Switch Mode

အပိုင်း (၇၄)

သွေးရောင်လွှမ်းတဲ့ အန္တရာယ်

လျိုစန်းက ဝမ်လင်းကို သေသေချာချာ ကြည့်ရှူ စစ်ဆေးပြီးနောက် ရုတ်တရက် မေးလိုက်သည်…

“မင်းက စာမေးပွဲဖြေဖို့ သွားနေတဲ့ ကျောင်းတော်သားလား…”

ဝမ်လင်းက တည်ငြိမ်စွာဖြင့်ပင် ခေါင်းခါပြီး ပြောလိုက်သည်…

“ကျွန်တော်က စာမေးပွဲအတွက် သွားမှာ မဟုတ်ပါဘူး… ကျွန်တော်က လက်မှုပညာ အနည်းငယ်တော့ တတ်ကျွမ်းပါတယ်… အဲဒီပညာလေးနဲ့ ထျန်းရွှေမြို့မှာ အသက် မွေးဝမ်းကျောင်း ပြုမလို့ပါ…”

လျိုစန်း အနည်းငယ် စိတ်သက်သာရာ ရသွား၏။ သူ၏မေးခွန်းတွင် နက်ရှိုင်းသော အဓိပ္ပာယ်များ ပါနေသည်။ ယခုကာလသည် ပြည်နယ် စာမေးပွဲအတွက် ကျောင်းတော်သားများ ထျန်းရွှေမြို့သို့ သွားနေကြသည့် အချိန် ဖြစ်၏။ ကျောင်းတော်သား များတွင် စာရေးကိရိယာများ ထည့်ထားသော သေတ္တာများ ပါတတ်ကြသော်လည်း ဝမ်လင်းက ဘာကိုမှ သယ်ဆောင် မထားချေ။ ဝမ်လင်းကသာ စာမေးပွဲ ဖြေရန်လာသည့် ကျောင်းတော်သားဟု ဝန်ခံလိုက်ပါက ဝမ်လင်းသည် သတိထားရမည့်လူ တစ်ယောက် ဖြစ်ပေလိမ့်မည်။

လျိုစန်းက ထိုကိစ္စကို ခေါင်းထဲက ထုတ်လိုက်ပြီး ရယ်မောကာ ပြောလိုက်သည်…

“ဘယ်လောက်တောင် တိုက်ဆိုင် လိုက်သလဲ… ငါတို့ကလည်း ထျန်းရွှေမြို့ကို သွားမှာပဲ… မိတ်ဆွေ… ငါတို့နဲ့ အတူခရီးသွားရင် ဘယ်လိုလဲ…”

ဝမ်လင်းက အလွန် ကျေးဇူးတင်သည့် အမူအရာဖြင့် ပြောလိုက်သည်…

“ကျေးဇူးတင်ပါတယ်… ခေါင်းဆောင်…”

မျက်နှာမည်းနှင့် လူကြီးကလည်း ဝမ်လင်းကို ကြည့်ပြီး ရယ်မောလိုက်၏…

“ကောင်လေး… မင်း မြင်းစီးနိုင်လား…”

ဝမ်လင်းက မဲ့ပြုံး ပြုံးလိုက်ပြီး ခေါင်းခါ ပြလိုက်၏။

လျိုစန်းက နောက်မှ မြင်းလှည်းတစ်စီးကို ညွှန်ပြပြီး ပြောလိုက်သည်…

“အဲဒီမြင်းလှည်းထဲမှာ ဝင်စီးလိုက်ပါ… ဘာအတွက်မှ ငါ့ကို ကျေးဇူး တင်မနေပါနဲ့… လူတိုင်းမှာ ခက်ခဲတဲ့ အချိန်တွေ ရှိတယ်… ကောင်လေး နောက်၄ရက် လောက်ဆို ငါတို့ ထျန်းရွှေမြို့ကို ရောက်ပြီ…”

ဝမ်လင်းက လက်နှစ်ဖက်ကို ဆုပ်ပြီး အရိုအသေ ပေးလိုက်၏။ သူက စကားတစ်ခွန်းမှ ထပ်မပြောဘဲ မြင်းလှည်းထဲသို့ ဝင်လိုက်သည်။ နောက်ကို ကြည့်လိုက်ရာ မြင်းလှည်း အများအပြားကို မြင်လိုက်ရ၏။ နတ်ဘုရား စိတ်အာရုံဖြင့် မြင်းလှည်းများကို စစ်ဆေးကြည့်လိုက်ရာ မြင်းလှည်း အားလုံးတွင် ဘာမှ ရှိမနေချေ။ သူက နောက်ထပ် စိတ်အနှောင့်အယှက် ဖြစ်မနေတော့ပဲ ခြေချိတ်ပြီး ထိုင်လိုက်၏။

ယန်စန်းက မြင်းဇက်ကြိုးကို ထိန်းပြီး ဝမ်လင်းအနားသို့ ရောက်လာကာ မေးလိုက်သည်…

“မိတ်ဆွေ… ခရီးထွက်လာတာ အထုပ်အပိုးတွေ တစ်ခုမှ ပါမလာဘူးလား…”

ဝမ်လင်းက သက်ပြင်းချပြီး ခေါင်းခါလိုက်၏…

“လမ်းမှာ ငါ ဓားပြတိုက်ခံ ခဲ့ရလို့ပါ…”

ယန်စန်း မှင်တက်သွား၏။ သူက ဝမ်လင်းကို ခဏလောက် ကြည့်ပြီး ပြောလိုက်သည်…

“အသက်က ပိုအရေးကြီးပါတယ်… ဒီနေရာ တစ်ဝိုက်က အခုတလော စိတ်ချရတာ မဟုတ်ဘူး…”

သူတို့ စကားပြောနေစဉ်တွင် ဝမ်လင်း၏ အမူအရာက ပြောင်းလဲသွား၏။ သူက ခေါင်းကို မော့လိုက်ပြီး သူ့ရှေ့မှ သစ်တောထဲကို ကြည့်လိုက်သည်။ သူ၏နတ်ဘုရား စိတ်အာရုံဖြင့် သစ်တောထဲတွင် ပုန်းအောင်းပြီး လှည်းတန်းကို ကြည့်နေသည့် လူ၂ယောက်ကို တွေ့လိုက်ရ၏။

လှည်းတန်း ဖြတ်ကျော် သွားတာတောင်မှ ထို၂ယောက်က မလှုပ်ရှားကြသေးပေ။ ထို့ကြောင့် ဝမ်လင်းလည်း ဘာမှ ပြောမနေတော့ပဲ သူတို့နှစ်ယောက်ကို လျစ်လျူရှုလိုက်သည်။

တစ်ရက် ခရီးဆက်ပြီးနောက် နေကလည်း ပြန်ထွက်လာပြီး တဖြည်းဖြည်း ညအချိန်သို့ ရောက်လာ၏။ လျိုစန်းက ရှေ့မှနေပြီး အော်ပြောလိုက်သည်…

“ကောင်လေးတို့… မနက်ဖြန်ဆိုရင် ငါတို့ ထျန်းရွှေမြို့ ဧရိယာထဲကို ရောက်လိမ့်မယ်… မြောက်ပိုင်း မိသားစုက ငါတို့ကို ကြိုဖို့ တစ်စုံတစ်ယောက်ကို လွှတ်လိုက်လိမ့်မယ်… ဒီနေ့တော့ ငါတို့ဒီမှာပဲ ယာယီစခန်းချ နားကြတာပေါ့… မနက်ဖြန် မနက်စောစောမှာ ခရီးစထွက်မယ်… ငါတို့ မြို့ကိုရောက်ရင် ကောင်လေးတွေကို ရေခဲနီနန်းတော်ကို ခေါ်သွားပေးမယ်… အဲဒီမှာ မိန်းကလေလှလေးတွေနဲ့ ကစားကြတာပေါ့…”

ထိုစကားကို ကြားပြီး လူငယ်များ အားလုံးက ရယ်မောလိုက်ကြပြီး သူတို့၏မြင်းများကို အနားပေးလိုက်ကြ၏။ မြင်းလှည်းများကို စက်ဝိုင်းပုံစံ ဝိုင်းလိုက်ပြီး လှည်းများတွင် မြင်းများကို ချည်နှောင် ထားလိုက်ကြသည်။ ထို့နောက် သူတို့က ရွက်ဖျင်တဲများ ထိုးလိုက်ကြ၏။ တချို့က အိပ်သွားကြ သော်လည်း တခြားသူများက ဝိုင်းဖွဲ့ကာ သောက်နေကြသည်။ တဖြည်းဖြည်း လေထုက သက်ဝင်လှုပ်ရှားလာသည်။

၃ယောက်ကနေ ၅ယောက်အထိ ပါသော လူတစ်စုက စကားပြောရင်း ပတ်ဝန်းကျင်တွင် ကင်းလှည့်နေကြ၏။

ဝမ်လင်းက မြင်းလှည်းထဲမှ ထွက်လာသည့် အချိန်တွင် ယန်စန်းက သူ့ကို မီးပုံဘေးသို့ ဆွဲခေါ်လာသည်။ ခရီးဆက်လာသည့် ရက်များတွင် ယန်စန်းက ဝမ်လင်းနှင့် စကားပြောဆို နေတတ်ပြီး သူ့စကားများအရ ယန်စန်းက ဝမ်လင်းကို အမှန်တကယ် သဘောကျနေပြီး သူ၏လုပ်ဆောင်ချက် များကိုလည်း ဝမ်လင်းကို ကြွားဝါ ပြောဆိုတတ်၏။

မီးပုံဘေးတွင် လူ၃ယောက် ထိုင်နေ၏။ မီးပုံဘေးတွင် အစောင့်အရှောက် ခေါင်းဆောင်၊ မျက်နှာမည်းနှင့် လူကြီးအပြင် ကျောင်းတော်သား ပုံစံနှင့် သက်လတ်ပိုင်းလူကြီး တစ်ယောက်လည်း ရှိနေသည်။ သူက အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏အသားအရေက ဖြူရော်နေကာ ကျယ်ပြန့်သော နဖူးလည်း ရှိ၏။ သူ၏မျက်လုံး များကတော့ အသိဉာဏ် အလင်းများကို ထုတ်ဖော် ပြသနေသည်။

ဝမ်လင်း ရောက်လာသည်ကို မြင်တော့ လျိုစန်းက ရယ်မောလိုက်၏…

“ဆရာ… ဒီကောင်လေးက ကျွန်တော်ပြောတဲ့ ကောင်လေးပဲ… သူက ထျန်းရွှေမြို့မှာ အသက် မွေးချင်လို့တဲ့…”

သူက ဝမ်လင်းဘက်ကို လှည့်ပြီး ဆက်ပြောလိုက်သည်…

“ကောင်လေး… ဒါက ငါတို့ဧရာမ အစောင့်အရှောက်ရဲ့ ဆရာဝမ်ပဲ… မင်းနာမည်ကလည်း ဝမ်မလား… ဒါ့ကြောင့် မင်းတို့ကောင်တွေမှာ ဆက်သွယ်မှု အချို့တော့ ရှိရမယ်… မင်းတို့တွေ စကားပြောကြည့် သင့်တယ်… ဆရာဝမ်က ဗဟုသုတ အလွန် ကြွယ်ဝတဲ့သူပဲ…”

ကျောင်းတော်သား ဟန်နှင့် သက်လတ်ပိုင်း လူကြီးက နူးညံ့စွာ ပြောလိုက်သည်…

“လောင်လျို… ငါ့အတွက် ကြွားလုံးထုတ်နေဖို့ မလိုပါဘူး… ငါ သိထားတာတွေ ကလည်း များတယ်လို့ သတ်မှတ်လို့ မရသေးပါဘူး…”

လျိုစန်းက မျက်လုံးထောင့် ကပ်ပြီး ပြောလိုက်သည်…

“ဘယ်သူပြောလဲ… မင်းကသာ အဲ့လိုလူဆိုရင် ငါက ဘာကောင်မှ ဟုတ်တော့မှာ မဟုတ်ဘူး… ကောင်လေး… ဆရာဝမ်က အင်မော်တယ် တစ်ယောက်ပဲ… သူက မိုးအောက်မြေပြင် အားလုံးကို သိတယ်… သူ့ရဲ့ ရှေ့ဖြစ်ဟောတဲ့ စွမ်းရည်က အရမ်းပဲ အံ့ဩဖို့ကောင်းတယ်…”

ဝမ်လင်းက သက်လတ်ပိုင်းလူကြီးကို သေချာကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်…

“ဆရာက စွမ်းအင်တွေ ပြည့်နေပြီး မျက်လုံးကလည်း တောက်ပနေတယ်… ဆရာက ကျိန်းသေပေါက် ဗဟုသုတကြွယ်ဝပြီး ဉာဏ်ကောင်းတဲ့ လူတစ်ယောက် ဖြစ်မှာပဲ…”

သက်လတ်ပိုင်း လူကြီးက အံ့ဩသည့် အကြည့်ဖြင့် ဝမ်လင်းကို ပြန်ကြည့်ပြီး ပြောလိုက်၏…

“ကြည့်ရတာ ညီငယ်လေးကလည်း ငါနဲ့တူတာပဲ… ညီငယ်လေးက ကျောင်းတော်သား တစ်ယောက်နဲ့ တူတယ်လို့ မြင်နေရပေမဲ့ အထဲမှာ နဂါးတစ်ကောင် ရှိတာပဲ… မင်းရဲ့ အနာဂတ်က သာမန် မဟုတ်ဘူး…”

ဝမ်လင်းက ပြုံးပြပြီး ပြောလိုက်သည်…

“ရွာက ကျွန်တော့်ရဲ့ ဆရာကလည်း ရှေ့ဖြစ်ဟောတဲ့ အကြောင်းကို ပြောပြဖူးတယ်… ခဏလောက် နားထောင်ပြီးတဲ့ အချိန်မှာ ကျွန်တော်လည်း နည်းနည်းလောက် သင်ယူခဲ့တယ်…”

သက်လတ်ပိုင်း လူကြီးက အားပါးတရ ရယ်မောလိုက်သည်။ မျက်နှာမည်းနှင့် လူကြီးက လျင်မြန်စွာ ပေးလိုက်သည်…

“ဆရာဝမ်… ငါ့ကိုလည်း စစ်ကြည့်ပေးပါဦး… ငါက အိုနေပါပြီ… ငါ့မှာ လက်ထပ်ဖို့ ကံလေးများ မရှိဘူးလား…”

လျိုစန်းက ရယ်မောလိုက်သည်…

“ဒီခရီးမှာ မင်း ဒါကိုပဲ မေးနေတာ ဘယ်နှကြိမ် ရှိပြီလဲ… အချိန်တိုင်း ဆရာဝမ်က တစ်ယောက်ယောက်ကို စစ်ပေးနေရတာ… ဒါက စွမ်းအင်တွေ ကုန်တယ်… ဒါ့ကြောင့် ဒီအကြောင်းကို မေ့လိုက်ပါ…”

မျက်နှာမည်းနှင့် လူကြီးက လျိုစန်း၏ စကားကို လျစ်လျူရှုပြီး သက်လတ်ပိုင်း လူကြီးကိုသာ စိုက်ကြည့်နေလိုက်၏။

သက်လတ်ပိုင်း လူကြီးက အနည်းငယ် စဉ်းစားလိုက်ပြီး ဖြေလိုက်သည်…

“ကောင်းပြီ… ငါ မင်းကို စစ်ကြည့်ပေးမယ်… ယန်စန်းရော မမေးတော့ဘူးလား… မင်းတို့ နှစ်ယောက်လုံးကို စစ်ကြည့်ပေးမယ်…”

ပြောပြီးသည်နှင့် သူက မျက်လုံးကို မှိတ်လိုက်သည်။ သူ မျက်လုံးကို ပြန်ဖွင့်လိုက်ချိန်တွင် မျက်လုံးများက ရွှေရောင် တောက်ပနေ၏။ ဝမ်လင်း၏ အမူအရာက တည်ငြိမ်နေသော်လည်း နှလုံးကမူ တော်တော်လေး ခုန်သွား၏။ သူက နတ်ဘုရား စိတ်အာရုံဖြင့် ဖြန့်ကြက်ကြည့်ရာ သက်လတ်ပိုင်း လူကြီး၏ကိုယ်ထဲတွင် ငွေရောင် စိတ်စွမ်းအင်များက လှည့်ပတ်နေသည်ကို တွေ့လိုက်ရသည်။ စိတ်စွမ်းအင်များက သက်လတ်ပိုင်းလူကြီး၏ ကိုယ်ထဲတွင် ထူးဆန်းသည့် လမ်းကြောင်းဖြင့် လှည့်ပတ်ပြီး မျက်လုံးဆီသို့ ရောက်လာ၏။

သက်လတ်ပိုင်း လူကြီးက မျက်နှာမည်းနှင့် လူကြီးကို စူးစိုက်ကြည့်ပြီး တစ်ခုခုကို တွက်ချက် သကဲ့သို့ စကားလုံးတချို့ကို ရေရွတ်လိုက်သည်။ လက်ကလည်း လက်သင်္ကေတ များဖြင့် အစီအရင်တစ်ခုကို ဖန်တီးလိုက်၏။ သူ့မျက်နှာ တစ်ခုလုံးက နီရဲနေပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်…

“လျိုလောင်ဝူ… မင်းရဲ့အနာဂတ်မှာ သွေးရောင်လွှမ်းတဲ့ ဘေးအန္တရာယ်တစ်ခု ရှိတယ်… မင်းအဲဒါကို ကျော်ဖြတ်နိုင်ရင်… ကျော်ဖြတ်ပြီး နောက်၃လအတွင်းမှာ လက်ထပ်ပွဲ ကျင်းပနိုင်လိမ့်မယ်…”

မျက်နှာမည်းနှင့် လူကြီးက မှင်တက်သွားသည်…

“ဘေးအန္တရာယ် တစ်ခုလား… ပြဿနာ မရှိပါဘူး… ငါတို့ရဲ့ အစောင့်အရှောက် အလုပ်က အန္တရာယ်ထဲမှာ လုပ်နေရတာပဲ… သွေးထွက်တဲ့ တိုက်ပွဲဆိုတာ ငါတို့အတွက် သာမန်ပါပဲ…”

သက်လတ်ပိုင်း လူကြီးက သူ့အကြည့်ကို ယန်စန်းထံသို့ ရွေ့လိုက်သည်။ ရုတ်တရက် သူ၏အမူအရာ ကလည်း ပြောင်းလဲသွား၏…

“ထူးဆန်းတယ်… ဘာလို့ မင်းမှာလည်း သွေးရောင်လွှမ်းတဲ့ အန္တရာယ် ရှိနေရတာလဲ…”

ပြောပြီးသည်နှင့် သူက လျိုစန်းထံသို့ ကြည့်လိုက်ရာ သူ့အမူအရာက မည်းမှောင်သွားပြီး ပြောလိုက်သည်…

“တစ်ခုခုတော့ မှားနေပြီ… ဒီနည်းစနစ်က ငါ့မိသားစု အစဉ်အဆက် ဆက်ခံလာတာ ဘယ်တုန်းကမှ မမှားဖူးဘူး… လောင်လျို… မင်းမှာလည်း သွေးရောင်လွှမ်းတဲ့အန္တရာယ်တစ်ခု ရှိနေတယ်…”

ထို့နောက် သူက ထရပ်လိုက်ပြီး အလေးအနက် ထားသည့် အမူအရာဖြင့် ပတ်ဝန်းကျင်ရှိ လူအားလုံးကို ကြည့်လိုက်သည်။ သူ၏မျက်နှာ အမူအရာက ပိုပြီး ပျက်ယွင်းလာသည်…

“လောင်လျို… တစ်ခုခုတော့ မှားနေပြီ ထင်တယ်… လူတိုင်းမှာ သွေးရောင်လွှမ်းနေတဲ့ အန္တရာယ် အလင်းတန်းတွေ ထွက်ပေါ်နေတယ်… ဒါဟာ တိုက်ဆိုင်မှုတစ်ခု မဖြစ်နိုင်ဘူး…”

လျိုစန်း၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ ပတ်ဝန်းကျင်ကို ကြည့်ပြီး မေးလိုက်သည်…

“ဆရာဝမ် ဆိုလိုချင်တာက ငါတို့အားလုံး သွေးရောင်လွှမ်းနေတဲ့ အန္တရာယ်တစ်ခုနဲ့ ကြုံရနိုင်တာလား…”

သက်လတ်ပိုင်း လူကြီးက ခေါင်းညိတ်လိုက်သည်။ သူ့မျက်လုံးများက ဝမ်လင်းအပေါ်သို့ ရောက်သွားချိန်တွင် သူမှင်တက်သွား၏။ သူက ဝမ်လင်းကို သေချာ ထပ်ကြည့်လိုက်ပြီး သူ့အမူအရာက ပြောင်းလဲသွားသည်။ သူ့မျက်နှာက နီလာပြီး သွေးတစ်လုတ် အန်ထုတ်လိုက်ရ၏။ သူ့မျက်နှာတွင် ကြောက်လန့်နေသည့် အမူအရာများ ပေါ်လာပြီး ဝမ်လင်းကို လက်ညှိုးထိုးကာ အလန့်တကြား အော်ပြောလိုက်သည်…

“မင်း…”

***

Comment

Leave a Reply

Options

not work with dark mode
Reset