လုဝမ်ကျူးက ထရပ်ပြီး ကျောက်စိမ်းပြား တစ်ပြားတစ်ခုကို ထုတ်ယူပြီး လေထဲသို့ ပစ်လိုက်ကာ လက်ဖြင့် အစီအရင်များစွာကို ပုံဖော်လိုက်သည်။ သူ၏ အမြုတေ ဖွဲ့စည်းခြင်း အဆင့်စွမ်းအင်များကို ပါးစပ်အပြည့် ထွေးထုတ်လိုက်၏။ ကျောက်စိမ်းပြားကလည်း လေထဲတွင် စတင်လည်လာသည်။
အဘွားအိုဝမ်ကလည်း ကျောက်စိမ်းပြားတစ်ခုကို လေထဲသို့ မြှောက်ပစ်လိုက်သည်။ ကျောက်စိမ်းပြားက ပထမ ကျောက်စိမ်းပြားနှင့် ရောသွားပြီ ဆက်လက် လည်ပတ်ကာ သက်တံရောင် အလင်းများ ထွက်ပေါ်လာသည်။ သက်တံရောင် အလင်းတန်းများက ၁၀မီတာ ပတ်လည်အတွင်းကို ဖုံးအုပ်သွားကာ အလင်းပြား မျက်နှာပြင် တစ်ခု ဖြစ်ပေါ်လာသည်။
လျိုဝမ်ကျူးက ဝမ်လင်းတို့ အုပ်စုကို ကြည့်ပြီး ပြောလိုက်သည်…
“မင်းတို့၄ယောက်မှာ ဝမ်လင်းကလွဲလို့ ကျန်တဲ့ ၃ယောက်က တခြားတပည့်တွေကို ဂရုစိုက်ပေး… စွမ်းအင်လှိုင်းတွေကို ပြင်းထန်တယ်… ပြုတ်မကျစေနဲ့… ဟွမ်လုံနဲ့ မင်းတို့ ၃ယောက်က တစ်ယောက်ကို တပည့်၂ယောက်စီ တာဝန်ယူပါ… ရှန်ကွမ်း … မင်းတို့ နှစ်ယောက်နဲ့ ဝမ်လင်းက ဘေးဘက်တွေမှာ ဘက်ညီအောင် လုပ်ဖို့ တာဝန်ယူပါ…”
ပြောပြီးသည်နှင့် သူက အလင်းပြား မျက်နှာပြင်ပေါ် ခြေလှမ်း လှမ်းလိုက်၏။ သူ့နောက်မှ အဘွားအိုက လိုက်တက်သည်။
တခြား သူများကလည်း လျိုဝမ်ကျူးနောက်၏ အမိန့်အတိုင်း လုပ်ဆောင်ကြသည်။ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်နှစ်ယောက်နှင့် ဝမ်လင်းက အလင်းပြား မျက်နှာပြင် တြိဂံပုံစံ ထောင့်၃ထောင့်တွင် ရပ်လိုက်ကြသည်။
လျိုဝမ်ကျူးက လေကို ပြင်းပြင်းရှူလိုက်ပြီး သူ့လိုက်က အစီအရင်တစ်ခုကို ပုံဖော်ကာ အော်လိုက်သည်…
“မြင့်တက်စမ်း… ”
ပတ်ဝန်းကျင်က စတင် တုန်ခါလာသည်။ အလင်းပြားကလည်း စတင် မြင့်တက်လာပြီး အဝေးသို့ အလွန် လျင်မြန်စွာ ပျံသန်းသွား၏။
အမြန်နှုန်းက ဓားပျံစီးတာထက် အဆပေါင်းများစွာ ပိုမို မြန်ဆန်သည်။ စပြီး ပျံသန်းသည်နှင့် ပင်မတပည့်များသည် တောင့်မခံနိုင်ကြချေ။ သူတို့ကို တစ်ယောက်ယောက်ကသာ ကူညီမပေးထားဘူး ဆိုလျှင် အစောကတည်းက ပြုတ်ကျပြီး ဖြစ်နေလိမ့်မည်။
ပင်မတပည့် အားလုံးဆီသို့ ရောက်လာသော ဖိအားများက ထူးဆန်းသော နည်းလမ်းဖြင့် ရှန့်ကွမ်း၊ ဆောင်ယုနှင့် ဝမ်လင်းတို့ဆီသို့ ရောက်သွား၏။
ဝမ်လင်းက သူ့ခန္ဓာကိုယ်ကို အလွန်ကြီးမားသော အားတစ်ခုက တွန်းထားသကဲ့သို့ ခံစားနေရသည်။ သူက ပြုတ်ကျလုနီးပါ ဖြစ်နေသော်လည်း ဆွဲငင်အား နည်းစနစ်ဖြင့် သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းထားရ၏။ နည်းနည်းလောက် သူ့ကိုယ်က တုန်သွားလျှင်တောင်မှ ပြုတ်ကျသွားပြီးလား ဟုတောင် ထင်မှတ်ရသည်။
ဝမ်လင်းက ရှန့်ကွမ်းနှင့် ဆောင်ယုကို ကြည့်လိုက်ရာ သူတို့က သက်သောင့်သက်သာ ဖြစ်နေသည်။ သူတို့ကို ကြည့်ရတာ နည်းနည်းမျှပင် အားစိုက်ထားသည့်ပုံ မပေါ်ချေ။ ဝမ်လင်းက တိတ်တဆိတ် သက်ပြင်းချပြီး တွေးလိုက်သည်…
‘ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် ဆိုတဲ့အတိုင်း တစ်ကယ် အစွမ်းထက်တာပဲ… ငါ ယှဉ်လို့ မရသေးဘူး…”
စစ်ထူနန်က အရေးမထား သကဲ့သို့ ပြောလိုက်သည်…
“ဒါက ထူးခြားတာမှ မဟုတ်တာ… ရိုးရှင်းတဲ့ လေခရီးသွား နည်းစနစ်တစ်ခုပဲ… ငါသာ လေခရီးသွား နည်းစနစ်ကို သုံးလိုက်ရင် လူတစ်သောင်း လောက်လည်း အေးအေးဆေးဆေး သယ်နိုင်တယ်… မျှခြေ ဖြစ်အောင်လည်း ထိန်းပေးစရာ လူမလိုဘူး…”
ဝမ်လင်းသည် ငိုရမလား၊ ရယ်ရမလားပင် မသိတော့ချေ။
“အချိန်တိုင်း စီနီယာနဲ့ နှိုင်းယှဉ်နိုင်စရာ မလိုပါဘူး … စီနီယာ အစွမ်းထက်မှန်း ကျွန်တော် သိပါတယ်…”
စစ်ထူနန်က နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်…
“ငါ ခန္ဓာကိုယ် ရှိစဉ်တုန်းက ဆိုရင် မင်းလို ဂျူနီယာ တစ်ယောက်နဲ့ ကပ်ပြီး စိတ်အနှောင့်အယှက် အဖြစ်ခံမှာတောင် မဟုတ်ဘူး… ငါ ပြောတဲ့စကား မင်းတစ်ယောက်ပဲ ကြားလို့ မင်းနဲ့ပြောနေတာ… မဟုတ်ရင် မင်းနဲ့ စကားတောင် ပြောမှာ မဟုတ်ဘူး…”
အချိန် အနည်းငယ် ကြာပြီးနောက် အလင်းပြားက တဖြည်းဖြည်း မြန်လာသည်။ ဝမ်လင်းလည်း သူ့ကိုယ်သူ ထိန်းထားနိုင်ရုံသာ ရှိတော့၏။ ထိုအချိန်တွင် ရုတ်တရက် သူတို့ရှေ့တွင် အနက်ရောင် တိမ်တိုက်တစ်ခု ပေါ်လာသည်။
အနက်ရောင် တိမ်တိုက်ထဲတွင် အလင်းရောင်များ ရှိနေပြီး အမြန်နှုန်းကလည်း အလွန်မြန်လှသည်။ သူတို့သာ ဒီအတိုင်း ဆက်သွားပါက အနက်ရောင် တိမ်တိုက်နှင့် တိုက်မိပေတော့မည်။ လျိုဝမ်ကျူးက မျက်နှာ ပျက်သွားပြီး ပြောလိုက်သည်…
“ရှန့်ကွမ်း… ဆောင်ယု… ဝမ်လင်း… မင်းတို့၃ယောက် မင်းတို့ကိုယ်မင်းတို့ ပြုတ်မကျအောင် သေချာထိန်းထား… ”
ပြောပြီးသည်နှင့် တစ်ပြိုင်နက် သူက အသက်ပြင်းပြင်း ရှူလိုက်ပြီး အစီအရင် တစ်ခုကို ပုံဖော်လိုက်သည်။ အလင်းပြားက ခတ္တ ရပ်သွားပြီး အလွန်မြန်သော နှုန်းဖြင့် အနက်ရောင် တိမ်တိုက်ကို စက်ဝိုင်းခြမ်းသဏ္ဌာန် ကွေ့ပတ်ပြီး ဆက်သွား၏။
ရုတ်တရက် ရပ်ပြီး စက်ဝိုင်းခြမ်း သဏ္ဌာန် ဆက်ပြီးသွားခြင်းက အလင်းပြားပေါ်ရှိ လူအားလုံးအပေါ် အလွန် ပြင်းထန်သော ဖိအားတစ်ခု သက်ရောက်စေသည်။ လူတိုင်းလည်း ပြုတ်ကျလု နီးပါး ဖြစ်သွား၏။ ပင်မတပည့် တချို့ ဆိုလျှင် လေထဲသို့ပင် မြောက်သွားပြီး တစ်ယောက်က ဝမ်လင်းထဲသို့ လွှင့်သွားသည်။
ဝမ်လင်းသည် အစောကတည်းက ကိုယ့်ကိုယ်ကိုယ် ထိန်းထားနိုင်ရုံသာ ရှိ၏။ ရုတ်တရက် ရပ်ပြီး ဆက်သွားခြင်းက သူ့ကိုယ်ကို လှုပ်ရှားစေပြီး နောက်သို့ ဆုတ်သွားစေသည်။
ထိုအချိန်တွင် ရုတ်တရက် ထူးဆန်းသော ပုတီးစေ့လေးမှ အေးစက်နေသော စွမ်းအင်တစ်ခုက သူ့ကိုယ်ထဲသို့ ဝင်ရောက်လာသည်။ ထိုစွမ်းအင်က သူ့ကိုယ်ထဲတွင် လှည့်ပတ်သွားပြီး သူ့ကိုယ်သူ အလင်းပြားပေါ်တွင် တည်ငြိမ် သွားအောင် ထိန်းထားပေးနိုင်စေရန် ကူညီပေးလိုက်၏။
ပင်မတပည့်က သူ့ဆီသို့ လွင့်ပျံလာသည့် အခိုက်အတန့်တွင် ဝမ်လင်းက ထိုတပည့်၏ မျက်ဝန်းထဲမှာ ကြောက်ရွံ့နေသော အကြည့်ကို မြင်လိုက်ရသည်။ ဝမ်လင်းက ထိုတပည့်၏လက်ကို ဆွဲဖမ်းလိုက်ပြီး တစ်ပတ်လှည့်ကာ အလင်းပြား အလယ်သို့ ပြန်ပစ်ထည့် လိုက်၏။
ပစ်ထည့်ပေးပြီးနောက် ဝမ်လင်းက လေကို တဝကြီး ရှိုက်လိုက်သည်။ အေးစက်နေသော စွမ်းအင်သည် စစ်ထူနန်ထံမှ လာသည်ကို ဝမ်လင်း သိသည်။ သူက စစ်ထူနန်ကို ကျေးဇူးတင် စကား ပြောမည် အလုပ်တွင် အနက်ရောင် တိမ်တိုက်ထဲမှ အသံတစ်ခုကို ကြားလိုက်ရသည်။
“ဟုန်ယွီဂိုဏ်းက ကျင့်ကြံသူများ… ငါ့ရဲ့ ရွှမ်တောက်ဂိုဏ်းရဲ့ ဘိုးဘေး ဖန်းနန်ဇီကို တွေ့ခဲ့ကြလား…”
ဝမ်လင်းက ခေါင်းကို လှည့်ကြည့် လိုက်သည်။ အနက်ရောင် တိမ်တိုက်ထဲမှ ကြီးမားသော ကင်းခြေများကြီးကို မြင်လိုက်ရသည်။ ကင်းခြေများ ပေါ်တွင် အကြီးအကဲ အိုးယန်နှင့် သူ့နောက်တွင် လူ၇ယောက်၊ ၈ယောက်ခန့် ရှိသည်။ သူတို့အားလုံးက ဝမ်လင်းတို့ကို လှောင်ပြုံးဖြင့် ကြည့်နေကြ၏။
သူတို့ထဲမှ ၃ယောက်က ပြင်းထန်သော အော်ရာများ ထုတ်လွှတ်လျက် ရှိပြီး လျိုဝမ်ကျူးနှင့် အဘွားအိုဝမ်ကို အေးစက်စွာ ကြည့်နေလေသည်။ သူတို့ကို စကားပြောလိုက်သည့် သူက ထိုလူ၃ယောက်ထဲမှ အနက်ရောင်ကို ဝတ်ဆင်ထားသည့် တစ်ယောက် ဖြစ်သည်။
လျိုဝမ်ကျူး၏ မျက်နှာက အလွန် ခက်ထန်လာပြီး စကားတစ်ခွန်းမှ မပြောဘဲ အလင်းပြားကိုသာ ပိုမြန်အောင် ထိန်းချုပ်လိုက်၏။ မကြာမီ အနက်ရောင် တိမ်တိုက်သည် သူတို့နောက်တွင် အစက်ကလေး တစ်စက်သာသာ ရှိတော့သည်။
အချိန်တော်တော် ကြာပြီးနောက် မြေပြင်ပေါ်က ရှုခင်းများက ပြောင်းလဲလာသည်။ သဲကန္တာရကဲ့သို့ အကွက်များက စတင် ဖြစ်ပေါ်လာ၏။ နေရာ ပြောင်းလဲမှုကြောင့် ရောင်ပြန်ဟပ်ခြင်း ဖြစ်သည်။ အလင်းပြားက ထိုနေရာတွင် တစ်ခုခုကို ရှာနေသည့်အလား အနည်းငယ် လှည့်ပတ်နေပြီးနောက် ရုတ်တရက် မြောက်အရပ်သို့ ပျံသန်းသွား၏။ သူတို့က တောင်ထိပ် တစ်ခုဆီသို့ ရောက်မှ ဖြည်းညင်းစွာ အောက်သို့ ဆင်းသက်လိုက်၏။
အလင်းပြားက မြေပြင်နှင့် ထိသည်နှင့် တစ်ပြိုင်နက် ပင်မတပည့်အားလုံး မြေပြင်ပေါ်သို့ လဲကျသွားပြီး စတင် ပျို့အန်ကြသည်။ ဝမ်လင်းလည်း မူးဝေနေပြီး ရင်ဘတ်တစ်ခုလုံး တင်းကျပ် နေသကဲ့သို့ ခံစားနေရ၏။
လျိုဝမ်ကျူးက အစီအရင်တစ်ခုကို ဖန်တီးပြီး နည်းစနစ်တစ်ခုကို ထုတ်သုံးလိုက်သည်။ တောင်တစ်ခုလုံးက တုန်ခါသွားပြီး တောင်ပေါ်တွင် အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။ လျိုဝမ်ကျူးက ချက်ချင်း အက်ကြောင်းထဲသို့ ခုန်ဝင်သွား၏။ အဘွားအိုဝမ်က ဘေးပတ်ပတ်လည်ကို ကြည့်ပြီး သူ့နောက်မှ လိုက်သွား၏။
ကျန်သည့် လူအားလုံးလည်း အကြီးအကဲများ၏ အကူအညီဖြင့် အက်ကြောင်းထဲသို့ လိုက်ဝင်သွားကြသည်။ သူတို့ ဝင်သွားပြီးနောက် အက်ကြောင်းကြီးက ဖြည်းဖြည်းချင်း ပြန်ပိတ်သွား၏။
ဝမ်လင်းက အထဲသို့ ဝင်လိုက်သည်နှင့် ဂူတစ်ခုလုံးကို သူ၏ နတ်ဘုရား စိတ်အာရုံနှင့် စစ်ဆေး ကြည့်လိုက်သည်။ ဂူတစ်ခုလုံးတွင် ကျောက်တုံးအခန်း အနည်းငယ်မှအပ ဘာမှမရှိပေ။
လျိုဝမ်ကျူးက အားလုံး ဝင်လာပြီးသည် အထိစောင့်ပြီး လေးနက်သည့် အမူအရာဖြင့် ပြောလိုက်သည်…
“မင်းတို့ အများစုက ကျင့်ကြံခြင်းမှာ အဆင့်တစ်ခုကို ရောက်နေပြီဖြစ်လို့ စားသောက်ဖို့ မလိုတော့ဘူး… မင်းတို့တွေ အတွက်တော့ လိုသေးတယ်… ကျောက်တုံး အခန်းထဲမှာ စားစရာတွေရှိတယ်… အဲဒီစားစရာတွေ ကုန်ဖို့ မင်းတို့ နှစ်ပေါင်းများစွာ စားရလိမ့်မယ်… ငါနဲ့ ဘိုးဘေးဝမ်က တံခါးပိတ် လေ့ကျင့်တော့မယ်… တခြားကိစ္စတွေနဲ့ ပက်သတ်လို့ ငါတို့ကို စိတ်အနှောင့်အယှက် မပေးပါနဲ့… အကြီးအကဲတွေရဲ့ စီစဉ်မှုကို နာခံပါ…”
အဘွားအိုဝမ်ကို ပြောလိုက်သည်…
“ငါတို့ ဟုန်ယွီဂိုဏ်းက နှစ်၁၀၀တံခါးပိတ် ကျင့်ကြံရမယ်… ပြီးရင်တော့ ငါတို့ အရှက်ရခဲ့တာတွေကို ပြန်ပေးဆပ်ခိုင်းရမယ်… အခုကစပြီး ဘယ်တပည့်မဆို အဆင့်တက်ဖို့အတွက် လင်္ကာတွေလိုတာနဲ့ အကြီးအကဲတွေဆီမှာ သွားတောင်းပါ… နောက်ထပ် နှစ်၁၀၀အထိ ကိစ္စကြီးကြီးမားမား မရှိရင် ဘယ်တပည့်ကိုမှ အပြင်ထွက်ခွင့် မပေးဘူး… ဟွမ်လုံတို့ ၃ယောက်က ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ကို တတ်နိုင်သလောက် မြန်မြန်ရောက်အောင် ကြိုးစားပါ… ”
ဟွမ်လုံတို့ ၃ယောက်က ပြိုင်တူ ခေါင်းညိတ် လိုက်ကြသည်။
လျိုဝမ်ကျူး၏ အကြည့်က ပင်မတပည့်များဆီသို့ ရောက်သွားပြီး ပြောလိုက်သည်…
“လုစုန့်…မင်းက ပင်မတပည့် အားလုံးရဲ့ ခေါင်းဆောင်လုပ်ပါ… ဝမ်လင်း…မင်းက ငါ့နောက်လိုက်ခဲ့… မင်းအတွက် အထူးနေရာ တစ်ခု စီစဉ်ပေးမယ်… ”
***