Switch Mode

အပိုင်း (၅၉)

စစ်ဆေး မေးမြန်းခြင်း

လုယွင်ကျဲ၏ ခန္ဓာကိုယ်က တုန်တုန်ယင်ယင် ဖြစ်သွား၏။ သူက ဝမ်လင်းကို အားတင်း၍ ပြုံးပြပြီး ပြောလိုက်သည် …။

“ဝမ် … အစ်ကို ဝမ်လင်း တစ်ခုခုများ လိုအပ်လို့လား … စွမ်းအင်စုစည်းဆေး တချို့ လိုချင်ရင် ငါ့မှာ တော်တော်များများ ကျန်သေးတယ် … အဲဒါတွေကို ငါ မင်းကို ပေးနိုင်ပါတယ် …”

“ဂိုဏ်းတူ အစ်ကိုလု ဆီကနေ ကျွန်တော် လိုချင်တဲ့ဟာက ဆေးအကူ ဝမ်ဟိုပဲ …”

ဝမ်လင်းက လုယွင်ကျဲကို စိုက်ကြည့်ပြီး ပြောလိုက်၏။ ယခင်က သူသည် လုယွင်ကျဲကို ဆန့်ကျင်ရန် အတွက် ယုံကြည်ချက် မရှိပေ။ သို့သော်လည်း ယခုအချိန်တွင်မူ သူ၏ အစွမ်းကို ကောင်းကောင်း နားလည်နေပြီ ဖြစ်၏။

လုယွင်ကျဲ၏ အမူအရာက ပျက်ယွင်းလာပြီး စိတ်ထဲတွင်လည်း ခါးသီးစွာ ရယ်မောလိုက်သည်။ လုယွင်ကျဲက အံကြိတ်ပြီး ပြောလိုက်သည် …။

“ဝမ်လင်း … ဝမ်ဟိုက ငါ့ရဲ့ ဆေးအကူ တစ်ယောက်ပဲ … သူက ငါ့ရဲ့ ဆေးဖန်တီးခြင်းမှာ အရမ်း အရေးပါတယ် … ဒါကြောင့် ငါ သဘောမတူနိုင်ဘူး …”

ဘေးတွင် ရပ်နေသည့် ဟွမ်လုံက ပဟေဠိ ဖြစ်သွားကာ အော်ပြော လိုက်သည် …။

“လုယွင်ကျဲ … အဲဒါ ဆေးအကူ တစ်ယောက်ပဲ မဟုတ်လား … ဘယ်လိုလုပ် အရေးပါသွား ရတာလဲ …”

လုယွင်ကျဲ၏ မျက်နှာက ပိုပျက်လာပြီး ပြောလိုက်၏ …။

“ဂိုဏ်းခေါင်းဆောင် … ကျွန်တော် စည်းကမ်းတွေကို မလိုက်နာ ခဲ့မိပါဘူး … ဝမ်ဟိုက ပြီး …”

ဝမ်လင်း၏ မျက်နှာ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားပြီး ဟုန်ယွီ တောင်ထိပ်ဆီသို့ ပြေးထွက်သွား၏။

ဟွမ်လုံနှင့် တခြား အကြီးအကဲများ ကလည်း စိတ်ရှုပ်ထွေးနေသည့် ဟန်ဖြင့် သူ့နောက်မှ လိုက်သွားကြ၏။ တောက်ရှုက လုယွင်ကျဲကို ဖမ်းခေါ်လာပြီး ဝမ်လင်း နောက်သို့ လိုက်သွား၏။

မကြာမီ ပင်မဝင်းထဲမှ ဆေးဝါး အဆောင်သို့ ဝမ်လင်း ရောက်သွား၏။ သူက နတ်ဘုရား စိတ်အာရုံဖြင့် နေရာတစ်ခုလုံးကို စစ်ဆေး ကြည့်လိုက်ရာ လျှို့ဝှက်ခန်း တစ်ခုထဲတွင် အားနည်းနေသော ဝမ်ဟိုကို တွေ့လိုက်ရသည်။ အခန်းထဲသို့ ဝမ်လင်း ရောက်သွားချိန်တွင် သူ့ဒေါသက အမြင့်ဆုံးထိ ရောက်သွား၏။

ဝမ်ဟိုက ကြီးမားသော ဆေးမီးဖိုကြီးထဲတွင် ခြေချိတ် ထိုင်နေသည်။ သူ၏ အသက်စွမ်းအား များကလည်း နည်းသထက် နည်းလာနေသည်။

ဝမ်လင်းက ချက်ချင်း သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ဆွဲငင်အား ပညာရပ်ဖြင့် ဝမ်ဟိုကို ဆွဲထုတ် လိုက်သည်။ ဆွဲငင်အား ပညာရပ်ဖြင့် ဖန်တီးထားသည့် လက်ကြီးက ဆေးမီးဖိုနှင့် နီးကပ် လာသောအခါ ဆေးမီးဖိုထဲမှ သက်တံရောင် အလင်းများ ထွက်ပေါ်လာပြီး ဝမ်လင်း ဖန်တီးထားသည့် လက်ကြီးကို တားဆီးလိုက်သည်။

ဝမ်လင်းကလည်း ဆွဲငင်အား ပညာရပ်ကို အမြင့်ဆုံးထိ ထုတ်သုံးလိုက်ရာ သက်တံရောင် အလင်းကို ဖြိုခွဲလိုက်နိုင်သွား၏။ ဝမ်လင်းက ဝမ်ဟိုကို ညင်သာစွာ ထုတ်ယူလိုက်ပြီး ကြမ်းပြင်ပေါ်သို့ ချထားလိုက်သည်။

ဝမ်လင်းက သူ၏ ညာလက်ကို ဝမ်ဟို၏ နဖူးပေါ်သို့ တင်ပြီး မျက်လုံးကို မှိတ်ကာ ငြိမ်သက် သွား၏။

ထိုအချိန်တွင် ဟွမ်လုံနှင့် တခြား အကြီးအကဲများ ရောက်ရှိလာသည်။ မျက်နှာနီနီနှင့် အကြီးအကဲက ဆေးမီးဖိုကို တစ်လှည့် ဝမ်ဟိုကို တစ်လှည့် ကြည့်ပြီး သူ၏ မျက်နှာက အကြီးအကျယ် ပြောင်းလဲသွားပြီး အော်လိုက်မိသည် … “မီးပြင်းဖို စမ်းသပ်ခြင်း …”

တောက်ရှုက သူ့လက်ထဲမှ လုယွင်ကျဲကို သေချာကြည့်ပြီး မြေပြင်ပေါ်သို့ ပစ်ချကာ ပြောလိုက် သည် …

“လုယွင်ကျဲ … မင်းက အရမ်းတွေ သတ္တိ ကောင်းနေပါလား … မင်းကို သတိပေးထားတယ် … ဒီကျင့်စဉ်ကို ဂိုဏ်းထဲက လူတွေအပေါ်မှာ မသုံးခိုင်း ထားတာ မေ့နေပြီလား …”

လုယွင်ကျဲ၏ မျက်နှာက ဖြူရော်သွားပြီး မြေပေါ်သို့ ဒူးထောက်ကာ ပြောလိုက်သည် …

“ကျွန်တော် ဂိုဏ်းကို အသက် (၁၅)နှစ်မှာ ဝင်လာတယ် … အခု (၂၅)နှစ်ကျော် လေ့ကျင့်တာတောင် ကျွန်တော်က အလွှာ (၆)ကိုပဲ ရောက်သေးတယ် … ကျွန်တော် အရှုံးမပေးချင်ဘူး … မီးပြင်းဖို စမ်းသပ်ခြင်း ကျင့်စဉ်သာ အောင်မြင်သွားရင် ရလာတဲ့ ဆေးလုံးက ကျွန်တော့်ရဲ့ အသက်ကို ဆွဲဆန့် ပေးနိုင်လိမ့်မယ် … ဒါကြောင်မို့ လုပ်ခဲ့မိတာပါ … ဝမ်ဟိုက ကျွန်တော့်ရဲ့ ဆေးအကူ တစ်ယောက်ပဲလေ … ဂိုဏ်းရဲ့ စည်းမျဉ်းတွေ အရဆို သူက ဂိုဏ်းရဲ့ အစိတ်အပိုင်း တစ်ခု မဟုတ်တဲ့ အတွက် ကျွန်တော် လုပ်ချင်သလို လုပ်လို့ရတယ် …”

ဝမ်လင်းက သူ့မျက်လုံးကို ဖွင့်လိုက်သည်။ အစောပိုင်းတုန်းက ဝမ်ဟို၏ အသက် အရေးကြီးသည့် အခြေအနေကို ရောက်ရှိနေပြီး ဝမ်ဟို၏ ကိုယ်ထဲသို့ သူ၏ စိတ်စွမ်းအင်များ သွင်းပေး လိုက်သောကြောင့် ဝမ်ဟို၏ အသက်ကို ကယ်လိုက် နိုင်သည်။ သူက လုယွင်ကျဲ၏ စကားကို ကြားပြီးနောက် နှာခေါင်းရှုံ့လိုက်၏။

ဟွမ်လုံ ဝေခွဲရ ခက်နေသည်။ တစ်ဖက်က ပါရမီရှင် ဝမ်လင်း၊ တစ်ဖက် (၂၅)နှစ်လုံးလုံး သစ္စာ ရှိလာသည့် လုယွင်ကျဲ။ နောက်ဆုံးတွင် သူက ခက်ခဲသည့် ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်သည်။ သူက ဆုံးဖြတ်ချက် ချပြီးသည်နှင့် တောက်ရှုကို မေးလိုက်၏ …

“ဂိုဏ်းတူညီ တောက်ရှု … မင်းက စည်းကမ်း ထိန်းသိမ်းရေးမှူးပဲ … လုယွင်ကျဲ ကိစ္စကို ဘယ်လို ဖြေရှင်းမလဲ … ”

ထိုစကားကိုကြားပြီး တောက်ရှုက ဂိုဏ်းခေါင်းဆောင်၏ ဆုံးဖြတ်ချက်ကို နားလည်သွားပြီး ချက်ချင်း ပြောလိုက်သည် …

“သီးခြားနေရာမှာ နှစ်(၂၀) သွားနေရမယ် … ”

ဟွမ်လုံက ခေါင်းညိတ်ပြီး ဝမ်လင်းဘက်ကို လှည့်ကာ ပြောလိုက်သည် …

“ဝမ်လင်း … အခုကစပြီး ဝမ်ဟိုက ပင်မ တပည့်တစ်ယောက် ဖြစ်သွားပြီ … ဒါက သူ့အတွက် နစ်နာခဲ့တာ အတွက် ပြန်လုပ်ပေးတာပဲ … မင်းလည်း လုယွင်ကျဲဆီ သွားပြီး ပြဿနာ မရှာရဘူး … အားလုံးက ဂိုဏ်းသား အချင်းချင်းတွေ ချည်းပဲ … နည်းနည်း သည်းခံပေးပါ …”

ဝမ်လင်းက လုယွင်ကျဲကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည် …

“တပည့်လိုက်နာပါ့မယ် …”

ဟွမ်လုံက အင်္ကျီလက်အိုးကို ဝှေ့ယမ်းပြီး ပြောလိုက်သည် …

“ဒီကိစ္စကို ဖြေရှင်းပြီးသွားပြီ … တောက်ရှု … မင်းက ဒီနေရာမှာ ဝမ်ဟိုကို ကုသပေးဖို့ စီစဉ် လိုက်ပါဦး … ဝမ်လင်း ငါ့နောက်လိုက်ခဲ့ …”

ထိုအခန်းထဲမှ ထွက်ကာ လေထဲသို့ ပျံတက်သွားပြီး ဝမ်လင်းကို စောင့်နေ၏။

တောက်ရှုက ဝမ်လင်းကို ကြည့်ပြီး ပြုံးပြလိုက်သည် …

“တူတပည့် ဝမ်လင်း … စိတ်ပူမနေပါနဲ့ … ဝမ်ဟိုကို ငါ့လက်ထဲမှာ စိတ်ချလက်ချ ထားခဲ့ပါ … “ သူက အသက်ရှင်နေ သေးမှတော့ ပြန်ကောင်းလာဖို့ နည်းလမ်း ငါ ရှာနိုင်မှာပါ …”

ဝမ်လင်းက ခေါင်းညိတ်လိုက်သည်။ အနည်းငယ် သက်သာလာသည့် ဝမ်ဟို၏ မျက်နှာကို ကြည့်လိုက်ပြီး သူက ဆေးဝါး အဆောင်မှ ထွက်ကာ ဟွမ်လုံနောက်သို့ နောက်သွား၏။

ဝမ်လင်းက တစ်ချိန်လုံး တွေးတောနေသည်။ သူနှင့် နှစ်ယောက်တည်း စကားပြောချင်သည့် ဂိုဏ်းခေါင်းဆောင် ဟွမ်လုံ၏ ရည်ရွယ်ချက်ကို ဝမ်လင်း နားလည်ပေသည်။ ဟွမ်လုံက ဝမ်လင်းကို အဓိက ခန်းမထဲသို့ ခေါ်လာ ပြီးသည်နှင့် ရုတ်တရက် အော်ပြောလိုက်၏ …

“ဝမ်လင်း … မင်းက တော်တော် သတ္တိရှိနေတာပဲ …”

ဝမ်လင်း၏ အမူအရာက ပြောင်းလဲမသွားဘဲ တည်ငြိမ်စွာဖြင့် ပြောလိုက်သည် …

“ဂိုဏ်းခေါင်းဆောင် … ပြောစရာရှိရင် ပြောပါ …”

ဟွမ်လုံက ပြောလိုက်သည် …

“ပြိုင်ပွဲမှာတုန်းက မင်း ဘာကျင့်စဉ်ကို သုံးခဲ့တာလဲ …”

ဝမ်လင်းက ရယ်ပြီး ပြန်ဖြေလိုက်၏ …

“ဆွဲငင်အား ကျင့်စဉ်ပါ … ဂိုဏ်းခေါင်းဆောင် မယုံရင် သေသေချာချာ ကြည့်ထားပါ …”

ပြောပြီးသည်နှင့် ဝမ်လင်းက ဆွဲငင်အား ပညာရပ်ကို အသုံးပြုပြီး ခန်းမထဲရှိ စားပွဲနှင့် ထိုင်ခုံများကို ဆွဲယူပြီး စက်ဝိုင်းသဏ္ဌာန် လှည့်ပြလိုက်သည်။ ထို့နောက် စားပွဲနှင့်ထိုင်ခုံများကို အရင်နေရာတွင် ပြန်ထားလိုက်၏။

ဟွမ်လုံးက သေသေချာချာ ကြည့်ပြီးနောက် အနည်းငယ် စဉ်းစား ကြည့်ပြီးနောက် ရုတ်တရက် မေးလိုက်သည် …

“မင်းက အခုမှ တတိယ အလွှာကိုပဲ ရောက်သေးတာလေ … ဘာလို့ ဒီလောက်တောင် စွမ်းအား ပြင်းနေရတာလဲ … မင်းရဲ့ အစစ်အမှန် အဆင့်က ဘယ်လောက်လဲ … ဝမ်လင်း ငါ့ကို အမှန်ပြောပါ … ”

ဝမ်လင်း၏ မျက်နှာတွင် ခါးသက်သည့် အမူအရာတစ်ခု ပေါ်လာပြီး ပြန်ဖြေလိုက်သည် …

“တပည့် ဒါကို သေသေချာချာ မသိပါဘူး … ဒီလိုပဲ လေ့ကျင့်ရင်းနဲ့ ဒီလိုဖြစ်လာတာပဲ … ကျွန်တော် ရောက်နေတဲ့ အဆင့်နဲ့ ပတ်သက်လို့ တကယ် မသိပါဘူး …”

ဟွမ်လုံက ဝမ်လင်းကို စိုက်ကြည့်ပြီး ပြောလိုက်၏ …

“ဝမ်လင်း … မင်း ငါ့ကို မပြောပြချင်လို့လား …”

ဝမ်လင်း၏ မျက်နှာက ရှုံ့မဲ့သွားပြီး ဖြေလိုက်သည် …

“တပည့် တကယ် မသိတာပါ … ”

ဟွမ်လုံက မသိမသာ သက်ပြင်း ချလိုက်သည်။ ဝမ်လင်းကို ဖိအား မပေးချင်ပေ။ မည်သို့ပင် ဖြစ်စေကာမူ ဝမ်လင်း၏ ဟုန်ယွီ ဂိုဏ်းသားတစ်ယောက် ဖြစ်ပြီး သူက ဂိုဏ်းအတွက် ဂုဏ်ဆောင် ပေးထားသည့် တပည့် တစ်ယောက်လည်း ဖြစ်၏။ သူက ပင်မ တပည့်ကြားထဲမှ ကြည့်ပွင့်တစ်ပွင့် ဖြစ်သည်။ ထိုအကြောင်းကို တွေးမိလိုက်သည်နှင့် ဟွမ်လုံက ဝမ်လင်းကို ဖော်ရွေစွာ ပြုံးပြပြီး ပြောသည် …

“ရွှမ်တောက်ဂိုဏ်းကို ပေးလိုက်တဲ့ ပုလင်းထဲမှာ ဘာပါလဲ …”

ဝမ်လင်းက တခစ်ခစ် ရယ်လိုက်သည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ပုလင်းသေးနှစ်ခု ထွက်ပေါ်လာသည်။ သူက ပုလင်းနှစ်လုံးကို ဟွမ်လုံးအား ပေးပြီး ပြောလိုက်၏ …

“ဂိုဏ်းခေါင်းဆောင် ဒါကို ပြောနေတာထင်တယ် … ဒါဆို ကျွန်တော့်ထက်တောင် ပိုသိရဦးမယ် … ဒါက တောင်အနောက်ဘက်က စမ်းရေတွေလေ …”

***

Comment

Leave a Reply

Options

not work with dark mode
Reset