ရွှမ်တောက်ဂိုဏ်းမှ တပည့်အားလုံး ဒေါသ အကြီးအကျယ် ထွက်သွားကြသည်။ စိတ်ထဲမှလည်း ဝမ်လင်းကို အရမ်း မောက်မာသည်ဟု ကောက်ချက်ချလိုက်၏။ သို့သော်လည်း မည်သူမှ တက်မသွားရဲကြချေ။ အကြီးအကဲအိုးယန်နှင့် တခြား အကြီးအကဲ နှစ်ယောက်ကလည်း ဝမ်လင်းကို စူးစူးဝါးဝါး ကြည့်နေကြသည်။
ဝမ်လင်းသည် ခေါင်းကို မော့ပြီး ရယ်မောလိုက်၏။ သူ၏ လက်ရှိဖြစ်နေသည့် အခြေအနေက ကျိုးဖန်း လုပ်ခဲ့သည့် အခြေအနေနှင့် တစ်ပုံစံတည်း ဖြစ်နေလေသည်။ သူက သရော်ပြီး မေးလိုက်သည် …
“ရွှမ်တောက်ဂိုဏ်းက တပည့်တွေက တစ်ပြိုင်တည်း အကုန်တက်လာ ရမှာကိုတောင် ကြောက်နေကြတာလား …”
ဟုန်ယွီ ဂိုဏ်းသား အားလုံးက ဝမ်လင်းကို ကျယ်လောင်စွာ အော်ဟစ်ပြီး ဩဘာ ပေးလိုက်ကြ၏။
“ရွှမ်တောက်ဂိုဏ်းက အကုန်လုံးက အသုံးမကျတဲ့ ကောင်တွေလား … တစ်ပြိုင်တည်း အတူ တက်လာ ရမှာကိုတောင် ကြောက်နေကြတယ် … အရင်က မာန်မာနတွေ ဘယ်ရောက် ကုန်ပြီလဲ … ထွက်ခဲ့ကြစမ်းပါ … ”
“ဂိုဏ်းတူ အစ်ကိုဝမ်က ပြိုင်ဘက်ကင်းပဲ … ရွှမ်တောက်ဂိုဏ်းက ကောင်တွေကို ကောင်းကောင်း ဆုံးမ ပစ်လိုက်စမ်းပါ … ”
“မင်းတို့ရဲ့ ဂိုဏ်းတူအစ်ကိုကြီးက လုံလောက်အောင် သန်မာမှု မရှိသေးဘူး … ဒုတိယဂိုဏ်းတူ အစ်ကိုကြီးကလည်း အတူတူပဲ … တတိယ ဂိုဏ်းတူအစ်ကိုကြီးရော ရှိသေးလား … မင်းတို့ အကုန်လုံးသာ တက်သွားလိုက်ပါကွာ …”
“လျိုဖန်း … ထွက်လာပြီး အရိုက် ခံကြည့်စမ်းပါ …”
ဟုန်ယွီ ဂိုဏ်းသားများက ပိုပြီး ဗရုတ် ကျလာသကဲ့သို့ ဟွမ်လုံ၏ အပြုံးလည်း ပိုမို ပီပြင်လာပြီး ပါးစပ်က နားရွက်ပင် ချိတ်မိတော့မည် ဖြစ်၏။
နောက်ဆုံးတွင် ရွှမ်တောက် ဂိုဏ်း၏ တပည့်တစ်ယောက်က မနေနိုင်တော့ပဲ ပြန်အော်ပြော လိုက်သည်။
“ဝမ်လင်း … မင်းက မောက်မာလွန်းတယ် … မင်းက ငါတို့ အားလုံးကို အတူတက်လာ ခိုင်းတယ်ပေါ့ … ညီအစ်ကိုတို့ ငါတို့အားလုံး တက်ပြီး သူ့ကို ဆုံးမကြမယ် …”
“မှန်တယ် … ဒါက သူတောင်းဆိုတာပဲ … စည်းမျဉ်းကို ချိုးဖောက်တာ မဟုတ်ဘူး … အကြီးအကဲ ကျွန်တော်တို့ကို သွားခွင့်ပြုပါ …”
“အကြီးအကဲ … ဝမ်လင်းက မောက်မာလွန်းတယ် … ကျွန်တော်တို့ အားလုံးကို သွားခွင့်ပြုပါ …”
ရွှမ်တောက်ဂိုဏ်း၏ တပည့်များက တစ်ယောက်ပြီး တစ်ယောက် မေးလာကြသောအခါ အကြီးအကဲအိုးယန်က အံကို တင်းတင်းကြိတ်ပြီး ပြောလိုက်သည်။
“ဟုန်ယွီဂိုဏ်းက တောင်းဆိုလာတာ ဆိုတော့ မင်းတို့အားလုံး စင်မြင့်ပေါ်ကို တက်ချင်တဲ့သူ တက်သွားလို့ရတယ် …”
သူပြောပြီးသည်နှင့် တပည့်၃ယောက်က စင်မြင့်ပေါ်သို့ ချက်ချင်း ခုန်တက်လိုက်ကြ၏။ တစ်စက္ကန့်ပင် မရှိသေးသည့် အချိန်အတွင် စင်မြင့်ထက်သို့ တပည့်(၈)ယောက် အထက် ရောက်လာကြသည်။ သူတို့ကြားထဲတွင် မိန်းကလေးတပည့် တချို့ပင် ပါ၏။ တစ်ယောက်က အော်လိုက်သည်နှင့် သူတို့က သူတို့၏ တိုက်ပွဲဝင် မှော်ရတနာများကို ထုတ်ယူပြီး ဝမ်လင်းကို တိုက်ခိုက် လိုက်ကြသည်။
ဝမ်လင်းက သူတို့ကို ဂရုမစိုက်ဘဲ ဆွဲငင်အား ပညာရပ်ဖြင့် လက်ကြီးများကို ဖန်တီးပြီး သူတို့ကို နောက်တွင်ရှိသည့် လူအုပ်ထဲသို့ ရိုက်ထုတ်လိုက်၏။ သူတို့ လွင့်ထွက်သွားသည်နှင့် တစ်ပြိုင်နက် ချက်ချင်း စင်မြင့်ထက်သို့ တပည့်များ ပျံသန်းပြီး ရောက်လာကြသည်။ ဝမ်လင်းက နောက်သို့ ခြေတစ်လှမ်းဆုတ်ပြီး ကြီးမားသော လက်ဖြင့် ပျံသန်းနေသည့် သူတို့ကို ဖမ်းဆွဲထားပြီး အဝေးသို့ လွှင့်ပစ်လိုက်၏။
လူအုပ်ထဲမှ အော်ဟစ်သံများက ထွက်ပေါ်လာသည်။ ရွှမ်တောက်ဂိုဏ်းမှ တပည့်များသည် တစ်ယောက်ပြီး တစ်ယောက် စင်မြင့်ထက်မှ လွင့်စဉ်ကျလာ၏။ သူတို့က မြေပြင်သို့ ကျပြီးသည်နှင့် ပြန်မထနိုင်ကြတော့ပေ။
ဝမ်လင်းကတော့ ပိုပြီး တိုက်ခိုက်လေ ဆွဲငင်အား ကျင့်စဉ်ပညာရပ်ကို ပိုပြီး သုံးတတ်လာလေ ဖြစ်နေသည်။ အချိန်ခဏလေး အတွင်းတွင် ရွှမ်တောက်ဂိုဏ်းဘက်မှ (၃)ယောက်သာ ကျန်တော့၏။ ထို(၃)ယောက်ထဲတွင် လျိုဖန်းသည် တစ်ယောက် အပါအဝင် ဖြစ်သည်။
ဝမ်လင်းက လူ(၃)ယောက်ကို ကြည့်ပြီး ရယ်မောကာ နောက်ဆုံးကျန်သော အနံ့ဆိုးဗုံးကို ထုတ်ယူလိုက်၏။
အနံ့ဆိုးဗုံးကို မြင်ပြီး လျိုဖန်း၏ မျက်နှာက အကြီးအကျယ် ပျက်သွားသည်။ သူက တခြား နှစ်ယောက်ကိုပင် ဂရုမစိုက်တော့ဘဲ အော်ပြောလိုက်သည် …
“အစ်ကိုဝမ် … ခွင့်လွှတ်ပေးပါ … ကျွန်တော် အရှုံးပါတယ် …”
သူက ပြောပြီးသည်နှင့် နောက်ဆုတ်ပြီး စင်မြင့်ပေါ်မှ လျင်မြန်စွာ ပြေးဆင်းသွား၏။ ကျိုးဖန်းနှင့် ယန်ရီ၏ အဖြစ်အပျက်ကို သူမြင်ပြီး ဖြစ်သည်။ သူလည်း ထိုအဖြစ်မျိုး မကြုံချင်ပေ။
နောက်ဆုံး ကျန်သည့် တပည့်နှစ်ယောက်က ရှုမူနှင့် လီရှန်ဖြစ်သည်။
ရှုမူကလည်း ချက်ချင်း အရှုံးပေးပြီး စင်မြင့်ပေါ်မှ ကိုးရိုးကားရားဖြင့် ပြေးဆင်းသွား၏။
လီရှန်၏ မျက်နှာက သောကများနှင့် ပြည့်နေသည်။ သူက ဝမ်လင်းကို အားထည့်ပြီး အော်ပြောလိုက်သည် …
“ဝမ်လင်း … လာခဲ့စမ်းပါ … မင်းရဲ့ နောက်ဆုံး အနံ့ဆိုးဗုံးကို ငါ့အပေါ် ပစ်လိုက်စမ်းပါ …”
သူ၏ သန်မာမှုနှင့် ဆိုလျှင် သူက နောက်ဆုံး ကျန်မည့်သူ ဖြစ်မလာနိုင်ပေ။ သို့သော်လည်း သူက စင်ပေါ် ရောက်သည်နှင့် လှဲချပြီး သေသလို ဟန်ဆောင် လိုက်သည်။ သူ့အပေါ် လူတချို့က တက်နင်း သွားကြသော်လည်း သူ့အနာဂတ် အတွက်ဆိုရင် တန်သည်ဟု ဆိုလို့ရသည်။
လီရှန်၏ အကြံက သူကိုယ်တိုင်လည်း အနံ့ဆိုးဗုံး ထိသွားလျှင် သူ၏ စီနီယာ အစ်ကိုနှစ်ယောက်က အနည်းငယ် သနားပြီး ရိုက်နှက် ဆုံးမလျှင်တောင်မှ အရမ်းကြီး ဆိုးလိမ့်မည် မဟုတ်တော့ပေ။
ဝမ်လင်းက လီရှန်ကို ကြည့်ပြီး မသိမသာလေး ပြုံးလိုက်၏။ သူက အနံ့ဆိုးဗုံးကို သိမ်းဆည်းလိုက်ပြီး ပြောသည် …။
“ဒီပစ္စည်းက ရတနာ ပစ္စည်းတစ်ခုပဲ … ဒါကြောင့် လက်လွတ်စပယ် မသုံးသင့်ဘူး … မင်း အောက်ကို ပြန်ဆင်း သွားလိုက်တော့ …”
သူ၏ ဆွဲငင်အား ပညာရပ်ဖြင့် လီရှန်ကို ကြက်ကလေး တစ်ကောင်ကဲ့သို့ ဆွဲယူပြီး စင်အောက်သို့ လွှင့်ပစ်လိုက်သည်။
အကြီးအကဲ အိုးယန်နှင့် တခြား အကြီးအကဲ နှစ်ယောက်လည်း အလွန် ဒေါသ ထွက်နေကြသည်။ ယခုအချိန်၌ သူတို့ စိတ်ထဲတွင် ဤနေရာမှ တွင်းတူး၍သာ ထွက်သွား ချင်နေတော့၏။
အလွန် ပျော်ရွှင်နေပုံရသည့် ဟွမ်လုံက မေးလိုက်သည် …
“သူငယ်ချင်း အိုးယန် … ငါတို့ ဂိုဏ်းနှစ်ခုကြားက ပြိုင်ပွဲမှာ ဘယ်ဂိုဏ်းနိုင်လဲ …”
အကြီးအကဲအိုးယန်က ခနဲ့သည့် လေသံဖြင့် ပြောလိုက်သည်။
“ဟုန်ယွီဂိုဏ်းက ဒီလို တပည့်မျိုး ရထားလို့ ကံကောင်းသွားတာပါ … ဒီပြိုင်ပွဲမှာ မင်းတို့နိုင်တယ် … ငါ အရင်က ပြောခဲ့တဲ့ စကားတွေက အမှန်ပဲ … မင်းတို့ ဟုန်ယွီဂိုဏ်းက စဦး စိတ်ဝိညာဉ် အဆင့်တွေ အားလုံး သေသွားပြီ … ဒီအိတ်ထဲမှာ မင်းတို့ လိုချင်တဲ့ ပစ္စည်းတွေ အားလုံး ရှိတယ် … သွားပြီ …”
သူက အင်္ကျီလက်ကို ဝှေ့ယမ်း လိုက်သည်နှင့် သိုလှောင်အိတ် တစ်ခုက ပျံသန်းသွား၏။ ဟွမ်လုံက သူ့ဆီသို့ လာနေသော သိုလှောင်အိတ်ကို ဖမ်းယူလိုက်သည်။
အကြီးအကဲအိုးယန်က အော်သံ တစ်ချက်ပေးလိုက်ရာ အမည်းရောင်တိမ်တိုက် တစ်ခုက သူရှိရာ နေရာသို့ ပျံသန်းလာ၏။
နီးကပ် လာသောအခါ ထိုတိမ်တိုက်က ခြေတစ်ထောင် ကင်းခြေများကြီး ဖြစ်နေသည်ကို ဝမ်လင်း မြင်လိုက်ရသည်။
အကြီးအကဲ အိုးယန်က ချက်ချင်း ကင်းခြေများကြီးပေါ်သို့ ခုန်တက်လိုက်၏။ ရွှမ်တောက် ဂိုဏ်းမှ တပည့် အားလုံးကလည်း စိတ်ခံစားမှု မျိုးစုံနှင့် ကင်းခြေများကြီးပေါ်သို့ ပျံသန်း သွားကြသည်။
သူတို့အားလုံး ထွက်သွားတော့မည့် အချိန်တွင် ဝမ်လင်း၏ မျက်လုံးက အရောင်လက်သွားပြီး ဆုံးဖြတ်ချက် ချပြီး အော်ပြောလိုက်သည်။
“ရွှမ်တောက်ဂိုဏ်းသူ ဂိုဏ်းသားများနှင့် အကြီးအကဲများ ခင်ဗျာ … ကျွန်တော့်မှာ မလျော်ကန်တဲ့ တောင်းဆိုချက် တစ်ခုရှိတယ် …”
ထို့နောက် သူက ဆွဲငင်အားပညာကို သုံးပြီး လေထဲသို့ ပျံတက်သွားကာ ကင်းခြေများကြီးကို ရပ်တန့်ထားလိုက်သည်။
အကြီးအကဲအိုးယန်၏ မျက်နှာက သုန်မှုန်သွား၏။ ဟုန်ယွီဂိုဏ်းမှ တခြားတပည့် တစ်ယောက်ဖြစ်ပါက ဂရုစိုက်စရာပင် မလိုချေ။ သို့သော်လည်း ဝမ်လင်းက အစွမ်း ထက်လွန်းလှသည်။ ထို့ကြောင့် သူ့နှလုံးသားထဲမှ မကျေနပ်သည်များကို မျိုသိပ်ထားပြီး ပြောလိုက်သည်။
“ပြောကြည့် …”
ဝမ်လင်းက ခြေတစ်ထောင် ကင်းခြေများကြီးကို ကြည့်ပြီး ရိုးသားစွာ ပြောလိုက်သည် …
“ကင်းခြေများကြီးဆီကနေ အဆိပ် နည်းနည်းလောက် ယူချင်ပါတယ် … အကြီးအကဲအိုးယန် ခွင့်ပြုမယ်လို့ ထင်ပါတယ် …”
အကြီးအကဲအိုးယန် ဘာမှမပြောရသေးခင် ရွှမ်တောက် ဂိုဏ်းသားများက ဒေါသထွက်ကာ တပည့်တစ်ယောက်က အော်ပြောလိုက်၏။
“ဝမ်လင်း အရမ်းလွန်မလာနဲ့ …”
“ဝမ်လင်း … ဒီကင်းခြေများကြီးက ငါတို့ဂိုဏ်းရဲ့ အစောင့်အရှောက် စိတ်ဝိညာဉ် သားရဲကြီးလေ … သူ့ရဲ့အဆိပ်ကို မင်းကို ဘယ်လို ပေးနိုင်မှာလဲ … ”
“ဝမ်လင်း … မင်းက မောက်မာလွန်းတယ် … အကြီးအကဲ … သူက ကျွန်တော်တို့ ဂိုဏ်းကို လေးစားမှု လုံးဝမရှိဘူး … သူ့ကို သင်ခန်းစာ ပေးလိုက်ဖို့ တောင်းဆိုပါတယ် … ”
အကြီးအကဲအိုးယန်က ဝမ်လင်းကို ကြောက်မက်ဖွယ် အကြည့်နှင့် ကြည့်ပြီး ပြောလိုက်သည် …
“ဂျူနီယာ … ငါ မင်းအတွက်နဲ့ စိတ်အနှောင့်အယှက် အဖြစ်မခံနိုင်ဘူး … ”
ဟွမ်လုံနှင့် ဟုန်ယွီဂိုဏ်းမှ အကြီးအကဲများက သူတို့၏ ဓားပျံများကို စီးပြီး လေထဲသို့ တက်လာကြပြီး ဝမ်လင်း၏ ဘေးတွင် ရပ်လိုက်ကြ၏။ ဟွမ်လုံက ပြတ်သားသော အသံဖြင့် ပြောလိုက်သည်။
“သူငယ်ချင်းဟွမ်လုံ … မင်းတို့ဂိုဏ်းက ကပ်စေးနှဲ မနေသင့်ဘူး … ဒါက ကင်းခြေများရဲ့ အဆိပ်လေးပဲလေ … သူ့ရဲ့ အသက်ကို ယူမယ်လို့ ပြောနေတာမှ မဟုတ်တာ … ”
အကြီးအကဲအိုးယန်၏ မျက်နှာက မည်းမှောင်လာပြီး ဟွမ်လုံကို ဒေါသ မျက်လုံးဖြင့် ကြည့်ပြီး ပြောလိုက်၏။
“သူငယ်ချင်းဟွမ်လုံ … ကင်းခြေများ အဆိပ်ကို နည်းနည်းလောက် ယူတာက ကိစ္စကြီးကြီးမားမား မဟုတ်ပါဘူး … ဒါပေမဲ့ မင်းတို့ဂိုဏ်းက ဂျူနီယာက ငါတို့ဂိုဏ်းအပေါ် မောက်မာပြီး လေးစားမှု မရှိဘူး …”
ဟွမ်လုံက ခဏလောက် တုံ့ဆိုင်းသွားသည်။ သူက ရွှမ်တောက်ဂိုဏ်းကို အလွန် အခက်တွေ့အောင် မလုပ်ချင်ပေ။ အဘယ်ကြောင့် ဆိုသော် သူတို့ ယူလာသည့် သတင်းဆိုးကြောင့် ဖြစ်၏။ ထိုသတင်းသာ အမှန်ဖြစ်ပါက ကျောင်းနိုင်ငံရှိ ကျင့်ကြံခြင်း လောက၏ မျှခြေသည် ပြောင်းလဲ သွားပေလိမ့်မည်။
ဝမ်လင်းလည်း တိတ်ဆိတ် သွား၏။ ကင်းခြေများ အဆိပ်ကို သူ ရအောင် ယူရပေလိမ့်မည်။ အကြီးအကဲအိုးယန်ကို ကြည့်ပြီး ဝမ်လင်းက ပြောလိုက်သည်။
“အကြီးအကဲအိုးယန် … ကျွန်တော်က အဆိပ်နည်းနည်းပဲ လိုချင်တာပါ … သူ့ကို မနာကျင်စေရဘူးလို့ ကတိပေးပါတယ် … အကြီးအကဲသာ သဘောတူရင် အဆိပ်ကို တစ်ခုခုနဲ့ လဲချင်ပါတယ် … ”
***