Switch Mode

အပိုင်း (၇၀)

အိမ်သို့ပြန်လာခြင်း

၃ရက်ကြာပြီး နောက်တွင် ဝမ်လင်းသည် တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲကာ ဂူထဲမှ ထွက်လာ၏။ ကျိုးဖန်းသည် ရီဝေနေသော မျက်လုံးများဖြင့် သူ့နောက်မှ လိုက်လာသည်။

“ကျိုးဖန်း … ရွှမ်တောက်ဂိုဏ်းကို မင်း ပြန်သွားပါ … ငါ့ကို ဒုက္ခပေးချင်တဲ့လူ အားလုံးကို သတ်ပစ်လိုက်ပါ … ပြီးတော့ ငါ့မိဘတွေကို ကာကွယ်ပေးပါ …” ဝမ်လင်း၏အသံက အလွန် အေးစက်နေပြီး သွေးဆာမှုများနှင့် ပြည့်နေလေသည်။

ကျိုးဖန်းက လေးစားစွာ ခေါင်းညိတ်လိုက်ပြီး ရွှမ်တောက်ဂိုဏ်း ရှိရာသို့ ထွက်ခွာသွား၏။

ဝမ်လင်းက ကျိုးဖန်းကို အချိန် တော်တော်ကြာအောင် ကြည့်ပြီးနောက် မေးလိုက်သည် … “စီနီယာစစ်ထူ … ဒီရုပ်သေးနည်းစနစ်က တကယ်တော့ ပထမအဆင့် မလိုဘူးမလား …”

စစ်ထူနန် မှင်တက်သွားပြီး လျင်မြန်စွာ ပြောလိုက်သည် … “ဘယ်သူပြောလဲ … ပထမအဆင့်က လိုကို လိုတယ် … ပထမအဆင့်မလုပ်ရင် ဒုတိယအဆင့်ကို လုပ်လို့မရဘူး …”

ဝမ်လင်းက ရုပ်သေး လုပ်ပြီးနောက် တစ်ခုခု မှားနေသည်ကို ခံစားမိလိုက်သည်။ သူက နောက်ထပ် ပြောချင်သော်လည်း မပြောတော့ဘဲ တခြားတစ်ခုကို မေးလိုက်၏ … “ဖုနန်ဇီက ကျိုးဖန်းကို သတိပြုမိနိုင်လား …”

စစ်ထူနန်က အနည်းငယ် တုံ့ဆိုင်းသွားပြီး ပြန်ဖြေလိုက်သည် … “အမှန် ပြောရမယ်ဆိုရင် … မင်း ရုပ်သေး လုပ်တဲ့အချိန်မှာ ငါ့ရဲ့ အဆီအနှစ်တွေကို ထည့်ပေးလိုက်တယ် … ဒါကြောင့် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ယောက်က သေချာ မကြည့်ဘူး ဆိုရင် သတိပြုမိမှာ မဟုတ်ဘူး … ဖုနန်ဇီကလည်း တံခါးပိတ် ကျင့်ကြံနေဖို့ များတယ် … ဒါကြောင့် သူ သတိပြုမိဖို့က အခွင့်အရေး အလွန်နည်းတယ် …”

ဝမ်လင်းက ခဏလောက် စဉ်းစားလိုက်ပြီး ရွာဆီသို့ ဦးတည် ပျံသန်းလိုက်၏။ အိမ်မရောက်ခင် အထိ လမ်းတွင် လုံးဝ မနားခဲ့ဘဲ တစ်ဆက်တည်း ပျံသန်းခဲ့သည်။

သူက ခြံဝင်းအတွင်း မဝင်ခင်မှာပင် အထဲမှ အလွန် ရင်းနှီးသော အသံတစ်သံကို ကြားလိုက်ရ၏။

“ကောင်စုတ်လေး … မင်းလောက် ဆိုးရွားတဲ့လက်သမား ရှိပါဦးမလား … ကြည့်စမ်းပါဦး … ငါ့သားလုပ်တာရဲ့ တစ်ဝက်လောက်တောင် မကောင်းဘူး …”

“ဆရာ … ထေ့ကျူးက အခု အင်မော်တယ် တစ်ယောက် ဖြစ်နေပြီ … ဘာလို့ သူနဲ့ပဲ အမြဲတမ်း ယှဉ်နေရတာလဲ … ကျွန်တော်က သူ့တစ်ဝက်လောက် တော်ရင်တောင် ကျွန်တော်က ကျေနပ်လိမ့်မယ် …”

ထိုစကားကို ကြားတော့ ဝမ်လင်း မှင်တက်သွား၏။ သူက နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက် ကြည့်လိုက်သည်။ ထို့နောက် သူက ပြုံးလိုက်၏။ ထိုလူကို သူ မှတ်မိ သွားလေပြီ။ သူ့အဖေထံတွင် မကြာခဏ လက်သမား ပညာသင်ပေးရန် တောင်းဆို တတ်သည့် သူ၏ကစားဖော် ဖြစ်၏။

ဝမ်လင်းက တံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်ပြီး ခြံဝင်းထဲမှ သူ့အဖေကို ပြောလိုက်သည် … “အဖေ … ထေ့ကျူး ပြန်လာပြီ …”

ထေ့ကျူး၏ အဖေက တုန်ယင်သွား၏။ သူ့လက်ထဲက ပစ္စည်းကို ချက်ချင်း လွှတ်ချလိုက်ပြီး ခေါင်းကို လှည့်ကြည့်လိုက်ရာ သူ့ကို ပြုံးပြီး ကြည့်နေသော သူ့သားကို တွေ့လိုက်ရသည်။

“ထေ့ကျူးလား …” ဝမ်လင်း၏အဖေက သူ့မျက်လုံးကို ပွတ်သပ်လိုက်သည်။ ချက်ချင်း သူ့မျက်လုံးမှ မျက်ရည်များ စီးကျလာ၏။

ဝမ်လင်းက သူ့အဖေရှေ့ သွားလိုက်ပြီး သူ့အဖေကို ပွေ့ဖက်လိုက်သည်။ သူက သူ့အဖေမျက်နှာမှ မျက်ရည်များကို သုတ်ပေးလိုက်ပြီး သူ့အဖေ၏မျက်နှာကို သေချာ ကြည့်နေလေသည်။ သူက နောက်သို့ အနည်းငယ် အနည်းငယ် ဆုတ်လိုက်ပြီး မြေပြင်ပေါ်တွင် ဒူးထောက် လိုက်၏။

“အဖေ … ထေ့ကျူးက မလိမ္မာတဲ့ သားတစ်ယောက်ပါ … အိမ်ကို ၅နှစ်ကြာအောင် ပြန်မလာနိုင်ခဲ့ဘူး …”

“တကယ်ထေ့ကျူးပဲ … မိန်းမရေ ထွက်လာပါဦး … ငါတို့သား ပြန်လာပြီ …” ထေ့ကျူး၏ အဖေက ဝမ်လင်းကို ဆွဲထူလိုက်ပြီး ဝမ်လင်း၏ မျက်နှာကို သေချာကြည့်ပြီး ပြုံးပျော်နေ၏။

ထေ့ကျူး၏အဖေက စိတ်လှုပ်ရှား နေဟန်ဖြင့် ပြောလိုက်သည် … “ထေ့ကျူး … မင်း အရပ် ရှည်လာတယ် … အဖေ့ကိုတောင် မီတော့မယ် … ခန္ဓာကိုယ်ကလည်း တောင့်တင်း နေတာပဲ … ကောင်းတယ် … ဒါမှ ငါ့သား …”

ထိုအချိန်တွင် အမျိုးသမီးကြီး တစ်ယောက်က အိမ်ထဲမှ ထွက်လာ၏။ သူမက ဝမ်လင်းကို ကြည့်ပြီး မျက်ဝန်းထဲမှာ မျက်ရည်များ စီးကျလာသည်။

ဝမ်လင်းက ထိုအမျိုးသမီးကြီး ရှေ့သို့ သွားလိုက်ပြီး လွမ်းဆွတ် တမ်းတသည့် အမူအရာဖြင့် ဒူးထောက်ကာ ပြောလိုက်သည် … “အမေ … ထေ့ကျူးက အမေ့ကို တွေ့ဖို့ ပြန်လာပြီ …”

“မင်း … ဘယ်လိုလုပ်ပြီး ဒီလောက်တောင် နှလုံးသား မဲ့ရတာလဲ … လွန်ခဲ့တဲ့ ၅နှစ်လုံးလုံး မင်း ပြန်မလာခဲ့ဘူး … မင်းရဲ့ရင်ထဲမှာ ငါတို့ ရှိသေးရဲ့လား … လွန်ခဲ့တဲ့ ၅နှစ်လုံးလုံး မင်းအဖေနဲ့ငါက မင်းကို တစ်စက်ကလေးမှ မေ့မရခဲ့ဘူး … မင်းအကြောင်းကို နေ့တိုင်း တွေးမိတယ် …” ပြောနေရင်းဖြင့် သူမက ထေ့ကျူးကို ပွေ့ဖက်ပြီး စတင် ငိုကြွေးလေသည်။

ထေ့ကျူး၏ အဖေက သူ့မိန်းမကို ကြည့်ပြီး ပြောလိုက်သည် … “ငါတို့သားက အင်မော်တယ် တစ်ယောက် ဖြစ်နေပြီလေကွာ … ဒါကြောင့် သူ့မှာ အရေးကြီးတဲ့ကိစ္စတွေ ရှိနေမှာပေါ့ … မင်း လုပ်နေတဲ့ပုံကိုလည်း ကြည့်ပါဦး … မြို့ထဲမှာ ရယ်စရာ ဖြစ်တော့မှာပဲ … ကောင်လေး၆ … မင်း အခု အိမ်ပြန်နိုင်ပြီ … ရက်အနည်းငယ်လောက် လာစရာ မလိုဘူး … ထေ့ကျူးပြန်သွားမှ မင်းကို ခေါ်လိုက်မယ် …”

ကောင်လေး၆က ပြုံးလိုက်သည်။ သူက ချက်ချင်း ခေါင်းညိတ် လိုက်ပြီး ဝမ်လင်းကို အားကျသည့် အကြည့်ဖြင့် ကြည့်ကာ ထွက်ခွာ သွား၏။

ညခင်းတွင် ဝမ်လင်း၏အမေက အစားအစာများကို လိုသည်ထက် ပိုမို ချက်ခဲ့သည်။ ဟင်းပွဲအားလုံးက ဝမ်လင်း၏ အကြိုက်များ ဖြစ်၏။ သူတို့က စားသောက် ပြီးနောက် ၅နှစ်အတွင်း ဖြစ်ပျက်ခဲ့သည်များကို အပြန်အလှန် ပြောပြကြသည်။ ဝမ်လင်းသည် ယခင်နှစ်များ ကတည်းက အစားအသောက်များ မစားတော့ချေ။ သို့သော်လည်း သူ့အမေ လက်ရာ၏ ဟင်းနံ့များက သူ့ကို တောင့်ခံနိုင်စွမ်း ကင်းမဲ့စေသည်။

ဝမ်လင်း၏ မိဘများက ဟုန်ယွီတောင်ထိပ် ပေါ်တွင် ကြီးမားသော တောင်ကြီး ပေါ်လာသည့် အကြောင်းကို မေးမြန်းရာ ဝမ်လင်းက အနည်းငယ် တုံ့ဆိုင်းသွားပြီး ဟုန်ယွီဂိုဏ်းက ရွေ့သွားပြီဟု လိမ်ညာ လိုက်ရသည်။ ထို့ကြောင့် သူက မကြာခဏ လာလို့ရတော့မည် မဟုတ်ကြောင်း ကိုလည်း ပြောပြခဲ့သည်။ သူ့မိဘများက ထိုကိစ္စကို ထပ်မမေးဘဲ ဝမ်လင်းကို ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရန်သာ ပြောကြ၏။

လွန်ခဲ့သည့် ၅နှစ် အတွင်းတွင် အများကြီး ပြောင်းလဲ သွား၏။ ဆွေမျိုးများကလည်း မကြာခဏ လာလည်ကြပြီး ဦးလေး၄၏ အကူအညီဖြင့် ဝမ်လင်း၏အဖေက ရသင့်သော အမွေများကိုလည်း ပြန်ရခဲ့သည်။

သူ့အဖေက ကိုယ်တိုင်ပန်းပု မထုတော့သော်လည်း အလုပ်သင် အနည်းငယ်ကို လက်ခံပြီး သူ၏ စီးပွားရေးကို ဆက်လုပ်၏။

ကောင်လေး၆က အလုပ်သင်များထဲတွင် ဉာဏ်အကောင်းဆုံး လူငယ်ဖြစ်ပြီး သူက ဝမ်လင်းအဖေ၏ ပညာများကို ၅၀ သို့မဟုတ် ၆၀ရာခိုင်နှုန်းခန့် တတ်မြောက်နေပြီ ဖြစ်သည်။

ထိုအကြောင်းများကို ဝမ်လင်း၏အဖေက ပြောပြပြီးနောက် ဝမ်လင်းက သူ့အဖေကို ပြုံးပြပြီး ပြောလိုက်သည် … “အဖေ … ကောင်လေး၆ ပန်းပုထုတာ ကောင်းပါတယ် … အဖေ ပြောသလောက်လည်း မဆိုးသေးပါဘူး …”

ဝမ်လင်း၏အဖေက နှာခေါင်းရှုံ့ပြီး ပြောလိုက်သည် … “သူတို့က ညံ့လွန်းတယ် … ငါ မင်းကို သင်ပေးတဲ့ အချိန်တုန်းက မင်း ၈နှစ်ပဲ ရှိသေးတယ် … မင်းလုပ်တာ သူ့ထက် အများကြီး ပိုကောင်းတယ် …”

ထေ့ကျူး၏ အမေက သူမသားကို သေချာ ကြည့်နေပြီး ပြောလိုက်၏ … “ဟုတ်တယ် … ငါတို့ရဲ့ ထေ့ကျူးက သူတို့က အများကြီး ပိုတော်တယ် … ငါ ပြောစရာရှိတယ် … ထေ့ကျူး … မင်းလည်း မငယ်တော့ဘူး … ဒီ၅နှစ်အတွင်းမှာ မိသားစ ုအများကြီးက လက်ထပ်ပွဲအတွက် လာမေးကြတယ် … အမေ ကြားဖူးတာက အင်မော်တယ်တွေမှာ မိသားစုတွေ အများကြီး ထားလို့ရတယ်တဲ့ … ဒါကြောင့် မင်း ပြန်လာတုန်း … အမေနဲ့အတူ သူတို့ကို သွားကြည့်ရအောင် … ကြိုက်တဲ့သူ ရှိမယ်ဆိုရင် ငါတို့လည်း ဒီကိစ္စကို ဆုံးဖြတ်ပေးလို့ ရတာပေါ့ …”

ဝမ်လင်းက မှင်တက်သွားပြီး မဲ့ပြုံးဖြင့် ပြန်ပြောလိုက်သည် … “အမေ … ကျွန်တော့်အသက် ဘယ်လောက်ရှိပြီ ထင်လို့လဲ … ဒီကိစ္စအတွက် မစိုးရိမ်ပါနဲ့ …”

ထေ့ကျူး၏အမေက မပျော်မရွှင် ဖြစ်သွားပြီး ဝမ်လင်းကို ပြောလိုက်သည် … “ကောင်ဆိုးလေး … ရွာထဲမှာ မင်းအရွယ်တွေ အားလုံး ကလေးတွေ ရှိနေပြီ …”

ဝမ်လင်းက နှာခေါင်းကို ပွတ်ပြီး ပြောလိုက်သည် … “အမေ … မိသားစု တစ်ခုကို တည်ဆောက်တယ် ဆိုတာ ကိစ္စကြီးတစ်ခုပဲ … နှစ်အနည်းငယ်လောက် စောင့်ပေးပါဦး … အဲဒီအချိန် ပြန်လာတဲ့အခါဆို ဘယ်လိုလဲ …”

ထေ့ကျူး၏ အဖေက သူ့ဇနီးသည် ထိုအကြောင်း ထပ်ပြောချင် နေသည်ကို တွေ့လိုက်ရသောအခါ ချောင်းဟန့်ပြီး ပြောလိုက်သည် … “မိန်းမရယ် … ဘာလို့ ဒီအကြောင်းကို စိတ်ပူနေရတာလဲ … ငါတို့သားက အင်မော်တယ် တစ်ယောက် ဖြစ်နေပြီ … မင်း အင်မော်တယ်တွေ အကြောင်း နားလည်လား … အင်မော်တယ်တွေက အင်မော်တယ်တွေကိုပဲ လက်ထပ်တယ် … ထေ့ကျူးက အင်မော်တယ် ဇနီးတစ်ယောက်ကို အိမ်ခေါ်လာလိမ့်မယ် … မင်း နားလည်လား …”

ထေ့ကျူး၏အမေက ခဏလောက် ငြိမ်သက်သွားပြီး ရေရွတ်လိုက်သည် … “အင်မော်တယ်တွေက ဘာကောင်းလို့လဲ … အင်မော်တယ်တွေက အိမ်က ထွက်သွားနိုင်ပြီး အိမ်ကို ၅နှစ်လောက် ပြန်မလာဘူး … ငါ့မှာသာ အင်မော်တယ်ချွေးမ ရှိရင် … ငါ့သားက ၁၀နှစ်လောက် ကြာတာတောင် သူမကို အိမ်ခေါ်လာမှာ မဟုတ်ဘူး …”

ဝမ်လင်းက မဲ့ပြုံး ပြုံးလိုက်သည်။ သူက တစ်ခုခု ပြောရန် ပြင်လိုက်စဉ်တွင် သူ့အမေက သူ့ကို ကြည့်ပြီး ပြောလိုက်သည် … “ကောင်းပြီ … မင်းအဖေ စကားအတိုင်း လုပ်ကြမယ် … မင်းရဲ့မျက်လုံးထဲမှာ ရွာထဲက အမျိုးသမီးတွေကို သဘောမကျမှတော့ … မင်း ဘယ်လို မိန်းကလေးမျိုး ခေါ်လာမလဲ အမေ စောင့်ကြည့် လိုက်ဦးမယ် …”

သူ့အမေ ဒေါသ ထွက်နေသည်ကို ဝမ်လင်း မြင်နေရသည်။ သူက ချက်ချင်း ပြောလိုက်သည် … “အမေ … မစိုးရိမ်ပါနဲ့ … အမေ့ရဲ့သားက အိမ်ကို အမေ့အတွက် ချွေးမကောင်းလေး တစ်ယောက် ခေါ်ခဲ့ပါ့မယ် …”

ညစာ စားပြီးနောက် ဝမ်လင်း၏ မိဘများက ဝမ်လင်းကို မဆုံးနိုင်သည့် မေးခွန်းများ မေးခဲ့ကြပြီး ညဉ့်နက်မှ အိပ်ရာ ဝင်သွားကြ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset