မူလမှော်စာလုံးရေးသားရာမှာ လုံးဝကျွမ်းကျင်ဖို့က ထင်သလောက်မလွယ်ကူချေ။ ဒါက မှော်စာလုံးတွေကို ရိုးရှင်းစွာရေးဆွဲမရသောကြောင့်ပင်။ လူတစ်ယောက်က သူ့ရဲ့စိတ်ဝိညာဉ်ကို မူလစုတ်ချက်တိုင်းမှာ မှင်ရည်ကဲ့သို့အသုံးပြုနိုင်ရန် လိုအပ်ပေသည်။ တစ်ချိန်တည်းမှာပဲ စုတ်တံကိုကိုင်လိုက်တဲ့အချိန်မှာ စိတ်ဝိညာဉ်က လုံလောက်အောင် သန်မာမှုရှိမနေခဲ့ဘူးဆိုရင် မူလစုတ်ချက်တွေက ၎င်းနဲ့ဆန့်ကျင်ပြီးတော့ မပြည့်စုံမှုတွေဖြစ်ပေါ်လာလိမ့်ပေမည်။
ဒါ့အပြင် ဒီလိုမပြည့်စုံမှုတစ်ခုက မူလမှော်စာလုံးတစ်ခုလုံးကို ပျက်စီးဆုံးရှုံးသွားစေလိမ့်မည်ဖြစ်သည်။
ဒါ့ကြောင့် ပြီးပြည့်စုံတဲ့အဆင့်ကိုရောက်ရှိဖို့ အကြိမ်ပေါင်းများစွာလေ့ကျင့်ဖို့လိုအပ်ပြီး ဒီလိုမှသာ မူလမှော်စာလုံးပုံစံတစ်ခုဖြစ်ပေါ်လာအောင် ရေးဆွဲနိုင်ပေလိမ့်မည်။
ဒါ့အပြင်နောက်ရက်တွေမှာ ဇူယွမ်က နဂါးကခုန်ခြင်းပုံစံလှုပ်ရှားမှု ၉၈ မျိုးနှင့် မူလဖျက်စီးခြင်းနတ်ဘုရား၏စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနည်းလမ်းလေ့ကျင့်ခြင်းအပြင် ကျားဟိန်းသံမှော်စာလုံးကို လေ့ကျင့်ရန်အတွက်လည်း အချိန်အချို့ယူရပေလိမ့်မည်။
ဒီအတောအတွင်းမှာ ဇူယွမ်က အခြေခံလှံနည်းစနစ်အချို့ကို လေ့လာဖို့အတွက်လည်း အချိန်ယူရပေဦးမည်။ သူက၎င်းကိုကိုင်တွယ်အသုံးပြုတဲ့အခါ အကြံဉာဏ်မရှိ အခြေခံမရှိတာတွေဖြစ်ခြင်းမှ ရှောင်ရှားနိုင်စေဖို့က သူကိုယ်တိုင် ကောင်းကင်ယွမ်စုတ်တံကို လက်နက်တစ်ခုအနေဖြင့် ပိုမိုရင်းနှီးမှုရှိလာစေရန်လိုအပ်ပေသည်။
ဇူယွမ်ရဲ့အချိန်တွေကို ဒီလိုမျိုးစီစဉ်ထားရှိမှုက လုံလောက်စွာအသုံးဝင်နိုင်ပေသည်။ သို့ပေမဲ့လည်း အချိန်ကိုစီစဉ်ထားရုံနဲ့မပြီးသေးဘဲ နေ့တိုင်းခက်ခက်ခဲခဲကြိုးစားပြီး လုံ့လဝီရိယရှိစွာ အသုံးချရပေမည်။
သူ့ရဲ့လုံ့လဝီရိယနဲ့ ကြိုးစားအားထုတ်မှုအောက်မှာ အရေးကြီးတဲ့အဆင့်တစ်ခုက လျှင်မြန်စွာပဲနီးကပ်လို့လာခဲ့သည်။
ဒီနေ့မှာတော့ ပန်းခြံထဲမှာလေ့ကျင့်နေလျက်ရှိတဲ့ ဇူယွမ်ရဲ့တည်ငြိမ်တဲ့မျက်နှာပေါ်မှာ စိတ်လှုပ်ရှားမှုတစ်စွန်းတစ်စကို မြင်တွေ့နိုင်ပြီး သူ့မျက်လုံးထဲမှာလည်း မျှော်လင့်စောင့်စားနေမှုတွေ ထင်ဟပ်နေလျက်ရှိသည်။ သူ့ခန္ဓာကိုယ်ထဲက ပထမဆုံးစွမ်းအင်ဝင်ပေါက်က ကုန်လွန်ခဲ့တဲ့ရက်တွေအတွင်းမှာ ပိုပိုပြီးလျော့ပါးလာတာကို ခံစားနိုင်ခဲ့ရသည်။ တကယ်လို့မမျှော်မှန်းနိုင်တဲ့အရာတွေသာ ဖြစ်မလာခဲ့ဘူးဆိုရင် သူ့ရဲ့စွမ်းအင်ဝင်ပေါက်က ဒီနေ့မှာပွင့်လာပေလိမ့်မည်။
“နောက်ဆုံးတော့ ဒီနေ့ကရောက်ရှိလာခဲ့ပြီပဲ…”
ဇူယွမ်လက်သီးကိုတင်းကျပ်စွာ ဆုပ်လိုက်မိသည်။ သူ့ရဲ့စွမ်းအင်ဝင်ပေါက်ဖွင့်နိုင်မဲ့နေ့ကို နှစ်ပေါင်းများစွာကြာအောင် သူအိပ်မက်မက်ခဲ့ရသည်။
ဇူယွမ်အသက်ကို ပြင်းစွာရှူလိုက်မိပြီး သူ့ရဲ့စိတ်ခံစားမှုကို အနည်းငယ်ထိန်းချုပ်နိုင်ခဲ့သည်။ ရုတ်တရက်သူ့ရဲ့လက်တွေကို မြှောက်လိုက်ပြီး နဂါးကခုန်ခြင်းပုံစံလှုပ်ရှားမှု ၉၈ မျိုးကို သဘာဝကျကျလုပ်ဆောင်ခဲ့လိုက်သည်။
ဝေါင်း…
နောက်ဆုံးလှုပ်ရှားမှုပုံစံပြီးဆုံးသွားတဲ့အခါ ဇူယွမ်ရဲ့အရိုးတွေကတုန်ခါလာခဲ့ပြီး သူ့ကိုယ်ထဲက ချီတွေနဲ့သွေးတွေ ဆူပွက်လာခဲ့ရသည်။ သူ့ရဲ့ကျောပြင်က အထက်နဲ့အောက်လှုပ်ခါနေလျက်ရှိကာ သူ့ခန္ဓာကိုယ်ထဲကနေ နဂါးအော်သံခပ်သဲ့သဲ့ ထွက်ပေါ်လာခဲ့သည်။
ဟူး…
ဇူယွမ်က ပတ်ဝန်းကျင်မှာရှိတဲ့ မူလချီတွေကို သူ့ဆီရောက်အောင်ချက်ချင်းစုပ်ယူခဲ့လိုက်သည်။ ၎င်းပေါ်ထွက်လာတဲ့အခါ အဖြူရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပြီး သူ့ခန္ဓာကိုယ်ထဲရောက်အောင် တစ်ချက်တည်းနဲ့ဝါးမျိုလိုက်သည်။
မူလချီတွေသူ့ခန္ဓာကိုယ်ထဲကို တစ်ကြိမ်ဝင်ရောက်သွားတဲ့အခါ ပထမဆုံးစွမ်းအင်ဝင်ပေါက်ရဲ့ နောက်ဆုံးအတားအဆီးဆီကို လမ်းညွှန်လိုက်ပြီး ပြင်းပြင်းထန်ထန်တိုက်ခိုက်လိုက်သည်။
ဖောက်…
နောက်ဆုံးအတားအဆီးက ကြာမြင့်စွာခုခံနိုင်ခြင်းမရှိခဲ့ပေ။ မမြင်နိုင်တဲ့အလွှာပါးတစ်ခု ကျိုးပေါက်သွားခဲ့သလို ခပ်သဲ့သဲ့အသံတစ်ခုကို ကြားလိုက်ရသည်။
တစ်ချိန်တည်းမှာ သူ့ခန္ဓာကိုယ်ထဲက ပထမဆုံးစွမ်းအင်ဝင်ပေါက်က ဒီအခိုက်အတန့်အတွင်းမှာပဲ လုံးဝပွင့်သွားခဲ့ရသည်။
ပတ်ဝန်းကျင်က အလွန်တိတ်ဆိတ်ငြိမ်သက်နေလျက်ရှိတာကို ဇူယွမ်ခံစားလိုက်မိသည်။ သူ့ခန္ဓာကိုယ်ထဲက ချီနဲ့သွေးတွေက တပွက်ပွက်နဲ့ဆူပွက်လာခဲ့ပြီး ပထမဆုံးစွမ်းအင်ဝင်ပေါက်က အသက်ရှိနေသလို ဖြည်းညှင်းစွာတွန့်လိမ်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာခဲ့တဲ့ မူလချီတွေကို ဆာလောင်နေသည့်အလား အဆက်မပြတ်ဝါးမျိုခဲ့သည်။
စွမ်းအင်ဝင်ပေါက်ကစုပ်ယူခဲ့တဲ့မူလချီတွေက သူ့ရဲ့အသွေးအသားတွေထဲကို လျှင်မြန်စွာပျံ့နှံ့သွားခဲ့သည်။
ဇူယွမ်ရဲ့ခန္ဓာကိုယ်ထဲမှာ နာကျင်မှုလှိုင်းတွေလှုပ်ရှားနေခဲ့ပေမဲ့ သူ့အနေနဲ့ကြောက်ရွံ့စိတ် မဖြစ်ပေါ်မိခဲ့ပေ။ ထိုအစားသူ့မျက်နှာပေါ်မှာ ပီတိဖြစ်နေတဲ့အမူအယာတွေနဲ့သာ ပြည့်နှက်နေခဲ့ရပေသည်။
နာကျင်မှုကိုခံစားနေခဲ့ရတဲ့အချိန်တစ်လျောက် ဖောက်ထွင်းမြင်နိုင်လောက်တဲ့ ခံစားချက်တစ်ခုက သူ့ခန္ဓာကိုယ်မှာ ပြည့်နှက်နေခဲ့ရသည်။ ဒီအချိန်မှာ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက ပိုပြီးလင်းလက်တောက်ပလာကာ သူ့ရဲ့ကြွက်သားတွေ၊ အရိုးနဲ့ အသားအရေပေါ်မှာ ထုံထိုင်းတဲ့ခံစားချက်တစ်ခုဖြတ်သန်းသွားခဲ့ရသည်။ ၎င်းကသူ့ရဲ့ခန္ဓာကိုယ်က ပိုပြီးသန်မာလာတယ်ဆိုတာကို ဖော်ပြနေခြင်းပင်ဖြစ်သည်။
ဒီခံစားမှုက မိနစ်အတော်ကြာအောင်တည်ရှိနေခဲ့ပြီးနောက်မှာ ဇူယွမ်ရဲ့မျက်လုံးတွေက ဖြည်းညှင်းစွာပွင့်လာခဲ့သည်။ သူကချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်က ထူးဆန်းတဲ့အနံ့အသက်တစ်ခုကို ရရှိခဲ့တဲ့အတွက် သူ့ခေါင်းကိုငုံ့ကြည့်လိုက်သည့်အခါ သူ့ရဲ့အရေပြားပေါ်မှာ အညစ်အကြေးတွေနဲ့ ဖုံးလွှမ်းနေတာကိုတွေ့လိုက်ရသည်။ ၎င်းကအစောပိုင်းတုန်းက ဖြစ်စဉ်ကြောင့် သူ့ခန္ဓာကိုယ်ထဲကနေထွက်ပေါ်လာခဲ့သည့် မသန့်ရှင်းတဲ့အညစ်အကြေးတွေပင်ဖြစ်သည်။
ဇူယွမ်ရဲ့မျက်လုံးတွေက ဒီအချိန်မှာပိုမိုတောက်ပလာခဲ့ပြီး သူ့ပတ်ဝန်းကျင်ကမ္ဘာကြီးကလည်း ပိုပြီးကြည်လင်ပြတ်သားလာခဲ့ရသည်။
“ဒါကစွမ်းအင်ဝင်ပေါက်ပွင့်ခြင်းလား…” သူ့ခန္ဓာကိုယ်ထဲကစွမ်းအားတွေ တိုးပွားလာခဲ့တာကိုခံစားခဲ့ရသကဲ့သို့ ဇူယွမ်သူ့ရဲ့လက်တွေကိုလည်း တင်းကျပ်စွာဆုပ်ကိုင်မိခဲ့လိုက်ပြီး သူ့မျက်လုံးထဲမှာတော့ ပျော်ရွှင်မှုတွေနှင့် ပြည့်နှက်နေရပေသည်။
အချိန်ကြာမြင့်စွာမက်ခဲ့ရတဲ့ သူ့ရဲ့အိပ်မက်တွေက နောက်ဆုံးတော့ အစစ်အမှန်အဖြစ် ရောက်ရှိလာခဲ့ပြီပဲဖြစ်သည်။
“အဖေနဲ့ အမေကိုသွားပြောလိုက်…” ဇူယွမ်သူ့ခန္ဓာကိုယ်ကို ဆေးကြောသန့်စင်ဖို့ အခန်းထဲကိုဝင်ရောက်သွားခဲ့ရင်းမှ အနားမှာရှိတဲ့အစေခံမိန်းခလေးကို ညွှန်ကြားလိုက်သည်။
ဇူယွမ်သူ့ကိုယ်သူ ဆေးကြောသန့်စင်ပြီး ပြန်လည်ထွက်ပေါ်လာခဲ့တဲ့အချိန်မှာ ဇူချင်နဲ့ ချင်ယုတို့ စောင့်နေတာကိုတွေ့လိုက်ရသည်။ သူတို့ရဲ့မျက်နှာပေါ်မှာ မယုံကြည်နိုင်မှုတွေနဲ့ ပျော်ရွှင်မှုတွေဖြင့် ပြည့်နှက်နေလျက်ရှိပေသည်။
“ယွမ်အာ… သားရဲ့ပထမဆုံးစွမ်းအင်ဝင်ပေါက်ကို ဖွင့်နိုင်ခဲ့ပြီလား…” ဇူယွမ်ထွက်လာတာကို မြင်လိုက်ရတဲ့အခါ ချင်ယုကရှေ့ကိုလျင်မြန်စွာ လျှောက်လှမ်းလာခဲ့သလို သူမရဲ့နူးညံ့သိမ်မွေ့တဲ့မျက်နှာပေါ်မှာ စိတ်လှုပ်ရှားမှုတွေအတိုင်းသားပေါ်လွင်နေပေသည်။
ဇူချင်လည်းလျှောက်လှမ်းလာခဲ့ပြီး သူ့ရဲ့မျက်လုံးထဲမှာ မီးတောက်တွေလောင်ကျွမ်းနေသလို တောက်ပနေခဲ့ပြီး ဇူယွမ်ကိုကြည့်လိုက်မိသည်။
သူတို့မျက်နှာပေါ်က စိတ်ခံစားမှုတွေကို မြင်လိုက်ရတဲ့အခါ ဇူယွမ်ရဲ့နှလုံးသားကနွေးထွေးသွားခဲ့ရကာ သူ့ခေါင်းကိုညိတ်ပြခဲ့လိုက်သည်။ အတွေးတစ်ချက်နဲ့အတူ သူ့ခန္ဓာကိုယ်ထဲက ပထမစွမ်းအင်ဝင်ပေါက်က တုန်ခါလာခဲ့ပြီး စုပ်ယူအားတစ်ခုထုတ်လွှတ်ခဲ့လိုက်သည်။ ပတ်ဝန်းကျင်မှာရှိတဲ့ မူလချီတွေကသူ့ရဲ့ချွေးပေါက်တွေကို ဖြတ်သန်းကာသူ့ခန္ဓာကိုယ်ထဲကို ချက်ချင်းဝင်ရောက်သွားခဲ့ပြီး သူ့ရဲ့အသားအရေက အနည်းငယ်တောက်ပလာခဲ့သည်။
“ခန္ဓာကိုယ်ထဲကို ချီစုပ်ယူခြင်း… သူ့ရဲ့စွမ်းအင်ဝင်ပေါက်က တကယ်ပဲပွင့်သွားခဲ့ပြီပေါ့!” ဇူချင်ရဲ့မျက်လုံးထဲမှာ တောက်ပမှုတွေဖြတ်ပြေးသွားခဲ့ရသည်။ ဒီအချိန်မှာ သူကိုယ်တိုင်တောင်မှ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်မှုကင်းမဲ့သွားခဲ့ရပြီး လှိုက်လှိုက်လှဲလှဲရယ်မောလိုက်ရင်းက ပြောလိုက်သည်။
“ကောင်းတယ်…ကောင်းတယ်… ငါတို့ဇူကလန်က မြင့်မြတ်တဲ့နဂါးရဲ့မျှော်လင့်ချက်တွေ ပြည့်ဝသွားခဲ့ပြီ… သားက သားရဲ့ပထမဆုံးစွမ်းအင်ဝင်ပေါက်ကို ဆယ်ရက်အတွင်းဖွင့်နိုင်ခဲ့တယ်… ဒီလိုအမြန်နှုန်းကို ဇူအင်ပါယာမှာရှိတဲ့ ဘယ်သူကမှ မရနိုင်ဘူး!”
ချင်ယုရဲ့မျက်လုံးတွေက နီရဲနေခဲ့ပြီး ဇူယွမ်ကိုအသက်ရှူလို့မရလောက်အောင် ပွေ့ဖက်ထားခဲ့ရင်းက ငိုရှိုက်ကာပြောသည်။
“ဒါဆိုယွမ်အာက ကျင့်ကြံခြင်းကို စတင်နိုင်ပြီပေါ့… နောက်သုံးနှစ်ကြာလို့ နဂါးဒေါသအဆိပ်ထွက်ပေါ်လာခဲ့ရင်လည်း ထိန်းချုပ်နိုင်ပြီပေါ့…”
ဇူယွမ်က ချင်ယုရဲ့ကျောပြင်ကို ညင်သာစွာပုတ်၍ နှစ်သိမ့်လိုက်ရင်းမှ အပြုံးတစ်ခုနဲ့အတူ ပြောသည်။
“မစိုးရိမ်ပါနဲ့အမေ… အမေ့ရဲ့သားက ဒီနဂါးဒေါသအဆိပ်ကို သေချာပေါက်ဖယ်ရှားပစ်နိုင်မှာပါ…”
“ဒီကိုလာဦး ယွမ်အာ… အဖေက မင်းရဲ့ခန္ဓာကိုယ်ဘယ်လောက်သန်မာလာလဲဆိုတာကို မြင်ချင်လှပြီ…” ဇူချင်က ဇူယွမ်ကို လက်ယပ်ခေါ်လိုက်သည်။ စွမ်းအင်ဝင်ပေါက်တစ်ခု ဖွင့်နိုင်တဲ့အချိန်တိုင်း ဝင်ပေါက်ဖွင့်နိုင်သူရဲ့ခန္ဓာကိုယ်စွမ်းရည်က တိုးတက်လာလိမ့်မည်ဖြစ်သလို သာမန်လူတစ်ယောက်နဲ့လည်း အရမ်းကိုအလှမ်းကွာဝေးသွားစေပေလိမ့်မည်။
ဇူယွမ်က ဒါကိုကြားလိုက်ရတဲ့အခါ စိတ်အားထက်သန်စွာနဲ့ ခေါင်းညိတ်ပြလိုက်သည်။ သူ့ရဲ့စွမ်းအင်ဝင်ပေါက်တွေ ဒုတိယအကြိမ်ဖွင့်ခြင်းက သာမန်ထက်ပိုပြီး ခက်ခဲလိမ့်မည်ဖြစ်ကြောင်းနဲ့ သူတို့တွေနောက်တစ်ခါပွင့်လာခဲ့ရင်လည်း ကြီးမားတဲ့အကျိုးကျေးဇူးတွေ ရရှိလာလိမ့်မယ်လို့ ကန်းယွမ်တစ်ချိန်က ပြောခဲ့ဖူးသည်။
ယခုအချိန်မှာ ဘယ်လိုမျိုးအကျိုးကျေးဇူးတွေ ရရှိခဲ့လည်းဆိုတာကို တိတိကျကျသိနိုင်ဖို့ စမ်းသပ်ကြည့်ရန် လိုအပ်ပေသည်။
ဇူချင်က နေရာမှာပေါ့ပေါ့ပါးပါးရပ်နေလျက်က ဇူယွမ်ကိုလက်ယပ်ခေါ်လိုက်သည်။ သူ့အဖေက သာမန်ကာလျှံကာကိုယ်ဟန်အနေအထားနဲ့ ရပ်နေခဲ့ပေမဲ့လည်း သူ့ဆီကနေထွက်ပေါ်နေခဲ့တဲ့ အားလှိုင်းတွေက ဇူယွမ့်ကိုအနည်းငယ်တော့ အသက်ရှူကြပ်သွားစေသည်။
“အဖေက အမှန်တကယ်ကို ကောင်းကင်ဘုံတံခါးအဆင့်ကို ချိုးဖျက်ပြီးတော့ မူလဘူတအဆင့်ကို ရောက်ရှိနေခဲ့ပြီပဲ…”
မူလဆရာသခင်တွေအတွက် စွမ်းအင်ဝင်ပေါက်ဖွင့်ခြင်းက ကျင့်ကြံခြင်းလမ်းကြောင်း စတင်ခြင်းဖြစ်သည်။ စွမ်းအင်ဝင်ပေါက်ရှစ်ခုစလုံးကို ဖွင့်ပြီးသွားခဲ့ပြီဆိုလျှင် ချီပင်လယ်ကိုဖွင့်နိုင်မည်ဖြစ်ကာ လူတစ်ယောက်အား ချီစုဆောင်းမှုအဆင့်ကို ရောက်ရှိစေလိမ့်ပေမည်။ ချီစုဆောင်းမှုအဆင့် ပြီးပြည့်စုံသွားခဲ့ရင်တော့ မူလချီတွေကို ကောင်းကင်ဘုံတံခါးပေါက်အား တိုက်ခိုက်ဖို့ရန်အသုံးပြုနိုင်မည်ဖြစ်ပြီး တစ်ကြိမ်ချိုးဖျက်နိုင်လိုက်သည့်နှင့် မူလချီတွေကို ခန္ဓာကိုယ်ထဲမှထွက်ခွာစေပြီး တောင်ကိုရွှေ့၍ ပင်လယ်ကိုတောင်ပြောင်းပြန်လှန်ပစ်နိုင်စွမ်းရှိပေသည်။ ဒီလိုစွမ်းအားမျိုးက တိုင်းတာ၍ပင်မရနိုင်ပေ။
မူလဘူတအဆင့်က ကောင်းကင်ဘုံတံခါးအဆင့်ကို ကျော်ဖြတ်ပြီးမှသာ ရောက်ရှိနိုင်မည်ဖြစ်သည်။
ဝင်ပေါက်ဖွင့်ခြင်းအဆင့်၊ ချီစုဆောင်းမှုအဆင့်၊ ကောင်းကင်ဘုံတံခါးအဆင့်၊ မူလဘူတအဆင့်။ ဒီအဆင့်လေးဆင့်က မူလဆရာသခင်တွေအတွက် ပထမဆုံးသော အဆင့်ကြီးလေးဆင့်ဖြစ်ပေသည်။
လက်ရှိဇူယွမ်က သူ့ရဲ့ပထမဆုံးစွမ်းအင်ဝင်ပေါက်ကိုသာ ဖွင့်ထားသေးနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်သူက မူလဘူတအဆင့်ကျွမ်းကျင်သူတစ်ယောက်ရဲ့ရှေ့မှာ ပုံမှန်အားဖြင့် ကြောက်ရွံ့မှုတော့ဖြစ်ပေါ်ရပေသည်။
ဇူချင်ကသူ့ရဲ့လက်ကို ဆန့်တန်းလျက်ကပြောသည်။ “ငါတို့တွေ သားရဲ့ခွန်အားကို အရင်ဆုံးစမ်းသပ်မယ်… အဲ့ဒီတော့သားရဲ့ခွန်အားကို အကုန်သုံး…”
ဇူယွမ်ခေါင်းညိတ်ပြလိုက်သည်။ သူ့ရဲ့ခြေထောက်က မြေပြင်ကိုအရှိန်ပြင်းစွာဆောင့်နင်းချလိုက်ပြီး သူ့ခန္ဓာကိုယ်ကမြှားတစ်ချောင်းကဲ့သို့ ပြေးထွက်သွားခဲ့သည်။ သူ့ရဲ့ခန္ဓာကိုယ်ကိုတစ်ချက်လှည့်လိုက်သည့်အခါ သူ့ကိုယ်ထဲက စွမ်းအားတွေကမြင့်တက်လာခဲ့ပြီး သူ့ရဲ့လက်သီးထဲမှာ စုစည်းသွားခဲ့သည်။ ပြင်းထန်တဲ့စွမ်းအားတွေကို သယ်ဆောင်လာတဲ့ လက်သီးချက်က ဇူချင်ရဲ့ဆန့်တန်းထားတဲ့လက်ပေါ်ကို ပြင်းပြင်းထန်ထန်ပဲ ကျရောက်သွားခဲ့သည်။ မြေကြီးတွေကပ်ညိနေတဲ့ ဇူယွမ်ရဲ့ခြေထောက်ကလည်း ပျံသန်းရောက်ရှိသွားခဲ့ပေမဲ့ ဇူချင်ရဲ့ခန္ဓာကိုယ်က လှုပ်ရှားခြင်းအလျဉ်းမရှိချေ။ သူ့ရဲ့လက်ကလည်းအလားတူပဲ တစ်လက်မမျှရွေ့လျားသွားခြင်းမရှိခဲ့ပေ။ ဒါပေမဲ့လည်း သူ့ရဲ့မျက်လုံးထဲမှာတော့ အံ့အားသင့်တဲ့အရိပ်အယောင်တွေ ပေါ်ထွက်လာခဲ့ရသည်။
ဇူယွမ်က သူ့ရဲ့လက်သီးချက်ကို ကောင်းစွာသဘောပေါက်သည့်အတွက် အနည်းငယ်စိတ်ပျက်စွာနဲ့ ပြန်ရုပ်သိမ်းလိုက်သည်။ သူ့ရဲ့စွမ်းအားအကုန်အသုံးပြုထားတာတောင်မှ ဇူချင်ရဲ့လက်ကို လှုပ်ရှားသွားအောင် မလုပ်နိုင်ခဲ့ပေ။
“ကျွန်တော်က အဖေ့ကို ဘယ်လိုလုပ်ရွေ့အောင်လုပ်နိုင်မှာလဲ…” ဇူယွမ်ခေါင်းကိုမော့လိုက်ပြီး ဇူချင့်ကိုကြည့်လိုက်သည်။
ဇူချင်က ဇူယွမ်ရဲ့စကားကို ပြန်ဖြေခြင်းမရှိဘဲ ဆက်ပြောသည်။ “သားရဲ့အမြန်နှုန်းကို စမ်းသပ်မယ်…”
သူ့ရဲ့လက်ကို တစ်ချက်လှည့်လိုက်သည့်အခါ ကျောက်ခဲတစ်ဒါဇင်လောက်က မြေပြင်မှမြင့်တက်လာပြီး သူ့လက်ဖဝါးပေါ်မှာ လှည့်ပတ်နေခဲ့သည်။ သူ့ရဲ့လက်ကို ရုတ်တရက်ဝှေ့ယမ်းလိုက်သည့်အခါ ကျောက်ခဲတွေက ဇူယွမ်ဆီကို တစ်ဟုန်ထိုးရွာကျနေတဲ့ မိုးသက်မုန်တိုင်းအလား အရှိန်အဟုန်ပြင်းစွာ ပစ်လွင့်သွားခဲ့သည်။
ကျောက်ခဲတိုင်းက မြှားတစ်ချောင်းနဲ့အလားသဏ္ဍာန်တူစွာပစ်လွင့်သွားခဲ့ကြပြီး လေထုကို လျင်မြန်တဲ့အရှိန်ဖြင့်ဖြတ်သန်းသွားရာမှထွက်ပေါ်လာသည့် လေတိုးသံအသံသဲ့သဲ့ကိုပင် ကြားနိုင်ပေသည်။
ကျောက်ခဲအများစုကို ရှောင်ရှားနိုင်ဖို့အတွက် ဇူယွမ်ရဲ့ခြေထောက်ထိပ်က မြေပြင်ကိုဆောင့်နင်းလိုက်ပြီး သူ့ခန္ဓာကိုယ်ကို နောက်ဘက်ခပ်ဝေးဝေးကိုရောက်အောင် အလျင်အမြန်ဆုတ်လိုက်သည်။ သို့ပေမဲ့လည်း ကျောက်ခဲတွေက သူ့ဆီကိုထောင့်ပေါင်းစုံကနေဝင်ရောက်လာခဲ့တဲ့အတွက် ဒါကိုရှောင်တိမ်းနိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပေ။
ဇူယွမ်ရဲ့မျက်လုံးတွေက အနည်းငယ်လှုပ်ရှားသွားခဲ့ရသည်။ ဒီအချိန်အပိုင်းအခြားအတွင်းမှာပဲ စိတ်ဝိညာဉ်ကသူ့ရဲ့မျက်ခုံးနှစ်ခုကြားမှာ ထွက်ပေါ်လာခဲ့ပြီး သူ့ရဲ့အာရုံခံစားနိုင်မှုကလည်း ချက်ချင်းဆိုသလို လွန်စွာထက်မြသွားခဲ့ကာ ကျောက်ခဲတွေရဲ့သွားရာလမ်းကြောင်းကို ရှင်းရှင်းလင်းလင်းမြင်တွေ့လာခဲ့ရသည်။ ရလဒ်အနေနဲ့ကတော့ သူက “စွပ် စွပ်”ဆိုတဲ့ တိုးညှင်းတဲ့အသံနှစ်ခုနဲ့အတူ ကျောက်ခဲအားလုံးကို ရုတ်တရက်ဖမ်းဆီးနိုင်ခဲ့လိုက်သည်။
ကျောက်ခဲတွေမှာပါဝင်တဲ့အားက ဇူယွမ်ရဲ့လက်ကို အနည်းငယ်နာကျင်သွားစေခဲ့သည်။ သူ့ရဲ့လက်ကို ဇူချင်အားဝှေ့ယမ်းပြလျက်က ပြုံး၍ပြောလိုက်သည်။ “ဒါတွေအားလုံးကို ဖမ်းဖို့မလွယ်ဘူး…”
“အဖေ ဘာလို့လဲ…”
ဇူချင်က ကျောက်ခဲတွေဖမ်းဆုပ်ထားခဲ့တဲ့သူ့ရဲ့လက်ကို ငေးကြည့်နေတာကို မြင်လိုက်ရတဲ့အခါ ဇူယွမ်ရုတ်တရက်မေးလိုက်သည်။ ဇူယွမ်ရဲ့အသံကိုကြားလိုက်ရတဲ့အချိန်မှသာ ဇူချင်တစ်ယောက်အာရုံပြန်ရလာခဲ့ပြီး သူ့ကိုထူးဆန်းစွာကြည့်လိုက်မိသည်။ ဇူယွမ်ရဲ့အမြန်နှုန်းကို စမ်းသပ်နိုင်ဖို့အတွက် နောက်ဘက်ကပစ်လိုက်တဲ့ ကျောက်ခဲအနည်းငယ်ကို ဇူချင်ကရည်ရွယ်ချက်ရှိရှိနဲ့ အားပိုထည့်ကာပစ်လွှတ်လိုက်ခြင်းဖြစ်သည်။
သို့ပေမဲ့လည်း ဇူယွမ်ရဲ့မျက်လုံးတွေက ဒီလောက်လျင်မြန်လိမ့်မယ်လို့ ထင်မှတ်မထားမိပေ။ သူကကျောက်ခဲတွေရဲ့ လာရာလမ်းကြောင်းတွေကိုမြင်နိုင်ခဲ့ပြီး အားလုံးကိုဖမ်းဆီးနိုင်ခဲ့သည်။ ဒါကတိုက်ဆိုင်မှုလား ဒါမှမဟုတ် တစ်ခုခုမှားယွင်းနေတာလား။
ဇူချင်ခေါင်းကို ခါယမ်းလိုက်ပြီး ဇူယွမ်ကိုတစ်ချက်ကြည့်လိုက်သည်။ သူ့ရဲ့လက်က ရုတ်တရက်လှုပ်ရှားသွားခဲ့သလို အနီရောင်လျှပ်စီးတန်းတစ်ခုကလည်း ပြေးထွက်သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာ ၎င်းကဇူယွမ်ရဲ့ရင်ဘတ်ကို ထိရောက်ပေါက်ကွဲသွားခဲ့သည်။
ဝုန်း…
ဇူယွမ်နောက်ဘက်ကို လွင့်သွားခဲ့ကာ သစ်ပင်တစ်ပင်နဲ့ထိရိုက်သွားခဲ့ရသည်။ သူက သူ့ရဲ့ရင်ဘတ်ကို လက်တစ်ဖက်နဲ့အုပ်ထားလျက် နာကျင်စွာအော်ဟစ်လိုက်သည်။
ချင်ယုကရှေ့ကို လျင်မြန်စွာလျှောက်လာခဲ့ပြီး သူ့ကိုထူပေးလိုက်ကာ ဇူချင်ကိုဒေါသတကြီး ကြည့်လိုက်သည်။
“ရှင်က ဘာလို့မီးလျှံလျှပ်စီးချီကို သုံးရတာလဲ…”
ဇူချင်ကမသက်မသာနဲ့ရယ်မောလိုက်ပြီး ရှေ့ကိုလျှောက်လာ၍ ဇူယွမ်ရဲ့ရင်ဘတ်ကိုကြည့်လိုက်သည်။ ၎င်းကဒဏ်ရာရရှိသွားခဲ့သော်လည်းပဲ အနည်းငယ်အစိမ်းရောင်သန်းနေတဲ့အတွက် ဒါကအပေါ်ယံဒဏ်ရာရခဲ့ခြင်းသာဖြစ်ပေသည်။ ဇူချင်ရဲ့မျက်ခုံးတွေက ချက်ချင်းတွန့်ကွေးသွားခဲ့ရသည်။ စွမ်းအင်ဝင်ပေါက်တစ်ခုသာဖွင့်နိုင်သေးတဲ့ လူတစ်ယောက်ကဘယ်လိုလုပ် ဒီလောက်ကြံ့ခိုင်နေရတာလဲ။
“အဲ့ဒါကဘာလဲ…” ဇူယွမ်သူ့ရဲ့ရင်ဘတ်ကို ဖိနှိပ်ထားလျက်မှ နာကျင်နေတဲ့မျက်နှာနဲ့ မေးလိုက်သည်။
ဇူချင်က ဇူယွမ်ကိုထူးဆန်းစွာကြည့်လိုက်ပြီး ပြန်ပြောသည်။ “သားက စွမ်းအင်ဝင်ပေါက်တစ်ခုပဲ ဖွင့်ထားနိုင်သေးတာသေချာလား…”
ဇူယွမ်ကူကယ်ရာမဲ့စွာခံစားလိုက်ရပြီး သူ့မျက်လုံးတွေလှုပ်ရှားသွားခဲ့ရသည်။ သူ့အဖေက သူ့ကို တစ်ခါတည်းနဲ့ စွမ်းအင်ဝင်ပေါက်နှစ်ခုဖွင့်နိုင်တယ်လို့ ထင်နေတာလား။
ချင်ယုကလည်း တစ်ခုခုလွဲမှားနေတာကို ခံစားလိုက်မိပြီး စိတ်လှုပ်ရှားစွာမေးလိုက်သည်။ “အဲ့ဒါကဘာလဲ… ယွမ်အာကတစ်ခုခုမှားယွင်းနေတာလား…”
“တစ်ခုခုမှားယွင်းနေတာလား…”
ဇူချင်ခါးခါးသီးသီးရယ်မောလိုက်ပြီး “တစ်ခုခုကတော့ တကယ့်ကိုမှားယွင်းနေတာ… သူ့ရဲ့စွမ်းအား၊ အမြန်နှုန်းနဲ့ ခံနိုင်ရည်က ဝင်ပေါက်တစ်ခုတည်းဖွင့်နိုင်တဲ့ကျင့်ကြံသူတွေမပြောနဲ့ ဝင်ပေါက်နှစ်ခုဖွင့်နိုင်တဲ့သူတွေတောင်မှ ဒီကလေးရဲ့ခန္ဓာကိုယ်ကို မယှဉ်နိုင်လောက်ဘူး…”
“နှစ်ပေါင်းများစွာကြာပြီးကာမှ ဒီလိုအရာမျိုးကို ငါပထမဆုံးမြင်ဖူးတာပဲ… ဝင်ပေါက်တစ်ခုတည်းဖွင့်နိုင်သေးတဲ့ ခန္ဓာကိုယ်ကဒီလောက်ကြံခိုင်လိမ့်မယ်လို့ ထင်မထားမိဘူး…”