သို့သော်လည်း ဝမ်လင်းထံမှ ရရှိသည့် စိတ်ဝိညာဉ်ရေနှင့် တောင်အနောက်ဘက်မှ စမ်းရေကို ယှဉ်ကြည့်သည့်အခါ စိတ်ဝိညာဉ်ရေထဲတွင် စိတ်စွမ်းအင်များ အများအပြား ပါရုံသာမက အခြား အသုံးဝင်မှုများကိုပါ ရှိနေသည်။ သူက သေသေချာချာ လေ့လာပြီး နောက်တွင် စိတ်ဝိညာဉ်ရေက ငယ်ရွယ်မှုကို ထိန်းသိမ်း ပေးထားနိုင်ကြောင်း လေ့လာ တွေ့ရှိလိုက်ရ၏။
သူက စိတ်ဝိညာဉ် ရေစက် အနည်းငယ်ကိုသာ အသုံးပြုလိုက် သော်လည်း ထိုအချက်ကို ချက်ချင်း သတိပြုမိလိုက်ပြီး အလွန်လည်း စိတ်လှုပ်ရှား ခဲ့ရသည်။
စဦးစိတ်ဝိညာဉ် အဆင့်သို့ ရောက်လျှင် အသက်က ထာဝရ ဖြစ်သွားပြီဟု ပြော၍ ရသော်လည်း နှစ်တစ်ထောင်တော့ မကျော်ပေ။
စိတ်ဝိညာဉ်ရေကို တခြား ဂိုဏ်းများနှင့် အရောင်းအဝယ် လုပ်ပါက သူတို့သည် စိတ်ဝိညာဉ်ရေကို အရူးအမူး ဖြစ်သွားပေလိမ့်မည်။ အထူးသဖြင့် ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့် သို့မဟုတ် အမြုတေဖွဲ့တည်ခြင်း အဆင့်မှ အမျိုးသမီး ကျင့်ကြံသူများ ဖြစ်သည်။
သို့သော်လည်း နောက်တစ်ကြိမ် သူ့ကို သွားရှာသည့်အခါ ဝမ်လင်း၏အရိပ်ကို မြင်တောင် မမြင်တော့ပေ။ ဟုန်ယွီဂိုဏ်းတွင် ပင်မတပည့် အနည်းငယ်သာ ရှိသည်။ သူက အားလုံကို လိုက်ကြည့်သော်လည်း ဝမ်လင်းနှင့်တူသည့် တစ်ယောက်ကိုမျှ မတွေခဲ့ရချေ။
ဝမ်လင်းကို စစ်ဆေး ကြည့်ခဲ့သော်လည်း တတိယ အလွှာသာ ရှိသေးသဖြင့် ထိုလူက ဝမ်လင်း ဖြစ်လိမ့်မည်ဟု မထင်မိခဲ့ချေ။
သို့သော် ယခုအချိန်တွင် ထိုလူက ဝမ်လင်း ဖြစ်သည်မှာ ၁၀၀ရာခိုင်နှုန်း သေချာနေလေပြီ။ ထို့သို့ ခန့်မှန်းမိခြင်းက ရေရာသည့် အကြောင်းပြချက် မရှိပေ။ သူ၏စိတ်ထဲမှ အလိုလိုသိခြင်း ဖြစ်သည်။
‘ဝမ်လင်းက ကျင့်ကြံခြင်းမှာ တော်တော် အဆင့်မြင့်နေပြီ… ကံကောင်း သွားတာက ငါ သူ့ကို နောက်ထပ် ဘာမှ မလုပ်မိလိုက်တာပဲ… စိတ်ဝိညာဉ်ရေရဲ့ လျှို့ဝှက်ချက်ကို ငါ့ရင်ထဲမှာပဲ မြှုပ်နှံလိုက်တာပဲ ကောင်းတယ်… ထိုလူက ဝမ်လင်း ဟုတ်မဟုတ် အရေးမကြီးဘူး… ဒါပေမဲ့ ကျင့်ကြံခြင်း လောကဆိုတာ ရက်စက်လွန်းတယ်… ဂိုဏ်းတူညီအစ်ကို မပြောနဲ့ ညီအစ်ကို အချင်းချင်းတောင် သတ်ဖြတ်နေကြတာ… ဝမ်လင်းရဲ့ ကျင့်ကြံမှု အဆင့်နဲ့ဆို ငါ သူ့ကို တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး… ‘ကျန်းခွမ်းက ဝမ်လင်းနဲ့ ပတ်သက်၍ ဘာမှမလုပ်တော့ရန် ဆုံးဖြတ်ချက် ချလိုက်တော့၏။
ဝမ်လင်းက ဘယ်လိုနည်းလမ်းနှင့် သန်မာလာသည် ဖြစ်ပါစေ သူ စိတ်ပူရမည့်ကိစ္စ မဟုတ်ပေ။ ယခုအချိန်တွင် ဝမ်လင်း၏ သန်မာမှုကြောင့် ထိုစိတ်စွမ်းအင် ရေများအကြောင်းကို ထပ်တွေးနေလျှင် သူ့အသက်ကို သူကိုယ်တိုင် စွန့်ပစ်သကဲ့သို့ ဖြစ်သွားမည်ဟု ခံစားရသည့် အတွက် သူ့ကိုယ်သူ ချက်ချင်း ရပ်တန့်လိုက်လေပြီ။
အစ်ကိုကျန်းကလည်း ဝမ်လင်းကို ကျင့်ကြံခြင်း၌ အပတ်တကုတ် ကြိုးစားရန် ဆူပူကြိမ်းမောင်း ခဲ့ဖူး၏။ ထိုအဖြစ်က ဘယ်လောက်တောင် ရယ်စရာ ကောင်းလိုက်သနည်း။ သူက ဝမ်လင်းကို ညှိုးငယ်စွာ ကြည့်ပြီး ရေရွတ်လိုက်သည်… “မင်းက ဝမ်မိသားစုက ခေါ်လာတဲ့ အချိန်တုန်းက သာမန် လူငယ်လေး တစ်ယောက်ပဲ… မင်း ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားတုန်းကတောင် ငါ ကယ်ပေးခဲ့ရသေးတယ်… ၅နှစ်ပဲ ရှိသေးတယ်… အများကြီး ပြောင်းလဲသွားပြီ… မင်းက အခုအချိန်မှာ ဟုန်ယွီဂိုဏ်းရဲ့ နံပါတ်၁ တပည့်တောင် ဖြစ်သွားပြီ… ကံတရားက ရက်စက်တယ်… ငါ ၁၀နှစ်လောက် အပင်ပန်းခံ လေ့ကျင့်တာတောင် အလွှာ၆ကိုပဲ ရောက်သေးတယ်…”
ရွှမ်တောက်ဂိုဏ်းမှ လူအားလုံးကလည်း အံ့ဩ နေကြသည်။
ပထမ တစ်ကြိမ်တုန်းက ကျိုးဖန်းက ဂရုမစိုက်လို့ဆိုပြီး ရှင်းပြနိုင်သေး၏။ သို့သော် ဒုတိယအကြိမ်နှင့် တတိယ အကြိမ်မှာလည်း တစ်ချက်တည်းနှင့် စင်မြင့်ပေါ်မှ လွင့်စဉ် ပြုတ်ကျရပြန်သည်။ အထူးသဖြင့် တတိယ အကြိမ်တွင် ဖြစ်သည်။ ကျိုးဖန်းက သူ့အဆောင် စာရွက်ကို ဖြုတ်လိုက်သည့် အတွက် သူ၏ကျင့်ကြံခြင်းကို အပြည့်အဝ သုံးနိုင်သော်လည်း တစ်ချက်တည်းနှင့် လွင့်စဉ်ခဲ့ရ၏။
ထိုအဖြစ်က ရွှမ်တောက်ဂိုဏ်းမှ လူများကို အံ့အားသင့်စေခြင်း ဖြစ်သည်။
လျိုဖန်း၏ မေးရိုးဆိုလျှင် အံ့ဩလွန်း၍ အောက်သို့ပင် ကျနေလေပြီ။ အချိန်တော်တော် ကြာသည့်တိုင်အောင် သတိပြန်ဝင် မလာသေးပေ။ သူက ဝမ်လင်းသည် ဟုန်ယွီဂိုဏ်း၏ ဝှက်ဖဲတစ်ချပ် ဆိုသည်ကို လက်ခံ ယုံကြည်သွား၏။ သူက တွေးလိုက်သည်… ‘ဂိုဏ်းတူ အစ်ကိုကြီးက အစကတည်းက ဂရုမစိုက်ခဲ့တာ မဟုတ်ဘူး ဝမ်လင်းထက် အားနည်းတာ… ဒါပေမဲ့လည်း အစ်ကိုကြီးက အလွှာ၁၂ကို ရောက်နေပြီးပြီ … ဒါဆို ဝမ်လင်းက ဘယ်အဆင့်မှာလဲ…’
လျိုဖန်းက မယုံကြည်နိုင်သော အသံဖြင့် ရေရွတ်လိုက်သည်… “သူက ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကို ရောက်နေတာ ဖြစ်နိုင်မလား…”
လျိုမိန်၏ မျက်လုံးက ပိုပြီးတော့တောင် အရောင် လက်လာ၏။ ဝမ်လင်း ပိုပြီးတော့လည်း စိတ်ဝင်စား လာသည်။ သူမက စိတ်ထဲတွင် တွေးလိုက်သည်… ‘သူ့မှာ တကယ်ကို လျှို့ဝှက်ချက်တွေ များတာပဲ … လွန်ခဲ့တဲ့၃ရက်က တစ်ခုခု မှားနေသလို ခံစားရတာ ဘာကြောင့်လဲ သိသွားပြီ… သူက ငါ့ရဲ့ ညှို့ဓာတ်ကနေ ပထမဆုံး ကာကွယ်နိုင်တဲ့လူပဲ…’
များစွာသော တပည့်များသည် ဘာကိုမှ မပြောနိုင် ကြတော့ချေ။ အဘယ်ကြောင့် ဆိုသော် ကျိုးဖန်းသည် သူတို့ရင်ထဲမှ သူရဲကောင်း ဖြစ်နေသောကြောင့် ဖြစ်သည်။ ယခုတော့ သူရဲကောင်းက ပြန်တိုက်ရန် အခွင့်အရေးတောင် မရဘဲ တစ်စုံတစ်ယောက်၏ နှိမ်နင်းခြင်းကို ခံလိုက်ရ၏။ ထိုအချက်က သူတို့ကို ဂိုဏ်းမှ သင်ပေးလိုက်သော ကျင့်စဉ်နည်း စနစ်များအပေါ် စတင် သံသယ ဝင်လာစေသည်။
အကြီးအကဲ အိုးယန်၏ အမူအရာကလည်း ဟုန်ယွီဂိုဏ်းသားများ ရှုံးနိမ့်စဉ်က ဟွမ်လုံ၏ အမူအရာအတိုင်းပင် ဖြစ်၏။ သူ့မျက်နှာတွင် ခါးသီးမှုများ ပြည့်နှက်နေပြီး ဝမ်လင်းကို စူးစိုက်ကြည့် နေလေသည်။ သူ၏အလွှာ၁၄ ကျင့်ကြံမှုနှင့်ပင် ဝမ်လင်းကို ဘယ်လို ကြည့်ကြည့် ဝမ်လင်းက တတိယ အလွှာ၌သာ ရှိသေးသည်ဟု မြင်ရ၏။
“သူက တကယ်ပဲ ဟုန်ယွီဂိုဏ်းရဲ့ ပင်မတပည့်လား… သူက ခန္ဓာကိုယ် ကျင့်ကြံခြင်း အဆင့်ကို ရောက်နေပြီလား… ငါ ဘာလို့ သူ့ရဲ့ ကျင့်ကြံခြင်းကို မမြင်နိုင်ရတာလဲ…”
တခြား အကြီးအကဲ နှစ်ယောက်၏ မျက်နှာများသည်လည်း ဖြူရော်နေ၏။ ကျိုးဖန်၏ ၃ကြိမ် တိုက်ခိုက်ခံရမှုက ဝမ်လင်း၏ စွမ်းအား အစစ်အမှန်ကို သိသွားစေသည်။
ရွမ်တောက် ဂိုဏ်း၏တပည့် တစ်ယောက်က ရုတ်တရက် လေသံတိုးတိုးဖြင့် ပြောလိုက်သည်… “သူက ဘာကျင့်စဉ်ကို သုံးလိုက်တာလဲ… ဆွဲငင်အား ကျင့်စဉ်နဲ့ တူနေတယ်လို့ ဘာကြောင့် ခံစားနေရတာလဲ…”
သူ့ဘေးမှ တစ်ယောက်ကလည်း သေသေချာချာ စဉ်းစားကြည့်ပြီး ပြောလိုက်သည်… “ဆွဲငင်အား ကျင့်စဉ်လား… မဖြစ်နိုင်ဘူး… အဲဒီကျင့်စဉ်က အနိမ့်ဆုံးကျင့်စဉ် တစ်ခုပဲလေ… ဘယ်လိုလုပ် ဒီလောက် စွမ်းအားပြင်းပါ့မလဲ… ရှေးဟောင်း ကျင့်စဉ်တစ်ခုပဲ ဖြစ်ရမယ်… သူက လက်ကို ဆွဲငင်အားကျင့်စဉ်ကို အသုံးပြုသလိုမျိုး ဝှေ့ယမ်းလိုက်တာကို တွေ့လား… အဲဒါ သူသုံးတဲ့ ရှေးဟောင်း ပညာရပ်ကို ဖုံးကွယ်ဖို့ပဲ… ဝမ်လင်းက တစ်ကယ်ကို ပရိယာယ်များတဲ့ကောင်…”
“ဒါပေမဲ့ ငါလည်း ဘယ်လို ကြည့်ကြည့် သူ သုံးတာ ဆွဲငင်အား ကျင့်စဉ်နဲ့ တူနေတယ်… ငါလည်း မကြာခဏ လေ့ကျင့်တယ်… ဓားပျံတွေ၊ တခြား ပစ္စည်းတွေကို ငါအလိုရှိသလို ရွေ့လျား၊ ပျံသန်းအောင် လုပ်နိုင်တယ်… ဂိုဏ်းတူ အစ်ကိုကြီးလို ဖြစ်သွားအောင်တော့…” တခြား တစ်ယောက်ကလည်း ပြောလိုက်သည်။ သို့သော် နောက်ဆုံး စကားလုံးကို ပြောလိုက်သည့် အချိန်တွင် သူ့အသံသည် အလွန်တိုးသွား၏။
တခြား တပည့် တစ်ယောက်ကလည်း မေးစေ့ကို ပွတ်ပြီး ပြောလိုက်သည်… “ဒါကို မေ့ထားလိုက်တော့… ဝမ်လင်း လုပ်သလိုမျိုး မင်းကြိုးစား ကြည့်နိုင်တယ် … ဒါက ဆွဲငင်အားကျင့်စဉ် လုံးဝမဖြစ်နိုင်ဘူး…”
တခြား တပည့်များသည်လည်း ဝမ်လင်း သုံးသွားသည့် ပညာရပ်အား ဆွေးနွေး နေကြသည်။ တချို့ဆိုလျှင် အကြီးအကဲ ၃ယောက်ကိုတောင် သွားမေးကြ၏။
အကြီးအကဲ အိုးယန်နှင့် တခြား အကြီးအကဲ နှစ်ယောက်သည်လည်း ခါးသက်သက် ရယ်မော လိုက်ကြသည်။ အကြီးအကဲအိုးယန်က ပြောလိုက်သည်… “ဒါက ဆွဲငင်အားကျင့်စဉ် မဖြစ်နိုင်ဘူး… ဆွဲငင်အား ပညာရပ်က ဒီလောက် စွမ်းအားပြင်းတာ တစ်ခါမှတောင် မမြင်ဖူးဘူး… ငါ မြင်တာ ပြောရမယ်ဆိုရင် ဝမ်လင်းသုံးတာ ပျောက်ဆုံးနေတာ ကြာပြီဖြစ်တဲ့ နဂါးဖမ်းလက်ပဲ ဖြစ်ရမယ်…”
“နဂါးဖမ်းလက်လား…” တခြား အကြီးအကဲ နှစ်ယောက်လည်း အံ့ဩသွား၏။ သူတို့သည် နဂါးဖမ်းလက် ဆိုတာကို တစ်ခါမှ မကြားဖူးခဲ့သော်လည်း ဝမ်လင်းသုံးသည့် ကျင့်စဉ်နည်းစနစ်ကို မမြင်နိုင်ခဲ့ပေ။ သူတို့မြင်သည်က ဝမ်လင်း သုံးသွားသည့် ပညာရပ်ကား ဆွဲငင်အား ကျင့်စဉ်နှင့် အလွန်တူပေသည်။
အကြီးအကဲ အိုးယန်၏ မျက်နှာက သုန်မှုန်နေပြီး စိတ်ထဲမှလည်း တွေးနေ၏… ‘ဒီအဘိုးကြီးက သုံးသွားတဲ့ ပညာရပ်ကို မမြင်နိုင်ခဲ့ပေမဲ့လည်း မျက်နှာ မပျက်အောင်တော့ ဘယ်သူမှ မသိတဲ့ အကြောင်းအရာ တစ်ခုကို ဖန်တီး ပြောနိုင်ပါသေးတယ်…’
***