ဝမ်လင်းလည်း အချိန် တော်တော် ကြာအောင် မှင်တက်နေ၏။
ကျိုးဖန်၏ စိတ်ထဲတွင် သူဂရုမစိုက်၍ ရှုံးရသည်ဟု တွေးပြီး သည်တစ်ကြိမ်တွင် ဘာစကားမှ မပြောဘဲ စပါးအုံးမြွေကြီးကို ဆင့်ခေါ်လိုက်သည်။ လက်ကလည်း အစီအရင် တစ်ခုကို ဖန်တီးလိုက်ရာ စပါးအုံးမြွေကြီးက သူ့ပါးစပ်ကို ဟလိုက်သည်။
ဝမ်လင်းကလည်း နောက်တစ်ကြိမ် ဆွဲငင်အား ပညာရပ်ကို သုံးပြီး ကျိုးဖန်းကို အရှိန်ပြင်းပြင်းဖြင့် တွန်းထုတ် လိုက်သည်။ စပါးအုံး မြွေကြီးထံမှ အော်ဟစ်သံ ထွက်ပေါ်လာပြီး လေထဲမှ စပါးအုံး မြွေကြီးသည် ပျောက်ကွယ် သွား၏။ ကျိုးဖန်းကလည်း သွေးများ အန်ထုတ်လိုက်ရပြီး နောက်သို့ နောက်တစ်ကြိမ် လွင့်စဉ်သွားသည်။
သူက မြေပေါ်သို့ ကျကျချင်း စင်မြင့်ထက်သို့ တစ်ဟုန်ထိုး ပြန်ပြေး တက်လိုက်၏။ သူ့ဆံပင်များက ဖရိုဖရဲဖြစ်နေကာ ပါးစပ်ထောင့်တွင်လည်း သွေးများ ရှိနေသည်။ သူက ပါးစပ်ထောင့်မှ သွေးများကို လျစ်လျူရှူပြီး အင်္ကျီကို ဆုတ်ဖြဲကာ သူ့ရင်ဘတ်မှ အဆောင်စာရွက်ကို ဖယ်ရှားလိုက်သည်။ အဆောင်စာရွက်ကို ဖယ်ရှား လိုက်သည်နှင့် သူ၏ကျင့်ကြံခြင်း အဆင့်က ရုတ်တရက် တိုးမြင့်သွား၏။
“ဝမ်လင်း… စောနက ငါ့ရဲ့စွမ်းအား အစစ်အမှန်ကို မသုံးလိုက်ရတဲ့အတွက် စောနက တစ်ကြိမ်ကိုလည်း ထည့်မတွက်ဘူး…. ပြန်တိုက်မယ်…”
ယခုချိန်တွင် ဝမ်လင်းသည် သူ၏စွမ်းအားနှင့် ပတ်သက်၍ ယုံကြည်မှု ရှိနေပြီ ဖြစ်၏။ ကျိုးဖန်းကို စောင့်မနေတော့ပဲ ဆွဲငင်အား ပညာရပ်ကို သုံးပြီး လွှဲရိုက်လိုက်သည်။
“ဖောင်း…”
ဒေါသထွက်နေဆဲ ဖြစ်သည့် ကျိုးဖန်းသည် သူ၏မျက်နှာကို ဖြတ်ရိုက်သကဲ့သို့ ခံစားလိုက်ရပြီး မြေပေါ်သို့ ပစ်ကျသွားကာ သွေးများလည်း ထပ်မံ အန်ထုတ်လိုက်ရ၏။ သည်တစ်ကြိမ်တွင်တော့ ချက်ချင်း ပြန်မထနိုင်ပေ။ သူ့ကိုယ်တွင်းမှ စိတ်စွမ်းအင်များကို ထိန်းချုပ်၍ မရတော့သဖြင့် သူက ထရန် အပြင်းအထန် ကြိုးစားသော်လည်း မထနိုင်ချေ။ အသက်ရှူထုတ် လုပ်ရန်ပင် ခက်ခဲနေသည်။
လူတိုင်း ကြက်သေသေ သွား၏။ ပြိုင်ပွဲ တစ်ကွင်းလုံးတွင် လူတိုင်း၏အသက်ရှူသံများမှ လွဲ၍ မည်သည့်အသံမှ ထွက်ပေါ် မလာတော့ချေ။
ဟွမ်လုံသည် ကြက်သေသေ နေရာမှ ပြန်လည် သတိဝင်လာပြီး သူ့မျက်နှာတွင် ပီတိဖြာသော အပြုံးတစ်ခု ပွင့်လန်းနေသည်။ သူက ဝမ်လင်းကို ကြည့်ပြီး တွေးလိုက်သည်… ‘ဝမ်လင်းက ငါတို့ ဟုန်ယွီဂိုဏ်းအတွက် ကံကောင်းကြယ်လေးပဲ… သူက ဒီလောက်တောင် သန်မာနေရဲ့သားနဲ့ မတိုက်ခိုက်ချင်ဘူး … သူ့ကို ဆူပူကြိမ်းမောင်းဖို့ လိုနေတာပဲ… သူ ဘယ်လို လုပ်လိုက်တယ် ဆိုတာလည်း မေးကြည့်ရမယ်…”
စွန်းတဇူးက အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ့စိတ်ထဲတွင်လည်း တွေးနေ၏… ‘ဝမ်လင်းမှာ လျှို့ဝှက်ချက် တချို့ ရှိရမယ်… ဘူးသီးခြောက်တွေ တစ်ဘူးထဲရှိတာ မဖြစ်နိုင်ဘူး… ဝမ်လင်း… မင်းက ငါ့ကို လှည့်ဖြားခဲ့တာပဲ…’
တောက်ရှုသည်လည်း မှင်တက်နေသည်။ ပထမအကြိမ် ကံကောင်းမှုကြောင့် မှတ်ယူနိုင်သော်လည်း နောက်၂ကြိမ်တွင်မူ ကံကောင်းခြင်း မဖြစ်နိုင်တော့ပေ။ သူ့အတွက် အံ့အား အသင့်ဆုံးက ကျိုးဖန်း၏ ကျင့်ကြံခြင်းက အလွှာ၁၂ထိ ရောက်သွား၏။ ထိုအဆင့်က သူနှင့် အတူတူပင်။ သို့သော်လည်း ဝမ်လင်း၏ ဆွဲငင်အား ပညာရပ်ကြောင့် စင်မြင့်ထက်မှ နောက်တစ်ကြိမ် ကန်ထုတ်ခံလိုက် ရသည်။
‘ဝမ်လင်းက ဘယ်အဆင့်ကိုတောင် ရောက်နေပြီလဲ…’ သူက ဝမ်လင်းကို ကြည့်ပြီး အချိန် တော်တော်ကြာကြာ တွေးနေမိသည်။ သူက နတ်ဘုရား စိတ်အာရုံဖြင့် ဝမ်လင်းကို စစ်ဆေး ကြည့်သော်လည်း ဝမ်လင်း၏ကျင့်ကြံခြင်း အဆင့်ကို ဖြတ်၍ မမြင်နိုင်ပေ။
မျက်နှာနီနီနှင့် လူကြီးကလည်း သတိပြန်ဝင်လာပြီး တွေးလိုက်၏… ‘ဝမ်လင်းကို ဂိုဏ်းထဲဝင်တုန်းက သူ့ကို ငါ ခွင့်ပြုပေးခဲ့တယ်… ကြည့်ရတာ ငါ့မျက်လုံးတွေ မကန်းသေးဘူးပဲ…’
ဝမ်လင်း၏ ဦးလေး၄ထံမှ သတ္တုကို လက်ခံခဲ့သည့် သက်လတ်ပိုင်း လူကြီးကလည်း သူ့စိတ်ထဲတွင် တွေးနေမိသည်… ‘ကံကြမ္မာပဲ… ငါနဲ့ဒီကလေးမှာ ရေစက်တချို့ ရှိတာပဲ… မဟုတ်ဘူးဆိုရင် သူ့ကို ဂိုဏ်းထဲဝင်ဖို့ ကူညီပေးမိမှာ မဟုတ်ဘူး… ဟုန်ယွီဂိုဏ်း အတွက် ငါက ကံကောင်းမှု အကြီးကြီးကို ယူဆောင် ပေးခဲ့တာပဲ… နောက်မှ ဂိုဏ်းခေါင်းဆောင်နဲ့ ပြောရမယ်…’
သူ့ဘေးတွင် ရပ်နေသော မျက်နှာ အနည်းငယ် ဝါနေသည့် လူကြီးကလည်း ခေါင်းတညိတ်ညိတ်နှင့် တွေးနေသည်… ‘ငါ သူ့ကို စမ်းသပ်တဲ့ အချိန်တုန်းက သူက ဇွဲလုံ့လ အရမ်း ကောင်းတာကို သိခဲ့တယ်… သူ့ကို စွန်းတဇူးကသာ ခိုးယူမသွားခဲ့ရင် သူက ငါ… ကျန်းရမ်ချိုက်ရဲ့ တပည့် ဖြစ်လာမှာပဲ…’
ဝမ်ကျောက်၏ စိတ်ကလည်း ဟာလာဟင်းလင်း ဖြစ်ကာ သူ့အတွေးထဲတွင် ပျာယာခတ် နေ၏… ‘သူက အခု သန်မာလာပြီ… အရင်က ငါ သူ့ကို လှောင်ပြောင် သရော်ခဲ့တာ… သူက လက်တုံ့ပြန်ဖို့ ကျိန်းသေ တွေးထားမှာပဲ… ငါ ဘာလုပ်ရမလဲ…’
မိန်းကလေးကျိုး၏ မျက်လုံးက အရောင် တောက်နေသည်။ ဝမ်လင်းက သူ၏စွမ်းအားကို ဖုံးကွယ်ထားသည်ဟု ကျိန်းသေ ယုံကြည်လက်ခံ လိုက်လေပြီ။ သူမက ဝမ်လင်းကို တတိယ အလွှာသာ ရှိသေးသည်ဟု ထင်ပြီး သူမ၏ စိတ်ထဲမှ အကြောင်းအရာများကို ပြောပြခဲ့၏။ ထိုအကြောင်းကို တွေးမိပြီး သူမ၏မျက်နှာက နီရဲသွားကာ စိတ်ထဲတွင်လည်း တွေးလိုက်သည်… ‘ဝမ်လင်းက တကယ်ကို သန်မာတယ်… သူက ငါ့ကို တတိယအလွှာပဲ ရှိသေးတယ် ညာခဲ့တာပဲ … နောက်မှ သူ့ဆီက အဖြေရှာရမယ်…’
ဝမ်လင်းကို ကြည့်ပြီး မိန်းကလေးရှု၏ မျက်လုံးနှစ်လုံးက အကြိမ်ပေါင်းများစွာ ဖွင့်လိုက်၊ ပိတ်လိုက် ဖြစ်နေလေသည်။ ထို့နောက် ဝမ်ကျောက်ကို ကြည့်ပြီး တွေးလိုက်၏… “သူက အစ်ကို ဝမ်ကျောက်နဲ့တောင် ယှဉ်နိုင်တာလား… ဝမ်လင်းက ရွှမ်တောက်ဂိုဏ်း ခေါင်းဆောင်ရဲ့ တပည့်ကိုတောင် စင်မြင့်ပေါ်ကနေ ၃ကြိမ်တောင် လွင့်ထွက်သွားအောင် လုပ်နိုင်တယ်… အရမ်း သန်မာလွန်းတယ်…”
ပင်မ တပည့်တစ်ယောက်က ဘေးနားမှ ပင်မတပည့်များကို ကြည့်ပြီး စိတ်ထဲတွင် လှောင်ပြောင် ရယ်မောနေသည်… ‘ဝမ်လင်းက တစ်ချိန်လုံး ကိုယ့်ကိုယ်ကိုယ် အားနည်းချင်ယောင် ဆောင်ထားတာပဲ… ကံကောင်းလိုက်တာ ငါ သူ့ကို တစ်ခါမှ မလှောင်ဖူးဘူး … ငါသာ လှောင်ခဲ့လို့ကတော့ ဒီအချိန်မှာ တော်တော်ကို ကြောက်နေရမှာ … ဟီးဟီး… သူ့ကို လှောင်ပြောင်ခဲ့တဲ့ တပည့်တွေ အများကြီးပဲ… သိပ်မကြာခင် ပွဲကြီးပွဲကောင်း ကြည့်ရနိုင်တယ်…’
ဝမ်လင်းကို လှောင်ပြောင်ခဲ့သည့် တပည့် တစ်ယောက်ကလည်း စိတ်ထဲ တွေးနေသည်… ‘ပြီးသွားပြီ… ငါ သူ့ကို အများကြီး လှောင်ခဲ့တာ… အခု သူက ငါ့ကို လက်ညှိုး တစ်ချောင်းတည်းနဲ့တောင် သတ်နိုင်နေပြီ… သန်မာရဲ့သားနဲ့ ဘာလို့ အားနည်းချင်ယောင် ဆောင်ရတာလဲ… အရှက်မဲ့လွန်းတယ်… ပြင်ပ တပည့်တွေကြားမှာ လာဘ်စားလွန်းလို့ သူ့နာမည်က အနက်ရောင် နှလုံးသား ဘုရင်လို့တောင် ကျော်ကြားတယ်… ငါ သူ့ဆီကို ပစ္စည်းတချို့ ယူသွားပြီး ဖားသင့်တယ်…’
ဆေးဝါးအဆောင်မှ တတိယ အကြီးအကဲသည် အသက်ကို ပြင်းပြင်း ရှူလိုက်သော်လည်း သူ့အမူအရာက တည်ငြိမ်မှု မရှိသေးချေ… ‘ဒါက တော်တော် ဆိုးတာပဲ … ဝမ်ဟိုက သူနဲ့က ဆွေမျိုးတွေဖြစ်ပြီး ဆက်ဆံရေး တော်တော် ကောင်းတယ် ကြားတယ်… ဒါကို ဘယ်လို ဖြေရှင်းရမလဲ… လွန်ခဲ့တဲ့ ၃ရက်ကဆိုရင် ဝမ်ဟိုကို ထွက်သွားခွင့် ပေးလိုက်လို့ရတယ်… အခုကျတော့ ဝမ်ဟိုက…… ဝမ်လင်းသာ ဝမ်ဟိုကို ရှာတွေ့သွားရင် သူ့ဒေါသနဲ့ ရင်ဆိုင်ရမှာပဲ… ဝမ်ဟိုက သွားခွင့်ပြုလိုက် ရင်လည်း ငါ့ကို လက်စားချေဖို့ ပြန်လာမှာပဲ… ပြိုင်ပွဲပြီးတာနဲ့ သူ့ကို သတ်ပစ်ရမယ်… သူက တစ်ခုခုကြောင့် သေသွားသလို ဟန်ဆောင်ရမယ်…’
လုစုန့်က သူ့ခေါင်းကို ငုံ့ပြီး ခရမ်းရောင်ဝတ်စုံကို ကြည့်လိုက်ပြီး ခါးသက်စွာ ရယ်မောလိုက်သည်… ‘ဟုန်ယွီဂိုဏ်းရဲ့ ပင်မ တပည့်တစ်ယောက်က အကုန် ဗြောင်းဆန် သွားအောင် လုပ်နိုင်တာပဲ… ဝမ်လင်းက တကယ်ကို မရိုးရှင်းဘူး… သူ့ရဲ့ အကြံအစည်တွေက တကယ်ကို ပြည့်စုံတယ်… သူက သူ့ရဲ့ ကျင့်ကြံခြင်းကို ဒီနေ့အထိ ဖုံးကွယ် ထားခဲ့တာပဲ… ဟီးဟီး… ဝမ်လင်းရဲ့ နာမည်က အခုကစပြီး ကျောင်းနိုင်ငံရဲ့ ကျင့်ကြံခြင်း လောကမှာ ပြန့်သွားတော့မှာပဲ… ငါ သူနဲ့ မိတ်ဖွဲ့ထားရမယ်…’ သူက အနာဂတ်တွင် ဝမ်လင်းကို ကောင်းကောင်း ဆက်ဆံရန် ဆုံးဖြတ်ချက် ချလိုက်၏။
ကျန်းခွမ်း၏ မျက်နှာတွင် ခါးသီးမှုများနှင့် ပြည့်နေသည်။ သူက စိတ်ဝိညာဉ်ရေကို ရရှိစဉ်က ရေထဲတွင် စိတ်စွမ်းအင် ပမာဏအများကြီး ပါသည်ဟုသာ တွေးခဲ့ပြီး အလေးအနက် မထားခဲ့ပေ။
***