ရွှမ်တောက်ဂိုဏ်းမှ တပည့်များက ဟုန်ယွီဂိုဏ်း၏ တပည့်များကို လျှို့ဝှက်စွာ လေ့လာနေကြသည်။ အထူးသဖြင့် အလွှာ၆နှင့် ၆အထက် တပည့်များကို ဖြစ်၏။ ဝမ်ကျောက်၏ ရုပ်ရည်နှင့် သူ၏အလွှာ၅ အထွတ်အထိပ် အဆင့်ကြောင့် ရွှမ်တောက်ဂိုဏ်းမှ တပည့်များက သူ့ကို စိတ်ထဲမှ မှတ်ထားကြ၏။
ဝမ်လင်းက တတိယအလွှာသာ ရောက်သေးတာကြောင့် သူ့ကို အကုန်လုံးက လျစ်လျူရှု ထားကြ၏။
သို့သော် လျိုမိန်ကတော့ သူ့အပေါ် အနည်းငယ် စိတ်ဝင်စားနေသည်။
ဂိုဏ်းနှစ်ခုစလုံးမှ အကြီးအကဲများက တစ်ယောက်နှင့် တစ်ယောက် စကားပြော နေကြသော်လည်း သူတို့က နှစ်ဖက်စလုံးမှ တပည့်များကို တိတ်တဆိတ် အကဲခတ နေကြ၏။ ရွှမ်တောက်ဂိုဏ်းမှ အကြီးအကဲ ၃ယောက်က ဟုန်ယွီဂိုဏ်းမှ တပည့်များကို မြင်ပြီး ပို၍ ပို၍ ပျော်ရွှင် လာကြသည်။ သူတို့ကသာ ဟုန်ယွီဂိုဏ်းမှ တပည့်အားလုံး ဖြစ်ပါက ပြိုင်ပွဲတွင် ကျိန်းသေနိုင်လိမ့် ပေလိမ့်မည်။
သို့သော်လည်း သူတို့က ဟုန်ယွီဂိုဏ်းနှင့် ပြိုင်ပွဲများ ပြုလုပ်လာသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်သည်။ နှစ်ဖက်စလုံးက ဉာဏ်နီဉာဏ်နက် အလွန်များသည်ကို သူတို့သိ၏။ နောက်ဆုံး အခြေအနေ မရောက်မချင်း သူတို့က လူသတ်လက်နက်ကို သိမ်းထားလိမ့်မည် ဖြစ်သည်။ ဟုန်ယွီဂိုဏ်း၏ တပည့်များထဲတွင် အလွှာ၆မှ တပည့်များ ပါသော်လည်း အားလုံးက မျက်နှာသစ်များ ဖြစ်၏။ ယခင်တစ်ခေါက် ပြိုင်ပွဲတွင် ပါဝင်ခဲ့သော တပည့်များ တစ်ယောက်မှ မပါချေ။
ထိုလူများသည် ယှဉ်ပြိုင်ပွဲ အတွင်းတွင် အာရုံစိုက်ရန် လိုအပ်သော လူများဖြစ်သည်။
ဂိုဏ်းခေါင်းဆောင် ဟွမ်လုံကလည်း ရွှမ်တောက် ဂိုဏ်းသားများကို စစ်ဆေး ကြည့်လိုက်ရာ သူ့အကြည့်များက ရေစိတ်ဝိညာဉ် အရင်းအမြစ်နှင့် တပည့်နှစ်ယောက်ထံတွင် ရပ်တန့်သွား၏။ လွန်ခဲ့သော နှစ်၅၀၀ အတွင်းတွင် ဟုန်ယွီဂိုဏ်းက စိတ်ဝိညာဉ် အရင်းအမြစ် ဆက်ခံသူ တစ်ယောက်မှ မပိုင်ဆိုင် ခဲ့သည့်အတွက် တဖြည်းဖြည်း ကျဆင်းလာရသည်။ လွန်ခဲ့သည့် နှစ်၅၀၀က လူမသိ၊ သူမသိ ဂိုဏ်းတစ်ခု ဖြစ်သည့် ရွှမ်တောက် ဂိုဏ်းတောင်မှ ယခုအချိန်တွင် ဟုန်ယွီဂိုဏ်းထက် သာနေပြီ ဖြစ်၏။ သည်တစ်ကြိမ်တွင် သူတို့ဘက်မှ နိုင်မည်ဟု တွေးထား သော်လည်း စိတ်ဝိညာဉ် အရင်းအမြစ် တပည့်နှစ်ယောက် ပေါ်လာခြင်းက သူ့ကို စိုးရိမ်စိတ် ဝင်လာစေသည်။
“ကျွန်တော်တို့ ဘက်က ခရမ်းရောင်ဝတ် တပည့်တွေ ထွက်လာဖို့ တကယ် မလိုအပ်ဘူးလား … သူတို့က အခုချိန် လေ့ကျင့် နေကြတယ်…”
ရုတ်တရက် ဟွမ်လုံ၏ အကြည့်က တစ်ချိန်လုံး သူ့နောက်မှ လိုက်နေသည့် တပည့်အပေါ်တွင် ကျရောက်သွားပြီး နောက်ဆုံးတွင် သူက ဆုံးဖြတ်ချက် ချလိုက်၏။
“ကောင်းပြီ … သူတို့က ဒီလိုတပည့်တွေ လွှတ်လိုက်မှတော့ ငါတို့ကလည်း လက်ရင်း တပည့်တွေကို ထုတ်ပြရတော့မယ့် အချိန်ပဲ…”
ထိုအကြောင်းကို တွေးပြီး ရယ်မောကာ ပြောလိုက်သည်…
“သူငယ်ချင်းအိုးရန် … တပည့်တွေက ခရီးပန်း လာကြမှာပေါ့ … အရင်ဆုံး သူတို့ကို အနားယူခိုင်း လိုက်ရအောင် … ငါတို့ အဘိုးကြီးတွေ အတွက် အချိန်ကောင်း လေးတော့ ရှိသင့်တယ် … အဓိက ခန်းမထဲကို လိုက်ခဲ့ကြပါ…”
သူက လက်ကို ဝှေ့ယမ်းပြီး သူတို့အား ဖိတ်ခေါ်လိုက်ကာ ခန်းမထဲသို့ အပြုံးပန်းလေး ဆင်မြန်းပြီး ဝင်သွား၏။
ရွှမ်တောက်ဂိုဏ်းမှ အကြီးအကဲ ၃ယောက်လည်း ခေါင်းညိတ်ပြီး သူ့နောက်မှ ခန်းမထဲသို့ လိုက်ဝင်သွား၏။
ဟုန်ယွီဂိုဏ်းမှ အကြီးအကဲများက သူတို့နောက်မှ လိုက်ဝင် သွားကြသည်။ အကြီးအကဲရှုက နောက်ဆုံးမှ ဖြစ်၏။ သူက တပည့်များ ဘက်ကို လှည့်လိုက်ပြီး ပြောလိုက်သည်…
“ဝမ်ကျောက် … မင်းက ရွှမ်တောက်ဂိုဏ်းက တပည့်တွေကို ဂရုစိုက်ဖို့အတွက် တာဝန်ယူလိုက် … တစ်ခုခု ဖြစ်လို့ကတော့ ခွင့်လွှတ်မှာ မဟုတ်ဘူး…”
ဝမ်ကျောက်က ထိုအရာအတွက် ပြင်ဆင် ထားပုံရ၏။ သူက လေးစားစွာ ပြောလိုက်သည်…
“ဆရာ … မစိုးရိမ်ပါနဲ့ … ရွှမ်တောက်ဂိုဏ်းရဲ့ တပည့်တွေကို ကောင်းကောင်းမွန်မွန် ဂရုစိုက် ပေးလိုက်ပါ့မယ်…”
အကြီးအကဲရှုက ရွှမ်တောက်ဂိုဏ်း၏ တပည့်များကို ပြုံးပြကာ ပြောလိုက်သည်…
“ရွှမ်တောက်ဂိုဏ်းက တပည့်လေးတွေ … မင်းတို့ တစ်ခုခု လိုတာရှိရင် ဝမ်ကျောက်ကို ပြောလိုက်ပါ … ဒီအဘိုးကြီးက အိုနေပြီမို့ … မင်းတို့ကို အနှောင့်အယှက် မပေးတော့ဘူး … မင်းတို့တွေ တစ်ယောက်နဲ့ တစ်ယောက် ဒီထက်ပိုပြီး ခင်မင်ရင်နှီးအောင် လုပ်သင့်တယ် … ကျင့်ကြံခြင်း လောကရဲ့ အနာဂတ်က မင်းတို့ရဲ့ လက်ထဲမှာပဲ…”
သူက ပြောပြီးသည်နှင့် ခန်းမထဲသို့ ပြုံးယောင် သမ်းနေသော မျက်နှာဖြင့် ဝင်သွား၏။
အကြီးအကဲရှု ဝင်သွားသည့်နှင့် တစ်ပြိုင်နက် တပည့်များလည်း စိတ်လက်ပေါ့ပါး သွားကြသည်။ ဟုန်ယွီဂိုဏ်းမှ အမျိုးသမီး တပည့်တချို့က ရေစိတ်ဝိညာဉ် အရင်းအမြစ်နှင့် ယောက်ျားလေးဆီသို့ သွားပြီး စကားအနည်းငယ် ပြောကြသည်။ သူတို့၏ မျက်လုံးထဲတွင် သဘောကျ နှစ်ခြိုက်မှုများဖြင့် ပြည့်နေ၏။
ဟုန်ယွီဂိုဏ်းမှ အလွှာ၆သို့ ရောက်နေသော တပည့်များဘေးတွင် ရွှမ်တောက်ဂိုဏ်းမှ တပည့်တချို့ ပေါ်လာပြီး သူတို့၏အတွေ့အကြုံ များအကြောင်းကို အချင်းချင်း ဝေမျှနေကြ၏။
တခြားသော တပည့်များကလည်း တစ်ယောက်နှင့် တစ်ယောက် စကားပြောဆို နေကြသည်။ ငြိမ်သက်နေသော ကင်းခြေများကြီးကို ကြည့်ပြီး အံ့ဩနေသော တပည့်များလည်း အများကြီး ရှိသေး၏။
ဝမ်လင်းကို ထိုမြင်ကွင်းကို ကြည့်ပြီး သူတို့နှင့် ပူးပေါင်းရန် ဆန္ဒမရှိဘဲ ဘေးဘက်သို့ သွားကာ လှေကားထစ် တချို့ပေါ်တွင် ထိုင်ချလိုက်သည်။ သူက အပြာရောင် ကောင်းကင်ကြီးနှင့် နေရောင်ခြည်ဖြင့် ရေချိုးနေသော တိမ်တိုက်ဖြူ ကြီးများကို ကြည့်ပြီး သက်သောင့်သက်သောင့် ဖြစ်သွား သကဲ့သို့ ခံစားလိုက်ရ၏။
လူစုလူဝေးကို မကြိုက်နှစ်သက်သည့် တပည့်များလည်း ရှိသေး၏။ ဥပမာ မိန်းကလေးကျိုး … ။ သူမက ဝမ်လင်းကို မြင်ပြီး သူ့ဆီသို့ လမ်းလျှောက် သွားလိုက်သည်။
“ဂိုဏ်းတူ မောင်လေးဝမ် … ကီစုစည်းခြင်း တတိယအလွှာကို ရောက်သွားတာ ဂုဏ်ပြုပါတယ် … ပင်မ တပည့်တွေထဲမှာ မောင်လေးလို ပြင်းပြင်းထန်ထန် ကြိုးစားတဲ့လူ အများကြီး မရှိဘူး…”
မိန်းကလေးကျိုးက အပြုံးလေးတစ်ခုနှင့် ပြောလိုက်၏။ သူမက ညစ်ပေမှာတွေ၊ မပေမှာတွေ စိုးရိမ်ခြင်း မရှိဘဲ လှေကားထစ် ပေါ်တွင် ထိုင်ချလိုက်သည်။
ဝမ်လင်းက တခစ်ခစ် ရယ်လိုက်သည်။ သူက ခေါင်းကို ခါယမ်းလိုက်ပြီး ပြောသည်…
“ဂိုဏ်းတူအစ်မ ပြောသလောက်လည်း မဟုတ်ပါဘူး … ကျင့်ကြံသူ အများစုက ဒီလိုပဲ ဒုက္ခခံပြီး လေ့ကျင့် ကြပါတယ်…”
မိန်းကလေးကျိုးက တိမ်များကို ကြည့်လိုက်သည်။ သူမက သက်ပြင်းချကာ ပြောလိုက်၏…
“ဂိုဏ်းတူ မောင်လေးဝမ် … လေးနှစ်တာ လေ့ကျင့်ချိန် အတွင်းမှာ ပင်မတပည့် အားလုံးနီးပါး မကြာခဏ အပြင်ထွက် လာကြတယ် … ဒါပေမဲ့ မင်းအပြင်ထွက်တာ တော်တော်ရှားတယ် … ကျင့်ကြံခြင်းက အလွန်ပဲ ပျင်းဖို့ကောင်းတယ် … မင်းကတော့ တကယ်ပဲ အပတ်တကုတ် ကြိုးစားနိုင်တယ် … ဂိုဏ်းတူမ ောင်လေးဝမ် … ရိုးသားစမ်းပါ … ငါ မင်းကို တကယ် အားကျတယ် … မင်းက ၄နှစ်အတွင်းမှာ အများကြီး ကြိုးစားပြီး တတိယအလွှာထိ ရောက်နိုင်ခဲ့တယ်…”
ဝမ်လင်းက သူ့နှာခေါင်းကို ပွတ်ပြီး ပြုံးလိုက်သည်…
“ဂိုဏ်းတူ အစ်မကျိုး … အစ်မလည်း တတိယအလွှာကို ရောက်နေပြီး သားမလား…”
မိန်းကလေးကျိုးက သက်ပြင်းချပြီး ညှိုးငယ်စွာ ပြောလိုက်သည်…
“ငါ လွန်ခဲ့တဲ့ ၃နှစ်ကတည်းက တတိယ အလွှာကို ရောက်နေတာ … အခုဆို ငါ့ထက် အားနည်းတဲ့ တပည့်တွေတောင် ငါ့ကို ကျော်သွားကြပြီ … ဖြစ်နိုင်တာက ငါ နှောင်ကြိုးတွေကို မဖြတ်နိုင် သေးလို့များလား…”
ဝမ်လင်းက ခဏလောက် စဉ်းစားပြီး ပြောလိုက်၏…
“လမ်းက သနားကြင်နာမှု ကင်းတယ် … ဂိုဏ်းတူ အစ်မကျိုး တိုးတက်ချင်ရင် အဲဒီစကားလုံးကို နားလည်ရမယ်…”
မိန်းကလေးကျိုးက သူမ၏လှပသော မျက်လုံးလေးများဖြင့် ကြည့်လိုက်၏။ သူမ၏လှပသော သွားများကို ဖော်ပြပြီး ပြောလိုက်သည်…
“ဂိုဏ်းတူ မောင်လေးဝမ်က တတိယအလွှာ အထွတ်အထိပ်ကို ရောက်ပြီးလို့ ဘယ်အချိန်မဆို အလွာ၄ကို ချိုးဖျက်လို့ ရနေတာကို အစ်မ မြင်နေရတယ် … အစ်မ ထင်တယ် … မောင်လေးလည်း သိပ်မကြာခင် အစ်မကို ကျော်သွားလိမ့်မယ်…”
ဝမ်လင်းက အသက်ရှူ မှားလောက်သော အလှပိုင်ရှင်မလေးကို ငေးကြည့်နေပြီး မဲ့ပြုံးလေးနှင့် ပြောလိုက်၏…
“ကျွန်တော်လည်း ကြိုက်တဲ့အချိန် ချိုးဖျက်ဖို့ မဖြစ်နိုင်သေးဘူး … နှောင်ကြိုးဆိုတာ အလွယ်တကူ ဖြတ်လို့ရတဲ့ အရာမှ မဟုတ်တာ…”
ဝမ်လင်း၏ စကားကို ကြားပြီး မိန်းကလေးကျိုး မှင်တက်သွား၏။ သူမက တုံ့ဆိုင်းနေပြီးမှ မေးလိုက်သည်…
“ဂိုဏ်းတူ မောင်လေးဝမ် … အစ်မရဲ့မေးခွန်းက နည်းနည်းတော့ မလေးစားရာ ကျတယ် … ဒါပေမဲ့ မောင်လေး မဖြတ်နိုင်တဲ့ နှောင်ကြိုးက ဘာတွေလဲ…”
ဝမ်လင်းက ခေါင်းကို ခါယမ်းပြီး မဖြေခဲ့ပေ။ သူ၏အတွေးထဲတွင် သူ့မိဘများ၏ အကြောင်းများဖြင့် ပြည့်နေလေသည်။
ဝမ်လင်းက ဖြေရန် ဝန်လေးနေသည်ကို မိန်းကလေးကျိုး မြင်လိုက်ရ၏။ သူမက သက်ပြင်းချကာ ပြောလိုက်သည်…
“ငါက ငါ့မိသားစုနဲ့ နှောင်ကြိုးကို မဖြတ်ပစ်နိုင်ဘူး … ကျင့်ကြံခြင်းက သနားညှာတာမှု ကင်းမဲ့တယ် … ကျင်ကြံခြင်းက ငါနဲ့ မသင့်တော်ဘူး ထင်တယ်…”
ဝမ်လင်းက စကားပြောရန် ပြင်လိုက်သော်လည်း သူ့ခေါင်းကို ရုတ်တရက် လှည့်လိုက်ရာ သူနှင့် မိန်းကလေးကျိုးကို ယုတ်မာသော အကြည့်နှင့် ကြည့်နေသော ဝမ်ကျောက်ကို တွေ့လိုက်ရ၏။
ထိုအချိန်တွင် ဝမ်ကျောက်၏အသံကို သူတို့ ကြားလိုက်ရသည်…
“ရွှမ်တောက်ဂိုဏ်းမှ အစ်ကိုတို့၊ အစ်မတို့က ဒီကင်းခြေများက အသက်ရှင်နေတဲ့ တိရစ္ဆာန်တွေကို စားရတာ ကြိုက်တယ်လို့ ပြောကြတယ် … အစ်ကိုတို့၊ အစ်မတို့ ဒီမှာနေတဲ့ အတောအတွင်း ဒီကောင်ကြီးကို ဟုန်ယွီဂိုဏ်းကို ထိန်းသိမ်း စောင့်ရှောက်ခွင့်ပြုပါ … ငါ့မှာ ဂိုဏ်းတူညီ တစ်ယောက် ရှိတယ် … ကျင့်စဉ်ကျင့်တာက သူ့အတွက် အချိန်တွေ အလကား ဖြစ်တယ် … ဒါ့ကြောင့် သူ့ကို တိရစ္ဆာန်အရှင်တွေ ဖမ်းပြီး ဒီကင်းခြေများကြီးကို ကျွေးခိုင်းတဲ့ အလုပ်က သူ့အတွက် ပိုသင့်တော်တယ်…”
ရေအရင်းအမြစ် စိတ်ဝိညာဉ်ရှိသည့် အမျိုးသားတပည့်က တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်…
“ညီငယ် ဝမ်ကျောက် … ဒါက မသင့်တော်ပါဘူး … ဒီကင်းခြေများကြီးရဲ့ သဘာဝကိုက ရိုင်းစိုင်းတယ် … သူစိမ်းတစ်ယောက်က သူ့ကို အစားကျွေးရင် အဲဒီလူအတွက် အန္တရာယ် ရှိနိုင်တယ်…”
ဝမ်ကျောက်က သာယာ ပျော့ပျောင်းသော အမူအရာနှင့် ပြောလိုက်၏…
“မစိုးရိမ်ပါနဲ့ အစ်ကိုလျို … ကျင့်ကြံသူ တစ်ယောက်က အန္တရာယ်ကြောင့်ဆိုပြီး ဘယ်လိုလုပ် နောက်ဆုတ် ရမှာလဲ … မင်းတို့က ငါတို့ရဲ့ ဧည့်သည်တွေပဲ … ဒီအလုပ်တွေက ငါတို့ ဟုန်ယွီဂိုဏ်းကပဲ လုပ်ပေးသင့်တယ်…”
***