Switch Mode

အခန်း ( ၈ )

မဖိတ်ခေါ်ဘဲ ရောက်လာသော ဧည့်သည်( ၂ )

“ တော်လောက်ပြီ ”

ထိုစကားတစ်ခွန်းက ခြိမ်းခြောက်နိုင်စွမ်းအပြည့်ရှိနေပြီး တဟုန်ထိုးသွားရန် ပြင်နေသည့် လူထွားကြီး၏ ခြေလှမ်းများကို တုံ့ခနဲ ရပ်တန့်သွားစေသည်။ သူက အသံရှင်ကို လှည့်ကြည့်လိုက်သည်။

ထိုလူမှာ မကြာသေးခင်က ရွှီချင်း မြင်ခဲ့ရသော လက်အိတ်စွပ်ထားသည့် အဘိုးအိုမှလွဲ၍ တခြားမဟုတ်ပေ။

“ ခေါင်းဆောင်လဲ့ … ”

“ ဒီကောင်လေးက မြို့ပြင်က ဆင်းရဲသားရပ်ကွက်ကနေ ကံကောင်းပြီး အသက်ရှင်တဲ့သူ ဖြစ်မယ်။ နတ်ဘုရားတွေက သူ့ကို သက်ညှာပေးထားမှတော့ မင်း သူ့ကို မလုပ်သင့်ဘူး။ ငါတို့ ထွက်သွားကြတာပေါ့ ”

“ ဒါပေမဲ့ …”

သဘောမတူလိုသည့် အရိပ်အယောင်များ လူထွားကြီး၏ မျက်ဝန်းများထဲ အထင်းသား မြင်နိုင်သည်။ အစောပိုင်းက သူ နမော်နမဲ့ ဖြစ်သွားခဲ့သည်ဟု သူ ယုံကြည်နေပြီး သူသာ သေသေချာချာ တိုက်ခိုက်မည်ဆိုပါက အသက်ရှူချိန်အနည်းငယ်အတွင်း ရွှီချင်း၏လည်ကုပ်ကို ချိုးပစ်နိုင်မည်ဟု ယုံကြည်နေ၏။

သူက ပြောမည်ပြုစဉ် အဘိုးအိုက သူ့ကို တည်ငြိမ်စွာ လှမ်းကြည့်လိုက်၏။

“ ငါ မင်းကို ထပ်ပြီးပြောပြရဦးမှာလား ”

လူထွားကြီးမှာ မကျေနပ်သော်လည်း ခေါင်းကိုသာ ငုံ့ထားလိုက်တော့သည်။

သူသည် ခေါင်းငုံ့လိုက်သည်နှင့် ကတုတ်ကျင်းထဲ ပုန်း​ေနသော ရွှီချင်းအား မျက်လုံးထောင့်စွန်းမှနေ၍ ကြည့်ကာ သူ့မျက်ဝန်းများထဲတွင် လူသတ်ငွေ့များ ဖြတ်ပြေးသွားသည်။ ထို့နောက် သူက မည်းမှောင်နေသော မျက်နှာဖြင့် အဘိုးအိုထံ ထော့နဲ့ ထော့နဲ့ လျှောက်သွားလေသည်။

ရွှီချင်းသည် လူသတ်ငွေ့များကို ခံစားမိသည်။ သူ့မျက်ဝန်းများ အတန်ငယ် ကျဉ်းမြောင်းသွားပြီး တဖြည်းဖြည်း ဝေးကွာသွားသော ထိုရတနာမုဆိုးတစ်သိုက်ကို စိုးရိမ်ပူပန်စွာ ကြည့်နေလေသည်။

သို့သော် ဆယ်ကျန့်ခန့် အကွာအဝေးသို့ ရောက်သည့်တခဏဝယ် အလယ်ရှိ အဘိုးအိုက ရုတ်ခြည်း ရပ်သွားသည်။ သူက လှည့်ကြည့်လိုက်ပြီး သူ၏အကြည့်မှာ ရွှီချင်းထံသို့လား၊ မီးများတဟုန်းဟုန်းတောက်လောင်နေသည့် အလောင်းပုံကြီးထံသို့လား မှန်းဆရန် ခဲယဉ်းသည်။ အချိန်အတော်ကြာပြီးနောက် သူက ရုတ်တရက် ဆိုလိုက်သည်။

“ ကလေး၊ မင်း ငါနဲ့အတူ လိုက်ခဲ့ချင်လား ”

ရွှီချင်းက အဘိုးအို၏စကားကို သတိထားမိသည်။ အဘိုးအိုက ‘ ငါတို့ ’ ဟု မသုံးဘဲ ‘ ငါ ’ ဟု ဆိုသွားပေသည်။

သို့ဖြစ်၍ ရွှီချင်းသည် တိတ်ဆိတ်ငြိမ်သက်သွားပြီး လူအုပ်ကို ဝေ့ကြည့်လိုက်သည်။ အဘိုးအိုက စိတ်ရှည်သည့်လူတစ်ဦးဖြစ်၍ ရွှီချင်းကို အတင်းမတိုက်တွန်းပေ။ သူက ခပ်လှမ်းလှမ်းတွင် ရပ်ကာ ရွှီချင်း၏အဖြေကို စောင့်နေသည်။

အသက်ရှူချိန် ဆယ်ကြိမ်ကြာပြီးနောက် ရွှီချင်းက ထိုလူများကို လှမ်းကြည့်လိုက်ပြန်သည်။ ထို့နောက် သူသည် အဘိုးအိုနှင့် ဒဏ်ရာရသွားခဲ့သည့် မျက်နှာထားတင်းမာနေသော လူထွားကြီးကိုလည်း ကြည့်လိုက်သည်။

ရွှီချင်း၏မျက်ဝန်းများထဲတွင် နားလည်ရခက်သော အလင်းတစ်မျိုး ဝင်းလက်သွားသည်။

သူသည် ဖြည်းညင်းစွာ မတ်တတ်ရပ်ကာ စကားတစ်ခွန်းမဆိုဘဲ သူတို့အနားသို့ လျှောက်သွားလေသည်။

ရွှီချင်း လျှောက်လာသည်ကို မြင်သောအခါ အဘိုးအိုက ပြုံး၍ တစ်ဖက်လှည့်ကာ ဆက်လျှောက်သွားလေသည်။ တခြားလူများသည်လည်း ရွှီချင်းကို လေးလေးနက်နက် စိုက်ကြည့်လိုက်ကြပြီး သူတို့အားလုံး အတူတကွ ထွက်ခွာသွားကြတော့သည်။

ရွှီချင်းသည် ရတနာမုဆိုးအုပ်စုနောက်သို့ လိုက်သွားပြီး မြို့ထဲရှိ အဖိုးတန်ပစ္စည်းများအား သူတို့ ရှာဖွေကာ ယူနေသည်ကို ကြည့်နေလေသည်။

ထိုအချိန်အတောအတွင်း ရွှီချင်းသည် လူထွားကြီး၏နာမည်ပြောင်က နွားရိုင်းကြီးဖြစ်သည်ကိုလည်း သိလာရသည်။

ထိုနွားရိုင်းကြီးက ရွှီချင်းကို အန္တရာယ်ပြုလိုသည့်အကြည့်ဖြင့် ကြိမ်ဖန်များစွာ ကြည့်တတ်သည်။

သို့သော်လည်း သူက လူသတ်လိုသည့်ဆန္ဒအား ချိုးနှိမ်ထားသည်မှာ သိသာသည်။ သူသည် စိုးရိမ်ပူပန်မနေဘဲ အဘိုးအိုမရှိသည့်အချိန်အား စောင့်နေဟန်တူသည်။

ထို့ပြင် သူတို့ခရီးစဉ်တစ်လျှောက် ထိုကဲ့သို့ အခွင့်အရေး ကြုံလာရလိမ့်မည်ဟု သူ လွန်စွာ သေချာနေဟန်တူသည်။

ရွှီချင်းသည် ထိုအုပ်စုနောက်သို့ မလိုက်ခင်ကတည်းက တွက်ဆထားခဲ့ပြီး လူထွားကြီး၏လောဘကြီးသောစိတ်ဓာတ်ကို တွေးတောမိခဲ့သည်။ သို့ဖြစ်၍ မြို့နှင့် ရင်းနှီးမှုကို အခွင့်ကောင်းယူ၍ ထိုရတနာမုဆိုးများကို သူ အကူအညီအနည်းငယ် ပေးခဲ့သည်။

ရွှီချင်းသည် အလွန်ယဉ်ကျေးစွာဖြင့် ပြုမူဆက်ဆံကာ ထိုရတနာမုဆိုးများအား အဖိုးတန်ပစ္စည်းများကို မြန်ဆန်စွာ ရှာတွေ့ရန် ကူညီခဲ့သည်။

နွားရိုင်းကြီးမှာမူ လောဘကြီးမှန်း သိသာလှသည်။ သူသယ်ဆောင်ထားသော ဝန်ထုပ်က ပြည့်ကြပ်နေပြီး သူ သယ်ဆောင်နိုင်သည်ထက် ပို၍ လေးနေသည့်တိုင်အောင် နောက်ထပ်ပစ္စည်းများကို ဆက်ရှာနေချင်သေးသည်။

သို့ဖြစ်၍ ဒဏ်ရာကြီးနှင့် လူထွားကြီးသည် တခြားလူများထက် နေရာများ ပို၍ ရှာနေကာ ပစ္စည်းများစွာ ပါသည့် ပိုလေးသော ဝန်ထုပ်ကိုလည်း သယ်နေရသည်။

အစပိုင်း၌ မသိသာသော်လည်း အချိန်များ ကုန်လွန်လာသည်နှင့်အမျှ လူထွားကြီးမှာ မောပန်းနွမ်းနယ်လာသည်။ သူခံစားရသည့် ပင်ပန်းနွမ်းနယ်မှုဒဏ်သည်လည်း တခြားလူများထက် သာလွန်နေပေ၏။

မြို့စားစံအိမ်ပတ်လည်ကိုမူ ရွှီချင်းသည် ခေါင်းဆောင်လဲ့ဆိုသည့် အဘိုးကြီးက ကူညီထားသည်ကို တွေးမိ၍ သူတို့အား မျှားခေါ်မသွားရန် ဆုံးဖြတ်ချက်ချလိုက်သည်။

သူတို့သည် အမှောင်ထုကြီးစိုးလာသည့်အချိန်တိုင်အောင် ပစ္စည်းများ ဆက်လက်ရှာဖွေကြသည်။ နောက်ဆုံး၌ သူတို့အုပ်စုက မြို့ထဲမှ ထွက်ခွာကာ မြို့အပြင်ဘက် ဆင်းရဲသားရပ်ကွက်၌ စခန်းချလိုက်ကြသည်။

သူတို့သည် လွန်စွာ ကျွမ်းကျင်ကြပြီး မကြာခင် ရွက်ဖျင်တဲခြောက်လုံး ဆောက်လုပ်ပြီးသွားပြီ ဖြစ်သည်။

ဓားများကို ကိုင်ဆောင်သည့် လူနှစ်ဦးက ရွက်ဖျင်တဲတစ်တဲတွင် အတူနေကြပြီး တခြားလူများက တစ်ယောက်တစ်တဲ နေကြလေသည်။ သူတို့က သူတို့အခန်းများထဲရှိ မီးတိုင်များကို ထွန်းညှိလိုက်ကြပြီး တချို့လူများက အမျိုးအမည်ခွဲခြားရခက်သော အမှုန့်များကို ယူလာကာ ဘေးပတ်လည်ကို ဖြူးထားလေသည်။

ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထုကြီးစိုးလာပြီး မြို့ထဲမှ မာန်ဖီဟိန်းဟောက်သံများကို ကြားလာရသောအခါမှသာ ရတနာမုဆိုးများက ရွက်ဖျင်တဲအသီးသီးကို ဝင်သွားကြလေသည်။

ခေါင်းဆောင်လဲ့က တစ်ကိုယ်တည်းဖြစ်နေသော ရွှီချင်းကို လှမ်းကြည့်လိုက်ပြီး အိပ်စက်ရာအိတ်ကို ပေးလိုက်သည်။

“ မီးတုတ်က အလင်းရောင်က သန္ဓေပြောင်းသားရဲတွေကို မောင်းထုတ်နိုင်တယ်။ ပြီးတော့ အမှုန့်က မကောင်းဆိုးဝါးတွေ အနီးအနားကို မလာအောင် ဟန့်တားနိုင်တယ်။ ဒီနေ့ မင်းက အကူအညီပေးထားတာ။ နွားရိုင်းကြီးကလဲ ဒီမှာ ငါရှိနေတုန်း မင်းကို ဘာမှလုပ်ရဲမှာ မဟုတ်ဘူး။ ဒီတော့ ဒီနေရာက ဘေးကင်းတယ် ”

အဘိုးအိုက စကားဆုံးသည်နှင့် ဂရုစိုက်မနေတော့ဘဲ ရွင်ဖျက်တဲထဲ ဝင်သွားလေသည်။

ရွှီချင်းက စကားမဆိုပေ။ အဘိုးအို၏ ရွက်ဖျင်တဲကို စူးရှပြတ်သားစွာ ကြည့်၍ အိပ်စက်ရာအိတ်ထဲ ဝင်လှဲနေလိုက်သည်။

သူက အိတ်ကို လုံးဝ ပိတ်မထားဘဲ ရတနာမုဆိုးရွက်ပြင်တဲရှိရာဘက်ကို အနည်းငယ် ဟထား၏။

ညက နက်လာသောအခါ ဟိန်းဟောက်သံများက တစတစ ပြင်းထန်လာပြီး သွေးပျက်ချောက်ချားစရာ ငိုညည်းသံသည်လည်း လေနှင့်အတူ လွင့်ပျံလာ၏။ ကြောက်မက်ဖွယ် လေထုကြီးက အပြင်ဘက်ကမ္ဘာရှိ နေရာလပ်မကျန် ဝါးမျိုသွားဟန်တူသည်။

မည်သူတစ်ဦးတစ်ယောက်မှ လက်ရှိအိပ်စက်ရာနေရာမှ ထွက်ခွာသွားရန် စိတ်ကူးကြမည် မဟုတ်ပေ။

ရွှီချင်းကတော့ ခြွင်းချက်ပင်။

အိပ်စက်ရာအိပ်ထဲ၌ ရွှီချင်းက မျက်လုံးများဖွင့်ကာ တိတ်ဆိတ်စွာ မလှုပ်မယှက်ဖြင့် စောင့်နေလေသည်။

အချိန်က တရွေ့ရွေ့ ကုန်လွန်လာပြီး ညက တဖြည်းဖြည်း နက်လာပြီး လူအများစုက နှစ်ခြိုက်စွာ အိပ်မောကျနေသည့်အချိန်တွင် ရွှီချင်းက အိပ်စက်ရာအိပ်ထဲမှ တဖြည်းဖြည်း အပြင်ထွက်လာသည်။

သူက တိုးတိတ်ညင်သာစွာ လှုပ်ရှားနေပြီး အသံစိုးစဉ်းမျှ မထွက်နိုင်စေရန် အတတ်နိုင်ဆုံး သတိထားနေသည်။

မြို့ထဲရှိ ဟိန်းဟောက်သံများနှင့် ငိုညည်းသံများက သူ့နားထဲ ပဲ့တင်ထပ်လာပါသော်လည်း သူ့ကို နည်းနည်းလေးမှ နှောင့်နှေးသွားစေရန် မစွမ်းဆောင်နိုင်ချေ။

ရွှီချင်းသည် အပြင်ဘက်ကို ရောက်သည်နှင့် နွားရိုင်းကြီးရှိနေသည့် ရွက်ဖျင်တဲရှိရာသို့ ခိုးကြောင်ခိုးဝှက် လျှောက်လာလေသည်။

ရွှီချင်းသည် သူ့အနီးအနားတွင် သူ့အသက်အန္တရာယ်အား ခြိမ်းခြောက်နေမည့် လျှို့ဝှက်အန္တရာယ် ရှိနေမှာမျိုးကို မလိုလားပေ။ ယင်းက လျှို့ဝှက်အန္တရာယ်ဖြစ်နေသည့်တိုင် ဖြေရှင်းရန် နည်းလမ်းကို သူ ချက်ချင်း စဉ်းစားလေ့ရှိသည်။

၎င်းသည် ဆင်းရဲသားရပ်ကွက်၌ အသက်ရှင်ရန် ရုန်းကန်ရာတွင် သူ သွေးဖြင့် ပေးဆပ်ခဲ့ရသော သင်ခန်းစာများကို အခြေခံထားသည့် စည်းမျဉ်းတစ်ခု ဖြစ်သည်။ ထိုအတွက် အဘိုးအိုနောက်သို့ လိုက်ရန် သူ သဘောတူခဲ့ခြင်း ဖြစ်သည်။

အမှန်တကယ်တော့ နွားရိုင်းကြီး၏ လောဘကြီးသောစိတ်ကို သတိထားခဲ့မိ၍ နေ့ခင်းပိုင်းက ရတနာမုဆိုးများအား ပစ္စည်းများစွာ ရှာတွေ့ရန် သူ ကူညီပေးခဲ့ခြင်းဖြစ်သည်။ သူသည် ဒဏ်ရာရနေသော နွားရိုင်းကြီးကို ပိုမိုမောပန်းနွမ်းနယ်စေကာ စိုးရိမ်ပူပန်စိတ်များကို လျော့ချစေချင်ခဲ့သည်။

သို့ဖြစ်၍ သူက မသိနားမလည်ဟန်ဖြင့် လွန်စွာ ချိုသာယဉ်ကျေးစွာ ဆက်ဆံခဲ့ပြီး သူ့ကို သတိမထားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့သည်။

ထိုအခြင်းအရာအားလုံးက ယခုလုပ်ရပ်အတွက် ဖြစ်ပေသည်။ ရွှီချင်းသည် လွန်စွာ တည်ငြိမ်နေပြီး ရွက်ဖျင်တဲထံ အသာလေး ချဉ်းကပ်သွားသည်။ သူသည် နမော်နမဲ့ မနေဘဲ ပထမဦးစွာ ရောက်သည့်နေရာတွင် အချိန်အတော်ကြာသည်အထိ ဆောင့်ကြောင့်ထိုင်ကာ အာရုံစိုက်၍ နားစွင့်နေလေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset