ဝမ်လင်းသုံးခဲ့သည့် ကျင့်စဉ်နည်းစနစ် အကြောင်း ခန့်မှန်း ပြောဆိုနေမှုများက ဟုန်ယွီဂိုဏ်းသားများ ကြားတွင်လည်း ဖြစ်နေသည်။
ဝမ်လင်း၏ စိတ်လှုပ်ရှားစွာဖြင့် စင်မြင့်ထက်တွင် ရပ်နေလေ၏။ ကျိုးဖန်းကို ဆွဲငင်အား ကျင့်စဉ် နည်းစနစ်ဖြင့် ၃ကြိမ်တိတိ ရိုက်နိုင်ခဲ့ခြင်းက သူ့ကိုသူ ယုံကြည်မှုများ တိုးပွားလာစေသည်။ သူက ရွှမ်တောက် ဂိုဏ်းသားများဘက် လှည့်ပြီး ယခင်က ကျိုးဖန်း ပြောခဲ့သကဲ့သို့ ပြောလိုက်သည် …
“ဒီနေ့ပြိုင်ပွဲက မပြီးသေးဘူး … ရွှမ်တောက်ဂိုဏ်းဘက်မှ စင်မြင့်ပေါ် တက်လာချင်တဲ့သူ ရှိသေးလား … “
ဝမ်လင်း၏ စကားကို ကြားလိုက်ရသော ရွှမ်တောက် ဂိုဏ်းသားများက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီးနောက် ဟုန်ယွီဂိုဏ်းအပေါ် ကျိုးဖန်းပြုမှုဆက်ဆံခဲ့စဉ်ကလိုမျိုး ဝမ်လင်းကို ပြန်မကြည့်ရဲဘဲ ခေါင်းငုံလိုက်ကြ၏။
ဟုန်ယွီဂိုဏ်းသား အားလုံးကလည်း ယခင်က ဝမ်လင်းအား အသုံးမကျသည့် ကောင်ဟု ခေါ်ခဲ့ကြသည်ကို မေ့သွားသည်။ သူတို့က ဝမ်လင်းအား ဩဘာပေးပြီး အော်ပြောလိုက်ကြ၏။
“ရွှမ်တောက်ဂိုဏ်းက အသုံးမကျတဲ့ ကောင်တွေ … ဂိုဏ်းတူအစ်ကိုဝမ် ဘယ်လောက် သန်မာတယ်ဆိုတာ မြင်ပြီးတာနဲ့ တစ်ယောက်မှ ထွက်မလာရဲကြတော့ဘူး … အရင်ကတော့ မင်းတို့ပဲ အရမ်း အစွမ်းထက်သလိုနဲ့ မာန်တက်နေကြပြီး အခုကျတော့ ဘာလို့ထွက် မလာကြတော့တာလဲ … “
“မင်းတို့ဂိုဏ်းက အစွမ်းထက်တဲ့ ကောင်တွေ ဘယ်ရောက်သွားတာလဲ … မြန်မြန် စင်မြင့်ပေါ်ကို လွှတ်လိုက်စမ်းပါ … ဂိုဏ်းတူ အစ်ကိုဝမ်က သင်ပေးမလို့ပါ … ပြီးတော့ မင်းတို့ နောက်တစ်ကြိမ် ချိုကြွနိုင်ဦးမလဲ ငါတို့လည်း ကြည့်ရတာပေါ့ … “
“လျိုဖန်း … အရင်က မင်း အရမ်း သန်မာတယ်မလား … ထွက်လာစမ်းပါ … ငါတို့ရဲ့ဂိုဏ်းတူ အစ်ကိုဝမ်နဲ့ မတိုက်ရဲဘူးလား … “
“ရွှမ်တောက်ဂိုဏ်းမှာ အသုံးမကျတဲ့ ကောင်တွေပဲ ကျန်တော့တာပေါ့ … ဘယ်သူမှ ထွက်မလာရဲကြဘူး … ဂိုဏ်းတူအစ်ကိုဝမ်က ပြိုင်ဘက်ကင်းပဲ … “
“လီရှန် … မင်းကို လီးပဲ … ငါတို့ကို မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ အနံ့ဆိုး ဗုံးတွေကို ရောင်းသွားတယ် … ဒါပေမဲ့ ငါတို့က ဒါကို သိလို့ပေါ … အထူးသဖြင့် ဂိုဏ်းတူအစ်ကိုဝမ်ကို လိမ်ဖို့ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာ … “
“မင်းတို့အားလုံး မြင်ပြီလား … ရွှမ်တောက်ဂိုဏ်းက ဂိုဏ်းတူ အစ်ကိုဝမ်ကို တော်တော် ကြောက်တာပဲ … တစ်ယောက်မှကို ထွက်မလာရဲကြဘူး … “
“ဂိုဏ်းတူ အစ်ကိုဝမ် … ကျွန်တော် ဂိုဏ်းတူ အစ်ကိုဝမ်ကို အရင်က လှောင်ခဲ့မိပါတယ် … ဒါပေမဲ့ အခု အားလုံးရဲ့ရှေ့မှာ တောင်းပန်ပါတယ် … ဂိုဏ်းတူအစ်ကိုဝမ်က ကျွန်တော့်ရဲ့ အရှင်သခင်ပဲ … အရှေ့ကို သွားခိုင်းရင် အနောက်ကို ဘယ်တော့မှ သွားမှာ မဟုတ်ပါဘူး … တစ်ခွန်းဆို တစ်ခွန်း ဂိုဏ်းတူအစ်ကိုဝမ်ရဲ့ စကားကို လုံးဝနာခံပါ့မယ် … “
ပြိုင်ပွဲကျင်းပရာ နေရာက ပိုပြီး သက်ဝင် လှုပ်ရှားလာသည်။ ဟုန်ယွီဂိုဏ်းသား အားလုံးက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေကြ၏။ ရှေ့က ပြိုင်ခဲ့သည့် ပြိုင်ပွဲများက သူတို့ကို အလွန်စိတ် လှုပ်ရှားစေသည်။ သို့သော်လည်း ဝမ်လင်း၏ လုပ်ဆောင်မှုများကြောင့် စိတ်အားပြန်ပြီး တက်ကြွ လာရသည်။
တစ်ချိန်တည်းမှာပင် ဝမ်လင်းကို ဂိုဏ်းတူ အစ်ကိုဝမ်ဟု နာမည်ပေးပြီး ခေါ်လိုက်ကြတော့၏။
အကြီးအကဲ အိုးယန်၏ မျက်နှာက နီလိုက်၊ ဖြူလိုက် ဖြစ်နေလေသည်။ အစောပိုင်းက ဟုန်ယွီဂိုဏ်း၏ ခံစားမှုများကို ယခု သူခံစား နေရလေပြီ။ နောက်ဆုံးတွင် အကြီးအကဲအိုးယန်ထံမှ အသံထွက်လာသည် …
“ယန်ရီ မင်းသွားလိုက် … “
ပိန်ပိန်ရှည်ရှည်နှင့် တပည့် တစ်ယောက်က မသွားချင်သော အမူအရာြဖင့် စင်မြင့်ထက်ဆီသို့ လျှောက်သွား၏။ ယန်ရီ စင်မြင့်ထက်သို့ မရောက်ခင်မှာပင် ရွှမ်တောက်ဂိုဏ်းမှ တပည့်တစ်ယောက်က အော်ပြောလိုက်သည် …
“ဒုတိယ ဂိုဏ်းတူအစ်ကို … သွားပြီး ဝမ်လင်းကို သတ် … “
အော်ပြောလို့ မပြီးခင်မှာပင် တခြား တပည့်အားလုံးက ထူးဆန်းသည့် အမူအရာဖြင့် သူ့အား ဝိုင်းကြည့် နေသည်ကို သတိပြုမိလိုက်၏။ အထူးသဖြင့် ယန်ရီက သူ့ကို မုန်းတီးသော အမူအရာဖြင့် ကြည့်နေသည်။ ထိုအကြည့်က သူ့ကို အလွန် ကြောက်ရွံ့ ထိတ်လန့်စေပြီး စကားပင် ဆုံးအောင် မပြောရဲတော့ချေ။
ယန်ရီက စိတ်ထဲတွင် ကျိန်ဆဲလိုက်သည် …
‘ဒီငတုံးကောင်နဲ့ကတော့ … ဝမ်လင်းက ဂိုဏ်းတူ အစ်ကိုကြီးကိုတောင် တစ်ချက်တည်းနဲ့ အနိုင်ယူထားတာ … ဒါတောင် အကြီးအကဲ အိုးယန်က ငါ့ကို ထွက်ခိုင်းသေးတယ် … ပြီးတော့ သူ့ဆီမှာ လီရှန် ရောင်းထားတဲ့ အနံ့ဆိုးဗုံးတွေ ဘယ်လောက်တောင် ကျန်သေးလဲ မသိဘူး … လီရှန်ကတော့ ပြန်ရောက်မှ သင်ခန်းစာ ကောင်းကောင်း ပေးရမယ် … ‘
ထိုအကြောင်းကို တွေးမိသည်နှင့် လီရှန်ဆီသို့ ခက်ထန် မာကျောသည့် အကြည့်ဖြင့် ဝေ့ကြည့်လိုက်သည်။ သူက စင်ပေါ်ရောက်သည်နှင့် လက်နှစ်ဖက်ကို ဆုပ်ပြီး …
“အစ်ကိုဝမ် … ကျွန်တော်က ယန်ရီပါ … အစ်ကိုက အရမ်းခန့်ညားပြီး ကျင့်စဉ်ကလည်း မြင့်တယ် … အစ်ကိုက ကျောင်းနိုင်ငံ တစ်ခုလုံးမှာ အကျော်ကြားဆုံး လူတစ်ယောက် ကျိန်းသေဖြစ်မှာ … ဒီတိုက်ပွဲမှာ ကျွန်တော့်ကို အထူး အခွင့်အရေးလေးတစ်ရပ် ပေးလို့ ရမလား … “
ဝမ်လင်းက ဘာမှမပြောဘဲ ယန်ရီကိုသာ ကြည့်လိုက်၏။
ဒါကို ရှက်စရာဟု ယန်ရီ မခံစားရပေ။ ယန်ရီက ပြောလိုက်သည် …
“အစ်ကိုဝမ် … ဒီပြိုင်ပွဲက ကျွန်တော်တို့ ဂိုဏ်းနှစ်ခုကြားက ချစ်ကြည်ရေး ပြိုင်ပွဲ ဖြစ်ပါတယ် … ကျွန်တော်တို့ တိုက်မယ်ဆိုရင် ဘယ်လိုလုပ် ကျွန်တော်က အစ်ကိုဝမ်ကို ယှဉ်နိုင်ပါ့မလဲ … စက္ကန့်(၁၀၀) စင်မြင့်ပေါ်မှာ နေနိုင်ရင် ကျွန်တော့်ကို အနိုင်ပေးနိုင်မလား … “
သူက ပြောပြီးသည်နှင့် နောင်တရသွားပြီး ချက်ချင်း ပြန်ပြောလိုက်သည် …
“မဟုတ်ဘူး … (၅၀) စက္ကန့် … (၃၀) စက္ကန့် မဟုတ်ဘူး (၂၀) စက္ကန့်ထားပေးပါ … “
သည်တော့မှ ဝမ်လင်းအား ယန်ရီက ဖားနေသည်ကို ဟုန်ယွီဂိုဏ်းမှ တပည့်များ နားလည်သွားကြသည်။
“စင်ပေါ်က ဆင်းသွားလိုက်တော့ … မင်းက ရွှမ်တောက်ဂိုဏ်းရဲ့ ဒုတိယ ဂိုဏ်းတူအစ်ကိုကြီး မဟုတ်ဘူးလား … ဘာလို့ ဒီလောက်တောင် အရှက်မဲ့ရတာလဲ … ဂိုဏ်းတူအစ်ကိုဝမ် သူ့စကား နားမထောင်နဲ့ … “
“ယန်ရီ … မင်းက လူရော ဟုတ်သေးရဲ့လား … စက္ကန့်(၁၀၀) ကနေ (၂၀) စက္ကန့်ထိတောင် လျော့ခိုင်းတာ … ဆင်းသွားပြီး တခြားတစ်ယောက် လွှတ်လိုက် … မင်းက ငါ့တို့ရဲ့ ဂိုဏ်းတူအစ်ကိုဝမ်နဲ့ တိုက်ဖို့ အဆင့်မရှိဘူး … “
“ရွှမ်တောက်ဂိုဏ်းက ဒီလို အရှက်မရှိတဲ့ လူမျိုးကို လွှတ်လိုက်တာလား … မရှက်ကြဘူးလား မသိဘူး … “
ဟွမ်လုံကတော့ ဝမ်လင်းကို ကြည့်ပြီး ပိုပြီး နှစ်သက်လာသည်။ သူက စွန်းတဇူးဘက်ကို လှည့်ပြီး ပြောလိုက်၏ …
“ဂိုဏ်းတူညီလေး စွန်းတဇူး … မင်းရဲ့တပည့်က တော်တော် တော်တာပဲ … “
စွန်းတဇူး၏ ခန္ဓာကိုယ်က တုန်သွား၏။ သူ့ကိုယ်သူလည်း လေထဲ မြောက်သွားသလို ခံစားရသည်။ ဂိုဏ်းခေါင်းဆောင်က သူ့ကို ဂိုဏ်းတူညီလေး စွန်းတဇူးလို့ မခေါ်သည်မှာ အလွန်ကြာနေပြီ ဖြစ်၏။ သူက ဂုဏ်ယူဝင့်ကြွားသည့် ဟန်ဖြင့် ပြောလိုက်သည် …
“အမှန်ပဲ … ဝမ်လင်း ဂိုဏ်းထဲကို ဝင်လာတဲ့ အချိန်ကတည်းက ငါသူ့ကို သဘောကျသွားတာ … ဟီးဟီး ကံကောင်းသွားတာက သူ့အတွက် ဘယ်သူမှ ငါနဲ့ မပြိုင်ခဲ့ကြဘူးလေ … ငါသူ့ကို တပည့်အဖြစ် လက်ခံတော့ တချို့လူတွေကတောင့် ငါ့ကို လှောင်ပြောင်ခဲ့ကြတယ် … “
တောက်ရှု၊ မျက်နှာနီနီနှင့် လူကြီးနှင့် အကြီးအကဲတချို့၏ မျက်နှာများက စွန်းတဇူး၏ စကားကို ကြားပြီး နီရဲသွားကာ တစ်ခုခုပြောရန် ပြင်လိုက်သည်။
သို့သော်လည်း ဟွမ်လုံက သူတို့ကို ခက်ထန်သည့် အကြည့်ဖြင့် ကြည့်ပြီး ပြောလိုက်သည် …
“ဂိုဏ်းတူညီလေးစွန်းတဇူး … မင်းက ဟုန်ယွီဂိုဏ်းအတွက် အကျိုး ကြီးကြီးမားမား ဆောင်ခဲ့တာပဲ … မစိုးရိမ်ပါနဲ့ မင်းရဲ့ စီနီယာအစ်ကိုဖြစ်တဲ့ ငါက ဒီကိစ္စကို မင်းအတွက် ဖြေရှင်းပေးပါ့မယ် … “
စွန်းတဇူးက အပြင်ဘက်တွင်သာ ဂုဏ်ယူသည့် ဟန်ဖြင့် ပြောနေသော်လည်း စိတ်ထဲတွင် ဝမ်လင်းကို ကြည့်ပြီး သူတောင်မှ တုန်လှုပ်နေ၏။ သူ့မျက်လုံးထဲတွင် အေးစက်နေသည့် အလင်းရောင်များ လက်နေသည်။
စင်မြင့်ပေါ်တွင်ရှိသော ယန်ရီက ဟုန်ယွီ ဂိုဏ်းသားများ ပြောနေသည့်အပေါ် အာရုံထားဖို့ပင် သူ့၌ အချိန်မရှိပေ။ သူက ဝမ်လင်းကို သေချာ ကြည့်နေလိုက်၏။ ဝမ်လင်းက သဘောမတူမှာကို သူအလွန်ကြောက်နေသည်။
ဝမ်လင်းက ယန်ရီကို ကြည့်ပြီး ပြောလိုက်သည် …
“အဆင်ပြေတယ် … “
ယန်ရီ စိတ်ထဲတွင် ကြိတ်ပျော်သွားသည်။ သူက အမြဲတမ်း တည်တည်ငြိမ်ငြိမ် နေတတ်သည့် လူတစ်ယောက် ဖြစ်၏။ သူက ကျိုးဖန်းကဲ့သို့ မောက်မောက်မာမာ နေတတ်တဲ့သူ မဟုတ်ပေ။ သူက တွေးလိုက်သည် … ‘ဝမ်လင်း … မင်းရဲ့နဂါးဖမ်းက သန်မာတယ်ဆိုပေမဲ့ … ပြီးတော့ ငါက ဂိုဏ်းတူ အစ်ကိုကြီးလောက် မသန်မာပေမဲ့ … ငါက အမြန်နှုန်းကို အထူး လေ့ကျင့်တဲ့သူ … ဟမ့် … စောင့်ကြည့်လိုက်ပါ … စက္ကန့်(၂၀) အတွင်း ငါ့ကို ဖမ်းနိုင်မလားလို့ ကြိုးစား ကြည့်လိုက်ပါ … ကျိန်းသေ ငါနိုင်လိမ့်မယ် … “
သူက ဝမ်လင်းကို လက်နှစ်ဖက် ဆုပ်ပြီး အရိုအသေ ပေးပြီးနောက် အဖြူရောင် ကျောက်စိမ်းလေးတစ်ခုကို ထုတ်ယူကာ ချေမွလိုက်သည်။ ရုတ်တရက် သူ့ခန္ဓာကိုယ်တွင် အဖြူရောင် အလင်းများ ထွက်ပေါ်လာပြီး သူ၏ အမြန်နှုန်းက တိုးမြင့်သွား၏။ ချက်ချင်း သူက ဘေးဘက်သို့ ပြေးထွက်သွားသည်။
သူ၏ ရည်ရွယ်ချက်က သိသာလွန်း၏။ သူက ဝမ်လင်းကို တိုက်ခိုက်ရန် မဟုတ်ဘဲ သူ၏ အမြန်နှုန်းကို သုံးကာ အချိန်ကုန်အောင် လုပ်ခြင်းဖြစ်သည်။
ဝမ်လင်း၏ မျက်နှာတွင် အထင်သေးသည့် အမူအရာ ပေါ်လာသည်။ သူ၏ နတ်ဘုရား စိတ်အာရုံဖြင့် ယန်ရီအပေါ်တွင် အာရုံစိုက်ထားသည့်အတွက် ယန်ရီ၏ လျင်မြန်လှသော လှုပ်ရှားမှုမျာကို အလွယ်တကူ ခံစားနိုင်သည်။ သူက ဆွဲငင်အား ပညာရပ်ကို အသင့်ပြင်ထားပြီး အနံ့ဆိုးဗုံးကို ဖြည်းဖြည်းချင်း ထုတ်ယူလိုက်၏။
အနံ့ဆိုးဗုံးကို မြင်လိုက်သည့် ယန်ရီ၏ မျက်နှာက အလွန် ပြောင်းလဲသွားပြီး သူ၏ အမြန်နှုန်းကို ထပ်တိုးလိုက်သည်။
လီရှန်ကလည်း ဝမ်လင်း၏ လက်ထဲမှ အနံ့ဆိုးဗုံးကို မြင်ပြီး ကြက်သေသေသွား၏။ ထို့နောက် သူ့ဘာသာ ရေရွတ်လိုက်သည် …
“သိုင်းညီအစ်ကိုဝမ် … အစ်ကိုကြီးဝမ် … အဘိုးဝမ် … ကျေးဇူးပြုပြီး အဲဒါကို မသုံးပါနဲ့လား … အဲဒီဗုံးကြောင့် ဂိုဏ်းတူအစ်ကိုကြီးကို ဒေါသထွက်အောင် လုပ်မိပြီးသွားပြီ … အခုလည်း ဒုတိယ ဂိုဏ်းတူအစ်ကိုကြီးကို ဒေါသထွက်အောင် ထပ်လုပ်မိရင် ကျွန်တော့်ဘဝတော့ သွားပြီ … “
***