သူ၏ခန္ဓာကိုယ်ကလည်း လှုပ်ရှားသွားပြီး စင်မြင့်ပေါ်တွင် ပေါ်လာသည်။ သူက ဟုန်ယွီဂိုဏ်း၏ တပည့်များကို ကြည့်လိုက်ပြီး အထက်စီးဆန်လှသည့် မျက်နှာနှင့် ပြောလိုက်သည်… “မင်းတို့ ဟုန်ယွီဂိုဏ်းက တပည့်တွေ အကုန်လုံး တစ်ပြိုင်တည်း တက်လာခဲ့လို့ရတယ်… မင်းတို့အားလုံးကို ကောင်းကောင်း ရိုက်ပြမယ်…”
ဟုန်ယွီဂိုဏ်း၏ တပည့်အားလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွား၏။ ဟုန်ယွီဂိုဏ်း၏ အကြီးအကဲများ တောင်မှ မျက်မှောင်ကြုတ် သွားသည်။
ရွှမ်တောက်ဂိုဏ်းမှ လူအားလုံးကတော့ ဘာမှ မပြောကြချေ။ သူတို့အားလုံး၏ မျက်နှာတွင် ထိုလူကို လေးစားသည့် အရိပ်အယောင်များ အထင်းသား ပေါ်လွင်နေသည်။ ထိုအခြင်းအရာကို ကြည့်ခြင်းအားဖြင့် သူ၏ အဆင့်အတန်းက ရွှမ်တောက် ဂိုဏ်းထဲတွင် သာမန်တော့ မဖြစ်နိုင်ပေ။
အကြီးအကဲအိုးယန်က ချောင်းဟန့်ပြီး အော်ပြော လိုက်သည်… “သူငယ်ချင်းဟွမ်လုံ… သူက ကျိုးဖန်း… ရွှမ်တောက်ဂိုဏ်း ခေါင်းဆောင်ရဲ့ တပည့် တစ်ယောက်လည်း ဖြစ်တယ်… ဒီပွဲက အားလုံးကို အဆုံးအဖြတ် ပေးလိမ့်မယ်… မင်းတို့ ဟုန်ယွီဂိုဏ်းရဲ့ တပည့်က ၁၀စက္ကန့် ကြံ့ကြံ့ခံနိုင်ရင် ဟုန်ယွီဂိုဏ်းနိုင်ပြီ…”
ကျန်းခွမ်း၏ မျက်လုံးများက အရောင်တောက် သွားပြီး သူ့ကိုယ်က စင်မြင်ပေါ်သို့ ရောက်သွား၏။ ထို့နောက် သူက လေးလေးနက်နက် ပြောလိုက်သည်… “မာန်တက်နေတဲ့ကလေး… ငါ မင်းကို စမ်းကြည့်မယ်…”
ကျိုးဖန်းက ကျယ်လောင်စွာ ရယ်မောပြီး ပြောလိုက်သည်… “မင်းလား… မင်းရဲ့အဆင်က အလွှာ၆လို့ ထင်ရပေမဲ့ တကယ်တမ်းက မင်းရဲ့အစွမ်းကို ဖုံးထားတာပဲ… မင်းရဲ့အဆင့်အမှန်က အလွှာ၈ပဲ… မင်းက လုံလောက်အောင် မသန်မာသေးဘူး…” ထိုစကားကို ပြောနေစဉ်တွင် ကျိုးဖန်း၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းရောင် လက်သွား၏။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင် မြွေတစ်ကောင် ထွက်လာပြီး တဖြည်းဖြည်း ကြီးထွားလာကာ ကြီးမာသော စပါးအုံးမြွေကြီး တစ်ကောင်အဖြစ်သို့ ပြောင်းလဲ သွားသည်။
စပါးအုံမြွေကြီး၏ ကြီးမားသော ခေါင်းကြီးက ကြောက်လန့်တကြား ဖြစ်နေသော ကျန်းခွမ်း၏ မျက်နှာကို အေးစက်စွာ ကြည့်နေသည်။ မြွေကြီးက ပါးစပ်ဟပြီး အသက်ရှူလိုက်ရာ အလွန် အားကောင်းသော စုပ်အားတစ်ခု ပေါ်ထွက်လာသည်။
ထိုစုပ်အားက အလွန်ထူးဆန်း၏။ ကျန်းခွမ်း တစ်ယောက် အပေါ်တွင်သာ သက်ရောက်မှု ရှိပြီး တခြား ဘယ်သူမှ ထိုစုပ်အားကို မခံစားရပေ။
ကျန်းခွမ်းသည် မည်သည့် တိုက်ကွက်ကိုမှ မထုတ်သုံးရ သေးခင်မှာပင် ထိုစုပ်အားကို ခုခံရန်အတွက် စွမ်းအားများ အကုန်အစင် အသုံးပြုလိုက်ရပြီး စုပ်အားကို ဆက်ပြီး ခုခံရန် စွမ်းအားလုံးဝ မရှိတော့ပေ။ ထို့နောက် သူ့ခန္ဓာကိုယ်က ကြိုးပျက် သွားသော စွန်ကဲ့သို့ စပါးအုံမြွေကြီးဆီသို့ စုပ်ယူခံလိုက်ရ၏။
ကျိုးဖန်းက သရော်ပြုံး ပြုံးလိုက်သည်။ သူက ညာလက်ကို မြှောက်ကာ ကျန်းခွမ်း၏ လည်ပင်းကို ဖမ်းကိုင်ပြီး ပြောလိုက်သည်… “ပြန်သွားပြီးတော့ နောက်ထပ် နှစ်ပေါင်း ဒါဇင် အနည်းငယ်လောက် လေ့ကျင့်လိုက်ဦး…” ပြောပြီးသည်နှင့် သူက ကျန်းခွမ်းကို ညာလက်ဖြင့် လွှင့်ပစ်လိုက်၏။
ကျန်ရှိနေသော ခရမ်းရောင်ဝတ် တပည့်က ကျန်းခွမ်းကို ဖမ်းရန် ကြိုးစား လိုက်သည်။ သို့သော်လည်း ပစ်လွှင့်လာသည့် အားကို မတောင့်ခံနိုင်ဘဲ နှစ်ယောက်စလုံး တော်တော်ဝေးဝေးထိ လွင့်သွား၏။
ကျန်းခွမ်း၏ မျက်နှာက ဖြူရော်နေသည်။ သူ့မျက်လုံးက ပိတ်လျက်ရှိပြီး တုန်ယင်နေ၏။ သူ့လည်ပင်းပေါ်တွင် အနက်ရောင် လက်ရာကြီးကလည်း ပြုတ်တူဖြင့် ခိုင်မြဲစွာ ညှပ်ထားသကဲ့သို့ ထင်းနေသည်။
ဖမ်းလိုက်သည့် ခရမ်းရောင်ဝတ် တပည့်၏ မျက်နှာကလည်း ထိတ်လန့် နေဟန်ရပြီး သူက တိတ်ဆိတ် နေသည်။
ဟွမ်လုံ၏ နှလုံးသားထဲတွင် အလွန်အမင်း ခါးသက်မှုကို ခံစားလိုက်ရ၏။ ရွှမ်တောက်ဂိုဏ်း ခေါင်းဆောင်၏ တပည့်က အလွန်အမင်း သန်မာလှသည်။ သူ ထုတ်သုံးလိုက်သည့် တိုက်ကွက်ကို ကြည့်ပြီး သူက အနည်းဆုံး ၁၀လွှာတွင် ရှိရမည်ဟု ခန့်မှန်းလိုက်၏။ ကျိုးဖန်းက ကျင့်ကြံခြင်းကို ဖုံးကွယ်ပေးသည့် အဆောင်လက်ဖွဲ့ သုံးထားခြင်းကြောင့် ကျင့်ကြံခြင်း အဆင့်ကို အတိအကျ မသိနိုင်ခြင်းဟု ကောက်ချက် ချလိုက်သည်။
ထို့နောက် ဟွမ်လုံက ပင်မတပည့်များကို ကြည့်ပြီး သက်ပြင်း ချလိုက်၏။ ပင်မတပည့် ခေါင်းဆောင်တောင်မှ နိုင်ရန် အခွင့်အရေး မရှိတော့ချေ။ အဘယ်ကြောင့် ဆိုသော် ပင်မတပည့် ခေါင်းဆောင်သည် ယခုမှ အလွှာ၁၀၌သာ ရှိသေး၏။ သူသာ ရှုံးသွားလျှင် ဟုန်ယွီဂိုဏ်းက အပြည့်အဝ ရှုံးနိမ့်သွားပြီ ဖြစ်သည်။
ဟွမ်လုံက မဲ့ပြုံး ပြုံးလိုက်သည်… “ကောင်းပြီ… ကြည့်ရတာ ဟုန်ယွီဂိုဏ်းက မျှော်လင့်ချက် မရှိတော့ဘူး… အကြီးအကဲ အိုးယန်ပြောတဲ့ အတိုင်း ဘိုးဘေး နှစ်ယောက်ကို မြန်မြန် ပြောလိုက်တော့… သူတို့ကပဲ ဆုံးဖြတ်ချက် ချပေးနိုင်တာ… သူပြောတာသာ အမှန်ဆိုရင် ဟုန်ယွီတောင်ထိပ်ကို ဆက်ထိန်းသိမ်းဖို့ လုံးဝ မျှော်လင့်ချက် မရှိတော့ဘူး…”
ကျိုးဖန်က ဘေးပတ်ပတ်လည်ရှိ လူများကို ကြည့်ပြီး ပြောလိုက်သည်… “နောက်တစ်ယောက် ဘယ်သူလဲ…”
ဟုန်ယွီဂိုဏ်းမှ တပည့်အားလုံး မှင်တက်ကုန်၏။ သူတို့က ဘာစကားမှ ပြန်မပြောနိုင်ဘဲ ကျိုးဖန်း၏ အကြည့်ကို ရင်မဆိုင်နိုင်ဟန်ဖြင် ခေါင်းကို ငုံ့လိုက်ကြသည်။ အဘယ်ကြောင့် ဆိုသော် မည်သူမှ သူနှင့် မယှဉ်ပြိုင်ချင်ကြပေ။
ကျိုးဖန်က လှောင်ပြုံး ပြုံးလိုက်၏။ သူ့နှလုံးသားထဲတွင် သူတို့ကို အလွန် အထင်သေးနေသည်။ သို့သော်လည်း သူ့အကြည့်က သူ့ကို မကြောက်မလန့် ပြန်ကြည့်နေသော အလွှာ၃ကိုသာ ရောက်သေးသည့် တပည့် တစ်ယောက်ကို သတိပြုမိလိုက်၏။
ကျိုးဖန်းကို ကြည့်နေသည့် ဝမ်လင်း၏အမူအရာက အလွန် တည်ငြိမ်လွန်း လှသည်။
ကျိုးဖန်က ဝမ်လင်းကို အေးစက်စွာ ကြည့်လိုက်ပြီး မေးသည်… “ဘာလဲ … မင်းက ငါနဲ့ ပြိုင်ချင်လို့လား…”
ကျိုးဖန်း၏ စကားက အားလုံးကို အာရုံကို ဆွဲဆောင်သွား၏။ သူတို့က ကျိုးဖန်း၏စကားသည် ဝမ်လင်းကို ဦးတည်နေကြောင်း သိလိုက်သည်။ သူတို့အားလုံး၏ မျက်နှာထားများ ကလည်း ထူးဆန်းကုန်၏။
ဟွမ်လုံက သက်ပြင်း ချလိုက်သည်။ ဝမ်လင်းက ယခုမှ ချီစုစည်းခြင်း အလွှာ၃ကိုသာ ရောက်သေး၏။ သာမန်ဆိုလျှင် သူ့ကို သတိထားမိမှာ မဟုတ်ချေ။ သို့သော်လည်း ယခုတွင်မူ ကျိုးဖန်းကို တည်တည် ငြိမ်ငြိမ်ဖြင့် ပြန်ကြည့်ရဲသော သူ့သတ္တိက ချီးကျူးစရာ ဖြစ်၏။
ဝမ်လင်းက မတုံ့ပြန်သည်ကို မြင်လိုက်ရသောအခါ ကျိုးဖန်းက လှောင်ပြောင် လိုက်သည်… “ပြိုင်ပွဲ၄ပွဲမှာ တစ်ပွဲပဲ ကျန်တော့တယ်… ဟုန်ယွီဂိုဏ်းက ဂိုဏ်းကြီး တစ်ဂိုဏ်းပါ.. ဘယ်သူမှ မတိုက်ရဲကြဘူးလား… ငါ အလွန်ပဲ စိတ်ပျက်ရတယ်… ပင်မ တပည့်တွေထဲက ဘယ်သူမှ မလာရဲကြဘူးလား…”
ဟွမ်လုံဘေးတွင် ရပ်နေသည့် အကြီးအကဲရှုက ပြောလိုက်သည်… “တောင်းပန်ပါတယ် အကြီးအကဲစွန်း… ဝမ်လင်း သွားလိုက်…”
စွန်းတဇူးက အံ့ဩသွားပြီး ချက်ချင်း နားလည် လိုက်သည်။ သူက ဒေါသတကြီး ပြောလိုက်၏… “တောက်ရှု… မင်းက ငါ့ရဲ့စီနီယာ ဆိုပေမဲ့… ငါ့ကို ဒီလို အရှက်ခွဲလို့ မရနိုင်ဘူး… ငါ့တပည့်က အခုမှ ချီစုစည်းခြင်း အဆင့် တတိယ အလွှာကိုပဲ ရောက်သေးတာ… သူ့ကို လွှတ်လိုက်လည်း ငါ မျက်နှာ ပျက်တာပဲ ရှိမယ်… မင်း ဘာတွေးနေလဲ ငါမသိဘူး မထင်နဲ့… သူတို့ဘက်က ဂိုဏ်းခေါင်းဆောင်ရဲ့တပည့်က အလွန်စွမ်းအားကောင်းတယ်… မင်းတို့ရဲ့တပည့်တွေ ရှုံးပြီး ထိခိုက်မှာ၊ အရှက်ရမှာတွေကို ကြောက်ပြီး ငါ့တပည့်ကို ကြားထဲက အချောင် ဝင်ခံခိုင်းဖို့ ကြိုးစားနေတာ ငါသိတယ်… ဂိုဏ်းမှာ ငါ့တပည့်ကို အမှိုက်ကောင်လို့ သတ်မှတ် ထားကြတယ်… သူ ရှုံးသွားရင်တောင် မင်းတို့က ပြချက်ပေးလို့ ရတယ်… ဒီလို ရှက်စရာ အလုပ်ကို ငါ ကန့်ကွက်တယ်…”
တောက်ရှုက မျက်မှောင်ကြုတ် သွား၏။ သူ့စိတ်ထဲတွင် ထိုကဲ့သို့ အတွေးများ ရှိမနေချေ။ သို့သော်လည်း စွန်းတဇူးက သူ့ကို မျက်နှာမပေးဘဲ ရွှမ်တောက်ဂိုဏ်း၏ ရှေ့တွင် အားလုံးကို ပြောချလိုက်သည်။
သူက သရော်ပြုံး ပြုံးပြီး သူ့မျက်လုံးများက ဂိုဏ်း ခေါင်းဆောင်ကို ကြည့်ကာ စကားတချို့ ပို့လိုက်၏။
ဟွမ်လုံက သက်ပြင်းချကာ ပြောလိုက်သည်… “ဂိုဏ်းတူညီလေးစွန်း… စိတ်အနှောင့်အယှက် အဖြစ်မခံပါနဲ့တော့… ဝမ်လင်း သွားလိုက်…”
စွန်းတဇူးက ဒေါသတကြီးဖြင့် အင်္ကျီလက်ကို ဘေးသို့ ရိုက်လိုက်ပြီး ကောင်းကင်ကြီးကို သရော်ပြုံးဖြင့် ကြည့်နေလေသည်။
ဝမ်လင်းက လက်နှစ်ဖက်ကို ဆုပ်ပြီး လေးစားစွာဖြင့် အံ့အားသင်စွာ ပြောလိုက်၏… “အမိန့်အတိုင်းပါ…”
သူက အသက်ပြင်းပြင်း ရှူလိုက်ပြီး ရှေ့သို့ လျှောက်သွားကာ စင်မြင့်ပေါ်သို့ တက်သွား၏။
ရွှမ်တောက်ဂိုဏ်းမှ တပည့်အားလုံးက သူ့ကို ကျယ်လောင်စွာ ဟားတိုက် ရယ်မောကြသည်။
“ဟုန်ယွီဂိုဏ်းက အရှက် မရှိတော့ဘူးလား… ငါတို့ရဲ့ဂိုဏ်းတူ အစ်ကိုကြီးကို ယှဉ်ပြိုင်ဖို့ အသုံးမကျတဲ့ ကောင်ကို လွှတ်လိုက်တယ်…”
“ဒီလို အသုံးမကျတဲ့ကောင်ကို ယှဉ်ပြိုင်ဖို့ ဂိုဏ်းတူ အစ်ကိုကြီးတောင် မလိုဘူး… ငါတောင် သူ့ကို လက်မနဲ့ ဖိသတ်နိုင်တယ်…”
“ဂိုဏ်းတူ အစ်ကိုကြီး… သူတို့က အရှုံးပေးနေပြီ… ဒါကြောင့် သူ့ကို လွှတ်လိုက်တာပဲ… သူက သနားစရာ ကောင်းပါတယ်… သူ့ကို မနာကျင်စေဘဲ ပြန်ပို့ပြီး လူကောင်း တစ်ယောက် ဖြစ်လိုက်ပါ…”
အကြီးအကဲ အိုးယန်က အကြီးအကဲ နှစ်ယောက်ကို ကြည့်ပြီး သူ့မျက်နှာတွင် အထင်သေးသည့် အမူအရာ ပေါ်လာသည်။ သူက ရယ်ပြီး ပြောသည်… “ငါ ဒီနေ့တော့ ဟွမ်လုံနဲ့ ဟုန်ယွီဂိုဏ်းရဲ့ အစစ်အမှန်ကို သိလိုက်ရတာပဲ…”
ထိုစကားကို ကြားပြီး ဟွမ်လုံ မျက်နှာပျက် သွားကာ စကားတစ်ခွန်းမှ မပြောဘဲ ထွက်သွား၏။ သူသည် ဝမ်လင်းနှင့် ပတ်သက်၍ ယုံကြည်မှု လုံးဝ မရှိပေ။ ပြိုင်ပွဲကို အဆုံးသတ်ရန် အတွက် ဝမ်လင်းကို ကျွဲစာ၊ နွားစာ သဘောမျိုးဖြင့် လွှတ်လိုက်ခြင်းသာ ဖြစ်သည်။ သည်တစ်ကြိမ် ပြိုင်ပွဲတွင် သူက အရှုံးကို လက်ခံလိုက်ပြီ ဖြစ်၏။
ဝမ်လင်း ရှုံးသွားလျှင်တောင်မှ ပြိုင်ပွဲမှ အကြောင်းများ အပြင်ဘက်သို့ ပြန့်သွားသည့်အခါ အရမ်းကြီး မဆိုးတော့ပေ။ ရွှမ်တောက်ဂိုဏ်းနှင့် ပြိုင်ရဲသည့် တပည့်မရှိဟု ပြန့်သွားပါက ဟုန်ယွီဂိုဏ်းအတွက် အလွန် အရှက်ရစရာ ဖြစ်သွားပေလိမ့်မည်။
ပင်မတပည့်ထဲတွင် ပြိုင်ရဲ့သည့်လူ မရှိတော့သည့်အတွက် ဘာမှ မတတ်နိုင်တော့ဘဲ ဝမ်လင်းကိုသာ လွှတ်ခဲ့ရသည်။
သူ့နောက်မှ ဟုန်ယွီဂိုဏ်းမှ အကြီးအကဲ အားလုံးကလည်း ခေါင်းကိုသာ တွင်တွင် ခါလိုက်ပြီး ထွက်ခွာရန် နောက်သို့ လှည့်ပြီး ဖြစ်နေ၏။
ပင်မ တပည့်များတောင်မှ ဤနေရာတွင် မနေချင်တော့ဟန်ဖြင့် ခြေထောက်များ စတင် ရွေ့နေကြပြီ ဖြစ်သည်။ ဆက်နေလျှင်လည်း ပိုပြီး အရှက်ရစရာများကိုသာ မြင်ရပေလိမ့်မည်။
***
Hmm