ဝမ်လင်းက မျက်မှောင်ကြုတ်သွားပြီး ကျာပွတ်ကို ဆွဲယူရန် လုပ်လိုက်သော်လည်း အပြာရောင် တောက်နေသော ဓားထဲမှ သေးငယ်သော အနီရောင် ဓားလေး တစ်ချောင်း ထွက်လာပြီး မူလဓားထက် အဆပေါင်း များစွာ လျင်မြန်သော နှုန်းဖြင့် ကျာပွတ်ကို ခုတ်ပိုင်းလိုက်၏။
ကျာပွတ်က ချက်ချင်း နှစ်ပိုင်း ပိုင်းသွားပြီး သစ်သားနက်များ အဖြစ် ပြောင်းလဲသွားကာ လေထဲမှ ပြုတ်ကျလာသည်။
သက်လတ်ပိုင်း လူကြီးက လူယုတ်မာ အပြုံး ပြုံးလိုက်ပြီး ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ ဓားက ဝမ်လင်းဆီသို့ ပြေးဝင်သွား၏။
ဝမ်လင်းက ကျန်းဟူကို နောက်သို့ ပစ်လိုက်ပြီး ကိုယ်တိုင်လည်း နောက်သို့ အလျင်အမြန် ဆုတ်လိုက်သည်။
ဓားက ဝမ်လင်းဆီ အရှိန်ပြင်းစွာဖြင့် ဝင်လာနေ၏။ ရုတ်တရက် ဓားထိပ်တွင် လျှပ်စီးကဲ့သို့ လင်းလက်လာပြီး ဓားက ဝမ်လင်း၏ ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။
ဝမ်လင်း မျက်နှာပျက်သွားပြီး ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းပြား တစ်ခု ပေါ်လာသည်။ ကျောက်စိမ်းပြားက တောက်ပလာပြီး အပြာရောင် အလင်းမျက်နှာပြင် တစ်ခု ထွက်ပေါ်လာကာ ဓားကို ပိတ်ဆို့လိုက်၏။ ဓားက အပေါ်မှအောက်သို့ ခုတ်ပိုင်းလိုက်ရာ အပြာရောင် အလင်းမျက်နှာပြင်က အက်ကွဲလာပြီး ဓားကိုကြာကြာ ဆက်ထိန်းထားရန် မဖြစ်နိုင်တော့ချေ။
ဝမ်လင်းက လေကို တဝကြီး ရှူသွင်းလိုက်ပြီး ပါးစပ်မှ စိတ်စွမ်းအင်များကို အပြာရောင် အလင်း မျက်နှာပြင်ဆီသို့ အန်ထုတ်လိုက်၏။ အပြာရောင် အလင်း မျက်နှာပြင်က အစိမ်းရောင် အလင်း မျက်နှာပြင် အဖြစ်သို့ ပြောင်းလဲသွားပြီး အလင်း မျက်နှာပြင်က ပိုမို ခိုင်မာသွားသည်။
အလင်း မျက်နှာပြင်က ပိုမိုခိုင်မာသွားပြီး ဓား၏တိုက်ခိုက်မှုကို ပိတ်ဆို့ လိုက်နိုင်သော်လည်း ကျောက်စိမ်းပေါ်တွင် အက်ရာ သေးသေးတစ်ခု ပေါ်လာ၏။
သက်လတ်ပိုင်း လူကြီးက မျက်မှောင်ကြုတ် သွားပြီး ဝမ်လင်းကို ကြည့်ကာ ပြောလိုက်သည် …
“ကြည့်ရတာ မင်းက အလွှာ၈ထက် မကဘူး ထင်တယ် … ဒါပေမဲ့လည်း မင်းက ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကို ရောက်နေရင် တောင်မှ ငါ့ရဲ့ဓားကနေ အသက်ရှင်လျက် လွတ်မြောက်နိုင်မှာ မဟုတ်ဘူး …”
ပြောပြီးသည်နှင့် သက်လတ်ပိုင်း လူကြီးက ဓားကို လက်ချောင်းဖြင့် ညွှန်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ ဓားက သူ့ထံသို့ ပြန်လာပြီး ဓားအိမ်ထဲသို့ ပြန်ဝင်သွား၏။ ဒီတစ်ကြိမ်တွင် ဓားက ဓားအိမ်ထဲသို့ တစ်ဝက်အထိ ဝင်သွားပြီး ဓားက အပြာရောင်မှ အနက်ရောင်သို့ ပြောင်းသွားမှသာ ဓားအိမ်ထဲမှ ပြန်ထုတ် လိုက်သည်။
ဝမ်လင်း၏ မျက်ဝန်းထဲသို့ သတ်ဖြတ်ချင်သော အရိပ်အယောင်များ ဖျတ်ခနဲ ဖြတ်သန်းသွား၏။ သည်တစ်ကြိမ် ဝမ်လင်း ရင်ဆိုင်နေရသော ရန်သူသည် သူနှင့် အဆင့်တူသော်လည်း အလွန် ကောင်းမွန်သည့် မှော်ရတနာ တစ်ခုကို ပိုင်ဆိုင်ထားသည်။
ရန်သူ၏ဓားက ကျိုးဖန်းဆီမှ ရခဲ့သော ကျောက်စိမ်းပြားထက် အများကြီး ပိုအစွမ်းထက်မှန်း သိသွားပြီးနောက် တုံ့ဆိုင်းမနေပဲ သိုလှောင်အိတ်ကို လက်ဖြင့် ပုတ်လိုက်ပြီး ရှေးဟောင်း ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်၏။ ရှေးဟောင်း ကျောက်စိမ်းပြား ပေါ်ထွက်လာသည်နှင့် ထိုရှေးဟောင်း ကျောက်စိမ်းပြားက ကြီးကျယ် ခမ်းနားသော အော်ရာများ ထုတ်လွှတ် လေသည်။
ထိုရှေးဟောင်း ကျောက်စိမ်းပြားက သူ့ကို လျိုဝမ်ကျူးမှ ပေးခဲ့သော အသက်ကယ် ရတနာ ဖြစ်၏။
ဝမ်လင်းက မျက်တောင် တစ်ချက်ပင် မခတ်ပဲ သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များကို ပါးစပ်မှတစ်ဆင့် ရှေးဟောင်း ကျောက်စိမ်းပြားဆီသို့ ပို့လွှတ်လိုက်သည်။ ချက်ချင်းပင် ရှေးဟောင်း ကျောက်စိမ်းပြားမှ ရွှေရောင် သင်္ကေတများ ထွက်ပေါ်လာ၏။
ဝမ်လင်းက သက်လတ်ပိုင်း လူကြီးကို စိုက်ကြည့်လိုက်၏။ သူ၏ မျက်ဝန်းထဲတွင် သတ်ဖြတ်ချင်စိတ်များ အပြည့်နှင့် ဖြစ်သည်။
သက်လတ်ပိုင်း လူကြီးက မျက်မှောင်ကြုတ် သွားပြီး အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် အံကြိတ်ကာ ရွှေရောင်အလုံး၂လုံးကို ထုတ်ယူကာ ဓားဆီသို့ ပျံသန်း သွားစေလိုက်၏။
ဓားအနက်ရောင်ပေါ်တွင် ရွှေရောင်အစက်များ ဖုံးလွှမ်းသွားကာ ဓားက တစ်ပတ် လှည့်လိုက်ပြီး ဝမ်လင်းဆီသို့ တန်းတန်းမတ်မတ် တိုးဝင် သွားသည်။
ဝမ်လင်း၏ မျက်လုံးထဲမှ သတ်ဖြတ်ချင် စိတ်များက ပိုမို ပြင်းထန်လာကာ ဝမ်လင်းက သူ့ထံ ဝင်လာသော ဓားကို ဂရုမစိုက်ပဲ ရှေးဟောင်း ကျောက်စိမ်းပြားကို လက်ဖြင့် ညွှန်လိုက်သည်။ ရှေးဟောင်း ကျောက်စိမ်းပြားမှ ရွှေရောင် သင်္ကေတများက ရုတ်တရက် တောက်ပလာပြီး စီတန်းလိုက်သည်။ ရွှေရောင် သင်္ကေတပေါင်း ၉ခု ရှိ၏။
ဝမ်လင်းက လက်ဖြင့် အစီအရင်တစ်ခုကို အသက်သွင်းလိုက်ရာ ရွှေရောင် သင်္ကေတ၃လုံးက ပိုမို တောက်ပလာပြီး သူ့ထံသို့ တိုးဝင်လာသော ဓားအနီးတွင် ရုတ်တရက် ပေါ်လာ၏။ သင်္ကေတ၃လုံးကို လျှပ်စီးများဖြင့် ဆက်သွယ်ထားပြီး မလွတ်မြောက်နိုင်သည့် လှောင်အိမ်တစ်ခုကဲ့သို့ ဖြစ်သွားကာ ဓားကို ပိတ်နှောင် ထားလိုက်သည်။
ဓားက ထောင်ချောက် မိနေသော သားရဲတစ်ကောင် ကဲ့သို့ပင် အပြင်းအထန် ရုန်းကန်နေသည်။ ဓားက လှောင်အိမ်ကို အပြင်းအထန် တိုက်ခိုက်သည့် အကြိမ်တိုင်း ရွှေရောင်သင်္ကေတ ၃လုံးက လင်းလက်သွား၏။
သက်လတ်ပိုင်းလူကြီး၏ အမူအရာက ပြောင်းလဲသွားပြီး မေးလိုက်သည်။
“ဒါ … ဒါက အမြုတေ အဆင့်ရတနာလား …”
ဝမ်လင်းက စစ်ထူနန်ထံမှ ရတနာများ အကြောင်းကို သိထား၏။ အမြုတေ ဖွဲ့တည်ခြင်း အဆင့်က ရိုးရှင်းစွာ ပြုလုပ်လိုက်သော ရတနာတစ်ခုသည် အမြုတေ အဆင့်ရတနာ ဖြစ်သည်။ စဦးစိတ်ဝိညာဉ် အဆင့်က ပြုလုပ်လိုက်သော ရတနာကို စဦးစိတ်ဝိညာဉ် အဆင့်ရတနာဟု ခေါ်၏။
သက်လတ်ပိုင်း လူကြီး၏ မျက်နှာတွင် ကြောက်လန့်သော အမူအရာတချို့ ပေါ်လာသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး ဓားအိမ်ကို ဆွဲယူလိုက်သည်။
ဝမ်လင်းက အေးစက်စွာ ပြုံးလိုက်ပြီး သူ့လက်မှ အစီအရင်ကို ပြောင်းလဲလိုက်၏။ ကျန်ရှိနေသော သင်္ကေတ၆လုံးက ချက်ချင်း တောက်ပလာပြီး သက်လတ်ပိုင်း လူကြီးထံသို့ တစ်ဟုန်ထိုး ပြေးဝင် သွားသည်။
သက်လတ်ပိုင်း လူကြီး၏ မျက်နှာက ပိုမို ပျက်ယွင်းလာပြီး အသက်ရှင်ရန် အခွင့်အရေးက များလာမလား ဆိုသည့် မျှော်လင့်ချက်လေးဖြင့် ကျောက်စိမ်းပြား အများအပြားကို လျင်မြန်စွာ ထုတ်ယူလိုက်သည်။
ကျောက်စိမ်းပြားများ အသက်မသွင်း ရသေးခင်မှာတင် ရွှေရောင် သင်္ကေတများ၏ အော်ရာကြောင့် ပေါက်ကွဲ သွားကုန်၏။ ကျောက်စိမ်းပြားများက ရွှေရောင် သင်္ကေတများကို အနည်းငယ်မျှပင် မတားလိုက်နိုင်ပေ။
သက်လတ်ပိုင်း လူကြီး၏ မျက်နှာတွင် မျှော်လင့်ချက် ကင်းမဲ့သွားသည့် အရိပ်အယောင်များ ပေါ်လာပြီး အော်ပြော လိုက်သည် …။
“ကျင့်ကြံသူလေး … ငါက အဘိုးကြီးကျိမိုရဲ့ တပည့်တစ်ယောက်ပဲ …”
ပြောပြီးပြီးချင်းမှာပင် ရွှေရောင် သင်္ကေတတစ်လုံးက သူ့ရှေ့တွင် ပေါ်လာပြီး သူ့ရင်ဘတ်ကို အရှိန်ဖြင့် ဆောင့်ချလိုက်သည်။ သူ၏ရင်ဘတ်က ချက်ချင်း ချိုင့်ဝင်သွားပြီး သွေးများ အန်ထုတ် လိုက်ရ၏။
ဒုတိယ သင်္ကေတကလည်း ပထမ သင်္ကေတ အတိုင်း သက်လတ်ပိုင်း လူကြီး၏ ရင်ဘတ်ကို ဝင်ဆောင့်လိုက်ရာ သက်လတ်ပိုင်း လူကြီး၏ ဒွါရအပေါက်များမှ သွေးများ စတင် စီးကျလာပြီး ရင်ဘတ်က ထုတ်ချင်းပေါက် ထွက်သွားသည်။
တတိယ သင်္ကေတသည်လည်း သက်လတ်ပိုင်း လူကြီး၏ ခန္ဓာကိုယ်ကို ဝင်ဆောင့်သဖြင့် သက်လတ်ပိုင်း လူကြီး၏ ခန္ဓာကိုယ်က အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွား၏။ သက်လတ်ပိုင်းလူကြီး ကိုင်ထားသော ဓားအိမ်ကလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။
ဝမ်လင်းက အသက်ကို ပြင်းပြင်း ရှူလိုက်ပြီး ရှေးဟောင်း ကျောက်စိမ်းပြားကို လက်ညှိုး ညွှန်လိုက်ရာ ကျန်ရှိနေသော သင်္ကေတ၃လုံးက ရှေးဟောင်း ကျောက်စိမ်းပြားထဲသို့ ပြန်လည် ဝင်ရောက် သွားသည်။
သက်လတ်ပိုင်းလူကြီး သေသွားသည်နှင့် ရုန်းကန် လှုပ်ရှားနေသော ဓားသည်လည်း လုံးဝ မလှုပ်ရှားတော့ပဲ မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။
ဝမ်လင်းက လက်ကို ဝှေ့ယမ်းလိုက်ရာ ဓားကို ပိတ်လှောင်ထားသော သင်္ကေတ၃ခုက တုန်ခါသွားပြီး ၂ခုက ပျက်စီးသွားကာ တစ်ခုက ရှေးဟောင်း ကျောက်စိမ်းပြား အတွင်းသို့ ဝင်ရောက် ပျောက်ကွယ် သွားသည်။
ဝမ်လင်းက ရှေးဟောင်း ကျောက်စိမ်းပြားကို ဂရုတစိုက် သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်၏။ ရှေးဟောင်း ကျောက်စိမ်းပြားသည် မူလက သင်္ကေတ တစ်ခုတည်းသာ ရှိသော်လည်း စစ်ထူနန်၏ ကူညီမှုကြောင့် သင်္ကေတ၉ခုအထိ တိုးပွားခဲ့သည်။ ယခင်က သင်္ကေတ ၁လုံးတည်းထက် သင်္ကေတများ၏စွမ်းအားက လျော့နည်း သွားသော်လည်း အကြိမ်များစွာ အသုံးပြုလို့လည်း ရသွား၏။
အားလုံး ပြီးဆုံးသွားပြီး နောက်မှသာ ဝမ်လင်းက အသက်ကို ဝဝလင်လင် ရှူရှိုက်ရတော့၏။ သူ၏နဖူးတွင် ချွေးများလည်း စိုရွှဲနေသည်။ ဒီတိုက်ပွဲက ဝမ်လင်း၏ဘဝတွင် အခက်ခဲဆုံး တိုက်ပွဲတစ်ခု ဖြစ်၏။ သူက သက်လတ်ပိုင်း လူကြီး၏ ဓားနှင့်ဓားအိမ်ကို ဆွဲငင်အား နည်းစနစ်ဖြင့် ဆွဲယူလိုက်ပြီး စစ်ဆေး ကြည့်လိုက်သည်။
“ဝမ်လင်း … ငါ မင်းကို စောနက ဘာလို့ မကူညီပေးလဲဆိုတော့ … ငါ့ရဲ့စွမ်းအားတွေက အကန့်အသတ် ရှိတယ် … ဒါကြောင့်မို့ ဂရုမစိုက်ပဲ အသုံးပြုဖို့ အဆင်မပြေဘူး … ပြီးတော့ မင်းကိုလည်း ဒီလိုတိုက်ပွဲမျိုးကနေ အတွေ့အကြုံ ရစေချင်တာလည်း ပါတယ် … ဒါမှ အနာဂတ်မှာ အသက်ရှင်ဖို့ အခွင့်အရေး များမှာ …”
သည်တစ်ကြိမ်တွင်တော့ စစ်ထူနန်၏အသံက အလွန် လေးနက်နေသည်။
ဝမ်လင်းက ဘာမှပြန်မပြောပဲ ခေါင်းညိတ်လိုက်သည်။ ထို့နောက် လက်ထဲတွင်ရှိသော ဓားနှင့်ဓားအိမ်ကို သေသေချာချာ စစ်ဆေး ကြည့်လိုက်သည်။
“ဒီဓားက တကယ်ပဲ ထူးဆန်းတယ် … ဟိုကောင်လေးတောင်မှ ဒီရတနာရဲ့ စွမ်းအားကို အပြည့်အဝ မထုတ်သုံးနိုင်ဘူး … ဒါပေမဲ့ တကယ့်ရတနာအစစ်က ဓားမဟုတ်ပဲ ဓားအိမ် ဖြစ်နေတာပဲ … ”
***