ဝမ်လင်း၏ ယခုလက်ရှိ အဆင့်နှင့်ဆိုလျှင် အိပ်ရန် မလိုတော့ပေ။ အိပ်ရာပေါ်တွင် ခဏလောက် လှဲနေလိုက်ပြီးနောက် မတ်တတ်ထကာ ပြတင်းပေါက်မှတစ်ဆင့် လကို ကြည့်လိုက်သည်။ ဝမ်လင်းက ဘူးသီးခြောက် တစ်ဘူးကို ထုတ်ယူလိုက်ပြီး သောက်လိုက်၏။
ထို့နောက် ဝမ်လင်းက တီးတိုး ရေရွတ်လိုက်သည်… “ချီစုစည်းခြင်း အဆင့်ကနေ ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကို ချိုးဖြတ်ဖို့အတွက် လိုအပ်တဲ့ စိတ်စွမ်းအင် ပမာဏာက အလွန်ကို များပြားလွန်းတယ်… အခုကစပြီး ရေငွေ့ရည်တွေကို စုဆောင်းရမယ်”
စစ်ထူနန်က မေးလိုက်သည် … “ဒါမှန်တယ်… ကောင်လေး… ကောင်းကင်ဘုံ ဆန့်ကျင်သော ပုတီးစေ့အတွက် သစ်သားဒြပ်စင်ကို စုဆောင်းဖို့ အစီအစဉ် ဘယ်အချိန် စမှာလဲ…”
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီး ပြောလိုက်သည်… “အရင်ဆုံး အနီးအနား တစ်ဝိုက်မှာ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ကို ချိုးဖြတ်ဖို့ အတွက် နေရာတစ်ခု ရှာရမယ်… ပြီးတော့ ကျိုးဖန်း ဘယ်လို ဆက်ဖြစ်မလဲ ငါ စောင့်ကြည့်ဖို့ လိုတယ်… ဘာကိစ္စမှ မဖြစ်ရင် ဒီနေရာကနေ ထွက်သွားမယ်…”
ညက ကုန်ဆုံးသွား၏။ နောက်ထပ် ရက်အနည်းငယ် အထိ ဝမ်လင်းက မိဘများနှင့်သာ သူ့အချိန်များကို ကုန်ဆုံးစေခဲ့သည်။ လဝက်ကြာပြီး နောက်တွင် ဝမ်လင်းက အိမ်မှ ထွက်လာခဲ့၏။ သူက မိဘများကို မခွဲခွာချင်သည့် အမူအရာဖြင့် နှုတ်ဆက်စကား ဆိုပြီး သူ့အိမ်မှ ပျံသန်း ထွက်လာခဲ့သည်။ သူ့နောက်တွင် သက်တံရောင် အလင်းတန်းကြီး ကျန်ရစ်နေခဲ့၏။
ဝမ်လင်း အိမ်မှ ထွက်လာသည့် အချိန်တွင် အလွန် ဝမ်းနည်းရသည်။ အိမ်ကို နောက် ဘယ်အချိန်မှ ပြန်ရောက်မည်ကို သူမသိပေ။ နောက်နှစ် အနည်းငယ်လည်း ဖြစ်နိုင်သည်။ သို့မဟုတ် ဘယ်တော့မှ ပြန်မလာ နိုင်တော့သည်လည်း ဖြစ်သွားနိုင်၏။
မူလက တောင် အနောက်ဘက်မှ ဂူပေါက်များထဲတွင် ကျင့်ကြံရန် စီစဉ် ထားသော်လည်း ယခုအချိန်တွင် ထိုအကြံကို ပယ်ဖျက် လိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ဟုန်ယွီတောင်နှင့် အလွန် နီးကပ်နေသဖြင့် သူ့အတွက် အလွန် အန္တရာယ် ရှိသောကြောင့် ဖြစ်၏။
အနီးအနား ပတ်ဝန်းကျင်တွင် လှည့်ပတ် ရှာဖွေပြီးနောက် ဘာမှမရှိသည့် တောင်တစ်တောင်၏ တောင်ထိပ်နားတွင် ဂူတစ်လုံးကို တွေ့လိုက်ရသည်။ ထိုဂူထဲတွင် မြေအောက်မှ စိမ့်ထွက်နေသည့် ရေအိုင်လေးတစ်အိုင် ရှိပြီး တိရစ္ဆာန် ချေးများလည်း ရှိနေသည်။ ဂူထဲသို့ တိရစ္ဆာန်များက မကြာခဏ လာဟန်တူသည်။ ဝမ်လင်းက ဂူတစ်ခုလုံးကို သေသေချာချာ စစ်ဆေးကြည့်ရှုရာ ဂူက ဝင်ပေါက် တစ်ပေါက်တည်းသာ ရှိပြီး တခြား ထွက်ပေါက် ရှိမနေချေ။ ဝမ်လင်းက ဆွဲငင်အား နည်းစနစ်ကို အသုံးပြုပြီး ဝင်ပေါက်ကို ကျောက်တုံးကြီးများဖြင့် ပိတ်လိုက်သည်။
ဝင်ပေါက်ကို ပိတ်ဆို့ပြီးနောက် ဝမ်လင်းက သူ၏ဒုတိယ တံခါးပိတ် ကျင့်ကြံခြင်းကို စတင်လိုက်၏။
သူက တံခါးပိတ် ကျင့်ကြံခြင်းကို စတင်ပြီးနောက် အချိန်များက တဖြည်းဖြည်း ကုန်ဆုံးလာသည်။ ၁နှစ်၊ ၂နှစ်၊ ၃နှစ်၊ ၄နှစ်။
ဝမ်လင်း တံခါးပိတ် ကျင့်ကြံနေသည်မှာ ၄နှစ် ကုန်ဆုံးသွားလေပြီ။
ဟုန်ယွီဂိုဏ်းမှ ကျန်ရှိနေသော တပည့်များက ဝမ်လင်း အကြောင်းကို တဖြည်းဖြည်း မေ့လျော့သွားကြ၏။ သူတို့အားလုံးက ဝမ်လင်း သေသွားပြီဟု တွေးလိုက်ကြသည်။ လျိုဝမ်ကျူးနှင့် အဘွားအိုဝမ်ကတော့ ဝမ်လင်းကို အပြင်ထွက်ခိုင်း လိုက်သည့် အတွက် နောင်တရခဲ့ကြ၏။
အပျော်ဆုံး လူသားကတော့ လုစုန့် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ဝမ်လင်းမရှိလျှင် သူက အကြီးဆုံးတပည့် ဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။
ဟွမ်လုံနှင့် တခြားသူများကတော့ ဝမ်လင်းကို ပြိုင်ပွဲရောက်မှသာ သိကြသည့်အတွက် ၄နှစ် ကုန်လွန်လာပြီးနောက် သူတို့သည် ဝမ်လင်းအကြောင်းကို လုံးလုံးလျားလျား မေ့လျော့ သွားကြသည်။
ဝမ်လင်းက တံခါးပိတ် ကျင့်ကြံနေစဉ်အတွင်း ပထမနှစ်တွင် ကျိုးဖန်းနှင့် အဆက်အသွယ်များ ရှိပြီး ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်များနှင့် အကြီးအကဲ အားလုံးက တံခါးပိတ် ကျင့်ကြံနေကြသည့် အတွက် ဘယ်သူမှ ကျိုးဖန်းကို သတိမပြုမိကြချေ။ ထို့အပြင် ကျိုးဖန်း၏ အဆင့်အတန်းကြောင့် မည်သူမှ သူ့ကို လာမရှုပ်ရဲကြချေ။ ဝမ်လင်းက သတင်းများကို ကျိုးဖန်းထံမှ တစ်ဆင့်ရပြီး သူ့ကို ဒုက္ခပေးချင်သည့် လူအားလုံးကို ကျိုးဖန်းအား တိတ်တဆိတ် ဂရုစိုက်ခိုင်း လိုက်လေသည်။ တဖြည်းဖြည်းနှင့် ဝမ်လင်းက လူတိုင်း၏မှတ်ဉာဏ်ထဲမှ ပျောက်ကွယ် သွား၏။
ဝမ်လင်း တံခါးပိတ် ကျင့်ကြံနေစဉ် အတွင်းတွင် ဂူဝင်ပေါက်က တဖြည်းဖြည်း သဘာဝ ပေါက်ပင်များနှင့် ဖုံးအုပ်လာသည့် အတွက် ဂူရှိသည်ကိုပင် အပြင်ဘက်မှ သတိပြုမိရန် မဖြစ်နိုင်တော့ချေ။
၄နှစ်အတွင်းတွင် ဂူဝင်ပေါက်သည် တိရစ္ဆာန် အများအပြား လာရောက် စုစည်းရာ နေရာတစ်ခု ဖြစ်လာသည်။ တချို့ဆိုလျှင် ဂူပေါက် အပြင်ဘက်တွင် ထိုင်ပြီး ကျင့်ကြံ တတ်ကြ၏။
တစ်ရက်တွင် သက်တံရောင် အလင်းတန်း၂ခုက ဝမ်လင်း ကျင့်ကြံနေသည့်ဂူရှိရာ အရပ်သို့ ပျံသန်းလာသည်။ အလင်းရောင်ထဲမှ အမျိုးသား၂ယောက်နှင့် အမျိုးသမီး တစ်ယောက် ပေါ်ထွက်လာပြီး ဂူပေါက်အနီးတွင် ရပ်တန့် လိုက်ကြ၏။ ရှေ့ဆုံးမှ သက်လတ်ပိုင်း အရွယ် အမျိုးသားက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ခန္ဓာကိုယ်က လေထဲတွင် ရပ်တန့်နေသည်။ သူ့ခြေထောက် အောက်တွင် အေးစက်သော အော်ရာများ ထုတ်လွှတ်နေသော အစိမ်းရောင် ဓားတစ်ချောင်း ရှိနေ၏။
သက်လတ်ပိုင်း လူကြီးဘေးတွင် ငယ်ရွယ်သော မိန်းကလေး တစ်ယောက်က မတ်တတ်ရပ်နေသည်။ ထိုမိန်းကလေးသည် အလွန် ဆွဲဆောင်မှုရှိပြီး သူမ၏အသံကလည်း ကြည်လင် ပြတ်သားလှသည်… “တတိယ စီနီယာအစ်ကို… ကျွန်မကို သလင်းကျောက် စိတ်ဝိညာဉ်သားရဲ ကူရှာပေးရမယ်နော်… တောင်အနောက်ဘက်မှာ လေ့ကျင့်ဖို့အတွက် ပြိုင်ပွဲက မကြာခင် လာတော့မယ်… သစ်သားသလင်းကျောက် စိတ်ဝိညာဉ်သားရဲကို သန့်စင်ပြီး ဓားစိတ်ဝိညာဉ်ထဲ ထည့်နိုင်ရင် ပြိုင်ပွဲမှာ နိုင်ဖို့သေချာပြီ…”
ဝမ်လင်းကသာ ထိုမိန်းကလေးကို မြင်လိုက်ပါက သူမကို သိပေလိမ့်မည်။ သူမက ဝမ်ကျောက်ကို တစ်ဖက်သတ်ချစ်နေသာ မိန်းကလေးရှု ဖြစ်သည်။ သူမက ယခုအချိန်တွင် လှသွေးကြွယ်နေသာ ဆယ်ကျော်သက်အရွယ် မိန်းကလေး တစ်ယောက် ဖြစ်နေလေပြီ။
သူမ၏အသံကြောင့် သက်လတ်ပိုင်းလူက မိန်းမောသွားပြီး ခဏကြာပြီးမှ သတိ ပြန်ဝင်လာကာ ပြောလိုက်သည်… “ဂျူနီယာညီမလေး… တောင် အနောက်ဘက်ကို ဝင်ရောက်နိုင်ဖို့ ကြိုးစားပါ… ငါ မင်းကို ကူညီပြီး သလင်းကျောက် စိတ်ဝိညာဉ်သားရဲကို ဖမ်းပေးပြီးတာနဲ့ ငါလည်း တံခါးပိတ် ကျင့်ကြံတော့မယ်…”
မိန်းကလေး ဘေးတွင် သူမကို ဖက်တွယ်ပြီး ရပ်နေသော အလွန် ငယ်သေးသော ဆယ်ကျော်သက် အရွယ်ကောင်လေးက ပြောလိုက်သည်… “စီနီယာအစ်ကိုနဲ့ အစ်မတို့ ပျံသန်းတာ အရမ်းမြန်တာပဲ… ကျွန်တော် မျက်လုံးတောင် မဖွင့်နိုင်ဘူး… ကျွန်တော်တို့ ရောက်ပြီဆို အောက်ဆင်းရအောင်…”
မိန်းကလေးရှုက ပြောလိုက်သည်… “ဂျူနီယာမောင်လေး… လိုက်ချင်တယ် ပြောတာ မင်း ပြောခဲ့တာမလား… ငါ မင်းကို ပြောခဲ့သားပဲ မင်းရဲ့ကျင့်ကြံမှုက နိမ့်သေးတယ်… ငါတို့ရဲ့အမြန်နှုန်းကို မင်းခံနိုင်မှာ မဟုတ်ဘူးလို့…”
သက်လတ်ပိုင်းလူက လှည့်ပြီး သူတို့နှစ်ယောက်ကို ကြည့်ကာ ပြောလိုက်၏… “ဂျူနီယာညီလေး… မင်းရဲ့ ပင်ကိုစွမ်းရည်က ကောင်းတယ်… ဒါပေမဲ့ ဒီလောက် ပင်ပန်းတာလေး ကိုတောင် တောင့်မခံနိုင်ရင် အနာဂတ်မှာ မင်း ဘယ်လို လေ့ကျင့်မလဲ…”
ကောင်လေးက သက်လတ်ပိုင်းလူကို ကြောက်ရွံ့စွာနှင့် ပြန်ပြော လိုက်သည်… “တတိယဂိုဏ်းတူ အစ်ကိုကြီး … ကျွန်တော် မှားသွားပါတယ်…”
မိန်းကလေးရှုက ကောင်လေး၏ခေါင်းကို ခေါက်ပြီး ပြောလိုက်သည်… “ဂျူနီယာမောင်လေး… နည်းနည်းလောက် စောင့်လိုက်ဦး… သလင်းကျောက် သားရဲကို ဖမ်းပြီးတာနဲ့ ဂိုဏ်းကို ပြန်ကြမယ်… “
ကောင်လေးက လျင်မြန်စွာ ခေါင်းညိတ်ပြီး တိုးတိုးလေး ပြောလိုက်သည်… “စီနီယာအစ်မက ရွှမ်တောက်ဂိုဏ်းရဲ့ ပါရမီရှင် တစ်ယောက်ပဲ… စီနီယာအစ်မက အလွှာ၄ကနေ အလွှာ၇ကို ၄နှစ်တည်းနဲ့ ရောက်အောင် ကျင့်ကြံနိုင်တယ်… ဒီတစ်ကြိမ် သလင်းကျောက် သားရဲကို ဖမ်းပြီး သန့်စင်ပြီး ဓားစိတ်ဝိညာဉ်ထဲကို ထည့်ပြီးတာနဲ့ စီနီယာအစ်မက ရွှမ်တောက်ဂိုဏ်းရဲ့ အဆင့်မြင့်ကျင့်ကြံသူ တစ်ယောက် ဖြစ်လာမှာပဲ… လီရှန်းက ကျွန်တော့်ကို အနိုင်ကျင့်တဲ့အခါ ကူညီပေးရမယ်နော်…”
မိန်းကလေးရှုက ခေါင်းကို ခါပြီး မဲ့ပြုံးလေးဖြင့် ပြောလိုက်သည်… “ပါရမီရှင် ဆိုတာ ဂိုဏ်းတူအစ်ကိုကြီး လျိုဖန်းလို လူမျိုးကို ပြောတာ… သူက အခုဆို အလွှာ၁၃ကို ချိုးဖြတ်ဖို့ ကြိုးစားနေပြီ… ပြီးတော့ ဂိုဏ်းတူအစ်မကြီး လျိုမိန်လည်း ရှိသေးတယ်… သူမကလည်း အလွှာ၁၂ကို ရောက်ပြီးနေပြီ… သူတို့အားလုံးက မူလ ရွှမ်တောက် ဂိုဏ်းသားတွေပဲ… ဒါကြောင့် သူတို့က တောင်အနောက်ဘက်ကို ဝင်ခွင့်ရကြတယ်… အရင်က ငါက ဟုန်ယွီဂိုဏ်းက… ဒါကြောင့် တောင် အနောက်ဘက်က ကျန်နေသေးတဲ့ နေရာတွေထဲက တစ်နေရာစာ အတွက် တိုက်ခိုက်ရမယ်… ဒီတစ်ကြိမ် ငါနိုင်ဖို့ မျှော်လင့်ရတာပဲ…”
သက်လတ်ပိုင်းလူက နှာခေါင်းရှုံ့လိုက်ပြီး မကျေမနပ် ဖြစ်နေဟန်ဖြင့် ပြောလိုက်သည်… “ဒီကောင်လျိုဖန်းက တောင်အနောက်ဘက်ကို ဝင်လို့ရလို့ ဒီလောက် မြန်မြန် တိုးတက်လာတာ… ဒါကလည်း ဘိုးဘေးက ဟုန်ယွီဂိုဏ်းရဲ့ တောင်အနောက်ဘက် နေရာကို ရအောင် လုယူလိုက်လို့ပါ… ဘိုးဘေးကြောင့် မဟုတ်ရင် ဘယ်လိုလုပ်ပြီး သူက ဒီလောက်မြန်မြန် တိုးတက်ပါ့မလဲ … သူက ပင်ကိုပါရမီ အရမ်း ကောင်းရင်တောင် များပြားတဲ့ စိတ်စွမ်းအင်ပမာဏ မရှိရင် ဒီအဆင့်ထိ ရောက်လာမှာ မဟုတ်ဘူး…”
မိန်းကလေးရှုက ပြုံးလိုက်ပြီး အကြောင်းအရာ ပြောင်းလိုက်သည်… “တတိယအစ်ကို… ဒီနေရာကို ကြည့်စမ်းပါဦး… ဒီနေရာကို အရင်က ရောက်ဖူးတယ်… အရင်ကနဲ့ တော်တော် ကွာခြားနေတယ်… တိရစ္ဆာန်ရိုင်း အများကြီးက ဘာလို့ ဒီနေရာမှာ စုပြီး ကျင့်ကြံနေတာလဲ…”
***