ဝမ်လင်း အလွန် စိုးရိမ်နေသည်ကို တွေ့နေရသဖြင့် စစ်ထူနန်က နောက်ထပ် အချိန်ဆွဲ မနေတော့ဘဲ ပြောလိုက်သည် … “ငါ့မှာ စိတ်ဝိညာဉ် အဆီအနှစ် နည်းနည်း ကျန်သေးတော့ မင်းကို တစ်ကြိမ်တော့ တည်နေရာ ပြောင်းရွှေ့ ပေးနိုင်တယ် … တစ်ကြိမ်ပဲနော် … ဘာလို့လဲဆိုတော့ ငါ့ရဲ့စိတ်ဝိညာဉ် အဆီအနှစ်တွေ အများကြီး သုံးလိုက်ရင် မင်း စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် မရောက်ခင် ငါက ပျောက်ကွယ် သွားရလိမ့်မယ် …”
စစ်ထူနန်၏ စကားဆုံးသည်နှင့် ဝမ်လင်းသည် သူ့ကိုယ်ထဲသို့ လေအေးများ ဝင်လာသည်ကို ခံစားလိုက်ရ၏။ ယခင်က အဖြူရောင် အလင်းဖြင့် တည်နေရာ ပြောင်းရွှေ့ခြင်းထက် သည်တစ်ကြိမ်က ပိုပြီး အားကောင်း၏။
လေအေးများက သူ့ကိုယ်ထဲ လှည့်ပတ်ပြီး တစ်ကိုယ်လုံးကို ဖြတ်သွားကာ ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးကို စတင် အေးခဲလာစေပြီး ဝမ်လင်းသည် ကိုယ့်ကိုယ်ကိုယ် ရေခဲရုပ်တု တစ်ခုကဲ့သို့ ခံစားလိုက် ရသည်။ သူ ထိန်းချုပ်ထားသည့် ဆွဲငင်အား နည်းစနစ်ကလည်း ထိန်းချုပ်နိုင်မှု အားနည်း လာ၏။
ဝမ်လင်း၏ ပြောင်းလဲမှုကို ကျိုးဖန်းက သတိပြုမိ လိုက်သည်။ သို့သော်လည်း သူက နောက်သို့ မလှည့်ကြည့်ရဲပေ။ သူက ပိုပြီးတော့တောင် မြန်မြန် ပျံသန်း လိုက်၏။
ဝမ်လင်း၏ ခန္ဓာကိုယ်က လုံးဝ အေးခဲသွားချိန်တွင် စစ်ထူနန်က အော်ပြောလိုက်သည် … “မင်းရဲ့စိတ်ကို တည်ငြိမ်အောင်ထား … ငါ မင်းကို တည်နေရာ ပြောင်းရွှေ့ပေးတော့မယ် …”
ရုတ်တရက် အနက်ရောင် စွမ်းအင်များက ဝမ်လင်း၏ ခန္ဓာကိုယ်ကို လှည့်ပတ်လာပြီး မျက်တောင်တစ်ခတ် အတွင်း၌ပင် သူ့ခန္ဓာကိုယ်က ပျောက်ကွယ် သွား၏။
ကျိုးဖန်းက ဝမ်လင်းကို သူ၏နတ်ဘုရား စိတ်အာရုံဖြင့် ထောက်လှမ်းနေရာ ဝမ်လင်း ရုတ်တရက် ပျောက်ကွယ် သွားသည်ကို သတိပြုမိလိုက်ပြီး မှင်တက်သွား၏။ ဝမ်လင်း ဘာဖြစ်သွားလဲ သူမသိချေ။ သူ ဘာမှ နားမလည်ခင် သူ၏ရှေ့ ၅မီတာခန့် အကွာတွင် အနက်ရောင် အစက်တစ်စက် ပေါ်လာပြီး ထိုအနက်ရောင် အစက်လေးက နောက်ထပ် အနက်ရောင် အစက်များကို ထုတ်ပေးပြီး နောက်ဆုံးတွင် စက်ဝိုင်းကဲ့သို့ အနက်ရောင် အခွေတစ်ခု ဖြစ်ပေါ် လာသည်။
တစ်ချိန်တည်းမှာပင် ထိုထဲမှ ဝမ်လင်း၏ ခန္ဓာကိုယ်ကလည်း ထွက်ပေါ် လာသည်။ သူ့ကိုယ်မှ ရေခဲများက လျင်မြန်စွာ အရည် ပျော်သွားပြီး ပြောလိုက်သည် … “မင်း ထွက်ပြေးလို့ မရတော့ဘူး …”
ကျိုးဖန်းက အလွန် အံ့အားသင့် နေသည်။ သူ့မျက်နှာကလည်း ဖြူရော်သွားပြီး အံကို တင်းတင်းကြိတ် ထားလိုက်သည်။ သူက ပါးစပ်ထဲမှ အစိမ်းရောင် အလင်းများကို ထွေးထုတ်လိုက်၏။ ထိုအစိမ်းရောင် အလင်းများက ကြီးမားလာပြီး ကြီးမားသော စပါးအုံးမြွေကြီး တစ်ကောင် အဖြစ်သို့ ပြောင်းလဲ သွားသည်။ ကျိုးဖန်းက လျှာကို ကိုက်ပြီး သွေးများကို ထွေးထုတ်လိုက်ရာ ထိုသွေးများက ခေါင်းလောင်းပုံစံ ဖြစ်ပေါ်လာ၏။ သူက ခေါင်းလောင်းကို တီးလိုက်ရာ စပါးအုံးမြွေကြီးက ပိုပိုပြီး ကြီးမားလာသည်။ ထို့နောက် မြွေကြီးက အမြီးဖြင့် ဝမ်လင်းကို တအား လွှဲရိုက်လိုက်သည်။
စစ်ထူနန်က ပျင်းရိနေသော အသံဖြင့် ပြောလိုက်သည် … “ကောင်လေး … မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ငါ့ရဲ့စွမ်းအားတွေ နည်းနည်း လောက်တော့ ကျန်နေသေးတယ် … အဲဒါတွေကို မသုံးဘူးဆိုရင် အလကား ဖြစ်သွားလိမ့်မယ် … ငါ မင်းရဲ့ ခန္ဓာကိုယ်ကို ငှားပြီး ငါ့ရဲ့ကျော်ကြားတဲ့ နည်းစနစ်တွေထဲက တစ်ခု မင်းကို ပြမယ် …”
ထိုစကားကို ပြောပြီးသည်နှင့် ဝမ်လင်း၏ကိုယ်မှ အပြာရောင် အလင်းများ ထွက်ပေါ်လာပြီး ဝမ်လင်း၏ရှေ့တွင် အပြာရောင် အလင်းလုံးကြီး တစ်ခု ဖြစ်ပေါ်လာသည်။
အလင်းလုံးကြီး ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ကြီး တစ်ခုလုံး မှောင်ကျသွားပြီး အဖျက် စွမ်းအားများလည်း ပေါ်ထွက် လာသည်။ ပေါက်ကွဲသံကြီးနှင့် အတူ အလင်းလုံးကြီးက ပေါက်ကွဲသွားပြီး စွမ်းအားလှိုင်းများက အရပ် မျက်နှာတိုင်းသို့ ပျံ့နှံ့သွား၏။
လှိုင်းများက စပါးအုံးမြွေကြီး၏ အမြီးကို ထိသွားရာ အမြီးမှစ၍ ခေါင်းအထိ တစ်ကိုယ်လုံး ခဲသွား၏။ စပါးအုံးမြွေကြီးက မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ခဲနေသည့် အစိုင်အခဲ အပိုင်းအစလေးများ အဖြစ် ကွဲကြေ သွားသည်။
စပါးအုံးမြွေကြီးနှင့် ဆက်သွယ်မှု ပြတ်တောက် သွားရသည့်အတွက် ကျိုးဖန်းက သွေးများ အန်ထုတ် လိုက်ရသည်။ သူ အန်ထုတ်လိုက်သော သွေးများက လေထဲ၌ပင် ခဲသွားပြီး ကျိုးဖန်း၏ ခန္ဓာကိုယ်ကလည်း တဖြည်းဖြည်း ခဲလာကာ နောက်ဆုံးတွင် ရေခဲရုပ်တု ဖြစ်သွားလေသည်။
စစ်ထူနန်က ဂုဏ်ယူစွာဖြင့် ပြောလိုက်သည် … “ဒီနားမှာ တခြားသူတွေ မရှိတာ ဝမ်းနည်းစရာပဲ … ဒီနည်းစနစ်က လူအများကြီးရှိရင် ပိုတောင် အစွမ်းထက်ဦးမှာ … ဟေး ကောင်လေး … ဒီဟာက တစ္ဆေလောက ပျံတက်ခြင်း နည်းစနစ်ရဲ့ စွမ်းအားပဲ … ဒီနည်းစနစ်ရဲ့ အအေးဓာတ် စွမ်းအင်က ဘယ်လောက်တောင် ပြင်းထန်လဲ မြင်လား …”
ဝမ်လင်းက သူ့ကို ဘာမှ ပြန်ပြောမနေဘဲ ကျိုးဖန်း၏ ခဲနေသော ခန္ဓာကိုယ်ကို ဆွဲကိုင်ပြီး ဟုန်ယွီတောင်နှင့် ဝေးရာသို့ ပျံသန်း ထွက်ခွာ သွား၏။
ချောင်ကျကျနေရာ တစ်ခုကို ရှာပြီး ကျိုးဖန်း၏ ခန္ဓာကိုယ်ကို ဘေးတွင် ချထားကာ စစ်ထူနန်ကို မေးလိုက်သည် … “ကျိုးဖန်းက သေသွားပြီလား …”
စစ်ထူနန်က ပြန်ဖြေလိုက်သည် … “ဒီကောင်လေး မသေသေးပါဘူး … ဒါပေမဲ့ သေတော့မယ် … မင်း သူ့ကို မြန်မြန် သေစေချင်ရင် ရေခဲကို ခွဲလိုက် … ဒါဆို သူ ချက်ချင်း သေသွား လိမ့်မယ် …”
ဝမ်လင်း၏ မျက်လုံးက အရောင်လက် သွားပြီး ခဏလောက် စဉ်းစားကာ ပြောလိုက်သည် … “အရင်က စီနီယာ ကျွန်တော့်ကို ပြောဖူးတယ် … ရုပ်သေးနည်းစနစ် သင်ပေးမယ်ဆို … အခု သင်ပေးနိုင်မလား …”
စစ်ထူနန်က အားရပါးရ ရယ်မောလိုက်သည်။ သူက ဝမ်လင်းကို ရုပ်သေးနည်း စနစ်က ဘယ်လိုမျိုးလဲ ဆိုတာ ကိုတောင် မပြောပြခဲ့ပေ။ အမှန်တကယ်တွင် ရုပ်သေးနည်း စနစ်က မကောင်းဆိုးဝါး နည်းစနစ်တစ်ခု ဖြစ်၏။ သူ ထင်ထားခဲ့သည်က ဝမ်လင်းတွင် သတ်ဖြတ်ချင်စိတ် မရှိပေ။ သူ၏ စိတ်ဓာတ်နှင့်ဆိုလျှင် အသက်၁၀သက် ရှိလျှင်တောင် ကျင့်ကြံခြင်း လောကတွင် အသက်ရှင်နိုင်ရန် မလုံလောက်သေးပေ။ ထို့ကြောင့် ဝမ်လင်း၏ပုံစံကို ပြောင်းလဲရန် စစ်ထူနန် ကြိုးစားခဲ့သည်။ ယခုအချိန်တွင် သူ၏ ကြိုးစားမှုက တချို့တစ်ဝက် အောင်မြင် သွားပြီဟု ဆိုရပေမည်။
စစ်ထူနန်က ပျော်ရွှင်စွာ ပြောလိုက်သည် … “ဒီရုပ်သေး နည်းစနစ်က မင်းကိုယ်တိုင် လုပ်မှရမယ် … ဘယ်လို လုပ်ရမယ် ဆိုတာ ငါ မင်းကို ပြောပြမယ် … အရင်ဆုံး ချောင်ကျတဲ့ ဂူတစ်ဂူကို ရှာလိုက် …”
ဝမ်လင်းက ကျိုးဖန်းကို ဆွဲသွားပြီး အနီးအနားတွင် ဂူတစ်ဂူလိုက်ရှာပြီး အထဲသို့ ဝင်သွားလိုက်၏။
စစ်ထူနန်က တစ်လုံးချင်း ပြောလိုက်သည် … “ငါ အခု ရေခဲတွင် ဖယ်ပေးလိုက်မယ် … ကျိုးဖန်းက အခုဆိုရင် သေလုနီးပါး ဖြစ်နေပြီ … မင်းက သူ့ခန္ဓာကိုယ်ကို ခွဲ … အတွင်းအင်္ဂါတွေကို ထုတ်ပြီး သန့်စင်ရမယ် …”
ထိုစကားကို ကြားပြီး ဝမ်လင်း မှင်တက်နေသည်။ သူက အနည်းငယ် တုံ့ဆိုင်းသွားပြီး မေးလိုက်သည် … “အတွင်းအင်္ဂါတွေကို ထုတ်ပြီး သန့်စင်ရမယ် ဟုတ်လား … ဒါက …”
စစ်ထူနန်က ဝမ်လင်း မသိအောင် ရယ်မောပြီး ပြန်ဖြေ ပေးလိုက်သည် … “ဒါက ရုပ်သေးလုပ်ဖို့ အတွက် လုပ်ကိုလုပ်ရမဲ့ အလုပ်တစ်ခုပဲ … မင်း မလုပ်နိုင်ရင် ငါကလည်း မင်းကို ကူညီနိုင်မှာ မဟုတ်ဘူး …” စိတ်ထဲမှလည်း တွေးလိုက်သည် … ‘ကောင်လေး … မင်းက သွေးကို မမြင်ဖူးဘူး … ဒါကြောင့် မင်းက သွေးဆာတဲ့ ကျင့်ကြံသူတစ်ယောက် ဘယ်လိုလုပ် ဖြစ်လာမှာလဲ … ဒီရုပ်သေး နည်းစနစ်က အရမ်းကြီး မရှုပ်ထွေးဘူး … ဒါပေမဲ့ မင်းရဲ့မျက်လုံးတွေကို ဖွင့်ပေးဖို့ အခွင့်အရေးကြီး တစ်ရပ်ပဲ … မင်းက ကျိန်းသေ ငါ့ရဲ့နတ်ဆိုးဂိုဏ်း အဖွဲ့ဝင်တစ်ယောက် ဖြစ်လာရမယ် … ဒီအဖြစ်ကနေ မင်း ရှောင်ပြေးလို့ မရနိုင်ဘူး …’
ထိုသို့ တွေးပြီးသည်နှင့် စစ်ထူနန်က လျင်မြန်စွာ အော်ပြောလိုက်သည် … “ငါ ရေခဲတွေကို ဖယ်လိုက်တော့မယ် … မင်း နာရီဝက်ပဲ အချိန်ရမယ် … ဒါကြောင့် အချိန်ကို မဖြုန်းတီးပစ်ပါနဲ့ … မင်းမိဘတွေ အတွက် ဘယ်လို အစီအစဉ် လုပ်ပေးမယ် ဆိုတဲ့အကြောင်းပဲ စဉ်းစား …”
စကားဆုံးသည်နှင့် တစ်ပြိုင်နက် ကျိုးဖန်း၏ကိုယ်မှ ရေခဲများက စတင် အရည်ပျော်လာပြီး အပြာရောင် အလင်းအဖြစ်သို့ ပြောင်းလဲသွာကာ ကောင်းကင်ဘုံ ဆန့်ကျင့်သော ပုတီးစေ့အတွင်းသို့ ဝင်ရောက် သွား၏။
ဝမ်လင်းက အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် စိတ်ထဲတွင် ‘ဒီပြဿနာကို အခု မရှင်းနိုင်ရင် နောင်အနာဂတ်မှာ ဒီပြဿနာက ဒီထက်ကြီးပြီး ဒီထက်များတဲ့ ပြဿနာတွေကို ယူလာနိုင်တယ် …’ ဝမ်လင်းက အံကြိတ်လိုက်ပြီး ကျိုးဖန်း၏ ကိုယ်ပေါ်သို့ လက်ကို ဝှေ့ယမ်းကာ ခန္ဓာကိုယ်ကို ခွဲလိုက်သည်။ ထူးဆန်းသည်က သွေးလုံးဝ ထွက်မလာချေ။
ပျို့အန်ချင်သည့် သူ့စိတ်ကို ဖိနှိပ်ပြီး စစ်ထူနန် ပြောကြားချက် အတိုင်း နောက်မှ လိုက်လုပ်လိုက်၏။ မတူညီသည့် လက်သင်္ကေတ များစွာကို ပုံဖော်ပြီး သူ၏ လုပ်ဆောင်ချက်များ အပေါ် နတ်ဘုရား စိတ်အာရုံဖြင့် အာရုံ စိုက်ထားလိုက်သည်။ နာရီဝက်က ဝမ်လင်းအတွက် တစ်နှစ်လောက် ကြာသွားသလိုပင်။ အားလုံး ပြီးသွားသည့် အချိန်တွင် စစ်ထူနန်က ဂုဏ်ယူ ဝင့်ကြွားစွာ ပြောလိုက်သည်။ ဝမ်လင်းကတော့ ချက်ချင်း ဂူအပြင်ကို ပြေးထွက်ပြီး အန်နေတော့၏။
စစ်ထူနန်က ရယ်မောလိုက်သည် … “ကောင်းတယ် … ပထမ အဆင့်ကတော့ ပြီးသွားပြီ … အခုလုပ်ရမဲ့ ဒုတိယအဆင့်က ပိုအရေးကြီးတယ် … မင်းက သူ့ရဲ့ခန္ဓာကိုယ်ကို မင်းရဲ့နတ်ဘုရား စိတ်အာရုံနဲ့ ဝန်းရံပေးပြီး ၃ရက်နဲ့၃ည သန့်စင်ပေးရမယ် … ဒါပြီးရင်တော့ ရုပ်သေးလုပ်တာ ပြီးသွားပြီ … ဒီ၃ရက်အတွင်းမှာ မင်းက တချို့ နည်းစနစ်လေးတွေ ကိုလည်း အသုံးပြုရမယ် … ငါ တစ်ခုချင်း ရှင်းပြမယ် … သေချာနားထောင် … “
ဝမ်လင်း၏မျက်နှာက ဖြူရော်နေပြီး ခါးသက်စွာဖြင့် ခေါင်းညိတ်လိုက်၏။ သူက လေကို တစ်ဝကြီး ရှူသွင်းပြီး ဂူထဲသို့ ပြန်ဝင်လိုက်သည်။
***