Switch Mode

အပိုင်း (၆၁)

ဘိုးဘေး

အခန်းသို့ ပြန်လာပြီးနောက် ဝမ်လင်းက အိပ်ရာထက်တွင် ခြေချိတ် ထိုင်လိုက်ပြီး တစ်ယောက်ယောက်က စိတ်စွမ်းအင်ဖြင့် သူ့အား စောင့်ကြည့်နေသူ ရှိမရှိ သေချာစေရန် အခန်း ပတ်ပတ်လည်ကို နတ်ဘုရား စိတ်အာရုံဖြင့် စစ်ဆေးကြည့် လိုက်သည်။

စစ်ဆေး ကြည့်ပြီးသည်နှင့် ကောင်းကင်ဘုံ ဆန့်ကျင်သော ပုတီးစေ့ကို ထုတ်ယူကာ စဉ်းစား လိုက်သည်။ လွန်ခဲ့သော ၃ရက်ခန့်က ကောင်းကင်ပေါ် ဆန့်ကျင်သော ပုတီးစေ့ပေါ်မှ သက်တံတိမ် ပုံရိပ်တွေက ပျောက်ကွယ်သွားပြီး သစ်ရွက် တစ်ရွက်၏ ပုံရိပ်ပေါ်လာ၏။

စစ်ထူနန်၏ လေ့လာထားချက် အရ ကောင်းကင်ဘုံ ဆန့်ကျင့်သော ပုတီးစေ့သည် ရေဒြပ်စင်ကို လုံလောက်အောင် စုပ်ယူပြီးပြီ ဖြစ်သည့် အတွက် ယခုအချိန်တွင် သစ်သားဒြပ်စင်ကို လိုအပ်နေပြီ ဖြစ်သည်။ ကောင်းကင်ဘုံ ဆန့်ကျင်သော ပုတီးစေ့အတွက် သစ်သားဒြပ်စင်ကို ရယူရန်အတွက် ဟုန်ယွီဂိုဏ်းမှ ထွက်ခွာရန် အကြိမ်ပေါင်းများစွာ စဉ်းစားနေမိ၏။

ဝမ်လင်းသည် ယခုအချိန်တွင် အလွှာ၁၄ ကျင့်ကြံသူ ဖြစ်နေလေပြီ။ သို့သော်လည်း ရှေ့အဆင့်များတွင် လင်္ကာ မလိုခဲ့ရသည့် အကြောင်းရင်းကို ဝမ်လင်း သိချင်နေသည်။ ထိုသို့ ဖြစ်ရခြင်းမှာ စစ်ထူနန်နှင့် ဆက်စပ် နေရမည်ဟု သံသယရှိ၏။

ထို့နောက် ပုတီးစေ့ကို ကိုင်ပြီး အိပ်မက်နယ်မြေထဲသို့ ဝင်သွားလိုက်သည်။ အိပ်မက်နယ်မြေထဲသို့ ဝင်ခါနီးတွင် သူက ကောင်းကင်ဘုံ ဆန့်ကျင်သော ပုတီးစေ့ကို လျင်မြန်စွာ သိမ်းလိုက်၏။

အိပ်မက်နယ်မြေသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် စစ်ထူနန်က မကျေနပ်သည့် လေသံဖြင့် ပြောလိုက်သည် …

“ပြိုင်ပွဲမှာ ဟိုကောင်တွေကို ဘာလို့ မသတ်ပစ်တာလဲ … ငါသာဆိုရင် ယောက်ျားရော၊ မိန်းမရော အကုန် သတ်ပစ်ပြီး ကင်းခြေများကိုလည်း ဝိုင်လုပ်ပစ်မယ် … အဲဒါက အရသာ တော်တော် ရှိလိမ့်မယ် … စွန်းတဇူးကို သတ်လိုက်တာကတော့ မင်းက ငါနဲ့တူသွားပြီ … မဆိုးဘူး … ဒါပေမဲ့ ဝမ်လင်း ကျင့်ကြံခြင်း လောကဆိုတာ ရက်စက်တယ် … အားကြီးသူက အားနည်းသူကို ဝါးမျိုမှာပဲ … မင်းရဲ့ အတွေးကို ရိုးရိုးလေးပဲ တွေးနေရင်တော့ မင်း အသက်ရှည်ရှည် မနေရမှာ စိုးရိမ်တယ် …”

ဝမ်လင်းက အချိန် အတော်ကြာအောင် စဉ်းစားပြီးနောက် ပြောလိုက်သည် …

“စီနီယာ … ကျွန်တော် ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်အတွက် ပြင်ဆင်သင့်ပြီလား … ကျွန်တော် ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကို ဝင်ရောက်ဖို့ ဘယ်လင်္ကာကိုမှ မသိဘူး …”

“လင်္ကာကို ငါ သိပါတယ် … ဒါပေမဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကို ဝင်ရောက်ခြင်းက ကျင့်ကြံခြင်း လောကထဲကို စဝင်တဲ့ အစစ်အမှန် ခြေလှမ်းပဲ … ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကို ချိုးဖြတ်နိုင်ဖို့က အလွန်လည်း ခက်တယ် … တိတ်ဆိတ် ချောင်ကျတဲ့ နေရာတစ်ခုကို အရင်ရှာပြီး တံခါးပိတ် လေ့ကျင့်သင့်တယ် … ဒါမှ ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကို ဝင်ရောက်နိုင်ဖို့ အခွင့်အရေး ပိုများလာလိမ့်မယ် … ပြီးတော့ စိတ်စွမ်းအင်ပါတဲ့ စမ်းရေနဲ့ နှင်းရေကလည်း လုံလောက်မှာ မဟုတ်တော့ဘူး … မင်း ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကို ဝင်ရောက်ဖို့ ကြိုးစားတဲ့အခါ စိတ်စွမ်းအင်တွေ အများအပြား လိုလိမ့်မယ် … ဒါကြောင့် ရေငွေ့ရည်တွေကို ပိုပြီး စုဆောင်း ထားသင့်တယ် …” စစ်ထူနန်က ပြောလိုက်၏။

ဝမ်လင်းက ခေါင်းညိတ်ပြီး ပြောလိုက်သည် …

“ရေငွေ့ရည်က ရဖို့ အလွန်ခက်တယ် … ရေငွေ့ရည် စုဆောင်းဖို့ဆိုရင် အချိန်တွေ အများကြီး လိုလိမ့်မယ် …”

စစ်ထူနန်က သက်ပြင်းချပြီး ပြောလိုက်သည် …

“စိတ်ဝိညာဉ် လှုပ်ရှားမှုအဆင့်က ကောင်းကင်နဲ့ မြေကြီးက စိတ်စွမ်းအင်တွေကို သုံးပြီး ခန္ဓာကိုယ်ကို သန့်စင်ရတာပဲ … ခန္ဓာကိုယ် သန့်စင်ခြင်း အတွက် အခြေခံ အုတ်မြစ်ချ နေတာလို့ ပြောလို့ရတယ် … အခုချိန်မင်းက ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကို ချိုးဖြတ်လို့ရတယ် … ဒါပေမဲ့ ငါ အကြံပေးချင်တာက အလွှာ၁၅ထိ ရောက်အောင် စောင့်စေချင်တယ် … မင်းရဲ့ ပင်ကိုစွမ်းရည်က ကောင်းတဲ့ထဲ မပါဘူး … ပြီးတော့ နှစ်၂၀ကျော် ငါ့ရဲ့ စွမ်းအားနဲ့မင်းကို ကူညီ ပေးထားတာတောင် ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကို ရောက်ဖို့က အလွန်ခက်တယ် … ငါ့မှာ ခန္ဓာကိုယ် ရှိသေးရင်တောင် မင်းကို ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် ရောက်အောင်ပဲ လုပ်ပေးနိုင်မှာ … မင်းကို အများကြီး ကူညီပေးနိုင်မှာ မဟုတ်ဘူး …”

“ပြီးတော့ မင်းမှာ တိုက်ခိုက်ရေး နည်းစနစ်က အရမ်း ရိုးရှင်းပြီး တစ်ခုတည်း ရှိတယ် … ကံဆိုးစွာနဲ့ ငါ့မှာရှိတဲ့ နည်းစနစ်တွေ ကလည်း အနည်းဆုံး ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကို ရောက်မှ အသုံးပြုလို့ရမယ် … မင်း ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကို မြန်မြန် ရောက်အောင် ကြိုးစားပါ … ဒါဆို ငါ မင်းကို တစ္ဆေလောက ပျံတက်ခြင်း နည်းစနစ်ကို သင်ပေးနိုင်တယ် …”

ဝမ်လင်းက မှင်သက်သွားပြီး ပြန်မေး လိုက်သည် …

“တစ္ဆေလောက ပျံတက်ခြင်း နည်းစနစ် … ဟုတ်လား …”

စစ်ထူနန်က ဂုဏ်ယူဟန်ဖြင့် ပြောလိုက်သည် …

“ဟုတ်တယ် … ငါ့ရဲ့ အဆင့်၆နိုင်ငံမှာ ဒီနည်းစနစ်က အမြင့်ဆုံး နည်းစနစ်တစ်ခုပဲ … တစ်ခု မကောင်းတာက ဒါကို လေ့ကျင့်ဖို့အတွက် ယင်ဒြပ်စင်များများ ရှိတဲ့ နေရာတစ်ခု လိုတယ် … မဟုတ်ရင် ကျင့်စဉ် တိုးတက်မှုက နှေးကွေး နေလိမ့်မယ် … ဒါပေမဲ့ အေးခဲ စိတ်စွမ်းအင်တွေက အရမ်း စွမ်းအားကောင်းတယ် … ဒီနည်းစနစ်မှာ မင်း အထွတ်အထိပ်ကို ရောက်သွားရင် အဆင့်၇နိုင်ငံက ကျင့်ကြံသူတွေ ကိုတောင် ယှဉ်တိုက် နိုင်လိမ့်မယ် … မနက်ဖြန် ကျမ်းဆောင်ကို သွားပြီး အဲဒီမှာ ဘာတွေရှိလဲ ကြည့်ခဲ့ပေါ့ ဒါပေမဲ့ မင်း ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကို ရောက်သွားရင်တော့ တစ္ဆေလောက ပျံတက်ခြင်း နည်းစနစ်ကို လေ့ကျင့်ရမယ် …”

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီး ခေါင်းညိတ် လိုက်သည်။

“ပြီးတော့ … အကောင်းဆုံးက ကောင်းကင်ဘုံ ဆန့်ကျင်သော ပုတီးစေ့ကို သိုလှောင်အိတ်ထဲ ထည့်မထားနဲ့ … ဖြစ်နိုင်ရင် မင်းရဲ့ရင်ဘတ်နဲ့ အနီးဆုံးမှာထား … ဒါဆို မင်း အိပ်မက်နယ်မြေထဲ မရှိလည်း ငါ မင်းကို ဆက်သွယ် နိုင်လိမ့်မယ် … ပြီးတော့ မင်းလည်း ငါ့ကို ဖြတ်ပြီး အိပ်မက်နယ်မြေထဲ ဝင်ရောက် နိုင်လိမ့်မယ် …”

စစ်ထူနန်နှင့် စကားပြောရင်း အချိန်များက ကုန်ဆုံးလာ၏။ အိပ်မက်နယ်မြေထဲတွင် ၂ရက်နေပြီးနောက် ဝမ်လင်း နိုးလာသည်။

ဝမ်လင်းက ခြေချိတ်ထိုင်ပြီး ပုတီးစေ့ကို ရင်ဘတ်နှင့် ကပ်ထားလိုက်သည်။ ထို့နောက် စိတ်စွမ်းအင် အရည်များကို သောက်ပြီး တစ်ညလုံး ကျင့်စဉ် ကျင့်နေတော့၏။

နောက်တစ်နေ့ နံနက်ခင်းတွင် ဝမ်လင်းက တံခါးကို ဖွင့်လိုက်သည်။ သူက လေထဲသို့ ပျံတက်သွားပြီး အဓိက ခန်းမရှိရာ အရပ်သို့ ပျံသန်းသွား၏။

အဓိက ခန်းမဆီသို့ ဝမ်လင်း ရောက်ရောက်ချင်း ဟွမ်လုံက လမ်းလျှောက်ပြီး ထွက်လာသည်။ သူက ဝမ်လင်းကို ဖော်ရွေစွာ ပြုံးပြပြီး ပြောလိုက်၏ …

“ဝမ်လင်း … ငါနဲ့လိုက်ခဲ့ …”

ဟွမ်လုံကလည်း လေထဲသို့ ပျံတက်သွားပြီး ဝမ်လင်းကလည်း သူ့နောက်မှ လိုက်သွား၏။ အချိန်အနည်းငယ် ကြာပြီးနောက် သူတို့သည် ဟုန်ယွီတောင်၏ တောင်ထိပ် အခွဲတစ်ခုဖြစ်သည့် ထင်းရှူး တောင်ထိပ်သို့ ရောက်ရှိသွားသည်။

သူတို့သည် မနေ့က ပြိုင်ပွဲကွင်းပြင်ကို ဖြတ်ကျော်လာပြီး ရှေ့ဆက်သွားနေကာ ထူးဆန်းသော ကျောက်တုံးတချို့ ရှေ့တွင် ရပ်လိုက်၏။

ဟွမ်လုံက ပြောလိုက်သည် …

“ဝမ်လင်း ဒီနေရာက ဟုန်ယွီဂိုဏ်းရဲ့ တားမြစ်နေရာ တစ်ခုပဲ … ဒီနေရာက ပင်မ အကြီးအကဲ နှစ်ယောက်နဲ့ အကြီးအကဲ ဆယ်ယောက် လေ့ကျင့်တဲ့နေရာပဲ … ဒါကြောင့် မင်းရဲ့နတ်ဘုရား စိတ်အာရုံကို အရမ်းကာရော မထုတ်လိုက်နဲ့ … သူတို့ကို စိတ်အနှောင့်အယှက် ပေးသလို ဖြစ်သွားလိမ့်မယ် …”

ဝမ်လင်းက ချက်ချင်း သဘောတူ လိုက်သည်။

ဟွမ်လုံက လေးကို ပြင်းပြင်း ရှူလိုက်ပြီး ခရမ်းရောင် ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူကာ လေထဲသို့ ပစ်လိုက်ကာ အစီအရင် တစ်ခုကို လက်ဖြင့် ပုံဖော်လိုက်သည်။ ထို့နောက် လေထဲသို့ လက်ကို အားဖြင့် လွှဲယမ်းလိုက်ပြီး ပါးစပ်မှလည်း တိုးတိုးလေး ရွတ်လိုက်သည် … “ပွင့်စမ်း …”

ခရမ်းရောင် ကျောက်စိမ်းပြားက လျင်မြန်စွာ တောက်ပလာပြီး ခရမ်းရောင် ကျောက်စိမ်းပြားမှ စက်ဝန်းတစ်ခုက တဖြည်းဖြည်း ကျယ်ပြန့် လာသည်။ ထိုစက်ဝိုင်းက လူတစ်ယောက် ဖြတ်သွား နိုင်လောက်သည် အထိ ကြီးသွား၏။

ဟွမ်လုံက ဘာစကားမှ ထပ်မပြောဘဲ အထဲသို့ ဝင်သွားသည်။ ဝမ်လင်းက အနည်းငယ် တုံ့ဆိုင်းသွားပြီး သူ့နောက်မှ လိုက်ဝင်သွား၏။ သူ ဝင်လိုက်သည်နှင့် သူ့မျက်လုံးများ မှုန်ဝါးသွားသည်။ သူ့မျက်လုံးများ ပြန်ကြည်လင် လာသောအခါ အိုဟောင်းပြီး ရှည်သော အဆောက်အဦများကို မြင်လိုက်ရ၏။ အဆောက်အဦများမှ ထွက်လာသော အရှိန်အဝါက သူ့ကို အသက်ရှူ မဝသလိုပင် ခံစားရစေသည်။

ထိုအချိန်တွင် သူ့ကို နတ်ဘုရား စိတ်အာရုံ၇ခု၊ ၈ခုက စစ်ဆေးလာသည်။ ထို့နောက် အသံတစ်ခု ထွက်လာသည် …

“မင်းက ဝမ်လင်းလား … မဆိုးဘူး …”

ဝမ်လင်း၏ စိတ်ထဲတွင် အချက်ပေးသံများ ဆူညံသွားပြီး လေးစားစွာ ပြန်ပြောလိုက်သည် …

“တပည့်ဝမ်လင်းက အကြီးအကဲများကို လာရောက် တွေ့ဆုံပါတယ် …”

ဝမ်လင်း ပြောလိုက်သည့် အချိန်မှာပင် စစ်ထူနန်၏ အသံလည်း သူ့စိတ်ထဲတွင် ထွက်ပေါ်လာသည် …

“ဒီနေရာက ဂိုဏ်းအသေး တစ်ခုနဲ့တောင် တူသေး … အမြုတေ ဖွဲ့တည်ခြင်း အဆင့်၂ယောက်နဲ့ ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့်၁၀ယောက် … မဆိုးပါဘူး …”

ဟွမ်လုံ၏မျက်နှာက အကြီးအကျယ် ပြောင်းလဲသွားပြီး ဝမ်လင်းကို ကြိမ်းမောင်း လိုက်သည် … “ဘာအကြီးအကဲလဲ … ဒါက ဘိုးဘေး …”

ဝမ်လင်း မှင်တက်သွားသည့် အချိန်တွင် အသံက ထွက်ပေါ် လာပြန်သည် …

“ဒါက အဆင်ပြေပါတယ် … ဒီနေရာမှာ အဲဒါတွေက အရေးမကြီးဘူး … ဝမ်လင်း … မင်းက ဒီတစ်ကြိမ်မှာ ဂိုဏ်းအတွက် အကြီးကြီး အကျိုးဆောင်ခဲ့တာပဲ … ဒါကြောင့် ကျမ်းဆောင်ထဲက ဘယ်နည်းစနစ်ကိုမဆို မင်းရွေးချယ်နိုင်တယ် … ဒီကျမ်းဆောင်ကို ပင်မဝန်းထဲက ကျမ်းဆောင်နဲ့ မယှဉ်နဲ့ … ဒီကျမ်းဆောင်ကမှ ဟုန်ယွီဂိုဏ်းရဲ့ အစစ်အမှန် ကျမ်းဆောင်ပဲ … ဒီကျမ်းဆောင်ထဲမှာ နည်းစနစ်ပေါင်း ၁၀၀၀၀ကျော် ရှိတယ် … မင်း ဒီကျမ်းဆောင်နဲ့ ကျောင်းနိုင်ငံထဲက ဘယ်ဂိုဏ်းက ကျမ်းဆောင်နဲ့မဆို နှိုင်းယှဉ် ကြည့်နိုင်တယ် … ဒီလောက်များတဲ့ ကျင့်စဉ်တွေ ဘယ်ဂိုဏ်းမှာ မရှိဘူး … မင်း လောဘမကြီးဘဲ မင်းနဲ့သင့်တော်တဲ့ နည်းစနစ်ကိုပဲ ရွေးပါ… ဟွမ်လုံ… သူ့ကို အထဲခေါ်သွားလိုက် …”

ဝမ်လင်း၏ စိတ်ထဲတွင် စစ်ထူနန်က အထင်သေး အမြင်သေးဖြင့် ပြောလိုက်သည် … “အမြုတေ ဖွဲ့တည်ခြင်း အဆင့်က ဘိုးဘေးလား … ငါ ငယ်ငယ်တုန်းက အမြုတေ ဖွဲ့တည်ခြင်း အဆင့် အားလုံးက ငါ့ကို ဖားရတာ … တချို့ အမြုတေ ဖွဲ့တည်ခြင်း အဆင့် မိန်းကလေးတွေဆို ငါနဲ့အိပ်ရဖို့ သူတို့ရဲ့ အောက်ခံ ဘောင်းဘီတွေကိုတောင် ချွတ်ပြီး လာရတာ …”

စစ်ထူနန်၏ စကားကို မကြားသကဲ့သို့သာ ဝမ်လင်းက နေလိုက်တော့သည်။

ဟွမ်လုံက အလျင်အမြန် ပြန်ဖြေလိုက်ပြီး ဝမ်လင်းကို အဆောက်အဦ တစ်ခုဆီသို့ ခေါ်သွား၏။ ထိုအဆောက်အဦက အလွန်ရှေးကျသော အငွေ့အသက်များ ထွက်ပေါ်နေပြီး စာကြည့်တိုက် အဟောင်းတစ်ခုနှင့်ပင် တူနေ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset