အခန်း (၄၇၄) – အိမ်အပြန်လမ်း
ဝမ်ပေါင်လဲ့မှာ ထိုလူကြီး၏ ရာထူးအဆင့်အတန်းကို အတိအကျမသိပါသော်လည်း သူ ပြည်ထောင်စု အစိုးရအဖွဲ့ထဲ၌ တာဝန်ထမ်းဆောင်နေခဲ့သည်မှာ အချိန်အတော်အတန် ကြာနေပြီ မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် ယခုကဲ့သို့သော ပွဲတော်များ၌ မည်ကဲ့သို့ ပြောဆိုပြုမူသင့်ကြောင်းကို သိရှိနားလည်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် သူသည် သင်္ဘောပျံကြီးပေါ်မှ ဆင်းလာပြီးနောက် ခါးမတ်မတ်ရပ်ကာ သူ့အား ဂါရဝပြုခဲ့သည့် လူများအား ပြန်၍ဦးညွှတ်လိုက်၏။ နောက်ဆုံးတွင် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်လိုက်ပြီး ပြုံးပြုံးကြီးရပ်နေသော သက်လတ်ပိုင်းလူကြီးအား ပြန်၍ အရိုအသေပေးလိုက်တော့သည်။
ထိုသက်လတ်ပိုင်းလူကြီးမှာ ဝမ်ပေါင်လဲ့တစ်ယောက် ပြန်၍အရိုအသေပေးနေသည့် မြင်ကွင်းကို မြင်လိုက်ရသောအခါ ပြုံးမိသွား၏။ သူသည် ဝမ်ပေါင်လဲ့၏ အမည်အား ကြိမ်ဖန်များစွာ ကြားဖူးထားပြီးသား ဖြစ်သည်။ ယခု သူ ဝမ်ပေါင်လဲ့အား လူကိုယ်တိုင်ဆုံတွေ့လိုက်ရချိန်တွင် သူ၏ အနုစိတ်သော လုပ်ရပ်လေးအား မြင်လိုက်ရသဖြင့် ဤဝမ်ပေါင်လဲ့ဆိုသူမှာ လူရည်လည်သူတစ်ယောက်ဖြစ်ကြောင်း သူက သိလိုက်ရ၏။
သူသည် ထိုကဲ့သို့သောလူများကို သဘောကျနှစ်သက်ပေသည်။ သူတို့နှင့် ပြောဆိုဆက်ဆံရသည်မှာ သာမန်လူများထက် ပို၍ရှုပ်ထွေးပါသော်လည်း သူတို့မှာ ပြည်ထောင်စုကြီး၏ လက်ရှိ နိုင်ငံရေးအခြေအနေများနှင့် ကိုက်ညီမှုရှိပေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့တစ်ယောက် ပြုံးသွားချိန်တွင် သူသည်လည်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။ ထို့နောက် သူသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်ခန့် လှမ်းလာပြီး ဝမ်ပေါင်လဲ့ဆီသို့ ချဉ်းကပ်လာ၏။ ဝမ်ပေါင်လဲ့မှာ အလာပသလ္လာပစကားအချို့ ပြောလိုက်ပြီးနောက် ထိုလူကြီးမှာ မည်သူမည်ဝါဖြစ်ကြောင်း သိရှိသွားတော့သည်။
သူသည်လည်း ဒုပဏာမအဆင့်နှစ် အရာရှိတစ်ယောက် ဖြစ်ပေသည်။ သို့သော် သူသည် နယ်မြေအသစ်များ သိမ်းပိုက်ရန် သံအမတ်တစ်ယောက်အဖြစ် အာကာသထဲသို့ စေလွှတ်ခံခဲ့ရသည့် ဝမ်ပေါင်လဲ့နှင့် မတူဘဲ ပြည်ထောင်စုဥက္ကဋ္ဌရုံးမှ ဝန်ကြီးချုပ် ဖြစ်နေ၏။ ထို့ကြောင့် သူသည် ပြည်ထောင်စုမြို့တော်၏ ဝန်ကြီးချုပ်နှင့် ဆင်တူပြီး ပြည်ထောင်စုဥက္ကဋ္ဌကြီး ယုံကြည်အားထားရသော လက်အောက်ငယ်သားတစ်ယောက် ဖြစ်ပေသည်။
သူ၏ ကြိုဆိုမှုကို ကြည့်ပါက ဝမ်ပေါင်လဲ့အပေါ် ထားရှိသည့် ပြည်ထောင်စုဥက္ကဋ္ဌကြီး၏ သဘောထားကို သိမြင်နိုင်ပေသည်။ ဝမ်ပေါင်လဲ့မှာ သူ မည်သူမည်ဝါဖြစ်ကြောင်း သိရှိလိုက်ရပြီးနောက် သူ ဤနေရာ၌ ရှိနေသည့် အဓိပ္ပါယ်ကိုလည်း နားလည်သွားတော့သည်။ ထို့ကြောင့် သူသည် ပို၍ပင် နွေးထွေးစွာ ပြုံးပြလိုက်ပြီး ပျော်ရွှင်မြူးထူးစွာဖြင့် စကားစမြည်များ ပြောဆိုနေလိုက်တော့သည်။ ထိုလူကြီးမှာ ဝမ်ပေါင်လဲ့၏ ဖီးနစ်ငှက်မြို့တော်သို့ သွားရောက်မည့် အကြောင်းအရင်းကို သိရှိလိုက်ရသောအခါ ချက်ချင်းဆိုသလိုပင် သူ့အား လိုက်လံပို့ဆောင်ပေးမည့် သင်္ဘောပျံကြီးတစ်စင်းကို စီစဉ်ပေးလိုက်သည်။
” ကျနော်တို့က လူသားမျိုးနွယ်တစ်ခုလုံးနဲ့ ပြည်ထောင်စုကြီးကို ကာကွယ်ပေးဖို့ တာဝန်ယူထားရပေမယ့် ကျင့်ကြံသူတွေ ဖြစ်နေတုန်းပါပဲ။ ကျနော်တို့က အာကာသထဲမှာ ရိုးရိုးတန်းတန်း လှုပ်ရှားသွားလာမှုတွေ မလုပ်နိုင်လို့သာ သင်္ဘောပျံတွေ သုံးခဲ့ရတာပါ။ အခု ကျနော်က ကျနော့်ရဲ့ဇာတိဂြိုဟ်ပေါ် ပြန်ရောက်နေပြီဆိုမှတော့ သင်္ဘောပျံတွေ မလိုတော့ပါဘူး။ ဒီအတိုင်းပဲ ပျံသွားလိုက်ပါ့မယ် ” ဝမ်ပေါင်လဲ့မှာ ထိုလူကြီး၏ ကမ်းလှမ်းချက်အား လိမ္မာပါးနပ်စွာဖြင့် ငြင်းဆိုလိုက်၏။ ထိုအခါ ထိုသက်လတ်ပိုင်းလူကြီးမှာ သူ၏ အဖြေနှင့်ပတ်သတ်၍ အနည်းငယ်ခန့် စဉ်းစားတွေးတောလိုက်ပြီးနောက် ဖိအားထပ်မပေးနေတော့ပေ။
ဝမ်ပေါင်လဲ့မှာ သူ့အား ကမ္ဘာသို့ လိုက်လံပို့ဆောင်ပေးခဲ့သည့် သိုင်းပညာ ကျင့်ကြံသူများအား ပြည်ထောင်စုမြို့တော်ထဲ၌ နေရစ်ခဲ့ပြီး အမိန့်များစောင့်ဆိုင်းနေရန် မှာကြားလိုက်၏။ ထို့နောက် သူသည် ဝန်ကြီးချုပ်အား နှုတ်ဆက်စကားဆိုလိုက်ပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။ ထိုအခါ သူ၏ သိုလှောင်လက်ကောက်ထဲမှ ဓားပျံတစ်လက် ပျံထွက်လာသည်။ ထို့နောက် သူသည် ခြေထောက်တစ်ဖက်ကိုမြှောက်ကာ ထိုဓားပျံပေါ်သို့ နင်းလိုက်သောအခါ ၎င်းမှာ သက်တံ့ကွေးတစ်ခုကဲ့သို့ မိုးကောင်းကင်ကြီးအား ထိုးခွင်းသွားပြီး ကောင်းကင်ယံထဲသို့ ပျံတက်သွားတော့သည်။
မြေပြင်ပေါ်တွင် ကျန်ရစ်ခဲ့သည့် လူများမှာမူ ဓားပျံပေါ်၌ ရပ်နေသော ဝမ်ပေါင်လဲ့အား ငေးကြည့်နေကြ၏။ သူ၏ ဆံပင်များမှာ လေထဲတွင် တလူလူ လွင့်နေသည်။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်မှာ ဝဖိုင့်နေသည့်တိုင်အောင် သူသည် သာမန်လူများကဲ့သို့ လိုချင်တက်မက်စိတ်များ ပြင်းပြနေခြင်းမရှိဘဲ နတ်ဝိဇ္ဇာတစ်ယောက် ကောင်းကင်ယံထဲ၌ လှည့်လည်သွားလာနေသကဲ့သို့ ဖြစ်နေတော့သည်။ ထိုသို့ဖြင့် သူသည် တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွား၏။
” ငါတို့လို ကျင့်ကြံသူတွေအကုန်လုံးက အဲ့လိုပဲ ဖြစ်နေသင့်တယ် ” ပြည်ထောင်စုဥက္ကဋ္ဌရုံးမှ ဝန်ကြီးချုပ်မှာ ပြုံးကာ ဆိုလိုက်၏။ သူ၏ စကားသံများ လေထဲ၌ ပဲ့တင်ထပ်သွားချိန်တွင် လူတိုင်း၏ မျက်ဝန်းများထဲ၌ အားကျနေသည့် အရိပ်အယောင်များ ထင်ဟပ်သွားကြတော့သည်။
အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်သာလျှင် လေထဲ၌ အဝေးကြီးသို့ ပျံသန်းနိုင်စွမ်းရှိသည်မဟုတ်ပါလော။ အခြေတည်အဆင့် ကျင့်ကြံသူများမှာ ထိုကဲ့သို့ နီးနီးနားနား ပျံသန်းနိုင်ပါသော်လည်း ခရီလမ်းမှာ ရှည်လျားသွားမည်ဆိုပါက ထိုနည်းဖြင့် သွားလာနိုင်တော့မည် မဟုတ်ပေ။
” ငါတို့တွေ ဘယ်တော့မှများ မြို့တော်သခင်ဝမ်ပေါင်လဲ့လို ဓားပျံတစ်လက်သုံးပြီးတော့ မြို့တစ်မြို့ကနေ တခြားတစ်မြို့ဆီ သွားနိုင်မလဲ မသိဘူး ” လူအုပ်ကြီးမှာ သက်ပြင်းများချကာ လူစုခွဲသွားကြ၏။ ဓားပျံပေါ်သို့တက်ကာ ပြည်ထောင်စုမြို့တော်ကြီးထဲမှ ထွက်ခွာသွားခဲ့သည့် ဝမ်ပေါင်လဲ့မှာမူ ဖီးနစ်ငှက်မြို့တော်ဆီသို့ ဦးတည်ပျံသန်းနေပြီဖြစ်သည်။
သူသည် စိတ်နှလုံးရွှင်ပျကာ စိတ်ဓာတ်များတက်ကြွနေ၏။ သူ သင်္ဘောပျံဖြင့် မသွားရန် ဆုံးဖြတ်ခဲ့ရသည့် အကြောင်းအရင်းမှာ သူသည် အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီဖြစ်သောကြောင့် သင်္ဘောပျံကို အသုံးပြုနေဦးမည်ဆိုပါက သူ၏ အဆင့်အတန်းကို ထိခိုက်နိုင်သည်ဟု မှတ်ယူထားသောကြောင့်ဖြစ်သည်။
” အမြုတေအဆင့်ကျင့်ကြံသူတွေက လေပေါ်မှာပဲ ပျံသန်းနေသင့်တယ်။ အဲ့တာမှ ကိုယ့်ရဲ့အဆင့်နဲ့ ကိုက်ညီမှုရှိတာ ” ဝမ်ပေါင်လဲ့မှာ အပျော်လွန်နေပြီး အရှိန်မြှင့်တင်ကာ လေထုကြီးအား ထိုးခွင်းသွားတော့သည်။
သူသည် ထိုကဲ့သို့ လေထုကြီးကို ထိုးခွင်းသွားသောကြောင့် ထစ်ချုန်းသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသဖြင့် မြေပြင်ပေါ်တွင်ရှိနေသော သားရဲကြီးများမှာ သူတို့၏ အထက်မှ ပေါက်ကွဲသံများကို နားထောင်ရင်း ကြက်သေသေသွားကြ၏။ ဝမ်ပေါင်လဲ့ဆီမှ ထွက်ပေါ်နေသည့် အမြုတေအဆင့် ကျင့်ကြံခြင်းစွမ်းအားများကြောင့် ရှေးဟောင်းသိုင်းပညာအဆင့်နှင့် အာနာပါနအဆင့်တွင် ရှိနေကြသည့် သားရဲကြီးများမှာ ပြားပြားဝပ်နေကြပြီး အပေါ်သို့ မော့မကြည့်ရဲလောက်အောင် ဖြစ်နေကြတော့သည်။
သူ မြို့ငယ်လေးများ၏ ဘေးမှ ဖြတ်ပျံသွားသောအခါ ထိုမြို့များထဲမှ မြို့သူမြို့သားများမှာလည်း ကောင်းကင်ယံထဲမှ ထစ်ချုန်းသံကြီးများအား ကြားလိုက်ရ၏။ ထို့ကြောင့် သူတို့မှာ ခေါင်းမော့ကြည့်လိုက်ကြသောအခါ မှုန်ဝါးဝါးပုံရိပ်တစ်ခု ကောင်းကင်ယံကြီးအား လျှပ်စီးတန်းတစ်တန်းကဲ့သို့ ထိုးခွင်းသွားသည်ကိုသာ မြင်လိုက်ရသည်။
ထို့ကြောင့် ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာကြ၏။ ပြည်ထောင်စုကြီးထဲတွင် ရှေးဟောင်းသိုင်းပညာအဆင့် ကျင့်ကြံသူများအား မြင်ရသည်မှာ အထူးတဆန်းမဟုတ်ပေ။ အာနာပါနအဆင့် ကျင့်ကြံသူများမှာလည်း ထိုနည်းတူပင်။ ထို့အပြင် ကံအကြောင်းသင့်ပါက အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့်ပင် ကြုံလျှင်ကြုံနိုင်သေးသည်။ သို့သော် အမြုတေအဆင့်ကျင့်ကြံသူများ အားလုံးမှာ အလွန်အင်မတန်မှ အရေးပါသော လူပုဂ္ဂိုလ်များ ဖြစ်ကြပြီး အရေအတွက် အနည်းငယ်မျှသာ ရှိပေသည်။ သို့ဖြစ်ရာ သူတို့အား မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခွင့်ရရန်မှာ အလွန်အင်မတန်မှ ရှားပါး၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့တစ်ယောက် သူ၏ဓားပျံကိုသုံး၍ ပျံသန်းကာ အိမ်သို့ပြန်နေသည့် မြင်ကွင်းကြီးမှာ လူတိုင်း၏အာရုံကို ဖမ်းစားထားတော့သည်။ ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့် အတိအကျကို မသိသလို သူ့အား အနီးကပ်မမြင်လိုက်ရသည့် လူပေါင်းများစွာ ရှိနေကြပါသော်လည်း ထိုမြို့များထဲရှိ အခြေတည်အဆင့်ကျင့်ကြံသူများမှာ သူတို့အပေါ်မှ ဖြတ်ပျံသွားသော လူရိပ်ကြီးဆီမှ ထွက်ပေါ်နေသည့် သြဇာအပြည့်ရှိသော အငွေ့အသက်ကြီးကို အာရုံခံမိလိုက်ကြ၏။ ၎င်းမှာ သူတို့အား ကြောက်ဒူးတုန်သွားစေနိုင်သည့် စွမ်းအားမျိုးပင် ဖြစ်သည်။
” အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ ”
” အမြုတေအဆင့် ပညာရှင်ကြီးတစ်ယောက် သူ့ရဲ့ဓားပျံကို သုံးပြီးတော့ ဖြတ်ပျံသွားတယ်ဟေ့ ”
ထိုသို့ဖြင့် လေထုထဲ၌ ပင့်သက်ရှိုက်သံများ ပဲ့တင်ထပ်နေတော့သည်။ ဝမ်ပေါင်လဲ့မှာ လေထုကြီးအား ထိုးခွင်းသွားသည့် လျှပ်စီးတန်းတစ်တန်းကဲ့သို့ ပို၍ပင်မြန်ဆန်လာပြီး အဝေး၌ပေါ်ပေါက်လာသော ခရီးသည်တင် သင်္ဘောပျံကြီးများ၏ ဘေးမှ ဖြတ်ပျံသွားတော့သည်။ သူသည် ၎င်းတို့အား ကျော်တက်သွားသည့်အချိန်တွင် ခရီးသည်များ၏ အံ့သြတုန်လှုပ်နေသော မျက်ဝန်းများကို မြင်ခဲ့ရ၏။
ထို့ကြောင့် ဝိညာဉ်ကွန်ရက်နှင့် အချို့သော သတင်းဌာနများပေါ်တွင် သတင်းများ စတင်ပျံ့နှံ့လာတော့သည်။
သိပ်မကြာခင်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ ဆုံးဖြတ်ချက်အား နောင်တရလာရတော့သည်။ သူသည် ဓားပျံတစ်လက်ပေါ်၌ ပျံသန်းခြင်းမှာ အလွန်အင်မတန်မှ ပျော်ရွှင်စရာကောင်းနေလိမ့်မည်ဟု ထင်မှတ်ထားခဲ့၏။ သို့သော် ထိုကဲ့သို့ အချိန်အကြာကြီး လက်တွေ့ပျံသန်းကြည့်လိုက်သည့်အခါတွင်မူ ဝမ်ပေါင်လဲ့မှာ လေပြင်းများ သူ၏မျက်နှာအား ဝင်တိုးသည့် ခံစားချက်များနှင့် အရိုးထဲအထိစိမ့်အောင် အေးသော ခံစားချက်များကို နားလည်သွားရတော့သည်။
သူ ပိုမြန်လာလေလေ လေပြင်းများမှာ ပို၍အားကောင်းလာလေလေ ဖြစ်နေသောကြောင့် တွန်းကန်အားမှာလည်း ပို၍ ပြင်းထန်လာလေလေ ဖြစ်နေ၏။ မျက်နှာလေတိုးသည့် ခံစားချက်မှာ ကဗျာဆန်ပါသော်လည်း အချိန်အတိုင်းအတာတစ်ခုအထိ ကြာမြင့်ပြီးသွားပါက ထိုလေပြင်းများမှာ အရိုးထဲအထိစိမ့်အောင် အေးစက်လာကြသည်သာဖြစ်သည်။ အကယ်၍ သူသာ သူ၏ ကျင့်ကြံကျင်စွမ်းအားများကို အကာအရံတစ်ခုအဖြစ် ထုတ်သုံးလိုက်မည်ဆိုပါက သူ၏ ဝိညာဉ်ချီများမှာ ပို၍ပင် ကုန်ခမ်းသွားရမည် ဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်း မြည်တွန်တီးတောက်လိုက်ပြီး လမ်းတစ်ဝက်တွင် လက်လျှော့လိုက်ရတော့သည်။ သူ၏ အရည်အချင်းများအား ကြွားဝါခြင်းထက် သက်တောင့်သက်သာရှိခြင်းမှာ ပို၍အရေးကြီးကြောင်း သူက ခံစားနေရ၏။ ထို့ကြောင့် သူ အမြုတေအဆင့်သို့ ရောက်ရှိလာခဲ့ပြီးနောက် ဒုပဏာမအဆင့်နှစ် အရာရှိတစ်ယောက် ဖြစ်သွားခဲ့သဖြင့် ပေါ်ပေါက်လာခဲ့သည့် သူ၏ မှားယွင်းသော အယူအဆများကို စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်ပြီး သင်္ဘောပျံတစ်စင်းကို ထုတ်ယူလိုက်တော့သည်။ ထို့နောက် သူသည် ထိုသင်္ဘောပျံထဲတွင် ဇိမ်အပြည့်ဖြင့်ထိုင်ကာ မုန့်ထုပ်တစ်ထုပ်ကို ထုတ်ယူလိုက်ပြီး တဂျွတ်ဂျွတ်မြည်အောင် ဝါးစားရင်း ထိုသင်္ဘောပျံကြီးအား ဖီးနစ်ငှက်မြို့တော်ဆီသို့ မောင်းနှင်သွားလိုက်တော့သည်။
ဖီးနစ်ငှက်မြို့တော်နှင့် ပြည်ထောင်စုမြို့တော်ကြီးမှာ အနည်းငယ်ခန့်ကွာဝေးပါသော်လည်း ယခုတွင် ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့်မှာ တိုးတက်သွားခဲ့ပြီဖြစ်သောကြောင့် သင်္ဘောပျံကြီး၏ အမြန်နှုန်းမှာလည်း သိသိသာသာတိုးတက်လာခဲ့၏။ ထို့ကြောင့် ထိုခရီးစဉ်ကြီး တစ်ခုလုံးမှာ နှစ်နှာရီမျှသာ ကြာမြင့်လိုက်ပြီးနောက် ဖီးနစ်ငှက်မြို့တော်မှာ မြင်းကွင်းထဲ၌ ပေါ်ပေါက်လာတော့သည်။
မြို့အပြင်ဘက်တွင် သူ့အားစောင့်ဆိုင်းနေကြသည် လူရာပေါင်းများစွာ ရှိနေကြပါသော်လည်း ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားခြင်းမရှိပေ။ သူသည် အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များကို ဖတ်ရှုထားခဲ့သည်ဖြစ်ရာ သူသည် ဒုပဏာမအဆင့်နှစ် အရာရှိတစ်ယောက် ဖြစ်နေပြီးဖြစ်ပြီး ဖီးနစ်ငှက်မြို့တော်ဆီသို့ ယခုမှ ပြန်ရောက်လာသည်ဖြစ်ရာ မြို့တော်သခင်ကိုယ်တိုင် သူ့အား လာရောက်ကြိုဆိုလိမ့်မည်ဖြစ်ကြောင်း သိထား၏။ အကယ်၍ ထိုသို့ လာရောက်ကြိုဆိုခြင်း မရှိမှသာလျှင် တစ်ခုခုလွဲနေသည်ဟု သတ်မှတ်ရမည်ဖြစ်သည်။
ဝမ်ပေါင်လဲ့၏ သင်္ဘောပျံကြီး ဖီးနစ်ငှက်မြို့တော် အပြင်ဘက်၌ ဆင်းသက်လာသောအခါ လျှိုတောက်ပင်း၏ ဖခင်ဖြစ်သူ ဦးဆောင်သော မြို့တော်အရာရှိအဖွဲ့မှာ သူ့အား နွေးထွေးစွာ ကြိုဆိုလိုက်ကြ၏။ လျှိုတောက်ပင်း၏ ဖခင်ဖြစ်သူမှာ ဖီးနစ်ငှက်မြို့တော်၏ မြို့တော်သခင်အဖြစ် ရာထူးတိုးသွားခဲ့သောကြောင့် ဤကြိုဆိုပွဲအခမ်းအနားကို ဦးဆောင်နေခြင်းဖြစ်သည်။
သူ ထိုကဲ့သို့ ရာထူးတိုးသွားခဲ့ရသည်မှာ ဝမ်ပေါင်လဲ့၏ လက်အောက်ငယ်သားဖြစ်သူ လျှိုတောက်ပင်းနှင့် အများကြီးသက်ဆိုင်ပေသည်။
လျှိုတောက်ပင်း၏ ဖခင်ဖြစ်သူမှာ ထိုကဲ့သို့ နွေးနွေးထွေးထွေး ကြိုဆိုလိုက်ပြီးနောက် ဝမ်ပေါင်လဲ့မှာ သူ၏မိဘများနှင့် ပြန်လည်ဆုံစည်းရန် ပြန်လာခဲ့ခြင်းဖြစ်ကြောင်း သိထားသဖြင့် အချိန်အကြာကြီး ဆွဲမနေခဲ့ပေ။ ထို့ကြောင့် သူသည် ခဏတာမျှသာ ကြိုဆိုလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား ရောက်လာသည့်အတွက် ကျေးဇူးတင်စကားများ ဆိုလိုက်ကြ၏။
ဝမ်ပေါင်လဲ့မှာလည်း ဤနေရာ၌ အချိန်အကြာကြီး မနေလိုသောကြောင့် စိတ်ကျေနပ်သွားရ၏။ သူသည် အိမ်သို့ပြန်ချင်နေပြီဖြစ်သောကြောင့် သူတို့ဆီမှ အလျင်အမြန် ထွက်ခွာလာပြီးနောက် အိမ်သို့ ပြန်သွားလိုက်တော့သည်။
သူ၏အိမ် ရှိနေခဲ့သည့် နေရာလေးမှာ ပြောင်းလဲသွားပြီဖြစ်ရာ ၎င်းမှာ သူ၏ မှတ်ဉာဏ်ထဲအတိုင်း မဟုတ်တော့ပေ။ သူ၏ ပတ်ပတ်လည်တွင် သူမသိသော လူစိမ်းများစွာ ရှိနေကြပြီး သူတို့ အများစုမှာ အာနာပါနအဆင့်၌ ရှိနေကြပါသော်လည်း သူသည် အခြေတည်အဆင့် ကျင့်ကြံသူသုံးယောက်ကိုလည်း မြင်ခဲ့ရ၏။ သူတို့မှာ လမ်းထောင့်တစ်နေရာမှ ပေါ်ပေါက်လာကြပြီး ကောင်းကင်တာအိုကျောင်း ဝတ်ရုံများကို ဆင်မြန်းထားကြ၏။ ထို့နောက် သူတို့မှာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ဝမ်ပေါင်လဲ့အား အရိုအသေ ပေးလိုက်ကြသည်။
ကောင်းကင်တာအိုကျောင်းမှာ သူတို့အား ဝမ်ပေါင်လဲ့၏ မိသားစုကို ကာကွယ်ပေးရန် တာဝန်ပေးထားသည်ဖြစ်သည်။ ထို့အပြင် ထိုလူနေရပ်ကွက်၏ ပတ်ပတ်လည်တွင် မြို့တော်အစောင့်များလည်း ရှိနေသေးသည်ဖြစ်ရာ လုံခြုံရေးတင်းမတ်မှုရှိသည်ဟု ဆိုနိုင်ပေသည်။
ဝမ်ပေါင်လဲ့မှာ ခေါင်းညိတ်ကာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ထိုအစောင့်များအား ဂါရဝပြုလိုက်ပြီးနောက် သူ၏အိမ်ရှိရာဘက်သို့ လျှောက်လှမ်းသွားလိုက်တော့သည်။ သူ အနားသို့ ရောက်သွားသောအခါ သူတို့၏ အိမ်ထဲ၌ သူ့အဖေ၏ မပျော်မရွှင်ဖြစ်နေသော စကားသံကြီး ပဲ့တင်ထပ်နေသည်ကို ကြားလိုက်ရသည်။
” ကိုယ့်သားကိုယ် သွားကြိုတာ ဘာဖြစ်လို့လဲကွ။ အဲဒီ လျှိုလေးဆိုတဲ့ကောင်က တော်တော်ကို စာအုပ်ကြီးအတိုင်း လုပ်တဲ့ကောင်။ ငါ ငါ့သားကို သွားကြိုမယ်လို့ပဲ ပြောရသေးတယ် သူက လန့်ဖျပ်သွားပြီးတော့ သူတို့ ကြိုပေးပါ့မယ်ဆိုပြီးတော့ပဲ လုပ်နေတော့တာ။ ငါ သွားကြိုရင် ပေါင်လဲ့က အထင်လွဲသွားမှာစိုးလို့တဲ့ ”
” တော်ပါတော့ရှင်။ သူ့ရဲ့ အလုပ်က လွယ်မှမလွယ်ဘဲ။ ပြီးတော့ရှင်က ရှေးဟောင်းသုတေသနအဖွဲ့တစ်ဖွဲ့ရဲ့ ခေါင်းဆောင်အဆင့်ပဲ ရှိတာကို။ မြို့တော်သခင်တစ်ယောက်က ရှင့်ကိုတွေ့တိုင်း ဒီလောက် တလေးတစား ဆက်ဆံနေတာနဲ့တင် လုံလောက်နေပြီ။ ရှင်က ဘာတွေလိုချင်နေသေးတာလဲရှင့် ” ဝမ်ပေါင်လဲ့အမေ၏ စကားသံလည်း ထွက်ပေါ်လာတော့သည်။ သူမ၏ လေသံမှာ သာမန်သာဖြစ်ပါသော်လည်း သူမ တစ်ခွန်းပြောလိုက်သည်နှင့် သူ၏အဖေမှာ စကားဆက်မပြောတော့ပေ။
ဝမ်ပေါင်လဲ့မှာ သူ၏မိဘများ၏ အပြန်အလှန်ပြောစကားများကို နားထောင်ရင် ပြုံးဖြဲဖြဲ ဖြစ်သွား၏။ ထိုအခိုက်အတန့်တွင် သူသည် ဒုပဏာမအဆင့်နှစ်အရာရှိတစ်ယောက်၊ အထူးဒေသမြို့တော်တစ်ခု၏ မြို့တော်သခင်တစ်ယောက်နှင့် အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည့် အချက်များကို မေ့ပျောက်သွားတော့သည်။ သူသည် အတိတ်တုန်းက ဝမ်ပေါင်လဲ့သာ ပြန်ဖြစ်သွားပြီး တံခါးကိုတွန်းဖွင့်ကာ အော်ပြောလိုက်၏။
” အမေ၊ အဖေ။ သားပြန်ရောက်ပြီ ”
အိမ်တံခါးပွင့်သွားသည်နှင့် ဝမ်ပေါင်လဲ့မှာ သူ၏ရှေ့၌ ဆိုဖာတစ်လုံးကို အရင်ဆုံးမြင်လိုက်ရ၏။ သူ၏အဖေမှာ လက်ပိုက်ကာ ထိုဆိုဖာပေါ်၌ ထိုင်နေပြီး သူ၏အမေမှာ ရှေ့ဖုံးခါးစည်းတစ်ခုကို ဝတ်ဆင်ထားကာ ဝက်ခြေထောက်ဟင်းထည့်ထားသည့် ပန်းကန်တစ်ချပ်အား ထမင်းစားစားပွဲပေါ်၌ တင်နေ၏။ သူတို့မှာ နောက်သို့ လှည့်ကြည့်လိုက်ကြသောအခါ တံခါးဝ၌ ရပ်နေသော ဝမ်ပေါင်လဲ့အား မြင်လိုက်ရသည်။
” ကောင်စုတ်လေး။ ဘာလို့ မင်းအမေကို အဖေ့ထက်အရင် နှုတ်ဆက်တာလဲကွ ” ဝမ်ပေါင်လဲ့၏ အဖေမှာ သူ၏သားကို မြင်လိုက်ရသောအခါ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့သွား၏။ ထို့နောက် သူသည် မတ်တတ်ထလာရန် ပြင်လိုက်ပါသော်လည်း တစ်ခုခုလွဲနေကြောင်း သိလိုက်ရသဖြင့် မျက်နှာပိုးသတ်လိုက်ပြီး ဝမ်ပေါင်လဲ့အား စိန်းစိန်းဝါးဝါးစိုက်ကြည့်ကာ မေးလိုက်၏။
သို့သော် သူ ထိုသို့စိုက်ကြည့်လိုက်သည်နှင့် ဝမ်ပေါင်လဲ့စ အမေမှာလည်း သူ့အား ပြန်၍စိုက်ကြည့်လိုက်၏။
” သွားသွား။ အိုးထဲက ဟင်းတွေ သွားထုတ်လိုက်ဦး ” ဝမ်ပေါင်လဲ့၏ အမေမှာ သူမ၏ခင်ပွန်းအား လျစ်လျူရှုကာ ဝမ်ပေါင်လဲ့၏ရှေ့သို့ လျှောက်လှမ်းလာပြီးနောက် သူ၏ မျက်နှာဝိုင်းလေးအား လက်ဖြင့်ဆိတ်ကာ စိတ်မကောင်းဖြစ်နေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေလိုက်တော့သည်။
” ပေါင်လဲ့ရယ်။ အင်္ဂါဂြိုဟ်ပေါ်က အစားအသောက်တွေကို ခံတွင်းမတွေ့ဘူးလား။ ကြည့်ပါဦး ပိန်သွားလိုက်တာ။ အမေတောင်မှ သားကို မမှတ်မိတော့ဘူး… “