အဆောက်အဦ၏ အပြင်ဘက်တွင် ဟွမ်လုံက ရပ်လိုက်ပြီး ဝမ်လင်းကို လေသံနှင့် ပြောသည်…
“ဒါက ကျမ်းဆောင်ပဲ… မင်း အထဲကို ဝင်သွားလိုက်ပါ… ပထမထပ်မှာ ချီစုစည်းခြင်း အဆင့်အတွက် ကျင့်စဉ်တွေရှိတယ်… အဲဒီမှာ မင်း ရှာဖွေနိုင်တယ်… ဒုတိယထပ်ကတော့ ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်အတွက် ကျင့်စဉ်တွေရှိတယ်… ငါ မင်းကို အပြင်ဘက်ကပဲ စောင့်နေမယ်… ”
ဝမ်လင်း အနည်းငယ်တော့ ရင်ဖိုသွားကာ အသက်ဝဝရှူပြီး အထဲသို့ ဝင်သွားလိုက်၏။ အဆောက်အဦက အထပ်၄ထပ်ရှိပြီး ပထမထပ်တွင် များစွာသော အစိမ်းရောင် ကျောက်စိမ်း အပိုင်းအစလေးများ ရှိနေသည်။ စင်များပေါ်၌ ကျောက်စိမ်း အပိုင်းအစများက လေထဲတွင် ရပ်တန့်နေပြီး အစိမ်းရောင် အလင်းများ တောက်ပနေ၏။
စစ်ထူနန်က သရော်လိုက်သည်…
“ထပ်ကြည့်ဖို့ မလိုတော့ဘူး… ဒီမှာ ရှိနေတဲ့ ကျင့်စဉ်တွေ အားလုံးက အရည်အသွေး နိမ့်တဲ့ နည်းစနစ်တွေ ချည်းပဲ…”
ဝမ်လင်းက ကျောက်စိမ်း အပိုင်းအစ တစ်ခုဆီသို့ လျှောက်သွားပြီး အထဲမှ နည်းစနစ်ကို စစ်ဆေး ကြည့်လိုက်သည်။ ထို့နောက် သူ့လက်ဖြင့် အစီအရင် တစ်ခု ဖန်တီးကာ စမ်းသပ် ကြည့်လိုက်၏။
ဝမ်လင်းက နောက်ထပ် ကျောက်စိမ်း အပိုင်းအစတစ်ခုကို ယူလိုက်ပြီး အနီးကပ် ကြည့်လိုက်သည်။
“အဆင့်မြင့် နည်းစနစ် – မီးနဂါး…”
စစ်ထူနန်က ချက်ချင်း ပြောလိုက်သည်…
“သောက်တလွဲ အဆင့်မြင့် နည်းစနစ်… အဲဒါက အဆင့်နိမ့်နည်း စနစ်တစ်ခုပဲ… ငါ့ရဲ့စိတ်ဝိညာဉ် မီးနည်းစနစ်ကမှ တကယ့် အဆင့်မြင့် နည်းစနစ်…”
ဝမ်လင်းက မှင်တက်သွားပြီး လက်ထဲမှ ကျောက်စိမ်း အပိုင်းအစကို ပြန်ထားပြီး နောက်တစ်ခုကို ယူကြည့်လိုက်သည်။
“အဆင့်မြင့်နည်းစနစ် – မြေလွတ်မြောက်ခြင်း…”
“အမှိုက်တွေ… တကယ်ကို အမှိုက်တွေချည်းပဲ… ငါ့တိုင်းပြည်မှာဆို ဒါတွေကို ဘယ်နေရာမှာ ဖြစ်ဖြစ်ရနိုင်တယ်… သူတို့မို့လို့ ဒါကို အဆင့်မြင့် နည်းစနစ်အဖြစ် သတ်မှတ်တယ်… ငါ့ရဲ့ ဒြပ်စင်၅ခု လွတ်မြောက်ခြင်း နည်းစနစ်ကမှ အဆင့်မြင့် နည်းစနစ်အစစ်…”
“အဆင့်မြင့်နည်းစနစ်… လေဓားသွား…”
“ဒါလည်း အမှိုက်ပဲ… ငါကတော့ ပြင်းထန်မုန်တိုင်းပဲ သိတယ်… အခုဟာထက် အဆ ၁၀၀လောက် အစွမ်းထက်တယ်…”
“ကိုးရက် မိုးခြိမ်းသံ ဖွဲ့စည်းခြင်း…”
“ဘာတွေလဲကွာ အစုတ်ပလုတ်တွေ ချည်းပဲ… ဒါက ဆိုးရွားတဲ့ မိုးခြိမ်းသံ နည်းစနစ် တစ်ခုပဲ… ဘာလို့ ဒီလိုနာမည် စွမ်းအားပြင်းတဲ့ နာမည်တွေ ပေးကြတာလဲ…”
“အင်မော်တယ် အသွင်ပြောင်းခြင်း…”
“ဒီလို အမျိုးအစားက စိတ်ဝင်စားဖို့ ကောင်းပေမဲ့… အမှိုက်တစ်ခု ဖြစ်နေတုန်းပဲ… သူ့ထက် အဆ ၁၀၀လောက် ကောင်းတဲ့ဟာ ငါသိတယ်…”
စစ်ထူနန်က တစ်ခုပြီးတစ်ခု လှောင်ပြောင် နေတော့သည်။ ထို့ကြောင့် ဝမ်လင်းလည်း ဒီထက် ပိုပြီး မနေနိုင်တော့ပဲ ဒုတိယထပ်သို့ တက်လိုက်၏။
ဒုတိယထပ် တွင်တော့ ကျောက်စိမ်း အပိုင်းအစ အများအပြား မရှိပေ။ လေထဲတွင် ကျောက်စိမ်း ဒါဇင် အနည်းငယ်ခန့်သာ လေထဲတွင် ရပ်တန့်နေသည်။
စစ်ထူနန်က ပျင်းရိစွာပင် ပြောလိုက်သည်…
“အားလုံးက အဆင့်နိမ့်တွေ ချည်းပဲ… ကြည့်နေဖို့တောင် မလိုဘူး…”
ဝမ်လင်းက မဲ့ပြုံးလေးဖြင့် စိတ်ထဲတွင် တွေးလိုက်သည်…
“မင်းက အဆင့်၆နိုင်ငံက စီနီယာ တစ်ယောက်လေ… ဒီမှာ ရှိတဲ့ဟာတွေက ဘယ်လိုလုပ် မင်းအတွက် ကောင်းတဲ့ဟာ ရှိပါ့မလဲ…”
စစ်ထူနန်က တိုက်တွန်းလိုက်သည်
“ဝမ်လင်း ဒါတွေကို ဆက်ကြည့်မနေနဲ့တော့… နေရာတစ်ခုရှာပြီး မြန်မြန် လေ့ကျင့်လိုက်တော့… ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကို ရောက်တာနဲ့ ဒီလို ဂိုဏ်းသေးသေးလေးကနေ မင်း ထွက်သွားလို့ရပြီ…”
ယခင်က ဝမ်လင်း မျှော်မှန်းထားခဲ့သော မျှော်မှန်းချက်များက စစ်ထူနန်ကြောင့် ပျက်စီးသွားသဖြင့် မျက်မှောင်ကြီးကြုတ်ပြီး အပြင်သို့ ပြန်ထွက်လာ၏။
ဝမ်လင်း ထွက်လာသည်ကို မြင်သောအခါ ဟွမ်လုံက အံ့အားသင့် သွားကာ မေးလိုက်သည်…
“မင်း ဒီလောက်မြန်မြန် ရွေးပြီး သွားတာလား… မင်း သေသေချာချာ ရွေးသင့်တယ်… ဒီကျမ်းဆောင်ထဲမှ နည်းစနစ်တွေက ကျောင်းနိုင်ငံထဲက အကောင်းဆုံး နည်းစနစ်တွေပဲ… တခြားသူတွေက ဝင်ဖို့တောင် အခွင့်အရေး မရှိဘူး… မင်း ဒါကို မဖြုန်းတီးပစ်သင့်ဘူး…”
ဟွမ်လုံ၏စကားကို ကြားပြီး ဝမ်လင်း၏ အမူအရာက အနည်းငယ် ထူးဆန်းသွား၏။ စစ်ထူနန်၏ လှောင်ပြောင်မှုများနှင့် ဟွမ်လုံ၏ ချီးမွမ်းမှုများက ဝမ်လင်း၏ စိတ်ထဲတွင် လွန်ဆွဲနေသည်။ ဝမ်လင်းက ဖြေလိုက်သည်…
“တပည့် ရွေးပြီးသွားပါပြီ… ”
ဟွမ်လုံက ဝမ်လင်း ရွေးလာသည့် ကျင့်စဉ်ကို မေးရန် ပြင်လိုက်စဉ် ထင်းရှူး တောင်ထိပ် တစ်ခုလုံး လှုပ်ခါသွား၏။
“ငါက ရွှမ်တောက်ဂိုဏ်းက ဖုနန်ဇီပါ… ဟုန်ယွီဂိုဏ်းရဲ့ ဂျူနီယာများ ထွက်လာတွေပါ…”
ဟွမ်လုံ၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး ထိုအချိန်တွင် အရိပ်၁၀ခုက ဘေးပတ်ဝန်းကျင် အဆောက်အဦများမှ အမြန်ထွက်လာ၏။ ဝမ်လင်းတို့ရှေ့တွင် လူနှစ်ယောက် ရှိနေလေသည်။ တစ်ယောက်သည် အနီရောင် အသားအရည်နှင့် ဖြစ်ပြီး သူ့မျက်လုံးများက ကြည်လင် စူးရှနေသည်။
သူ့ဘေးရှိ အဘွားအို၏ မျက်နှာတွင် ပါးရေ၊ နားရေ အတွန့်ကြောင်းများ ရှိနေပြီး မျက်နှာ အမူအရာက ထိုင်းမှိုင်းနေသကဲ့သို့ ရှိသည်။ သူမက ဟွမ်လုံနှင့် ဝမ်လင်းကို ကြည့်လိုက်ပြီး ကောင်းကင်သို့ ကြည့်လိုက်သည်။
သူတို့နှစ်ယောက် နောက်တွင် ခံပြင်းနေသည့် အမူအရာများနှင့် အကြီးအကဲ ၁၀ယောက် ရှိနေ၏။
သည်တစ်ကြိမ်တွင် စစ်ထူနန်က အလေးအနက် ထားကာ ပြောလိုက်သည်…
“အပြင်ဘက်မှာ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ ရှိနေတယ်… ဟုန်ယွီဂိုဏ်းတော့ ဒုက္ခ အကြီးအကျယ် ရောက်ပြီပဲ… မင်း လွတ်မြောက်ဖို့ အခွင့်အရေး ရှာသင့်တယ်… ငါ ဒီမှာရှိနေတာမို့ မင်းကို ခဏလောက် အာရုံခံမရအောင် လုပ်ပေးနိုင်တယ်… ငါ့မှာသာ ခန္ဓာကိုယ် ရှိလို့ကတော့ စဦးစိတ်ဝိညာဉ် အဆင့်လောက်ကို ကြောက်နေရမှာ မဟုတ်ဘူး…”
ဝမ်လင်းက အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ၏စိတ်က တည်ငြိမ်မှု မရှိတော့ချေ။
အနီရောင် အသားအရေနှင့် အဘိုးကြီးက အော်ပြောလိုက်သည်…
“စီနီယာဖုနန်… ဟုန်ယွီဂိုဏ်းကို ဘာအကြောင်း ကိစ္စနဲ့ လာတာလဲ မသိဘူး… ”
လေထဲတွင် အရပ်ရှည်ရှည် ပုံရိပ်တစ်ခု ပေါ်လာသည်။ လေထဲမှလူက ပြောလိုက်သည်…
“လွန်ခဲ့တဲ့ နှစ်၅၀၀ကဆိုရင် ဟုန်ယွီဂိုဏ်းရဲ့ အကာအကွယ် ဝင်္ကပါက ငါ့ကို ခြိမ်းခြောက် နိုင်လိမ့်မယ်… ဒါပေမဲ့ အခုအချိန်မှာတော့ မဖြစ်နိုင်တော့ဘူး… အကာအကွယ်ကို ချိုးဖောက်ပြီးမှ မင်းကို ပြောပြမယ်… ”
ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်ရာ သေးငယ်ပြီး အနက်ရောင် တောင်ကုန်းတစ်ခု ပေါ်လာသည်။ ထိုသေးငယ်သော တောင်ကုန်က ရွေ့လျားလာပြီး လေများကို ဖန်တီးနေရာ တဖြည်းဖြည်း ကြီးမားသော လေဆင်နှာမောင်းတစ်ခု ဖြစ်လာ၏။ သူ၏ လက်နှစ်ဖက်ကလည်း အစီအရင် တစ်ခုကို ပုံဖော်ပြီး သူ့ပါးစပ်ကလည်း စကားတချို့လည်း ရွတ်လိုက်သေး၏။
တောင်ကုန်းက အောက်သို့ ကျလာသည်နှင့် ဟုန်ယွီတောင်ထိပ်နှင့် ထင်းရှူးတောင်ထိပ် ကြားတွင် အလင်းလွှာတစ်ခု ထွက်ပေါ်လာသည်။ အဖြူရောင် အလင်းလွှာက ဟုန်ယွီဂိုဏ်းကို စက်ဝိုင်းခြမ်း ပုံသဏ္ဌာန် ကာကွယ်ထား၏။
“လွန်ခဲ့တဲ့ နှစ်၅၀၀ကနဲ့ မတူတော့ပါလား… အကာအကွယ်က နည်းနည်းလောက် အဆင့်မြင့် လာသလိုပဲ… ငါသာ စဦးစိတ်ဝိညာဉ်အဆင့်ကို မရောက်သေးဘူးဆိုရင် ဒီအလင်းလွှာကို ချိုးဖောက်နိုင်မှာ မဟုတ်ဘူး…”
ဖုနန်ဇီက အေးစက်စွာ ပြုံးပြကာ သူ့လက်က လျင်မြန်စွာ လှုပ်ရှားသွားပြီး လေဆင်နှာမောင်းကြီး နောက်တစ်ခုကို ဖန်တီးလိုက်သည်။
အနီရောင် အသားအရေနှင့် အဘိုးကြီး၏ အမူအရာက ဖြူရော်သွားပြီး သူ့ရှေ့မှ လေထဲသို့ လက်ဖြင့် လွှဲယမ်းကာ ကြားကွက်လပ် တစ်ခုကို ဖန်တီးလိုက်၏။ သူက လျင်မြန်စွာ ကြားကွက်လပ်ထဲသို့ ဝင်သွားပြီး သူ့နောက်မှ လူများကလည်း လိုက်ဝင်သွားကြသည်။
ဟွမ်လုံက တိုးတိုးလေး ပြောလိုက်သည်…
“ဝမ်လင်း … နောက်ကနေ ကပ်ပြီး လိုက်ခဲ့…”
ပြောပြီးသည်နှင့် သူက ကြားကွက်လပ်ထဲသို့ မြားတစ်ချောင်းကဲ့သို့ ပြေးဝင်သွား၏။ ဝမ်လင်းကလည်း သူ့နောက်မှ ခြေတစ်လှမ်း စာလောက် ကွာပြီး လိုက်လာသည်။
ထိုအချိန်တွင် လေဆင်နှာမောင်းကြီးက အောက်သို့ ပြင်းထန်စွာ ကျဆင်းလာပြန်သည်။ လေဆင်နှာမောင်းက အလင်းလွှာပေါ်သို့ ကျသွားပြီး မိုးချုန်းသံကဲ့သို့ အသံကြီး ထွက်ပေါ်လာ၏။ အလင်းလွှာပေါ်မှ သက်တံရောင်များ ကလည်း တောက်ပလာသည်။
ဝမ်လင်းက ကြားကွက်လပ်ထဲသို့ ဝင်ပြီး အပြင်ဘက်သို့ ထွက်လာရာ သူက ထင်းရှူးတောင်ထိပ် ပေါ်သို့ ပြန်ရောက်နေသည်ကို တွေ့လိုက်ရသည်။ ယခုအချိန်တွင် အမြုတေ အဆင့်ကျင့်ကြံသူ နှစ်ယောက်က အဖြူရောင် ကျောက်သား တိုင်လုံးကြီးပေါ်တွင် ထိုင်နေကြပြီး သူတို့၏လက်များက များပြားလှသော လက်ပုံစံ အမျိုးမျိုးကို ပြုလုပ်နေကြသည်။
ကျန်သော ကျောက်သားတိုင်းလုံး ၆လုံးပေါ်တွင်လည်း ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်၆ယောက် ထိုင်နေသည်။ သူတို့၏ မျက်နှာများတွင် ခံပြင်းမှုများနှင့်တုန်လှုပ်မှုများ အထင်းသား မြင်နေရသည်။
အဘွားအိုက ပြောလိုက်သည်…
“ဟွမ်လုံ… ပင်မတပည့်တွေ အားလုံးကို ဒီနေရာကို မြန်မြန် ခေါ်လာခဲ့… ငါတို့ဂိုဏ်းအတွက် ကပ်ဆိုးကြီးက ရောက်လာပြီ…”
ထို့နောက် သူမက ပါးစပ်အပြည့် သွေးများ အဖြူရောင် ကျောက်သားတိုင်လုံးပေါ်သို့ အန်ထုတ်လိုက်ရ၏။
ဟွမ်လုံ၏ ခန္ဓာကိုယ်က တုန်ယင် သွားသည်။ ထို့နောက် ချက်ချင်း ဟုန်ယွီတောင်ထိပ်နှင့် ဆက်သွယ်ထားသော တံတားဆီသို့ အမြန်ဆုံးနှုန်းဖြင့် ထွက်သွား၏။
“ဟမ့်… ဒုတိယအချက်ကို ခံနိုင်သေးတာလား… တတိယ အချက်ကိုရော ခံနိုင်မလား ကြည့်လိုက်မယ်… ”
ဖုနန်ဇီက နှာခေါင်းရှုံ့လိုက်သည်။ သူက တောင်ကုန်းလေးပေါ်သို့ စဦးစိတ်ဝိညာဉ် စွမ်းအင်များကို ပါးစပ်အပြည့် ထွေးထုတ်လိုက်ရာ အနက်ရောင် တောင်ကုန်းလေးက ၁၀ဆလောက် ကြီးလာပြီး တောင်ထိပ်တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။
“ဝုန်း” ဆိုသောအသံနှင့်အတူ အဖြူရောင် ကျောက်သား တိုင်လုံးတစ်ခုက ပေါက်ကွဲသွားသည်။ ထိုကျောက်သားတိုင်လုံး ပေါ်တွင် ထိုင်နေသော အကြီးအကဲလည်း ဒွါရအပေါက်များမှ သွေးများ ထွက်လာပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။
***