Switch Mode

အခန်း (၇၂)

အခြေခံခိုးယူခြင်း

သက်လတ်ပိုင်းလူက အနီးအနား ပတ်ဝန်းကျင်ကို အနည်းငယ် ပတ်ကြည့်ပြီး ရေရွတ်လိုက်သည်… “ဒီနေရာက တကယ်ကို ထူးဆန်းတယ်… လွန်ခဲ့တဲ့၂နှစ်က ဒီနေရာမှာ ရုတ်တရက် စိတ်စွမ်းအင်လှိုင်းတွေ ပေါက်ကွဲ ထွက်လာတယ်… စိတ်စွမ်းအင်လှိုင်းတွေက နေရာအနှံ့ကို ပျံ့သွားပြီး သားရဲတွေကို ဆွဲဆောင် လိုက်နိုင်တယ်… ဘာအရာကများ သားရဲတွေကို ဆွဲဆောင်နိုင်တာလဲ…”

ကောင်လေး၏ မျက်လုံးများက အရောင်လက် သွားပြီး ပြောလိုက်သည်… “ဂိုဏ်းတူအစ်ကိုကြီး ဒီနေရာမှာ ရတနာ တစ်ခုခုများ ရှိနေတာလား…”

သက်လတ်ပိုင်းလူက ရယ်ပြီး ပြောလိုက်သည်… “အကြီးအကဲ တချို့လည်း အဲဒီလို တွေးခဲ့ကြတာပဲ… ဒါပေမဲ့ အချိန် တော်တော် ကြာအောင် ရှာပြီးတဲ့နောက်မှာ စိတ်စွမ်းအင် လှိုင်းတွေ ထွက်ပေါ်လာတာ သဘာဝဖြစ်ရပ် တစ်ခုဆိုပြီး သတ်မှတ်ခဲ့ကြတယ်…”

ကောင်လေးက သက်ပြင်းချပြီး စိတ်ပျက် သွားဟန်ဖြင့် ပြောလိုက်သည်… “ဒါက ကံဆိုးတာပဲ… ဒီနေရာမှာ ရတနာ တကယ်သာ ရှိရင်…”

သက်လတ်ပိုင်းလူက ပြောလိုက်သည်… “နောက်ကျနေပြီ… အားကောင်းတဲ့ သလင်းကျောက် စိတ်ဝိညာဉ် သားရဲတစ်ကောင် ဖမ်းပြီးရင် ပြန်ကြမယ်…”

ပြောပြီးသည်နှင့် သူက နတ်ဘုရားစိတ်အာရုံကို ဖြန့်ကြက်ကြည့်ရာ သလင်းကျောက် စိတ်ဝိညာဉ်သားရဲ ၇ကောင်၊ ၈ကောင်ခန့်ကို တွေ့လိုက်ရပြီး အကဲခတ် နေလိုက်သည်။

ထိုအချိန်တွင် တစ်စုံတစ်ခုက ကျင့်ကြံနေသော သားရဲအားလုံးကို ထိတ်လန့်တကြား ဖြစ်စေလိုက် သကဲ့သို့ သားရဲအားလုံးက ရုတ်တရက် လှုပ်ရှား လာသည်။ တချို့ဆိုလျှင် စတင်ပြီး ဟိန်းဟောက် ကြသည်။

တဖြည်းဖြည်းနှင့် ဟိန်းဟောက်သည့် အကောင်အရေ အတွက်က ပိုမို များပြားလာကာ နောက်ဆုံးတွင် သားရဲများ အားလုံးက သစ်ပင်၊ နွယ်ပင်များ ပြည့်နေသော ချောက်ကမ်းပါး နံရံကြီးကို ဦးတည်ပြီး ဟိန်းဟောက် နေကြသည်။

သက်လတ်ပိုင်းလူက မှင်တက်သွား၏။ သူက နောက်လိုက် တပည့်၂ယောက်ကို ခေါ်ပြီး အလျင်အမြန် ထွက်သွားရန် ပြင်လိုက်ချိန်တွင် အားကောင်းသော နတ်ဘုရား စိတ်အာရုံတစ်ခုက သူတို့ကို ရိုက်ခတ်သွား၏။ သက်လတ်ပိုင်းလူလည်း မျက်နှာ အကြီးအကျယ် ပျက်သွားသည်။ သူသည် အလွှာ၁၂ကို ရောက်ရှိ နေတာတောင်မှ ထိုနတ်ဘုရား စိတ်အာရုံအောက်တွင် စွမ်းအားများ ကင်းမဲ့သွားသကဲ့သို့ ခံစားလိုက်ရ၏။

မိန်းကလေးရှု၏ မျက်နှာလည်း ဖြူရော်သွားပြီး သူ့ခြေထောက်အောက်မှ ဓားသည်လည်း လက်ခနဲ ဖြစ်သွားပြီး မြေပြင်ပေါ်သို့ ကျသွားသည်။ မိန်းကလေးရှုနှင့်အတူ သူမကို ဖက်တွယ်ထားသော ကောင်လေးသည်လည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။

သက်လတ်ပိုင်းလူ၏ အောက်မှ ဓားသည်လည်း တုန်သွားသဖြင့် သူ၏ စွမ်းအင်အားလုံးကို ဆက်လက် ပျံသန်းနိုင်ရန် အသုံးပြု လိုက်ရသည်။ သူက ပြုတ်ကျနေသော လူ၂ယောက်ကိုလည်း ရှေ့သို့ အနည်းငယ်တိုးပြီး မြေပေါ်သို့မကျခင် ဖမ်းဆွဲလိုက်နိုင်၏။ ထိုလှုပ်ရှားမှုက အလွန် ရိုးရှင်းလှသော်လည်း သူ့ကို ချွေးများ စိုရွှဲသွားစေသည်။

သူက မြေပေါ်သို့ ဆင်းလိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်ကာ လေးလေးစားစားဖြင့် ပြောလိုက်သည်… “ရွှမ်တောက်ဂိုဏ်းက ဂျူနီယာ တပည့်လီဟိုင်က ဒီနေရာမှာ စီနီယာ ကျင့်ကြံနေတာကို မသိလိုက်လို့ပါ… ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ…”

မိန်းကလေးရှုကလည်း ထိုနတ်ဘုရား စိတ်အာရုံကို သတိပြုမိလိုက်သည်။ ထိုနတ်ဘုရား စိတ်အာရုံကြောင့်သာ သူမ၏ဓားပျံက ထိန်းချုပ်မှု ကင်းမဲ့သွားခြင်း ဖြစ်သည်။ သူမကလည်း လေးလေးစားစားဖြင့် ပြောလိုက်သည်… “ဂျူနီယာက ရွှမ်တောက်ဂိုဏ်းက တပည့်ရှုဖေးပါ…”

ကောင်လေးကတော့ ကြောက်လန့်နေပြီး မျက်နှာတွင် သွေးရောင်ပင် မရှိတော့ချေ။ သူက ဘာစကားတစ်ခွန်းမှ မပြောရဲဘဲ နေရာမှာပင် ရှုဖေး၏အင်္ကျီကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။

သားရဲများ အားလုံးကလည်း နတ်ဘုရား စိတ်အာရုံက သူတို့ကို ဖြတ်သွားချိန်တွင် အလွန် ကြောက်လန့်သွားကြပြီး သူတို့အားလုံးက မြေပြင်တွင် လဲလျောင်း လိုက်ကြပြီး နည်းနည်းမှပင် မလှုပ်ရှား ရဲကြတော့ချေ။

“ရွှမ်တောက်ဂိုဏ်း…”အဘိုးကြီး တစ်ယောက်၏အသံတစ်ခုက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်ပြီး ထွက်ပေါ်လာသည်။ ထိုအသံသည် ပျော်နေလား၊ ဒေါသထွက်နေလား ခွဲခြားမရပေ။

သက်လတ်ပိုင်းလူက စိတ်ထဲမှ ညည်းညူလိုက်သည်။ သူသာ တစ်ခုခု မှားနေတာကို မြင်သည့်အချိန်က ထွက်ပြေးခဲ့လျှင် လွတ်မြောက်နိုင်၏။ သို့သော်လည်း ဂိုဏ်းတူညီမလေးနှင့် ညီလေးက ဒီမှာရှိနေသည်။ သူ ပြေးလို့ လွတ်သွားလျှင်တောင်မှ သူတို့၏ဆရာများက သူ့ကို တာဝန်ခံခိုင်း ပေလိမ့်မည်။ ယခုအချိန်တွင် သူ မျှော်လင့်ထားနိုင်တာက ဤနေရာသည် ရွှမ်တောက်ဂိုဏ်းနှင့် နီးနေခြင်းနှင့် သူတို့က ဒီနေရာမှ စီနီယာကို စိတ်အနှောင့်အယှက်ဖြစ်အောင် ဘာကိုမှ မလုပ်ခဲ့ပေ။ ထို့ကြောင့် စီနီယာက သူတို့ကို ဘာမှမလုပ်ပါစေနဲ့ ဟုသာ ဆုတောင်း နိုင်တော့၏။

စီနီယာထံမှ ‘ရွှမ်တောက်ဂိုဏ်း‘ ဆိုသည့် စကားလုံး ထွက်လာချိန်တွင် သူက အံကြိတ်ပြီး သူ့အသက်ကသာ အရေးကြီးဆုံး ဖြစ်သည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။ စီနီယာကသာ သူတို့ကို သတ်ရန် ကြိုးစားလာပါက သူ့အသက်ကို အရင်ဆုံး ကယ်ရပေမည်။

ရှုဖေး၏ နဖူးတွင် ချွေးများ စိုရွှဲနေပြီး ကြောက်လန့် နေသည်။ အမြဲတမ်း တည်ငြိမ်နေတတ်သည့် တတိယဂိုဏ်းတူ အစ်ကိုကြီးသည်လည်း ကြောက်ရွံ့နေသည်ကို မြင်လိုက်ရသောအခါ သူမက ပိုမို ထိတ်လန့် ကြောက်ရွံ့သွား၏။ သူမက တုံ့ဆိုင်းနေပြီး ပြောလိုက်သည်… “စီနီယာ… ဂျူနီယာတို့က စီနီယာကို စိတ်အနှောင့်အယှက် ဖြစ်အောင် မလုပ်ခဲ့ပါဘူး… စီနီယာ…”

သူမ ပြောလို့ မပြီးခင်မှာတင် အဘိုးကြီး၏ အသံက ထပ်မံ ထွက်ပေါ်လာသည်… “မင်းပြောခဲ့တာ… မင်းနာမည်က ရှုလား…”

မိန်းကလေးရှုက အံ့အားသင့်သွားပြီး လေးလေးစားစား ပြန်ဖြေလိုက်သည်… “တပည့်ရဲ့ နာမည်က ရှု ဖြစ်ပါတယ်…”

အသံပိုင်ရှင်ဘက်က အချိန် တော်တော်ကြာအောင် တိတ်ဆိတ် သွားပြီးနောက် အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာသည်… “မင်းတို့ သွားနိုင်ပြီ…”

ပြောပြီးသည်နှင့် ကောင်းကင်ကြီးက ရုတ်တရက် ပြောင်းလဲသွား၏။ ကောင်းကင်ပေါ်ရှိ တိမ်များမှာ တစ်ခုခုဖြင့် ဖယ်ရှားခံလိုက် ရသကဲ့သို့ ဖြစ်သွား၏။ ရှုဖေးတို့ ၃ယောက်ကိုလည်း အဝေးသို့ မမြင်ရသည့် လေများဖြင့် တွန်းထုတ် ခံလိုက်ရသည်။

သက်လတ်ပိုင်းလူသည် ပိုပြီးတော့တောင် ထိတ်လန့် ကြောက်ရွံ့သွား၏။ ထိုအချိန်တွင် သူ့တစ်ကိုယ်လုံး လှုပ်ရှား၍ပင် မရချေ။ ထိုစီနီယာကသာ သူ့ကို သတ်ချင်ပါက သူက လှုပ်ရှားဖို့ပင် အချိန်ရလိုက်မည် မဟုတ်ပေ။

သူက ချက်ချင်းပဲ ဂိုဏ်းတူညီမလေးနှင့် ဂိုဏ်းတူညီလေးကို ဆွဲယူပြီး အမြန်ဆုံးနှုန်းဖြင့် ပြေးထွက် သွားလိုက်၏။ စီနီယာက စိတ်ပြောင်း သွားမည်ကို သူ အလွန် ကြောက်ရွံ့သည်။ ထို့ကြောင့် သူ၏စွမ်းအင် အားလုံးကို အသုံးပြုပြီး ပြေးထွက်လာခြင်း ဖြစ်၏။

နောက်၃ရက် ကြာပြီးနောက် ချောက်ကမ်းပါးနံရံတွင် ပေါက်နေသော သဘာဝ ပေါက်ပင်များက လှုပ်ရမ်းလာပြီး သဘာဝပေါက်ပင် အားလုံး အောက်သို့ ပြုတ်ကျသွားကာ မှောင်မည်းနေသော ဂူတစ်ခု ပေါ်လာသည်။

ခါးထိရှည်သော ဆံပင်နှင့် လူငယ်တစ်ယောက် ဂူထဲမှ တဖြည်းဖြည်း လမ်းလျှောက် ထွက်လာ၏။ သူ၏မျက်နှာက ဖြူဖွေးနေပြီး သူ၏မျက်လုံးများက တလက်လက် တောက်ပနေသည်။ သူ ဂူထဲမှ ထွက်လာသည့် အချိန်တွင် သားရဲများ အားလုံးက ညည်းညူ လိုက်ကြပြီး သူတို့၏မျက်လုံးများတွင် သနားရန် တောင်းပန်နေသည့် အရိပ်အယောင်များဖြင့် ပြည့်နေ၏။

ဆံပင်ရှည်နှင့် လူငယ်လေးက အသက်နှစ်၂၀ခန့် ရှိပြီး သူက သားရဲများ အားလုံးကို အေးစက်စွာ ကြည့်လိုက်သည်။ ထို့နောက် သူက ဟုန်ယွီတောင်ကို စိတ်မကောင်း ဖြစ်နေသည့်ဟန်ဖြင့် ကြည့်လိုက်သည်။

ထိုလူငယ်ကား လွန်ခဲ့သော၄နှစ်က တံခါးပိတ် ကျင့်ကြံခဲ့သော ဝမ်လင်း ဖြစ်သည်။

ဝမ်လင်းက ရေရွတ်လိုက်သည်… “ငါ ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်ကို ရောက်နေတာ အချိန် တော်တော်ကြာပြီ… ဒါပေမဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကို ရောက်ဖို့က အလွန်ပဲ ခက်ခဲပြီး ငါ ဘယ်လိုပဲ ကြိုးစားကြိုးစား မရောက်နိုင်ဘူး ဖြစ်နေတယ်… စစ်ထူနန်… မင်းပြောတဲ့ နည်းလမ်းက ငါ့ကို တကယ်ပဲ ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကို မြန်မြန် ရောက်အောင် ကူညီနိုင်မှာလား…”

“ဟုတ်တယ်… ငါ့နည်းလမ်းကို အသုံးပြုဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီလား…” စစ်ထူနန်က ဂုဏ်ယူစွာ ပြုံးလိုက်သည်… “ငါ မင်းကို အရင်ကတည်းက ပြောပါတယ်… ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကို ရောက်ဖို့က ခက်ခဲပါတယ်လို့… မင်းသာ ငါ့နည်းလမ်းကို အသုံးပြုရင် ကျိန်းသေ အောင်မြင်လိမ့်မယ်…”

ဝမ်လင်း၏ မျက်လုံးထဲတွင် အေးစက်သော အလင်းရောင် တစ်ချက် လက်သွားပြီး ပြောလိုက်သည်… “ဒါပေမဲ့ ငါက ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကိုတောင် မချနိုင်သေးတာ… အသက်ရှင်နေတဲ့ တစ်ယောက်ကို ဘယ်လို ဖမ်းနိုင်မှာလဲ…”

စစ်ထူနန်က တစ်ချက် ရယ်မောပြီး ပြောလိုက်၏… “ဒီကိစ္စကို စိတ်ချလက်ချ နေလိုက်စမ်းပါ… မင်းမှာ ငါရှိတယ်လေ… ဒီတစ်ကြိမ်ကတော့ မင်းကို ကူညီပေးလို့ အဆင်ပြေတယ်… နောက်တစ်ကြိမ်ဆိုရင် ငါက စွန့်စားရတော့မယ်… မင်းငါ့ကို အခွင့်အရေးတွေ ရှာပေးနေတဲ့ကာလ တစ်လျှောက်လုံး ငါကလည်း မင်းကို လူတွေဖမ်းတဲ့နေရာမှာ ကူညီပေးမယ်… ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကို ရောက်နေတဲ့လူ တစ်ယောက်ကို ရှာတာက ပိုကောင်းတယ်… ဒါဆို ငါလည်း ငါ့ရဲ့စွမ်းအင် အဆီအနှစ်တွေ အများကြီး မကုန်တော့ဘူး…”

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီး ‌သက်ပြင်း ချလိုက်သည်… “စစ်ထူနန်… ဒီအခြေခံ ခိုးယူခြင်းက အရမ်းကို ရက်စက်လွန်းတယ်… ငါ ခိုးယူတာ ခံလိုက်ရတဲ့ ဘယ်သူမဆို ကျိန်းသေ သေသွားရမှာ… ဒါကြောင့် အရင်ဆုံး စောင့်ကြည့်ရအောင်…”

စစ်ထူနန်က အားမရသကဲ့သို့ ပြောလိုက်သည်… “မင်းကတော့… ငါ မင်းကို အကြိမ်ကြိမ် ပြောပြီးပြီ… ကျင့်ကြံခြင်း လောကမှာ ခွန်အားကြီးတဲ့သူက ငယ်တဲ့သူကို နိုင်စားတာပဲ… မင်းအကျိုးအတွက် တခြားသူကို သတ်တာက သာမန်ပါပဲ… မင်းရဲ့လက်ရှိ သနားတတ်တဲ့ စိတ်နဲ့ဆိုရင် စိတ်ဝိညာဉ် အသွင် ပြောင်းခြင်း အဆင့်ကို ရောက်ဖို့ ဘယ်လောက်တောင် ကြာဦးမှာလဲ… မင်း ငါ့နည်းလမ်းကို မသုံးချင်ဘူးဆိုရင် သစ်သားဒြပ်စင်ကို သွားရှာသင့်တယ်… ကောင်းကင်ဘုံ ဆန့်ကျင်သော ပုတီးစေ့ထဲကို သစ်သားဒြပ်စင် လုံလုံလောက်လောက် ဖြည့်ပေးနိုင်ရင် မင်း ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ကို ရောက်ဖို့အတွက် လိုအပ်တဲ့ စိတ်စွမ်းအင်ပမာကို လုံလုံလောက်လောက် ထုတ်ပေး နိုင်လောက်တယ်… နှစ်ခုစလုံး မလုပ်ဘူး ဆိုရင်တော့ ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကို တွေးတောင် မတွေးနဲ့တော့…”

ဝမ်လင်းက ခဏလောက် စဉ်းစားပြီး ပြောလိုက်သည်… “တခြားသူတွေ ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကို ဘယ်လို ရောက်သွားကြလဲ ငါ သိချင်မိတယ်…”

စစ်ထူနန်က ပြောလိုက်သည်… “ဒါက ရိုးရိုးလေးပါ… ဂိုဏ်းတစ်ဂိုဏ်းမှာဆိုရင် စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူက သူတို့ရဲ့ ကိုယ်ပိုင် ကျင့်ကြံမှုကို သုံးပြီး တပည့်တွေ ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့်ကို ရောက်အောင် ကူညီပေးကြတာလေ… ငါ့မှာသာ ခန္ဓာကိုယ်ရှိရင် မင်းကိုလည်း အဲဒီလို ကူညီပေးလို့ရတယ်… ငါ့နိုင်ငံမှာဆိုရင် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူရဲ့ အဆင့်အတန်းက ဒီမှာဆိုရင် အမြုတေ ဖွဲ့တည်ခြင်း အဆင့်တစ်ယောက်ရဲ့ အဆင့်အတန်းလောက်ပဲ ရှိတယ်… သူတို့က အများကြီး မရှိရင်တောင်မှာ တပည့်တွေကို ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကို ရောက်အောင် ကူညီပေးဖို့ လုံလောက်တယ်…”

***

Comment

Leave a Reply

Options

not work with dark mode
Reset