ဝမ်လင်း၏ မျက်လုံးများက အရောင်လက်သွားပြီး ဆွဲငင်အား ပညာရပ်ဖြင့် လက်တစ်ခု ဖန်တီးကာ ယန်ရီကို ဖမ်းလိုက်သည်။ အနံ့ဆိုး ဗုံးကိုလည်း လေထဲသို့ ပစ်လိုက်သည်။ အနံ့ဆိုး ဗုံးက အပေါ်မှနေပြီး ယန်ရီ၏ ဦးခေါင်းထက်သို့ ကျသွား၏။
ယန်ရီသည် ပြေးနေရင်း ရုတ်တရက် သူ၏ ဘေးပတ်ပတ်လည်မှ လေထုက တင်းကြပ်လာပြီး လှုပ်ရှားမရတော့ပေ။ ထို့ကြောင့် သူ၏ ခေါင်းပေါ်သို့ အနံ့ဆိုးဗုံး ကျလာသည်ကို ငေးကြည့်ရုံသာ တတ်နိုင်တော့သည်။
အနံ့ဆိုးဗုံးက ယန်ရီကို ထိသွားပြီးနောက် ပေါက်ကွဲကာ သူ၏ မျက်နှာတစ်ခုလုံး အနက်ရောင် အညစ်အကြေးများနှင့် ဖုံးလွှမ်းသွား၏။ သူ့တစ်ကိုယ်လုံးမှလည်း အပုပ်နံ့များ လှိုင်လှိုင် ထွက်နေတော့သည်။
သူ့မျက်နှာမှ အညစ်အကြေးများနှင့် အနံ့ဆိုးများကြောင့် စိတ်အနှောင့်အယှက် မဖြစ်သော်လည်း သူ့မျက်နှာတွင် ထိတ်လန့်မှုများနှင့် ပြည့်နေသည်။ သူ့ကိုယ်မှ ချုပ်နှောင်ထားသော ဖိအားများ အနည်းငယ် လျော့ကျသွားသည်နှင့် သူ့ကိုယ်တွင်းရှိ စွမ်းအင်အားလုံးကို အသုံးပြုပြီး ထိုဖိအားမှ လွတ်မြောက်ရန် ကြိုးစားလိုက်၏။ လွတ်မြောက်သွားပြီးနောက် သူ့စိတ်ထဲတွင် ဝမ်လင်း၏ ကျင့်စဉ်ကို စိတ်ထဲမှ ချီးမွမ်းလိုက်သည် …
‘နဂါးဖမ်းလက်က တော်တော် စွမ်းအား ကောင်းတာပဲ … ဘယ်လို ကြိုးစားကြိုးစား ငါ ရှုံးမှာပဲ … ကောင်းပြီးလေ အဆုံးထိတော့ သွားကြည့်တာပေါ့ … ‘
ဝမ်လင်း လှောင်ပြောင်သည့် အပြုံးနှင့် ယန်ရီကို ကြည့်ပြီး ပြောလိုက်သည် …
“(၁၀)စက္ကန့်ကျော်တောင် ကျန်သေးတယ် … မင်း ဆက်ပြီး ကြိုးစားနိုင်တယ် … “
ယန်ရီက အံကြိတ်ပြီး ပါးစပ်မှ အနီရောင် အလင်းများကို အန်ထုတ်လိုက်သည်။ အနီရောင် အလင်းများက တဖြည်းဖြည်း ကြီးမားလာကာ အနီရောင် အလင်းများ တောက်ပနေသော ဓားရှည် တစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွား၏။ ထို့နောက် ဓားရှည်က ဝမ်လင်းထံသို့ သန်မာသော ဓားချီများနှင့်အတူ အလင်းတန်း တစ်ခုကဲ့သို့ ပြေးဝင်သွားသည်။
ထိုအချိန်တွင် သူက နောက်ထပ် အဆောင်စာရွက်များ လက်အပြည့် ထုတ်ယူလိုက်၏။ အဆောင် စာရွက်အားလုံးက တိုက်ကွက် ထုတ်ပေးသည့် အဆောင်များဖြစ်ပြီး ဝမ်လင်းဆီသို့ တိုက်ကွက်မျိုးစုံ မိုးရွာကျလာသည်။
ဝမ်လင်းက သရော်ပြုံး ပြုံးလိုက်ပြီး ဆွဲငင်အား ပညာရပ်ဖြင့် လက်တစ်ခုကို ဖန်ဆင်းပြီး အဆောင်တိုက်ကွက် အားလုံးကို ဖျက်ဆီး ပစ်လိုက်၏။ ထို့နောက် နောက်လက်တစ်ဖက်ကို ဖန်တီးကာ အနီရောင် အလင်းတန်းကို ဖမ်းဆုပ်လိုက်သည်။
အနီရောင် အလင်းက ပျောက်ကွယ်သွားပြီး နဂိုမူလပုံစံ ပေါ်လာ၏။ အနီရောင် ဓားပျံတစ်ချောင်း ဖြစ်သည်။ အနီရောင်ဓားပျံက လေထဲတွင် ရပ်တန့်နေကာ အပြင်းအထန် ရုန်းကန်နေသည်။ ဝမ်လင်းက ဓားပျံကို နတ်ဘုရားစိတ်အာရုံဖြင့် စစ်ဆေးကြည့်ရာ ယန်ရီ၏ နတ်ဘုရား စိတ်အာရုံ တစ်စွန်းတစ်စကို တွေ့လိုက်ရ၏။ ဝမ်လင်းက ချက်ချင်း ဓားပေါ်မှ ယန်ရီ၏ နတ်ဘုရား စိတ်အာရုံကို ဖျက်ဆီးပစ်ပြီး ဆွဲငင်အား ပညာရပ်ဖြင့် ဖိချေလိုက်သည်။ ကွဲအက်သံနှင့်အတူ ဓားက နှစ်ပိုင်း ပိုင်းသွားပြီး မြေပြင်ပေါ်သို့ ကျသွား၏။
ယန်ရီ၏ မျက်နှာအမူအရာက အကြီးအကျယ် ပြောင်းလဲသွားကာ သွေးများ အန်ထုတ် လိုက်ရသည်။ သူက နောက်သို့ အနည်းငယ် ဆုတ်ပြီး ပြောလိုက်သည် …
“အစ်ကိုဝမ်ရဲ့ နဂါးဖမ်းလက်က အင်မတန်ကို စွမ်းပါတယ် … ဒါပေမဲ့ ငါ အရှုံးကို ဝန်မခံဘူး … ငါ မင်းကို ရှုံးခဲ့တာ မဟုတ်ဘူး … မင်းရဲ့ ကျင့်စဉ်ပညာရပ်ကို ရှုံးခဲ့တာ … “
ထိုစကားကို ကြားက မှင်သက်သွားပြီးနောက် ရယ်မောလိုက်သည် …
“ဘာ နဂါးဖမ်းလက်လဲ … ဒီနာမည် အခုမှ ကြားဖူးတာ … “
“ဟမ့် … မင်း ငြင်းမနေနဲ့တော့ … ငါ့ရဲ့ ဂိုဏ်းတူဦးလေး ကိုယ်တိုင် ပြောလိုက်တာ … မင်းသုံးတာ နဂါးဖမ်းလက် ကျင့်စဉ်တဲ့ … “
ယန်ရီက ပြောပြီးသည်နှင့် စင်အောက်သို့ ခပ်မြန်မြန် ဆင်းသွား၏။ အဘယ်ကြောင့်ဆိုသော် သူ့ကိုယ်မှ ထွက်နေသော အနံ့များက သူ့ကို အလွန် စိတ်မသက်မသာ ဖြစ်စေ၍ ဖြစ်သည်။
အကြီးအကဲ အိုးယန်၏ မျက်နှာက အလွန်နီနေပြီး ချောင်းဟန့်ကာ ပြောလိုက်သည် …
“ဂျူနီယာဝမ် … မင်းသုံးနေတဲ့ ကျင့်စဉ်က တစ်ကယ်ကို နဂါးဖမ်းလက် ကျင့်စဉ်ပဲ … အဲဒီ ရှေးဟောင်းကျင့်စဉ်က မခန့်မှန်း နိုင်လောက်အောင် အစွမ်းထက်တယ် … အဲဒီ ကျင့်စဉ်အကြောင်းကို ရှေးဟောင်း စာတွေထဲက ရှာတွေ့ခဲ့တာ … အဲဒီကျင့်စဉ်က လွန်ခဲ့တဲ့ နှစ်(၅၀၀) က ပျောက်ဆုံးသွားတဲ့ ကျင့်စဉ် ဖြစ်နေမယ်လို့ ငါ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး … “
သူစကားပြောနေစဉ် သူ့စကားကို သူကြားပြီး သူတောင် ယုံချင်လာသည် …
‘နဂါးဖမ်းလက် မဟုတ်ရင်တောင် ရှေးဟောင်းကျင့်စဉ်တစ်ခု ဖြစ်ရမယ် … မဟုတ်ရင် ဘာလို့ ဒီလောက် အစွမ်းထက်နေရမှာလဲ … ‘
ဝမ်လင်း ကြက်သေသေသွား၏။ သူက ဆွဲငင်အား ကျင့်စဉ်ကို အိပ်မက် နယ်မြေထဲတွင် နှစ်(၂၀) ကျော် လေ့ကျင့်ခဲ့သည့်အတွက် အလွန် အစွမ်းထက်နေရခြင်း ဖြစ်သည်။
ဒီကိစ္စက တစ်ကယ်တော့ ကိစ္စသေးသေးလေးသာ ဖြစ်၏။ အရေးအကြီးဆုံးက တိုက်ခိုက်လိုက်ရသည့်အတွက် သူ့အစွမ်းနှင့် ပတ်သက်၍ ကောင်းကောင်း နားလည်သွားပြီ ဖြစ်သည်။ စစ်ထူနန် ပြောကြားချက်အရ သူက စိတ်ဝိညာဉ် လှုပ်ရှားမှု အဆင့်ရဲ့ စက်ဝန်းတစ်ဝက်ကို ရောက်နေပြီဟု ပြောခဲ့သည်။ ကျောင်းနိုင်ငံ၏ ကျင့်ကြံခြင်း အဆင့်နှင့် ပြောရလျှင် ချီစုစည်းခြင်း အလွှာ(၁၄)နှင့် ညီမျှပေသည်။ ချီစုစည်းခြင်း အဆင့်၏ ထိပ်ဆုံးသို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်ဟု ဆိုလိုခြင်း ဖြစ်၏။
သူ့ကိုယ်သူ အလွှာ(၃)ကိုသာ ရောက်သေးသည်ဟု ခံစားနေရသည့် ကိစ္စက စစ်ထူနန်တောင်မှ ဘာမှားနေသည်ကို မခန့်မှန်းနိုင်ပေ။ ဂိုဏ်းတူအစ်ကို ကျန်းခွမ်းပြောသည့် လောကီ နှောင်ကြိုးများ မဖြတ် နိုင်၍လားဟု တွေးမိသော်လည်း စစ်ထူနန်က အထင်သေးသည့် မျက်နှာဖြင့် ထိုကဲ့သို့ စည်းကမ်းမျိုး မရှိကြောင်း ပြောပြခဲ့သည်။ ထိုအရာက နိုင်ငံငယ်လေးများ၏ ဂျူနီယာ ကျင့်ကြံသူများ၏ ထင်မြင်ချက် ကောလာဟလသာ ဖြစ်ကြောင်း ရှင်းပြ၏။ ကျင့်ကြံခြင်းသည် ကောင်းကင်ဘုံကို စိန်ခေါ်သည့် အလုပ်ဖြစ်သဖြင့် ထိုကဲ့သို့ ကိစ္စများက ဂရုစိုက်စရာ မလိုသည့် ကိစ္စများသာ ဖြစ်သည်။
စစ်ထူနန်၏ ပြောပြချက်အရ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကို ရောက်ပြီး မိသားစု နှောင်ကြိုးများကို မဖြတ်နိုင်လျှင်တောင်မှ မိသားစုနှင့် ပျော်ပျော်ရွှင်ရွှင် နေလို့ရပြီး နောက်နှစ် အနည်းငယ်ကြာလျှင် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ရောက်နိုင်သေးသည်ဟု ပြောပြခဲ့သည်။
ဘဝသက်တမ်းက အရမ်းရှည်လာရင် ပျင်းစရာ ကောင်းလာတတ်၏။ ကျင့်ကြံသူ တစ်ယောက်၏ အသက်က သာမန် လူတစ်ယောက်၏ အသက်ထက် အများကြီး ပိုရှည်သည်။ ထို့ကြောင့် အသေးအမွှား ကိစ္စများကို ဂရုစိုက်စရာ မလိုပေ။
နောက်ဆုံးတွင် စစ်ထူနန်က ဤကိစ္စသည် ကောင်းကင်ဘုံ ဆန့်ကျင်သော ပုတီးစေ့နှင့် ပက်သက်နေရမည်ဟု သုံးသပ် ပေးခဲ့သည်။ ဝမ်လင်းက ကောင်းကင်ဘုံ ဆန့်ကျင်သော ပုတီးစေ့၏ အိပ်မက် နယ်မြေထဲတွင် နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့သည့်အတွက် အိပ်မက် နယ်မြေနှင့် အပြင်ဘက်ကြားမှ ကွာခြားချက်ကြောင့် ဖြစ်နိုင်၏။ ထို့ကြောင့် ဝမ်လင်းက အလွှာ(၁၄)သို့ ရောက်နေသော်လည်း သူ့ခန္ဓာကိုယ်က အလွှာ(၃)ဟု ပြသနေခြင်း ဖြစ်ရမည်။
ချီစုစည်းခြင်းအဆင့် အလွှာ(၁၄) အစွမ်းနှင့် နှစ်(၂၀)ကျော် လေ့ကျင့်ထားသည့် ဆွဲငင်အား ပညာရပ်ကို ပေါင်းစပ်လိုက်သည့် စွမ်းအားက လူတိုင်းကို ရူးသွပ် သွားလောက်အောင် ဖြစ်စေခဲ့သည်။
ဟွမ်လုံ၏ မျက်လုံးက ကျဉ်းမြောင်းသွားပြီး ဝမ်လင်းကို မေးလိုက်၏ …
“ဝမ်လင်း … မင်းအသုံးပြုတာ တစ်ကယ်ပဲ ရှေးဟောင်းကျင့်စဉ်လား … “
သူက ယခုအချိန်တွင် ကျင့်စဉ်နာမည်ကို သိချင်နေတာ မဟုတ်ပေ။ ရွှမ်တောက်ဂိုဏ်းကို မျက်နှာပျက်အောင် လုပ်ချင်နေခြင်း ဖြစ်သည်။
ဝမ်လင်း ခေါင်းခါပြီး ပြုံးလိုက်သည် …
“ဂိုဏ်းခေါင်းဆောင် … အခု ကျွန်တော်သုံးတဲ့ နည်းစနစ်က တစ်ကယ်ပဲ ဆွဲငင်အား ကျင့်စဉ်ပါ … နဂါးဖမ်းလက် ဆိုတဲ့ နာမည်ကတော့ အခုမှ ကြားဖူးတာ … “
ဟွမ်လုံက ဝမ်လင်း၏ ဉာဏ်ကောင်းမှုကို စိတ်ထဲမှ တိတ်တဆိတ် ချီးမွမ်းလိုက်သည်။ သူက ရွှမ်တောက်ဂိုဏ်းမှ အကြီးအကဲ (၃)ယောက်ကို ကြည့်ပြီး အူလှိုက်သည်းလှိုက် ရယ်မောလိုက်၏ …
“သူငယ်ချင်းအိုးယန် … ဒီကျင့်စဉ်က နဂါးဖမ်းလက် ကျင့်စဉ်မဟုတ်တာကို ငါလည်း ပြောနိုင်တယ် … ဒါက ငါတို့ဂိုဏ်းရဲ့ အခြေခံ ကျင့်စဉ်ဖြစ်တဲ့ ဆွဲငင်အား ပညာရပ်ပါ … မင်းတို့ဂိုဏ်းရဲ့ တပည့်တွေက ငါတို့ဂိုဏ်းရဲ့ အခြေခံ ကျင့်စဉ်ကိုတောင် မယှဉ်နိုင်ကြပါလား … ဒါတောင် အရှက်မရှိဘဲ ဒီကျင့်စဉ်ကို နဂါးဖမ်းလက် ကျင့်စဉ်ဆိုပြီး ပြောလိုက်သေးတယ် … “
အကြီးအကဲအိုးယန် အလွန် ရှက်ရွံ့သွား၏။ သို့သော်လည်း သူ့ အခြေအနေက နောက်ဆုတ်၍ မရတော့ချေ။ သူက ပြန်ပြောလိုက်သည် …
“သူငယ်ချင်းဟွမ်လုံ … မင်း ဒါကို ဖုံးကွယ်ဖို့ မလိုပါဘူး … ဟမ့် ငါ မြင်ပြီးပြီ … အဲ့ဒါ နဂါးဖမ်းလက်ပဲ … “
တောက်ရှုက ရယ်ပြီး ဂိုဏ်းခေါင်းဆောင်ကို ပြောလိုက်သည် …
“ဂိုဏ်းခေါင်းဆောင် … ငါ ထင်တာ ဒီနာမည် အရမ်းကောင်းတယ် … ဆွဲငင်အား ကျင့်စဉ်ကို နဂါးဖမ်းလက် ကျင့်စဉ်လို့ ပြောရင် ဘယ်လိုလဲ … “
ဟွမ်လုံ၏ မျက်လုံးများ အရောင်တောက်သွားပြီး တောက်ရှုကို ချီးမွမ်းသည့် အကြည့်ဖြင့် ကြည့်လိုက်၏။
“ကောင်းတယ် … အခုကစပြီး ဟုန်ယွီဂိုဏ်းရဲ့ ဆွဲငင်အားကျင့်စဉ်ကို နဂါးဖမ်းလက် ကျင့်စဉ်လို့ ပြောင်းလိုက်ပြီ … ဒီနာမည်ပေးတဲ့ ရွှမ်တောက်ဂိုဏ်းကို ကျေးဇူးတင်ပါတယ် … “
အကြီးအကဲအိုးယန်နှင့် တခြားအကြီးအကဲ နှစ်ယောက်၏ မျက်နှာတွင် ခံပြင်းမှုများ အတိုင်းသား ပေါ်လွင်နေသည်။ သူတို့က ဘာမှ မပြောကြတော့ဘဲ ခေါင်းကိုသာ ခါလိုက်ကြတော့၏။
ဝမ်လင်းသည် စင်မြင့်ထက်တွင် စဉ်းစားနေသည်။ ပြိုင်ပွဲနှစ်ခု ပြီးသွားပြီးနောက် သူ၏ အစွမ်းနှင့် ပတ်သက်၍ ယုံကြည်မှု ရှိနေပြီး ဖြစ်၏။ သို့သော်လည်း အရင် ပြိုင်ဘက်များက သူ့အတွက် အားနည်းလွန်းသည်။ သူ၏ အလွှာ(၁၄) စွမ်းအားနှင့် ဆွဲငင်အား ကျင့်စဉ် ပညာရပ်ကို အနည်းငယ်သာ အသုံးပြုခဲ့ရ၏။ ယခုမှ သူသည် ဆွဲငင်အား ကျင့်စဉ်ပညာရပ်ကို ကျွမ်းကျင်လာရုံသာ ရှိသေးသည်။
ကိုယ့်ကိုယ်ကို ဘယ်လောက်သန်မာသလဲ သိချင်သည့်အတွက် သူက ရုတ်တရက် အော်ပြောလိုက်သည် …
“ရွှမ်တောက်ဂိုဏ်းက တပည့်အားလုံးပဲ … မင်းတို့အားလုံး တစ်ပြိုင်တည်း စင်မြင့်ပေါ်ကို တက်လာနိုင်တယ် … “
***