“ပျက်စီးစမ်း… ပျက်စီးစမ်း… ”
ဖုနန်ဇီ အမူအရာက အလွန်ကို အပြင်းအထန် ဖြစ်နေသည်။ သူလက်ကလည်း အောက်သို့ လွှဲယမ်းလိုက်ရာ ကြီးမားသော လေဆင်နှာမောင်းကြီးက နောက်တစ်ကြိမ် ကျဆင်း လာပြန်သည်။
ဟုန်ယွီဂိုဏ်း၏ ဘေးပတ်ဝန်းကျင်ရှိ မြိုရွာများမှ လူများက အလွန် ကြောက်လန့် နေကြပြီး အိမ်ထဲ၌သာ ပုန်းနေကြသည်။ ရဲရဲင့်သော လူအနည်းငယ် ကတော့ ပြတင်းပေါ်များမှ ကြည့်ရာ ကြီးမားသော တောင်တစ်လုံးက လေထဲမျောနေပြီး လေဆင်နှာမောင်းကြီးက ရုတ်တရက် အောက်သို့ အရှိန်နှင့် ပြုတ်ကျ လာသည်ကို မြင်လိုက်ရ၏။
နောက်ထပ် အဖြူရောင် ကျောက်သား တိုင်လုံးတစ်ခု ပျက်စီးသွားပြီး တိုင်လုံးပေါ်မှ အကြီးအကဲသည် သွေးအန်ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျ သွားသည်။
ဖုနန်ဇီက ခရမ်းရောင် ဘူးသီးခြောက်တစ်ခုကို ထုတ်ယူပြီး သူ့လက်များက လှုပ်ရှားသွားကာ ပါးစပ်မှလည်း လင်္ကာတချို့ကို ရွတ်လိုက်၏။ ဘူးသီးခြောက်က လှုပ်လာပြီး အနီရောင် အရည်များ ထွက်လာသည်။ ထိုအရည်များက မီးအဖြစ် ပြောင်းလဲသွားပြီး လေဆင်နှာမောင်းကြီးကို ဝန်းရံလိုက်၏။
“ပျက်စီးစမ်း… ”
ဖုနန်ဇီက အော်ဟစ်လိုက်ပြီး လေဆင်နှာမောင်းကို နောက်တစ်ကြိမ် အောက်သို့ ချလိုက်ပြန်သည်။ သည်တစ်ကြိမ်တွင် အလင်းလွှာပေါ်၌ အက်ရာများ ထင်လာသည်။
အဖြူရောင် ကျောက်သား တိုင်လုံး နှစ်ခုကလည်း ပျက်စီးသွားပြီး အကြီးအကဲ နှစ်ယောက်လည်း ပြုတ်ကျသွား၏။
ကျောက်သားတိုင်လုံး ၈ခုတွင် ၄ခုသာ ကျန်တော့သည်။ အမြုတေ ဖွဲ့တည်ခြင်း အဆင့် နှစ်ယောက်မှလွဲ၍ ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် အကြီးအကဲနှစ်ဦးမှာ မျက်နှာများက ဖြူရော်နေပြီး ခန္ဓာကိုယ်များကလည်း တုန်ယင်နေသည်။ သူတို့၏ စွမ်းဆောင်နိုင်စွမ်းက အကန့်အသတ်ကို ရောက်နေလေပြီ။
ဟွမ်လုံက ပင်မတပည့် အားလုံးကို ထင်းရှူး တောင်ထိပ်သို့ ခေါ်လာ၏။ သူတို့အားလုံး၏ မျက်နှာများတွင် ထိတ်လန့် ကြောက်ရွံ့မှုများကို တွေ့မြင်နိုင်သည်။ ဝမ်ဟိုလည်း ပါလာသည်။ သူ့မျက်နှာက ဖြူရော်နေဆဲ ဖြစ်ပြီး ယခင်ကထက် အခြေအနေ ပိုကောင်း လာသလိုပင်။ သူက ဝမ်လင်းကို မြင်လိုက်ရသောအခါ ဝမ်လင်းဆီသို့ လျှောက်သွားလိုက်ပြီး ကောင်းကင်ကြီးကို အံ့ဩစွာ ကြည့်လိုက်သည်။
ဖုနန်ဇီက လေထဲတွင် ရပ်နေပြီး မျက်နှာက သုန်မှုန်နေ၏။ အကာအကွယ်သည် ယခင်က သူ ရင်ဆိုင်ခဲ့သည့် အချိန်ကထက် ပိုမို အားကောင်းနေသည်။ ဝင်္ကပါ၏ အစွမ်းက အကုန် မဟုတ်သေးသည်ကို သူသိသည်။ စဦးစိတ်ဝိညာဉ်အဆင့် တစ်ယောက်ကသာ ထိန်းချုပ် မောင်းနှင်ပါက ဒီထက်အများကြီး ပိုအားကောင်း ပေလိမ့်မည်။
ယခုတော့ အမြုတေ ဖွဲ့တည်ခြင်း အဆင့် နှစ်ယောက်က ထိန်းချုပ်နေသည့် အတွက် ဝင်္ကပါက ကာကွယ်ခြင်းအပြင် တခြားဘာကိုမှ မလုပ်နိုင်ပေ။ သို့သော်လည်း စဦးစိတ်ဝိညာဉ်အဆင့် တစ်ယောက်သာ ရှိလျှင် စွမ်းအားက အလွန်ကြောက်စရာ ကောင်းသွား ပေလိမ့်မည်။
အနီရောင် အသားအရေနှင့် အဘိုးကြီးက ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ဂျူနီယာများကို ကြည့်ပြီး သူ့နှလုံးသားထဲ နာကျင်သွားသည်။ သူက ဖုနန်ဇီကို ကြည့်ပြီး အော်ပြောလိုက်သည်…
“စီနီယာဖုနန်ဇီ… မင်းတို့ ရွှမ်တောက်ဂိုဏ်းနဲ့ ငါတို့ဂိုဏ်းက ခင်မင်မှုရှိရဲ့သားနဲ့ ငါတို့အားလုံးကို သတ်တော့ မလို့လား… ”
ဖုနန်ဇီက နှာခေါင်းရှုံ့ပြီး ပြောလိုက်၏…
“လျိုဝမ်ကျူး… လွန်ခဲ့တဲ့ နှစ်၅၀၀တုန်းက မင်းက လက်ရွေးစင် တပည့် တစ်ယောက်ပဲ ရှိသေးတာ အခု အမြုတေ ဖွဲ့တည်ခြင်း အဆင့်ကိုတောင် ရောက်နေပြီ… ဒီဝင်္ကပါကို မင်းတို့ဘာသာ ဖွင့်ပေးရင် မင်းတို့ အားလုံးအတွက် လွယ်ကူလိမ့်မယ်…”
လျိုဝမ်ကျူးက အနည်းငယ် တုံ့ဆိုင်းသွားပြီး ရုတ်တရက် ဒေါသဖြင့် အော်ပြောလိုက်သည်…
“စီနီယာဖုနန်ဇီ… ငါ မလိုက်နာနိုင်ဘူး…”
ဖုနန်ဇီက အရူး တစ်ယောက်ကဲ့သို့ ရယ်မော လိုက်သည်။
“ကောင်းပြီ… ဒီဝင်္ကပါကို ငါပဲ ဖျက်ဆီးပေးရမှာပေါ့…”
ပြောပြီးသည်နှင့် သူက လက်ကို ဝှေ့ယမ်းလိုက်ရာ လေဆင်နှာမောင်းကြီးက အပေါ်သို့ မြင့်တက်သွား၏။ သူ၏ မျက်နှာကလည်း နီရဲလာပြီး စဦးစိတ်ဝိညာဉ် စွမ်းအင်များကို ပိုပြီး ထုတ်ပေးလိုက်ရာ လေဆင်နှာမောင်းကြီးက ပိုပြီး ကြီးမားလာသည်။
“ကျစမ်း… ”
ဖုနန်ဇီ၏ လက်က လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် လေဆင်နှာမောင်းကြီးက အောက်သို့ အရှိန်ပြင်းထန်စွာ ကျဆင်းသွား၏။ အက်ကွဲသံနှင့်အတူ အလင်းလွှာမှ အက်ရာများက ပိုမို များပြားလာသည်။ နောက်ထပ် တိုင်လုံးတစ်ခုလည်း ပေါက်ကွဲသွားပြီး ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် အကြီးအကဲ တစ်ယောက်လည်း ပြုတ်ကျသွား၏။
လေဆင်နှာမောင်းက နောက်ထပ် တစ်လက်မခန့် အထဲသို့ တိုးဝင်သွားရာ နောက်ဆုံး ကျန်သော အကြီးအကဲလည်း သွေးအန်ပြီး ပြုတ်ကျ သွားသည်။
“ပျက်စီးစမ်း… ”
ဖုနန်ဇီ၏ အော်သံနှင့်အတူ လေဆင်နှာမောင်းကြီးက နောက်ထပ် သုံးလက်မခန့် တိုးဝင်လာသည်။ ထင်းရှူးတောင်ထိပ် တစ်ခုလုံးလည်း လှုပ်ခါသွားသည်။ မိုးချုန်းသံကဲ့သို့ ကျယ်လောင်သော အသံကြီးနှင့်အတူ တောင်တစ်ခုလုံးက မီတာ ဒါဇင်ပေါင်းများစွာ မြေကြီးထဲသို့ နစ်ဝင်သွား၏။ တောင်ထိပ်နှစ်ခုကို ဆက်သွယ် ပေးထားသော ကျောက်တံတားကလည်း ထက်ပိုင်း ကျိုးသွားပြီး အောက်ထဲသို့ ပြုတ်ကျ သွားသည်။
ထိုအချိန်တွင် ဟုန်ယွီဂိုဏ်း၏ ဝင်္ကပါ အစီအရင်ကလည်း ဆက်လက် တောင့်ခံနိုင်စွမ်း မရှိတော့ဘဲ အစိတ်စိတ် အမြွှာမြွှာ ပျက်စီး ပျောက်ကွယ် သွား၏။
နောက်ဆုံး ကျန်ရှိသော အဖြူရောင် ကျောက်သားတိုင်လုံး နှစ်ခုလည်း ပျက်စီးသွားရပြီး လျိုဝမ်ကျူးနှင့် အဘွားအိုတို့လည်း မြေပေါ်သို့ ပြုတ်ကျသွားရသည်။ သူတို့နှစ်ယောက်လုံး၏ မျက်နှာတွင် နာကြည်းမုန်းတီးများနှင့် ပြည့်နေသော်လည်း စကားတစ်ခွန်းမျှ မပြောကြချေ။
ဖုနန်ဇီက လေထဲမှ မြေပြင်ပေါ်သို့ တဖြည်းဖြည်း ဆင်းလာသည်။ လေဆင် နှာမောင်းကြီးကတော့ လေထဲတွင် ဆက်လက် ရှိနေပြီး အားကောင်းသော ဖိအားတစ်ခုကို ထုတ်လွှတ်နေ၏။
ဖုနန်ဇီက မြေပြင်ပေါ်သို့ ခြေချသည်နှင့် အေးစက်စွာ ပြောလိုက်သည်…
“ဝမ်လင်းက ဘယ်သူလဲ… ”
ထိုစကားကို ကြားပြီး ဝမ်လင်းက ပင်မတပည့်များ ကြားထဲသို့ ဆုတ်သွား၏။ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူက ပထမဦးဆုံး သူ့ကို ရှာလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ဘေးပတ်ပတ်လည်မှ ပင်မ တပည့်အားလုံး၏ အကြည့်က သူ့ဆီ ရောက်လာသည်။ ဖုနန်ဇီကလည်း လူအုပ်ထဲသို့ စစ်ဆေးကြည့်ရာ သူ့အကြည့်က ဝမ်လင်းထံ၌ ရပ်တန့်သွား၏။ ဖုနန်ဇီ၏ မျက်ခုံးက အပေါ်သို့ တက်သွားပြီး စိတ်ထဲမှလည်း ထိုပင်မ တပည့်လေးက ဝမ်လင်း ဖြစ်ရမည်ဟု တွေးလိုက်သည်။ သူ၏ဂျူနီယာအိုး ယန်ထံမှ ဝမ်လင်းကြောင့် သူတို့ တစ်ဂိုဏ်းလုံး ရှုံးနိမ့်ခဲ့ရသည်ကို အကြိမ်ပေါင်းများစွာ ကြားသိခဲ့ရသည်။ ထို့ကြောင့် သူက ဝမ်လင်းကို ရွှမ်တောက်ဂိုဏ်းထဲသို့ ထည့်ချင်နေသည်။
ဖုနန်ဇီက ဟုန်ယွီဂိုဏ်း၏ မြေနေရာကို အမြဲတမ်း လိုချင်နေခဲ့သည်။ ကျိုးဖန်းသာ နိုင်ခဲ့ရင် အင်အားသုံးပြီး ဟုန်ယွီဂိုဏ်း၏ မြေနေရာကို ယူစရာလိုမည် မဟုတ်ဟု သူက တွေးထားခဲ့၏။
သို့သော်လည်း ဝမ်လင်း၏ ထွက်ပေါ်လာမှုက သူ၏အစီအစဉ်ကို ကျရှုံးစေခဲ့ပြီး ယခုကဲ့သို့ အတင်းအကျပ် လုယူရအောင် ဖြစ်စေခဲ့သည်။ ဖုနန်ဇီက အေးစက်စွာ မေးလိုက်သည်…
“မင်းက ဝမ်လင်းလား… ”
ဝမ်လင်းက အသက်ဝဝ ရှူလိုက်ပြီး လက်နှစ်ဖက်ဆုပ်၍ အရိုသေပေးကာ ပြောလိုက်သည်… “တပည့်ဝမ်လင်းက စီနီယာဖုနန်ဇီကို တွေ့ဆုံပါတယ်… ”
ဖုနန်ဇီက ခေါင်းကို ညိတ်လိုက်ပြီး လျိုဝမ်ကျူးနှင့် အဘွားအိုဘက်သို့ လှည့်လိုက်သည်။
“ဟုန်ယွီဂိုဏ်းရဲ့ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတွေ အားလုံး တခြားနိုင်ငံနဲ့ တိုက်ခိုက်တဲ့ တိုက်ပွဲတွေမှာ အားလုံး သေဆုံးကုန်ပြီ… မင်းတို့ အားလုံးများ ဟုန်ယွီတောင်ကို ထိန်းသိမ်းဖို့အတွက် စွမ်းရည် မရှိတော့ဘူး… တခြား ဂိုဏ်းတွေကလည်း လုယူချင်ကြမှာပဲ … အဲဒီတော့ ငါတို့ကရော ဘာလို့ လုယူခွင့် မရှိရမှာလဲ… ”
လျိုဝမ်ကျူးက ခါးသက်သည့် အကြည့်နှင့် အဘွားအိုကို ကြည့်လိုက်ပြီး ဖုနန်ဇီကို ပြောလိုက်သည်…
“စီနီယာ… ကျေးဇူးပြုပြီး ဂိုဏ်းနှစ်ခုရဲ့ ဆက်ဆံရေးကို ကြည့်ပြီး ညှာတာပေးပါဦး ဒါမှမဟုတ်လည်း …. ”
လျိုဝမ်ကျူး၏ စကားကို ဆုံးအောင်ပင် မစောင့်ဘဲ ဖုနန်ဇီက ဖြတ်ပြောလိုက်သည်…
“ထွက်သွား… သာမန်လူတွေက လွဲပြီး အကုန်ထွက်သွား… မင်း ငါ့ကို စိတ်ရှုပ်အောင် ထပ်လုပ်ရင် မင်းတို့ တစ်ဂိုဏ်းလုံးကို သုတ်သင်ပစ်ဖို့ ဝန်မလေးဘူး… ”
အဘွားအိုသည် စိတ်ထဲ အလွန် တုန်လှုပ်သွားပြီး အသက်ဝဝရှူကာ လေးစားစွာဖြင့် ပြောလိုက်သည်…
“ဂျူနီယာ လိုက်နာပါ့မယ်… ဒါပေမဲ့ ဒီနေရာကို လက်ဆောင်အဖြစ် မပေးနိုင်ပေမဲ့ ဂျူနီယာတို့ဘက်က ငှားပေးနိုင်ပါတယ်… အနာဂတ်မှာ… ”
ဖုနန်ဇီက ဖြတ်ပြီး လှောင်ပြောင် လိုက်သည်…
“ငှားမှာလား… ကောင်းပြီလေ… ဟုန်ယွီတောင်ကို နှစ်တစ်သိန်းငှားပါ…”
ပင်မတပည့် အားလုံးသည် ဒေါသထွက် နေသော်လည်း တစ်ယောက်မှ ဒေါသကို မဖော်ပြရဲကြချေ။ သူတို့အားလုံး ငြိမ်ငြိမ်လေးသာ နေကြသည်။ တချို့တပည့်များ ဆိုလျှင် ကိုယ်အကြောင်းကို ဘာဖြစ်မလဲ စတင် တွေးနေကြလေပြီ။
ဖုနန်ဇီမျက်နှာက နေရာတစ်ခုလုံးကို ကြည့်လိုက်ပြီး ဟွမ်လုံပေါ် မျက်စိက ရောက်သွား၏။ သူက ပြောလိုက်သည်…
“မင်း… မင်းနောက်ကျောက ခရမ်းလဓားကို ထားခဲ့ပြီးမှ သွား… ငါ့ရဲ့ဂျူနီယာ အိုးယန်က သဘောကျနေတယ်… ”
ဟွမ်လုံက ဤကဲ့သို့ အရှက်ခွဲ ခံရသည်ကို ကြံ့ကြံ့ခံပြီး လက်သီးကို ကျစ်ကျစ်ပါအောင် လျိုဝမ်ကျူးနှင့် အဘွားအိုကို ကြည့်လိုက်ရာ သူတို့က သူ့အား စောင့်နေသည်ကို တွေ့လိုက်သည်။ ထို့နောက် သူက သက်ပြင်းချပြီး ဓားကို မြေပြင်ပေါ်သို့ ပစ်ချပေးလိုက်၏။
ဖုနန်ဇီက သူ့ညာလက်ကို ဆန့်လိုက်ရာ ခရမ်းလဓားက သူ့လက်ထဲသို့ ပျံသန်းလာသည်။ ဓားက သူ့လက်ထဲသို့ ရောက်သွားသည်နှင့် ခရမ်းရောင်အငွေ့များ ထွက်လာပြီး ကြီးမားသော နဂါးတစ်ကောင် ဖြစ်သွား၏။
***