ဝမ်ကျောက်၏ အဖော်တချို့က လက်ခံပြီး သူတို့ထဲမှ တစ်ယောက်က ပြောလိုက်သည်…
“ဒါမှန်တယ် … ရွှမ်တောက်ဂိုဏ်းက သူငယ်ချင်းတို့ … ဒီကိစ္စကို ငါတို့ကို လွှဲပေးလိုက်ပါ…”
ရွှမ်တောက်ဂိုဏ်းမှ တပည့်အားလုံးက ချီတုံချတုံ ဖြစ်သွားကြ၏။ တပည့်လျိုက သည်ကိစ္စကို အကြီးအကဲ များထံမှ ခွင့်ပြုချက် ယူချင်နေသည်။ သို့သော်လည်း ထိုအချိန်တွင် နောက်ကျောဘက်မှ သက်လတ်ပိုင်း လူကြီးက သက်သက်သာသာဖြင့် ချောင်းဟန့်လိုက်၏။ တပည့်လျို၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားပြီး ပြောလိုက်သည်…
“ဒါဆိုလည်း ကျွန်တော်တို့က ဟုန်ယွီဂိုဏ်းကိုပဲ ဒုက္ခ ပေးရတော့မှာပေါ့…”
ဝမ်ကျောက်က ပြုံးလိုက်သည်။ သူက ဝမ်လင်းဘက်သို့ လှည့်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်၏…
“ဂိုဏ်းတူ ညီလေးဝမ်လင်း … ကင်းခြေများ အစာကျွေးတဲ့ အလုပ်ကို မင်းအတွက် ထားခဲ့မယ်နော် … မင်း ဂရုစိုက်ဖို့လိုမယ်…”
ဝမ်ကျောက်၏ စကားကို ကြားတော့ ရွှမ်တောက်ဂိုဏ်းမှ တပည့်အားလုံးက သူတို့ခေါင်းတွေကို ဝမ်လင်းဆီသို့ လှည့်လိုက်ကြ၏။ သူတို့အားလုံး၏ မျက်နှာတွင် ထူးဆန်းသည့် အမူအရာများ ပေါ်နေသည်။ သူတို့သည် နောက်ကွယ်မှ အဓိပ္ပာယ် အားလုံးကို နားမလည်သော်လည်း ဝမ်လင်းက ဝမ်ကျောက်ကို ကျိန်းသေ စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်ကို နားလည်လိုက်၏။
ဟုန်ယွီဂိုဏ်းမှ တပည့်များထဲမှ တစ်ယောက်က ရယ်မောပြီး ပြောလိုက်သည်…
“ဝမ်ကျောက်က ဘယ်သူ့ကို ပြောနေတာလဲလို့ သိချင်နေတာ … ထင်ထားတဲ့ အတိုင်းပဲ … ညီငယ်ဝမ်လင်း ဖြစ်နေတာပဲ…”
တခြား တစ်ယောက်ကလည်း ဆက်ပြီး ပြောလိုက်၏…
“ဒီအလုပ်က သူနဲ့တကယ်ပဲ သင့်တော်တယ် … သူ့ရဲ့ပင်ကို ပါရမီနဲ့ဆို ကျင့်ကြံတာက သူ့အတွက် အချိန်ဖြုန်း နေတာပဲ … သူက ပြိုင်ပွဲမှာ ပြိုင်ဖို့ အခွင့်အရေး လုံးဝ မရှိဘူး…”
“ဒီအလုပ်က သူ့လောက် သင့်တော်တဲ့သူ မရှိတော့ဘူး … ညီငယ်ဝမ်လင်း ဒီအလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်ပါ … ဟုန်ယွီဂိုဏ်းကို မျက်နှာ မပျက်ပါစေနဲ့…”
ရယ်မောသံများကို ကြားပြီးနောက် ဝမ်လင်းက ဝမ်ကျောက် တစ်ယောက်တည်းကို သာမက တခြားသူများကိုလည်း စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်ကို ရွှမ်တောက်ဂိုဏ်း၏ တပည့်များက နားလည်လိုက်၏။ သူ၏နိမ့်ကျသော ပင်ကို ပါရမီကြောင့် တပည့်များထဲတွင် သရော်ခံ နေရသည်ကို သူတို့နားလည် သွားကြသည်။
ဤကဲ့သို့ ကိစ္စမျိုးက ဂိုဏ်းတိုင်းတွင် ရှိပေသည်။ ထို့ကြောင့် ကိစ္စကြီး တစ်ခုတော့ မဟုတ်ချေ။ ရလဒ်အနေနှင့် ရွှမ်တောက်ဂိုဏ်းမှ တပည့်အားလုံးက ဝမ်လင်းကို အသုံးမကျသည့် ကောင်ဟု သတ်မှတ်လိုက်ကြ၏။
ဝမ်လင်းဘေးတွင် ထိုင်နေသည့် မိန်းကလေးကျိုးက မျက်မှောင်ကြုတ် သွားသည်။ သူမက ဝမ်ကျောက်ကို စက်ဆုပ်ရွံရှာသည့် အကြည့်ဖြင့် ကြည့်လိုက်၏။ သူမက ဝမ်လင်းကို လေသံ တိုးတိုးနှင့် ပြောလိုက်သည်…
“မောင်လေးဝမ် … ငါသာ နင့်အနားမလာရင် … သူကနင့်ကို ပစ်မှတ်ထားမှာ မဟုတ်ဘူး … ငါ…”
ဝမ်လင်းက ခေါင်းကို ခါလိုက်၏။ ဝမ်ကျောက်က သူ့ကို လွန်ခဲ့သည့် ရက်အနည်းငယ် ကတည်းက ပစ်မှတ် ထားနေခဲ့ခြင်း မဟုတ်ပေ။ စတွေ့သည့် အချိန်ကတည်းက လှောင်ပြောင် သရော်ခဲ့ခြင်း ဖြစ်သည်။ တခြား တပည့်များကလည်း သူက ကိုယ့်ကိုယ်ကိုယ် သတ်သေပြီး ဂိုဏ်းထဲဝင် လာသည့်အတွက် အထင်အမြင် သေးကြ၏။ ထို့အပြင် အကြီးအကဲ စွန်းကြောင့် ပင်မတပည့် ဖြစ်ခဲ့ခြင်းကြောင့်လည်း ပါသည်။
အရေးကြီးဆုံးက သူသည် တတိယ အလွှာတွင်သာ ရှိသေးသောကြောင့် ထိုတပည့်များ ကြားထဲတွင် အားအနည်းဆုံး ဖြစ်နေသည်။
စွမ်းအားကသာ အရာရာ ဖြစ်၏။ ဝမ်လင်းက မြေပြင်တွင် လဲလျောင်းနေသော ခြေတစ်ထောင် ကင်းခြေများကြီးကို ကြည့်လိုက်သည်။ သူက ဂရုမစိုက်ဘဲ ဘာကိုမှ မကြားသကဲ့သို့ ဟန်ဆောင် နေလိုက်၏။
သိပ်မကြာခင်တွင် ဝမ်ကျောက်က ရွှမ်တောက်ဂိုဏ်းမှ တပည့်များကို အနား ယူရန်အတွက် သူတို့အခန်းကို လိုက်ပို့ပေးရန် တပည့်တချို့အား တာဝန် ပေးလိုက်သည်။
ရွှမ်တောက်ဂိုဏ်းမှ ရေစိတ်ဝိညာဉ် အရင်းအမြစ်နှင့် တပည့်လျိုက ဝမ်လင်းကို ကြည့်ပြီး ထွက်မသွားခင် နူးညံ့စွာ ပြောလိုက်၏…
“မင်းက ဝမ်လင်း ဖြစ်ရမယ် … ငါတို့ ရွှမ်တောက်ဂိုဏ်းက ကင်းခြေများကြီးရဲ့ သဘာဝကိုက ရိုင်းတယ် … ဒါ့ကြောင့်မို့ အစာကျွေးတဲ့အခါ အရမ်းမကပ်ပါနဲ့ … မဟုတ်ရင် မင်းကို အနာတရ ဖြစ်စေလိမ့်မယ်…”
ဝမ်ကျောက်က ဝမ်လင်းကို အေးစက်သော အပြုံးနှင့်အတူ ကြည့်သွား၏။ သိပ်မကြာခင်တွင် အဓိကခန်းမ အပြင်ဘက်မှာ အားလုံးလည်း လူစုခွဲ သွားကြလေပြီ။
မိန်းကလေးကျိုးလည်း မျက်နှာ ရှစ်ခေါက်ချိုး ဖြစ်နေလေသည်။ သူမက ဝမ်လင်းနှင့် စကားအများကြီး ပြောပြီးမှ ထွက်သွား၏။
သူတို့ မရှိတော့သည့် နေရာကို ကြည့်ရင်း သူက မတ်တတ်ရပ် လိုက်ကာ ကင်းခြေများဆီသို့ လျှောက်သွား လိုက်သည်။ ကင်းခြေများနှင့် ၁၀ပေ အကွာခန့်တွင် ရပ်လိုက်ပြီး စိတ်ဝိညာဉ် သားရဲကို စူးစမ်းလိုက်၏။
အပေါ်မှ ကြည့်လျှင် ကင်းခြေများကြီးက ဧရာမသားရဲကြီး ဖြစ်သည်။ သူ့ခန္ဓာကိုယ်က အကန့်အများကြီးနှင့် ဖွဲ့စည်းထားပြီး အကန့်များ ကြားထဲတွင် ဓားကဲ့သို့ ချွန်ထက်နေသော ဆူးများက ပတ်ပတ်လည် ရှိနေသည်။ အနက်ရောင်မှိန်မှိန် အစက်အပြောက် များကလည်း တစ်ကိုယ်လုံးတွင် ရှိနေ၏။ ဦးခေါင်းတွင်လည်း ကြီးမားသော ဦးမှင်နှစ်ချောင်း ရှိသေး၏။
ဆွဲဆောင်မှု အရှိဆုံး အစိတ်အပိုင်းကတော့ လေမတိုက်ဘဲ လှုပ်ရှားနေသည့် ရှည်လျားသော နှုတ်ခမ်းမွေးများပင် ဖြစ်သည်။
ဝမ်လင်းက သူ့ကို ကြည့်နေသည်ကို သိနေသည့်အလား ကင်းခြေများကြီးက အေးစက်သော အကြည့်နှင့် မျက်လုံးကို ဖွင့်ချည်၊ ပိတ်ချည် လုပ်နေသည်။ ချက်ချင်းပင် ဝမ်လင်းလည်း အေးစက်သော အထိအတွေ့ကို ခံစားလိုက်ရ၏။
ဝမ်လင်းက အေးစက်မှုကို ခံစားရသော်လည်း သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များ၏ လှုပ်ရှားမှုက ချက်ချင်း အေးစက်မှုကို ပျောက်ကွယ် သွားစေသည်။
ကင်းခြေများကြီးက အံ့အားသင့်သော အမူအရာကို ဖော်ပြလာသည်။ ဝမ်လင်းကို နက်ရှိုင်းစွာ ကြည့်လိုက်ပြီး မျက်လုံးကို ပိတ်ကာ ဝမ်လင်းကို လျစ်လျူရှုလိုက်၏။ ဝမ်လင်းကလည်း ကင်းခြေများကြီးကို စိတ်ဝင်စားသွား၏။ စိတ်ဝိညာဉ် သားရဲဆိုသည့်အတိုင်း လူသားများကဲ့သို့ အမူအရာ ဟန်ပန်များ ရှိနေသည်။
သူက ကင်းခြေများကြီးအ ကြောင်း စဉ်းစားနေရင်းမှ သွက်လက်သော ခြေလှမ်းများဖြင့် တောင်ပေါ်သို့ တက်သွားသည်။ သူ၏နတ်ဘုရား စိတ်အာရုံကို အသုံးပြု၍ တိရစ္ဆာန်ငယ် အကောင်လေးများကို ဖမ်းပြီး ပြန်လာခဲ့၏။
လမ်းတစ်လျှောက်တွင် ဂိုဏ်းတူအစ်ကိုများ လိုက်လံ ပို့ဆောင်နေသော ရွှမ်တောက်ဂိုဏ်းမှ တပည့်များကို တွေ့ခဲ့ရသည်။ သူတို့က လက်ထဲတွင် တိရစ္ဆာန်များနှင့် ဝမ်လင်းကို တွေ့သောအခါ ရယ်မောကြသည်။
ရွှမ်တောက်ဂိုဏ်းမှ လှပသော အမျိုးသမီး တပည့်တစ်ယောက်က နူးညံ့သော အကြည့်နှင့် ရယ်မောပြီး ပြောလိုက်သည်…
“မောင်ငယ်လေး … မင်းဖမ်းလာတဲ့ အကောင်တွေက ကင်းခြေများကြီးအတွက် လောက်မှာ မဟုတ်ဘူး … တီကောင် အကြီးကြီးတွေ ဖမ်းလာသင့်တယ် … အဲဒီ အကောင်တွေကမှ ကင်းခြေများကြီးရဲ့ အကြိုက်တွေ …”
ပင်မတပည့် တစ်ယောက်က ချက်ချင်း သူမကိုဖားရန် ကြိုးစားလိုက်သည်…
“ညီမအိုးယန် … ဒီကောင်စုတ်လေးက ဆွံ့အနေသလိုပဲ…. သူ့ကို စကားပြောနေဖို့ မလိုဘူး … ညီမက မသိလို့ … သူက ကျင့်ကြံဖို့ အရည်အချင်း မပြည့်မီဘူး … ဝင်ခွင့် စမ်းသပ်မှုတွေ အားလုံး သူက ကျရှုံးပြီး သတ်သေဖို့ ကြိုးစားခဲ့တယ် … ဒါ့ကြောင့် သူ့ကို အကြီးအကဲတွေက ပြင်ပတပည့်အဖြစ် လက်ခံခဲ့ရတယ်…”
သူ့ကို ပြောသည့်လူကို ဝမ်လင်း မှတ်မိလိုက်၏။ သူက လေးနှစ်တာ လေ့ကျင့်သည့် ကာလတွင် သူ့ကို လှောင်ပြောင်ခဲ့သော စွန်းဟိုဖြစ်သည်။
ရွှမ်တောက်ဂိုဏ်းမှ တစ်ယောက်က အလျင်အမြန် မေးလိုက်၏…
“ပြင်ပတပည့်လား … ဒါပေမဲ့ ငါ မြင်တာ သူက အနီရောင်ဝတ်စုံကို ဝတ်ထားတာနော် … သူက ပင်မတပည့် ဖြစ်သင့်တာ မဟုတ်ဘူးလား…”
စွန်းဟိုက ကျယ်လောင်စွာ ရယ်လိုက်သည်…
“ငါအကုန် မပြောရသေးလေ … ဒီကောင်က နိမ့်ကျတဲ့ နည်းလမ်းတွေသုံး … အကြီးအကဲ တစ်ယောက်ရဲ့ ထောက်ခံမှုကို အရယူပြီး ပင်မတပည့် တစ်ယောက် ဖြစ်လာတာ … ဒါတောင်မှ သူ့ရဲ့ ပင်ကို စွမ်းရည်နဲ့ဆို သူ့ကျန်ရှိနေတဲ့ တစ်ဘဝလုံး ဟားတိုက် ခံနေရဦးမှာပဲ…”
ဝမ်လင်းက သူတို့ကို တစ်ချက်ဝေ့ ကြည့်လိုက်ပြီး ထွက်ခွာသွား၏။ ကင်းခြေများကြီး နားသို့ ပြန်ရောက် သောအခါ တိရစ္ဆာန်ငယ်များကို သူ့ဘေးသို့ ပစ်ပေးလိုက်သည်။
အကောင်ငယ်များမှာ ကင်းခြေများ ကြီးကိုမြင်ပြီး သူတို့က မြေပေါ်သို့ ကျသည်နှင့် ချက်ချင်း ကြောက်ရွံ့မှုကြောင့် တုန်ယင်နေကြ၏။
ကင်းခြေများကြီးက မျက်လုံး ဖွင့်လိုက်ပြီး အကောင်ငယ်များကို ကြည့်ပင် မကြည့်ချေ။ သူက အနက်ရောင် အငွေ့များ မှုတ်ထုတ်လိုက်၏။ အနက်ရောင် အငွေ့များနှင့် အကောင်ငယ်များ ထိသွားသည့် အချိန်တွင် တရှဲရှဲမြည်သံများ ထွက်ပေါ်လာသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် အကောင်ငယ်များက သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွား၏။ ကင်းခြေများက သွေးများကို သူ့ပါးစပ်ထဲသို့ စုပ်ယူလိုက်သည်။
ဝမ်လင်းက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိ၏။ သူ့မျက်လုံး များကလည်း မြင့်တက်သွား၏။ ကင်းခြေများတွင် ပုံမှန်အတိုင်း အဆိပ်ပါသည်။ ထိုအဆိပ်များက သူတို့၏ အကြီးမားဆုံးသော လက်နက်ဖြစ်၏။
ဝမ်လင်း ငယ်စဉ်က ဖတ်ခဲ့သော စာအုပ်ထဲတွင် ကင်းခြေများ၏ အဆိပ်က သူ၏အရွယ်အစားနှင့် ဆိုင်သည်ဟု ဖော်ပြထားသည်။ ခန္ဓာကိုယ် ကြီးမားလေ အဆိပ်က ပိုပြင်းလေ ဖြစ်သည်ဟု ရိုးရိုးရှင်းရှင်း ဖော်ပြထား၏။
***