Switch Mode

အပိုင်း (၆၇)

အဘွားအိုဝမ်က ခေါင်းညိတ်ပြီး ပြောလိုက်သည် … “ဝမ်လင်း … မင်းမှာ မေးစရာ မေးခွန်းရှိရင် ဘယ်အချိန်မဆို ငါတို့ဆီလာပြီး မေးနိုင်တယ် …”

ဝမ်လင်းက ခဏလောက် စဉ်းစားပြီး ပြန်ပြောလိုက်သည် … “ဘိုးဘေးဆီက တပည့် ခွင့်တောင်းစရာ ကိစ္စတစ်ခု ရှိပါတယ် …”

အဘွားအိုဝမ်က မျက်မှောင်ကြုတ် သွား၏။

“ဘာလဲ …”

ဝမ်လင်းက ပြန်ဖြေလိုက်သည် … “တပည့် အပြင်ကို တစ်ခေါက်လောက် ထွက်ချင်ပါတယ် …”

အဘွားအိုဝမ်က အလျင်အမြန်ပင် ငြင်းဆန် လိုက်သည် … “မင်း အရင်ဆုံး ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကို အရင်ရောက်အောင် ကျင့်ကြံရမယ် … မင်း အပြင်ထွက်လို့ မရဘူး …”

“တစ်ခုခုလုပ်ဖို့ တပည့် အပြင်ကို ထွက်မှ ရပါမယ် … လုပ်ပြီးရင်တော့ ကျင့်ကြံခြင်းမှာပဲ အာရုံစိုက်ပါ့မယ် …”

အဘွားအိုဝမ်က ဝမ်လင်းကို စူးစူးရဲရဲ စိုက်ကြည့်ပြီး တစ်ခုခုပြောရန် ပြင်လိုက်စဉ်တွင် လျိုဝမ်ကျူးက သူမကို ဆွဲလိုက်ပြီး နွေးထွေးစွာ ပြောလိုက်သည် … “မင်းရဲ့ ဘိုးဘေးဝမ်က အပြင်မှာ မင်းအတွက် စိုးရိမ်လို့ပါ … အပြင်ကို ဘာလို့ ထွက်ချင်တာလဲ ပြောပြနိုင်မလား …”

ဝမ်လင်းက ရိုးရိုးသားသားပင် ပြန်ဖြေလိုက်၏ … “တပည့်ရဲ့ မိဘတွေကို မမြင်ရတာ နှစ်တော်တော် ကြာပြီ … ပြီးတော့ ဒီတံခါးပိတ် ကျင့်ကြံမှုက နှစ်တွေ အရမ်းကြာလိမ့်မယ် … ဒါကြောင့် အိမ်ပြန်ပြီး မိဘတွေကို သွားတွေ့ချင်တယ် …”

လျိုဝမ်ကျူးက အနည်းငယ် စဉ်းစားလိုက်ပြီး အဘွားအိုဝမ်နှင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် သူက ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်ပြီး ပြောလိုက်သည် … “ကောင်းပြီ … မြန်မြန်သွားပြီး မြန်မြန် ပြန်လာခဲ့ … ဒီကျောက်စိမ်းပြားက အမြုတေ ဖွဲ့တည်ခြင်း အဆင့်ကျင့်ကြံသူရဲ့ အင်အားပြည့် တိုက်ချက်တစ်ခုကို ခုခံပေးနိုင်စွမ်း ရှိတယ် … ဒါကို မင်း အသက် အန္တရာယ် ကျရောက်မှသာ အသုံးပြုပါ …”

ဝမ်လင်း အံ့ဩသွား၏။ ချက်ချင်း ကျောက်စိမ်းပြားကို လက်ခံလိုက်ပြီး သိုလှောင်အိတ်ထဲ သိမ်းဆည်း ထားလိုက်သည်။ သူ့တွင်ရှိသည့် ရတနာများက အရည်အတွက် အားဖြင့် အလွန် နည်းပါးလှ၏။ ကျန်းဟူပေးခဲ့သည့် အဆောင်နှင့် အခု လျိုဝမ်ကျူးပေးသည့် ကျောက်စိမ်းပြားသာ ရှိသည်။

“ဒါကတော့ ဒီမှာရှိတဲ့ ဝင်္ကပါ အစီအရီကို ဖွင့်တဲ့နည်းစနစ်ပဲ … ကောင်းကောင်း မှတ်သားထားပါ …” လျိုဝမ်ကျူးက နောက်ထပ် ကျောက်စိမ်းပြား တစ်ခုကို ထုတ်ပေးလိုက်၏။ ထို့နောက် တံခါးပိတ် လေ့ကျင့်ရန် အဘွားအိုဝမ်နှင့်အတူ အခန်းတစ်ခု အတွင်းသို့ ဝင်သွား၏။

ဝမ်လင်းလည်း အားလုံးကို နှုတ်ဆက်စကား ဆိုပြီးနောက် ဝင်္ကပါ အစီအရင်ကို ဖွင့်သည့် နည်းစနစ်ကို အသုံးပြုပြီး ဂူထဲမှ ခုန်ထွက် လိုက်သည်။

ဂူထဲမှ ခုန်ထွက်ပြီးသည်နှင့် တစ်ဆက်တည်း လေထဲသို့ ထပ်ခုန်လိုက်ပြီး ဆွဲငင်အား နည်းစနစ်ကို သုံးကာ လေပေါ်သို့ ပျံတက်သွား၏။

စစ်ထူနန်က ဝမ်လင်းကို ပြောလိုက်သည် … “မင်း နောက်ဆုံးတော့ ထွက်လာနိုင်ပြီပဲ … မင်းမှာ အစီအစဉ်တွေ ရှိလား …”

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီး ပြန်ဖြေလိုက်၏ … “နောက်ဆိုရင် ငါ ကြိုက်တဲ့အချိန် ပြန်လို့ရမှာ မဟုတ်တော့ဘူး … အိမ်က ကိစ္စတွေ စီစဉ်ပြီးရင်တော့ ငါ့မှာ အစီအစဉ် ရှိပါတယ် …”

စစ်ထူနန်က ပြောလိုက်သည် … “ငါ ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် ကောင်းကင်ဘုံ ဆန့်ကျင့်သော ပုတီးစေ့ကို မင်း သစ်သားဒြပ်စင် ပြည့်အောင် ဖြည့်လိုက်တာနဲ့ သူ့ရဲ့ အချိန်စွမ်းရည်ကလည်း တိုးတက် လာလိမ့်မယ် … အခု ၁၀ဆသာတယ် … သစ်သားဒြပ်စင် ဖြည့်ပြီးရင် အဆ ၁၀၀လောက် သာကောင်း သာသွားလိမ့်မယ် … ဒါဆို မင်းရဲ့ကျင့်ကြံခြင်း ကလည်း အများကြီး တိုးတက်လာမှာပဲ …”

စကား ပြောရင်းဖြင့် ဝမ်လင်းက လျင်မြန်စွာ ပျံသန်း လာခဲ့သည်။

တစ်ရက် ကုန်လွန်ပြီးနောက် ဟုန်ယွီဂိုဏ်း၏ တောင်ဘက် နယ်နိမိတ်ထဲသို့ ဝင်ရောက်လာသည်။ သူက လူအများကို ဆွဲဆောင်နိုင်မှာ စိုးရိမ်သည့်အတွက် အရှိန်ကို အများကြီး လျော့ချလိုက်၏။ ဒုတိယမြောက်နေ့တွင် သူ့ရွာသို့ ရောက်လာသည်။

ရွာကို အဝေးမှ လှမ်းကြည့်ရာ ယခင်အတိုင်း ပြောလဲမှု မရှိပေ။ သူ့အိမ်ဘေးတွင်လည်း အများကြီး ပြောင်းလဲမှု မရှိသေးချေ။

မနက်ခင်းတွင် လူတိုင်း အိပ်ရာထကာ မနက်စာချက်ရာမှ ထွက်လာသော မီးခိုးငွေ့များက ရွာထဲ၌ လွင့်မျော နေ၏။

ဝမ်လင်းသည် ရွာဝင်ဝတွင် ရပ်ပြီး သူ၏အိမ်ကို လှမ်းကြည့် နေသည်။ အချိန်က ၅နှစ်ကုန်သွားပြီ ဆိုသော်လည်း သူ့စိတ်ထဲတွင် သူ့မိဘများ၏ မျှော်လင့်ချက် အကြည့်များကို မှတ်မိနေဆဲပင် ဖြစ်၏။

သူက ရွာဝင်ဝတွင် ရပ်နေသော်လည်း အိမ်ထဲသို့ မဝင်ခဲ့ပေ။ သူက ရွာကို လှည့်ပတ် ကြည့်လိုက်ရာ သူ့ကိုယ်ကို ကောင်းကောင်း ကွယ်ထားနိုင်ပြီး ထိုင်၍ ကျင့်စဉ် ကျင့်လို့လည်း ရသည့် သစ်ပင်တစ်ပင်ကို တွေ့လိုက်ရသည်။

ရွှမ်တောက်ဂိုဏ်းမှ တပည့်များက သူ့ကို လက်စားချေရန် အတွက် သူ့မိဘများကို သတ်ပစ်ရန် လာ၊မလာကို သူလည်း မသေချာပေ။ ထို့ကြောင့် သည်ကိစ္စကို မဖြေရှင်းရသေးခင် အိမ်ထဲကို မသွားချင်သေးပေ။ သူ့မိဘများ စိတ်ပူမည်ကို မလိုလားချေ။

အချိန်များက တဖြည်းဖြည်း ကုန်ဆုံးလာသည်။ ဝမ်လင်း ရွာအပြင်ဘက်တွင် နေထိုင်သည်မှာ တစ်လပြည့်ခဲလေပြီ။

ကုန်ဆုံးခဲ့သည့် တစ်လလုံး ဝမ်လင်းက အချိန်တိုင်း နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်ထားခဲ့၏။

တစ်ရက်တွင် ဝမ်လင်း၏မျက်လုံး ပွင့်လာပြီး ပြောလိုက်သည် … “သူတို့လာပြီပေါ့ …”

ဓားအလင်းနှစ်ခုက ရွာဆီသို့ လျင်မြန်စွာ ပျံသန်း လာနေသည်။ သူတို့မြေပေါ်သို့ ဆင်းလိုက်သည်နှင့် သူတို့၏ရုပ်သွင်များ ပေါ်လာ၏။ တစ်ယောက်က တစ်ကိုယ်လုံးကို ဖုံးအုပ်ထားသည့် အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဘယ်သူလဲ မသိနိုင်ပေ။ သို့သော်လည်း သူ့ကိုယ်မှ အော်ဂလီဆန်စရာ ကောင်းသည့် အပုပ်နံ့များက ထွက်နေ၏။

အနက်ရောင် ဝတ်ရုံနှင့်လူထံမှ အလွန် မုန်းတီးမှုများ ပြည့်နေသော အသံတစ်ခု ထွက်ပေါ်လာသည် … “ကျန်းခွမ်း … ဝမ်လင်းရဲ့ မိဘတွေက ဒီမှာနေတာလား …”

အနက်ရောင် ဝတ်ရုံနှင့် လူ၏ဘေးတွင် အလွန် ကြည့်ကောင်းသော လူငယ်တစ်ဦး ရှိနေသည်။ ထိုလူငယ်က တိုးတိုးလေး ပြောလိုက်သည် … “စီနီယာအစ်ကို … ဝမ်ကျောက်က တကယ်ကို စက်ဆုပ်ဖွယ် ကောင်းတဲ့ကောင်ပဲ … ငါ ထင်တာက … သူ ဝမ်လင်းကို မကျေနပ်ကြောင်းတွေ အများကြီး ပြောပြီး ဝမ်လင်းမိဘတွေ ရှိမဲ့နေရာကို ပြောလိမ့်မယ် ထင်ထားက သူက စကား တစ်ခွန်းတောင် မဟခဲ့ဘူး … ဒါပေမဲ့ ကျွန်တော်က ဉာဏ်ကောင်းတဲ့ ကောင်ပါ … ကျောင်းသားဝင်ခွင့် ဌာနကို သွားပြီး စစ်ဆေး လိုက်တာနဲ့ ဝမ်လင်းက ဒီရွာမှာ နေတာကို တွေ့လိုက်ရတယ် … ဒါပေမဲ့ ဘယ်အိမ်မှန်းတော့ မသိဘူး …”

ထိုသို့ ပြောပြီးသည်နှင့် သူ့စိတ်ထဲတွင်လည်း တွေးလိုက်သည် … ‘ဝမ်လင်း … အရင်က ငါတို့က တစ်ဂိုဏ်းတည်းပဲ … ဒါကြောင့် မင်းကို စိတ်ပူနေရသေးတယ် … ဒါပေမဲ့ အခု ငါက ရွှမ်တောက်ဂိုဏ်းက တပည့်တစ်ယောက် ဖြစ်နေပြီ … ဘာကိစ္စပဲရှိရှိ ငါက မင်းပိုင်ဆိုင်တဲ့ ရတနာကို လုယူရလိမ့်မယ် …’

တစ်ကိုယ်လုံး အနက်ရောင် ဝတ်ရုံကြီး လွှမ်းခြုံ ထားသည့်လူက ရွှမ်တောက်ဂိုဏ်း ခေါင်းဆောင်၏ တပည့်ကျိုးဖန်း ဖြစ်၏။ ဝမ်လင်းအပေါ် ရှိသည့် သူ၏ အမုန်းတရားက အမြင့်ဆုံးသို့ ရောက်ရှိနေ၏။ သူ၏ ဂုဏ်သတင်းက ဝမ်လင်းကြောင့် ပျက်စီး သွားရသဖြင့် ဝမ်လင်းကို သွေးစိမ်းရှင်ရှင် ထွက်အောင် ရိုက်နှက်ချင်နေပြီး ဝမ်လင်း၏ လည်ချောင်းသွေးကို သောက်ရဖို့ ဆုတောင်း နေလေသည်။ ထို့အပြင် သူ့ကိုယ်ပေါ်မှ အပုပ်နံ့က ဖျောက်ဖျက် မရနိုင်သည့်အတွက် တခြားသူများက သူ့ကို မမြင်နိုင်စေရန် အတွက် အနက်ရောင် ဝတ်ရုံကြီး လွှမ်းခြုံ ထားရ၏။ သည်အရာ အားလုံးက ဝမ်လင်းကြောင့်ပင် ဖြစ်လာရသည်။

အနက်ရောင် အညစ်အကြေးများက အဝတ်ဖြင့် ဖုံးလွှမ်း၍ ရသော်လည်း အနံ့ကတော့ ရှိနေဆဲပင် ဖြစ်သည်။ တခြားသူများ မဆိုထားနှင့် ထိုအနံ့ကို သူ့ကိုယ်သူ ပြန်ရှူမိတိုင်း ပျို့အန်ချင်သလိုပင် ခံစားရ၏။

သူက အေးစက်စွာ ပြောလိုက်သည် … “ကျန်းခွမ်း … မင်းပြောတာ ဝမ်လင်းက အသုံးမကျတဲ့ကောင် အဖြစ်ကနေ ပါရမီရှင် တစ်ယောက်လို အစွမ်းထက်လာတာ အဲဒီအရည်ကြောင့်လို့ ပြောခဲ့တယ်နော် …”

ကျန်းခွမ်း သည်လည်း အနံ့ကို တောင့်ခံ နေရသည်။ အဘယ်ကြောင့် ဆိုသော် ကျိုးဖန်းနှင့်သူက အလွန် နီးကပ်နေသဖြင့် အနံ့ကို ရှူမိပြီး အစာအိမ်ထဲမှ အစာများ အန်ထွက်ချင် သလိုပင် ခံစားနေရ၏။ သို့သော်လည်း ကျိုးဖန်းရှေ့တွင် ထိုကဲ့သို့သော အမူအရာ အနည်းငယ်မျှပင် မပြရဲချေ။ သူက ချက်ချင်း ပြန်ဖြေလိုက်သည် … “စီနီယာအစ်ကို … ငါက ဘယ်လိုလုပ် စီနီယာ အစ်ကိုကို အရူးလုပ်ရဲပါ့မလဲ … အဲဒီအရည်ကိုလည်း စီနီယာအစ်ကိုကို ပြထားပြီးပြီပဲ … အဲဒီအရည်က ဝမ်လင်း ငါ့ဆီက ချီစုစည်းခြင်း အဆင့် လင်္ကာတွေအတွက် လဲသွားခဲ့တဲ့ အရည်တွေပဲ … ငါ သစ္စာဆိုပြမယ် … ငါသာ စီနီယာအစ်ကိုကို လိမ်ညာခဲ့ပါက ဘယ်တော့မှ ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကို မရောက်ပါစေနဲ့ …”

ကျိုးဖန်းက ခေါင်းမှအစွပ်ကို ဖယ်ရှားလိုက်ပြီး ပြောသည် … “ကောင်းတယ် … ကျန်းခွမ်း … မင်း ပြောတာတွေသာ အမှန်ဖြစ်မယ်ဆိုရင် အနာဂတ်မှာ ငါ့အနားရှိနေတဲ့ ကာလတစ်လျှောက်လုံး မင်းကို ဘယ်သူမှ လာမရှုပ်ရဲစေရဘူး …”

ကျန်းခွမ်းက စိတ်လှုပ်ရှားသည့် အမူအရာဖြင့် ခေါင်းကို ငုံ့လိုက်သည်။ သို့သော် သူ့စိတ်ထဲတွင် တွေးနေသည်က … ‘ဟမ့် … ငါ … ကျန်းခွမ်းက တစ်ယောက်ယောက်ရဲ့ နောက်က အရိပ်ဖို့လိုက်ဖို့ လိုတဲ့လူ တစ်ယောက် မဟုတ်ဘူး … ငါက ရွှမ်တောက်ဂိုဏ်းကို ခြေကုပ်ယူ နေတာပဲ ရှိတယ် … နှစ်ဒါဇင် အနည်းငယ် အတွင်းမှာ ငါက ခန္ဓာကိုယ်သန့်စင် အဆင့်ကို ရောက်လိမ့်မယ် …’

ကျန်းခွမ်းက ခေါင်းငုံ့သွားသည့် အချိန်တွင်လည်း ကျိုးဖန်း၏ မျက်နှာတွင် လှောင်ပြောင်သည့် အမူအရာများ ပေါ်လာ၏။ ကျိုးဖန်းက မေးလိုက်သည် … “အဲဒီ အရည်အကြောင်းကို တခြား တစ်ယောက်ယောက်ကို ပြောပြ ထားသေးလား …”

***

Comment

Leave a Reply

Options

not work with dark mode
Reset