားကို ပြန်သိမ်းလိုက်ပြီး သူ့ရှေ့မှ လူစုကို စိုက်ကြည့် လိုက်သည်။ တဖြည်းဖြည်းနှင့် သူ၏မျက်လုံးက အပြာရောင် တောက်လာသည်။ ထိုအပြာရောင် အလင်းက သူတို့၏ မျက်လုံးထဲသို့ ဝင်ရောက်သွားပြီး သူတို့၏ မျက်လုံးများလည်း အပြာရောင် တောက်လာကာ နောက်ဆုံးတွင် သူတို့က သတိလစ်ပြီး မြေပြင်ပေါ်သို့ လဲကျသွား၏။
ထိုအခြင်းအရာကို ကြည့်ပြီး ကျန်းဟူက သက်ပြင်း ချလိုက်သည်။ သူက တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း နောက်ဆုံးတွင် မပြောဖြစ်တော့ချေ။
ဝမ်လင်းက သူတို့၏ မှတ်ဉာဏ်များကို ဖျက်ပစ်ပြီးနောက် ကျန်းဟူကို ကြည့်ပြီး အဝေးသို့ ပျံသန်း ထွက်ခွာသွား၏။ ကျန်းဟူကလည်း ရွှေရောင် အလုံးတစ်လုံးကို ထွေးထုတ်ပြီး ရွှေရောင် အလုံးပေါ်သို့ တက်ကာ ဝမ်လင်းနောက်သို့ ပျံသန်း လိုက်ပါသွားသည်။
အချိန် တော်တော်ကြာအောင် ပျံသန်းပြီးနောက် ကျန်းဟူက စတင် မောလာသည့်အတွက် တောင်တစ်တောင်ပေါ်တွင် နားလိုက်ရသည်။
ကျန်းဟူက အသက်ကို ဖြည်းဖြည်းချင်း ရှူရင်း ထိုင်စရာ နေရာတစ်ခုကို ရှာပြီး ထိုင်လိုက်၏။ ထို့နောက် သူက အာလူးနှစ်လုံးကို ထုတ်ယူလိုက်ပြီး တစ်လုံး ဝမ်လင်းဆီသို့ ပစ်ပေးကာ ပြောလိုက်သည်
“ဒါတွေကို ငါ ဖုတ်ထားတာ … အရသာ ဘယ်လိုလဲ ခံစားကြည့်လိုက် …”
ဝမ်လင်းက အာလူးကို ဖမ်းယူလိုက်သည်။ အာလူးကို မြင်ပြီး လွန်ခဲ့သော ၁၀နှစ်ခန့်က သူတို့နှစ်ယောက် စတွေ့သော အချိန်ကို အမှတ်ရသွား၏။
“ငါ ဟုန်ယွီဂိုဏ်းက ထွက်လာတော့ … အိမ်ကို ပြန်မသွားပဲ လျှောက်သွားပြီး တခြား ဂိုဏ်းတွေမှာ ဝင်လို့ရမလား လိုက်စုံစမ်းခဲ့တယ် … ငါက ကံကောင်းပြီး ဆေးပင်တချို့ကို လျှောက်သွားရင်း ရရှိခဲ့တယ် … အဲဒီဆေးပင်တွေနဲ့ ငါက ပထမအလွှာကို ရောက်ခဲ့တယ် … ဒီကိစ္စအတွက် ဖျံကောင်ဆီက ရခဲ့တဲ့စာအုပ်ကို ကျေးဇူးတင်ရမယ် … ဘိုင်ကျန်းနဲ့ တွေ့ပြီး သူက ငါ ချီစုစည်းခြင်း အဆင့် အလွှာ၁ကို ရောက်နေတာ မြင်တော့ ငါ့ကို မသတ်တော့ပဲ သူ့တပည့် လုပ်ခိုင်းတယ် … ပြီးတော့ ငါ့ကို သာမန်လူတွေရဲ့ သွေးတွေကို စုခိုင်းတယ် … ငါ့ကို ထိန်းချုပ်ဖို့အတွက် သူက ငါ့ကိုယ်ထဲမှာ အဆိပ်တစ်မျိုး ထည့်ထားတယ် …”
“မင်းကို ငါနဲ့မသိဘူးလို့ ပြောတာက သူ့အနားမှာ ရှိနေလို့ပဲ … ဒါပေမဲ့ ကျေးဇူးတင်စရာ ကောင်းတာက မင်းကိုပဲ … မင်းက သူ့ကို သတ်လိုက်တယ် … ဒါကြောင့်ပဲ ငါ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အဆိပ်က ပျက်ပြယ်သွားရတယ် … အခုတော့ ငါ လွတ်လပ်သွားပြီ …” ကျန်းဟူက အာလူးကို ကိုက်လိုက်ပြီး လွန်ခဲ့သော ၁၀နှစ်ခန့်စပြီး ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ဝမ်လင်းအား အကျဉ်းချုံး ပြောပြလိုက်၏။
ကျန်းဟူ၏ အကြောင်းများကို ကြားရပြီး ဝမ်လင်း ဝမ်းနည်းရသည်။ ကျန်းဟူ၏ပြောသော အကြောင်းအရာများက ရိုးရှင်းပြီး တိုတောင်း လှသော်လည်း ကျန်းဟူ၏ဘဝ မည်မျှ ခက်ခဲကြောင်း ခန့်မှန်းနိုင်သည်။ ထို၁၀နှစ်က သူ့အတွက် အလွန်ခက်ခဲမှာ သေချာလှသည်။
ကျန်းဟူက မနာလိုသည့် အမူအရာဖြင့် ကြည့်ပြီး ပြောလိုက်သည် …“ဝမ်လင်း … ငါတို့မတွေ့တာ ၁၀နှစ်ပဲ ရှိသေးတယ် … မင်းက ငါ့ဆရာကိုတောင် သတ်နိုင်နေပြီ … မင်းက ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ကို ရောက်နေပြီ ထင်တယ် … ငါ့ဆရာရဲ့ဓားက အရမ်း စွမ်းအားကြီးတယ် … သူပြောတာ သူတောင် ဓားရဲ့စွမ်းအားကို ၄၀ရာခိုင်နှုန်းပဲ ထုတ်သုံး နိုင်သေးတယ်တဲ့ … ဒါပေမဲ့ အဲ၄၀ရာခိုင်နှုန်းနဲ့တင် ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်အောက်က ကျင့်ကြံသူတွေ တစ်ယောက်မှ သူ့ကို မယှဉ်နိုင်ဘူးတဲ့ …“
ဝမ်လင်းက ခေါင်းခါပြီး ပြောလိုက်သည် …“ငါက ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကို မရောက်သေးပါဘူး … မင်းရဲ့ဆရာက ဒီဓားကို ဘယ်နေရာက ရခဲ့တာလဲ သိလား …”
ကျန်းဟူက ဝမ်လင်းကို အံ့ဩသည့် အမူအရာဖြင့် ကြည့်လိုက် သော်လည်း ဘာမှမေးမနေတော့ပဲ ထိုအကြောင်းကို ခဏလောက် ပြန်စဉ်းစားပြီးမှ ပြောလိုက်သည် …
“သူ တစ်ခါ ပြောဖူးတယ်လို့တော့ ထင်တာပဲ … သူက ဓားကို ဂူတစ်ခုတည်းက ရတာလို့ ပြောခဲ့တယ် ထင်တယ် … သူက အမြဲတမ်း ဓားကို အလွန် အဖိုးတန်တဲ့ ရတနာတစ်ခုလို ကြည့်နေတတ်တယ် … ပြီးတော့ ဓားအိမ်ကလည်း ရတနာတစ်ခုပဲ … ဆရာက ဓားအိမ်ကို ဓားထက်တောင် အဆပေါင်းများစွာ တန်ဖိုးထားတယ် … ငါ သူ့ဘေးမှာ နေရင်း ကြားခဲ့တာ တစ်ခုရှိသေးတယ် … အမြုတေ ဖွဲ့တည်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်ရဲ့ အကူအညီ မပါပဲနဲ့ ဓားကို မသန့်စင်နိုင်ဘူးတဲ့ …”
ဝမ်လင်းကလည်း ကျောက်တုံး တစ်တုံးပေါ်ကို ထိုင်ချလိုက်ပြီး အနည်းငယ် စဉ်းစားကာ ပြောလိုက်သည် …
“ငါ့ကို အဘိုးကြီးကျိမို အကြောင်း ပြောပြပါလား … အနည်းဆုံးတော့ အကာအကွယ် နည်းနည်းလောက် လုပ်နိုင်တာပေါ့ …”
ကျန်းဟူက ပါးစပ်ထဲမှ အာလူးကို မျိုချကာ အဘိုးကြီးကျိမို အကြောင်း ပြောပြလိုက်၏ …
“အဘိုးကြီးကျိမိုက တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ယောက်ပဲ … သူက အမြုတေဖွဲ့တည်ခြင်း အဆင့်ကို ရောက်နေပြီလို့တော့ ကြားထားတယ် … သူက သူ့ရဲ့ဂုဏ်သတင်းကို အရမ်း ဂရုစိုက်တာ … ဒါကြောင့် ဘိုင်ကျန်းကို ငါတို့ သတ်သွားတာ သူ ကျိန်းသေသိမှာပဲ … မင်းလည်း ဟုန်ယွီဂိုဏ်းကို ပြန်သင့်တယ် … ငါ့ကတော့ ထန်းမိသားစုမြို့ထဲမှာ ပုန်းနေလိုက်မယ် … အဘိုးကြီးကျိမိုက အဲနေရာမှာတော့ ဂုဏ်မမောက်ရဲဘူး … ထန်းမိသားစုမြို့ထဲမှာ ငါ နေသရွေ့ ငါ ဘေးကင်းနေလိမ့်မယ် …“
ဝမ်လင်းက မဲ့ပြုံးလေးဖြင့် ပြန်ပြောလိုက်သည် …
“ဟုန်ယွီဂိုဏ်းက အခုအချိန်မှာ နာမည်ပဲ ကျန်တော့တယ် …”
ကျန်းဟူကလည်း ပြောလိုက်သည် …“ငါဒီအကြောင်းတွေကို ကြားလိုက်တယ် … ရွှမ်တောက်ဂိုဏ်းက ဟုန်ယွီတောင်ကို လုသွားတယ်တဲ့ … ဒါပေမဲ့ ဟုန်ယွီဂိုဏ်းက တပည့်တွေကလည်း ရွှမ်တောက်ဂိုဏ်းထဲ ဝင်သွားတယ် ကြားတယ် … မင်း အဲဒီအထဲ မပါဘူးလား …”
ဝမ်လင်းက ဒီကိစ္စကို ထပ်မပြောချင်တော့သဖြင့် တခြားဟာ တစ်ခုကို မေးလိုက်သည် …
“ထန်းမိသားစုမြို့က ဘယ်လိုနေရာမျိုးလဲ ”
***