Switch Mode

အခန်း (၄၇၃)

အိမ်သို့ တခမ်းတနား ပြန်လာခြင်

သတင်းဌာနများနှင့် ဝိညာဉ်ကွန်ရက်ကြီးတို့မှာ ပြည်ထောင်စုကြီးတစ်ခုလုံးထဲရှိ ဂြိုဟ်တိုင်းပေါ်ရှိ မြို့တစ်မြို့ချင်းစီတိုင်းတွင် ဝမ်ပေါင်လဲ့၏ အကြောင်းများကို ထုတ်ပြန်ကြေညာနေကြစဉ် သူနှင့် ငယ်စဉ်ဘဝတုန်းက သိကျွမ်းခဲ့ကြသည့် လူများမှာ သူ၏ ငယ်ဘဝအကြောင်းများကို အကြောင်းများကို ထုတ်ပြောလာကြတော့သည်။

” ကျနော်က မြို့တော်သခင် ဝမ်ပေါင်လဲ့ တက်ခဲ့တဲ့ မူကြိုကျောင်းက ဆရာမရဲ့ ခင်ပွန်းဟောင်းပါ။ သူက ငယ်ငယ်လေးကတည်းက သူရဲကောင်းတစ်ယောက် ဖြစ်လာဖို့ အရည်အချင်းရှိတယ်ဆိုတာ ကျနော်က ကြိုမြင်ခဲ့ပြီးသား။ သူက အတန်းထဲမှာလည်း စာကြိုးစားပြီးတော့ အားနွဲ့တဲ့ ကျောင်းသူတွေကိုလည်း အမြဲတမ်းကူညီပေးခဲ့တာပါ။ ပြီးတော့ သူက တခြားကျောင်းသားတွေအကုန်လုံးကိုပါ စုဝေးပြီးတော့ ဝိတ်ကျသွားအောင် လေ့ကျင့်ခန်းတွေလည်း လုပ်ပေးခဲ့သေးတာ။ တော်တော်ကိုတော်တဲ့ ကလေးပါဗျာ။ သူက သူတို့ရဲ့ ခန္ဓာကိုယ်တွေ သန်မာလာပြီးတော့ ပြည်ထောင်စုကြီးရဲ့ အကျိုးကို သယ်ပိုးနိုင်ဖို့ အဲ့လိုလုပ်ပေးခဲ့တာ ”

” ကျနော်က မြို့တော်သခင်ဝမ်ပေါင်လဲ့ရဲ့ မိတ်ဆွေကောင်းတစ်ယောက်ပါ။ ကျနော်က ကျောင်းမှာတုန်းက သုံးနှစ်တိတိ သူရဲ့နောက်မှာ ထိုင်ခဲ့တာလေ။ အဲဒီ သုံးနှစ်စလုံး ကျနော်က သူ့ကို စံပြပုဂ္ဂိုလ်တစ်ယောက်လို သဘောထားခဲ့တာပါ။ ကျနော့်ဘဝကို သူက အများကြီး လွှမ်းမိုးနိုင်ခဲ့တာ။ ကျနော့်ကို တစ်ဘဝလုံး စဉ်ဆက်မပြတ် ကြိုးစားပြီးတော့ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း တိုးတက်အောင်လုပ်ဖို့ သင်ကြားပေးခဲ့တဲ့လူက ဝမ်ပေါင်လဲ့ပါပဲ ”

” ပြီးတာတွေလည်း ပြီးခဲ့ပါပြီလေ။ ဒါပေမဲ့ အရင်တုန်းက မြို့တော်သခင်ဝမ်ပေါင်လဲ့က ကျမကို ပိုးပန်းခဲ့ဖူးတယ်။ ကျမက သူ့ရဲ့အနာဂတ် ယိမ်းယိုင်သွားမှာ စိုးလို့ စိတ်ထဲမှာပဲ ကျိတ်ငိုပြီးတော့ သူ့ကို ငြင်းခဲ့ရတာ။ ဒါပေမဲ့ အခုတော့ ကျမ စကားတစ်ခွန်းပြောချင်တယ်။ ဝမ်ပေါင်လဲ့ရေ။ ကျမ ဖီးနစ်ငှက်မြို့တော်ထဲမှာ ရှင့်ကိုစောင့်နေပါတယ် ”

သတင်းဌာနအသီးသီးမှာ ထိုကဲ့သို့သော သတင်းအတိုအထွာလေးများကို ထုတ်လွှင့်ပြသနေသောကြောင့် ပြည်သူလူထုမှာလည်း စိတ်ဝင်စားလာကြတော့သည်။ ထို့အပြင် သူ၏ မကောင်းကြောင်းများ ပြောဆိုနေကြသည့် လူအချို့လည်း ပေါ်ပေါက်လာသည်။ အချို့မှာ ဝမ်ပေါင်လဲ့အား နှာဗူးတစ်ယောက်ဟု ခေါ်ဆိုနေကြ၏။ အချို့မှာဆိုလည်း ဝမ်ပေါင်လဲ့မှာ ငယ်စဉ်တုန်းက သာပေါင်းညာစားတစ်ယောက် ဖြစ်ခဲ့ဖူးကြောင်း စွပ်စွဲပြောဆိုနေကြသည်။ ထို့အပြင် သူသည် ကျောင်းသားဘဝတုန်းက အနိုင်ကျင့်ဗိုလ်ကျတတ်သူတစ်ယောက် ဖြစ်ကြောင်း ပြောဆိုနေကြသည့် လူများလည်း ရှိပေသည်။

သို့သော် ထိုကဲ့သို့သော စွပ်စွဲပြောဆိုမှုများမှာ ချီးကျူးစကားများ၏ အောက်တွင် ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားရ၏။ ဝိညာဉ်ကွန်ရက်ပေါ်မှ အစီအစဉ်တင်ဆက်သူတစ်ယောက်မှာလည်း သူ၏အကြောင်းများကို ဆက်တိုက်ဆိုသလို ပြောဆိုတင်ဆက်နေတော့သည်။

” မိတ်ဆွေဟောင်းတို့ခဗျား။ ခဗျားတို့တွေ တာအိုလေးဆိုတဲ့ ကျနော့်ကို မှတ်မိကြသေးလားဗျ။ ကျနော်က ကောင်းကင်တာအိုကျောင်းကနေ ဘွဲ့ရခဲ့ပြီးတော့ မြို့တော်သခင်ဝမ်ပေါင်လဲ့နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခု ရှိခဲ့ဖူးတယ်။ အဲ့တုန်းကဆိုရင် ကျနော် အထူးသတင်းတွေအများကြီး ထုတ်လွှင့်တင်ဆက်ပေးခဲ့တာ။ ဒီနေ့ ကျနော် တင်ဆက်မယ့် အစီအစဉ်ကိုသာ မျက်ခြည်မပြတ်တန်း စောင့်ကြည့်နေကြ။ ကျနော် ခဗျားတို့ကို မြို့တော်သခင်ဝမ်ပေါင်လဲ့ရဲ့ အကြောင်းတွေကို ခေါင်းအစခြေအဆုံး သိသွားအောင် တင်ဆက်ပေးမယ် ” ကောင်းကင်တာအိုကျောင်း၌ အစီအစဉ်တင်ဆက်သူတစ်ယောက် ဖြစ်ခဲ့ဖူးသည့် တာအိုလေးမှာ ထိုအခွင့်အရေးကိုအသုံးချကာ ကျောင်းသို့ ပြန်သွားလိုက်၏။ ထို့နောက် သူသည် ကျောင်းဝင်းထဲရှိ နေရာမျိုးစုံသို့ ပြန်သွားကာ ဝမ်ပေါင်လဲ့၏ ကျောင်းသားဘဝတုန်းက ပုံပြင်ဇာတ်လမ်းများကို အထူးသတင်းအဖြစ် ပုံကြီးချဲ့၍ တင်ဆက်နေတော့သည်။ ထိုသို့ဖြင့် သူ၏ ထုတ်လွှင့်တင်ဆက်မှု အစီအစဉ်မှာ လူကြိုက်များသွား၏။

ထိုကဲ့သို့ ဝက်ဝက်ကွဲ အောင်မြင်သွားသည့် အစီအစဉ်များကြောင့် ပြည်ထောင်စုကြီးမှာ ပြည်သူလူထုအား အောင်မြင်စွာ အာရုံလွှဲနိုင်လိုက်၏။ ထိုသို့ဖြင့် လူများမှာ ဗုဒ္ဓဟူးဂြိုဟ်ဖြစ်ရပ်ဆိုးကြီးအား မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြတော့သည်။

ဝမ်ပေါင်လဲ့မှာလည်း ဝိညာဉ်ကွန်ရက်နှင့် အသံလွှင့်အကြောင်းကြားစာပေါင်း မြောက်မြားစွာမှတစ်ဆင့် ပြည်ထောင်စုကြီးမှာ သူ၏ အကြောင်းများကို တိုင်းသိပြည်သိ ကြေညာနေကြောင်း သိလိုက်ရ၏။ ထို့ကြောင့် သူသည် စိတ်လှုပ်ရှားသွားရပြီး ဝိညာဉ်ကွန်ရက်ပေါ်၌ သူ၏အကြောင်း ရေးသားထားသည့် ဆောင်းပါးများကို ဖတ်ရှုရင်း သူ၏ အချိန်အများစုအား ကုန်လွန်သွားစေတော့သည်။ သူသည် ဗိုက်ပုတ်လိုက် မုန့်စားလိုက်လုပ်နေရင်း စိတ်ရွှင်လန်းချမ်းမြေ့နေရပြီဖြစ်သည်။

သူ ပျော်ရွှင်ကျေနပ်လွန်းနေသောကြောင့် မုန့်များ အလွန်အကျူးစားမိသွားသောကြောင့်လား သို့မဟုတ် လေ့ကျင့်ခန်း မလုပ်ဖြစ်သောကြောင့်လား သို့မဟုတ် လီဝမ်အာတစ်ယောက် ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်ခါနီး အနေအထားသို့ ရောက်နေသောကြောင့် တံခါးပိတ်လေ့ကျင့်နေခဲ့သဖြင့် သူနှင့်အတူ ” လေ့ကျင့်ခန်း ” မလုပ်နိုင်သောကြောင့်လားတော့မသိပေ။ ဝမ်ပေါင်လဲ့မှာ သူ၏ဗိုက်ကိုပုတ်ရင်း တစ်စုံတစ်ခုပြောင်းလဲသွားသည်ကို ခံစားမိလိုက်၏။ သူ ဝိတ်ချလာသည့် သက်တမ်းတစ်လျှောက် အတွေ့အကြုံများကြောင့် သူသည် … ပြန်၍ဝိတ်တက်လာပြီဖြစ်ကြောင်း သိလိုက်ရ၏။

ထို ” ဝတ်တက်လာသည် ” ဟူသော စကားလုံးမှာ ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက် အစွမ်းအကုန်သုံး၍ ထုတ်လွှတ်လိုက်သည့် တိုက်ကွက်တစ်ကွက်ကဲ့သို့ပင်။ ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် တစ်ကိုယ်လုံးတုန်ရီသွားရသဖြင့် သူ၏လက်ထဲတွင် ရှိနေသည့် တစ်ဝက်တိတိ ကိုက်ထားပြီးသားဖြစ်သော ကြက်‌ဒူးဆစ်ပိုင်းအား လွှင့်ပစ်ချင်စိတ်များ ပေါ်ပေါက်လာတော့သည်။ သို့သော် သူသည် အနည်းငယ်ခန့် တွေးတောလိုက်ပြီးနောက် မှန်ရှေ့၌ရပ်ကာ သူ၏ ခန္ဓာကိုယ်အချိုးအစားကို သေသေချာချာ အကဲခတ်ကြည့်ရှုလိုက်၏။ ထိုအခါ ၎င်းမှာ ပိန်ပါးပါးရှိနေဆဲဖြစ်ကြောင်း မြင်လိုက်ရသဖြင့် သူသည် ဝေခွဲမရဖြစ်သွားရတော့သည်။

” ဒီ ဒူးဆစ်ပိုင်းက ဒီနေ့အဖို့ နောက်ဆုံးပါပဲ။ အဲ့တာကို ကုန်အောင်စားပြီးရင် မနက်ဖြန်ကနေ စပြီးတော့ ဝိတ်ချမယ် ” ဝမ်ပေါင်လဲ့မှာ အံကြိတ်ကာတွေးလိုက်၏။ သူသည် ထိုကြက်ဒူးဆစ်ပိုင်းအား အငြိုးအတေး ထားနေသည့်ပုံပင်။ ထို့နောက် သူသည် ၎င်းအား နှစ်ကိုက် သုံးကိုက်ကိုက်ကာ ပလုပ်ပလောင်းဝါးစားလိုက်၏။ ထို့နောက် သူသည် အောက်သို့ ထိုင်ချကာ အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် သူ၏မျက်ဝန်းများထဲတွင် စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။

” ပြည်ထောင်စုကြီးတစ်ခုလုံးထဲက ရုပ်

အချောဆုံး လူတစ်ယောက်နေနဲ့ ငါ့ရဲ့ပုံရိပ်ကို ထိန်းသိမ်းမှဖြစ်မယ် ” ဝမ်ပေါင်လဲ့မှာ ခေါင်းငုံ့ကာ သူ၏ဗိုက်အား စိုက်ကြည့်နေလိုက်၏။ ထို့နောက် သူသည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းတွင် အလေလိုက်နေခဲ့သည်မှာ များသွားခဲ့ပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။ မြို့တော်အသစ်အား အထူးဒေသမြို့တော်အဖြစ် အဆင့်မြှင့်တင်လိုက်ပြီ ဖြစ်ရာ သူ၏ အလုပ်တာဝန်များမှာလည်း သိသိသာသာ ပို၍ များလာပြီဖြစ်သည်။ သို့သော်လည်း သူသည် ယခင်တုန်းကတည်းက မြို့တော်များကို အဆင့်မြှင့်တင်သည့် လုပ်ငန်းအချို့နှင့် ကြုံဖူးထားသည်ဖြစ်သလို လှိုဏ်ခေါင်းထဲမှ သားရဲစီးကြောင်းများ၏ ပြဿနာများကိုလည်း ဖြေရှင်းပြီးသွားပြီ မဟုတ်ပါလော။ သို့ဖြစ်ရာ အရာအားလုံးမှာ သူစီစဉ်ထားသည့်အတိုင်း ဖြစ်နေ၏။

ကျင့်သိုမင်နှင့် အခြားသူများမှာလည်း ရာထူးများတိုးသွားခဲ့သောကြောင့် သူတို့၏ ဩဇာအာဏာများမှာ ကြီးထွားလာရတော့သည်။ သို့ဖြစ်ရာ အရာအားလုံး သူစီစဉ်ထားသည့်အတိုင်း ဖြစ်နေသရွေ့ သူသည် အားလပ်ချိန်မြောက်မြားစွာ ရရှိပိုင်ဆိုင်နေမည်သာဖြစ်သည်။

” ငါ အလေလိုက်နေလို့ မဖြစ်ဘူး ” ဝမ်ပေါင်လဲ့မှာ သူ၏နဖူးကိုပွတ်ကာ တစ်ခဏမျှ စဉ်းစားတွေးတောနေလိုက်ပြီးနောက် ကမ္ဘာဆီသို့ အလည်ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။ သူသည် အင်္ဂါဂြိုဟ်ပေါ်သို့ ပြန်ရောက်လာစဉ်ကတည်းက ထိုကဲ့သို့ တွေးနေမိခြင်း ဖြစ်၏။ သို့သော် လီဝမ်အာမှာ တံခါးပိတ်ကျင့်ကြံနေခဲ့သလို လတ်တလောတွင် မြို့တော်ကြီးအား အဆင့်မြှင့်တင်နေခဲ့သည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ မြို့တော်စီမံအုပ်ချုပ်ရေးတာဝန်များကို အချိန်အနည်းငယ်ခန့် အရင်ဆုံး ကြီးကြပ်ရန် ဆုံးဖြတ်လိုက်၏။

” ငါ့ရဲ့ လျှပ်စီးတာအိုက အခြေတည်အဆင့်မှာပဲ ရှိနေသေးတာ။ ကောင်းကင်တာအိုကျောင်းကို ပြန်ပြီးတော့ အမြုတေအဆင့်မှာရှိတဲ့ လျှို့ဝှက်ဆန်းကြယ် ပညာရပ်အသစ်တစ်ခုကို ရွေးချယ်ဖို့လိုတယ်။ အမှောင်အိပ်မက်ထဲက လျှို့ဝှက်ဆန်းကြယ်ပညာရပ်တွေအကုန်လုံးက အမှောင်ချီနဲ့ ပတ်သတ်နေတာ နှမြောစရာပဲ။ အမှောင်ချီနဲ့ မပတ်သက်တဲ့ ပညာရပ်တွေကလည်း ထာဝရဝိညာဉ်အဆင့်ရောက်မှ ကျင့်ကြံလို့ရမယ့် ပညာရပ်တွေချည်းပဲ။ သူတို့က အမြုတေအဆင့်ကို လုံးဝအထင်မကြီးကြတာပဲကွ ” ဝမ်ပေါင်လဲ့မှာ သက်ပြင်းချကာ တွေးလိုက်၏။

ကျောင်းသို့ပြန်ကာ သူ နောက်ထပ်လေ့ကျင့်ရမည့် လျှို့ဝှက်ဆန်းကြယ်ပညာရပ်အား သွားယူရန်မှာ အရေးကြီးသည် မှန်ပါသော်လည်း ထိုအကြောင်းအရင်း တစ်ခုတည်းကြောင့်သာဆိုပါက ဝမ်ပေါင်လဲ့မှာ သူကိုယ်တိုင် သွားရောက်လည်ပတ်စရာ လိုမည်မဟုတ်ပေ။ သူသည် အသံလွှင့်လက်စွပ်ကို အသုံးပြု၍ သူ၏မိဘနှစ်ပါးနှင့် မကြာခဏဆိုသလို အဆက်အသွယ်လုပ်နေခဲ့ပါသော်လည်း သူတို့နှင့် မဆုံတွေ့ရသည်မှာ အချိန်အတော်အတန် ကြာနေပြီဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ကမ္ဘာသို့ပြန်ကာ သူ၏ မိဘနှစ်ပါးဆီသို့ သွားလည်ပြီးနောက် ကျောင်းသို့သွား၍ သူနောက်ထပ်လေ့ကျင့်ရမည့် လျှို့ဝှက်ဆန်းကြယ်ပညာရပ်အား သွားယူရန် တွေးထားခြင်းဖြစ်သည်။ ထို့အပြင် သူ၏ စိတ်ကူးထဲ၌ နောက်ထပ်အရာတစ်ခုလည်း ရှိနေသေး၏။ ဝမ်ပေါင်လဲ့မှာ သူ၏မိဘနှစ်ပါး ဖီးနစ်ငှက်မြို့တော်ထဲ၌ ဆက်၍နေထိုင်ခွင့်ပေးရန် သင့်မသင့် စဉ်းစားတွေးတောနေ၏။

သူ၏ မိဘနှစ်ပါးမှာ အသက်အရွယ်ရနေပြီဖြစ်သောကြောင့် သူတို့၏ဇာတိမြို့မှ ထွက်ခွာရန် ခဲယဉ်းနေမည် ဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ ရာထူးအဆင့်အတန်းနှင့် ကျင့်ကြံခြင်းအဆင့်များ မြင့်မားလာခဲ့ပြီးနောက် ကမ္ဘာကြီး၏ အကြောင်းကို ပို၍နားလည်လာပြီဖြစ်ရာ ပြည်ထောင်စုကြီးမှာ ဘေးအန္တရာယ် ကင်းနေသည့်ပုံ ပေါ်ပါသော်လည်း ဗုဒ္ဓဟူးဂြိုဟ်ဖြစ်ရပ်ဆိုးကြီးကဲ့သို့သော ဖြစ်ရပ်များ အချိန်မရွေးပေါ်ပေါက်လာနိုင်ကြောင်း သိထား၏။

ထို့အပြင် အကယ်၍ ပြည်ထောင်စုကြီးမှာ အတော်အသင့် ဘေးကင်းနေသည်ဆိုလျှင်တောင် သူ့အား မနာလိုကာ အငြိုးအတေး ထားနေကြသည့် လူများအပြင် သူနှင့် ပဋိပက္ခဖြစ်နေသည့် အဖွဲ့အစည်းများ ရှိနေသည်ကိုလည်း ဝမ်ပေါင်လဲ့က သိထားသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဖီးနစ်ငှက်မြို့တော််မှ ထောက်ပံ့ပေးနိုင်သည့် ကာကွယ်စောင့်ရှောက်မှုအား ယုံကြည်မှုမရှိဘဲ ဖြစ်နေရသည်။ ကောင်းကင်တာအိုကျောင်းကိုယ်တိုင် လူများစေလွှတ်ကာ သူ၏မိဘများနှစ်ပါးကို ကာကွယ်ပေးနေလျှင်တောင် သူသည် အပြည့်အဝ စိတ်ချနိုင်ဦးမည်မဟုတ်ပေ။

” အမေနဲ့ အရင်ဆုံးဆွေးနွေးလိုက်မယ်။ သူတို့တွေ ကောင်းကင်မြို့တော်ကို ပြောင်းလာရင်တော့ အကောင်းဆုံးပဲ။ အဲ့တာဆို သူတို့အတွက်လည်း ဘေးအန္တရာယ် ပိုကင်းသွားမှာ ” ဝမ်ပေါင်လဲ့မှာ စိတ်ပိုင်းဖြတ်လိုက်၏။ သူသည် အိမ်သို့ပြန်ပြီးလျှင် သူ၏အမေနှင့် ဆွေးနွေးလိုက်မည်ဖြစ်သည်။ သူ့အဖေ၏ ထင်မြင်ယူဆချက်များကိုမူ သူက ဂရုစိုက်နေမည်မဟုတ်ပေ။ သူ နားလည်လောက်ဆိုလျှင် သူတို့၏ အိမ်နီးနားချင်း အဒေါ်ကြီးများက သူ့အား အဘိုးကြီးဝမ်ဟု စခေါ်ခဲ့သည့် အချိန်ကတည်းက မိသားစုထဲရှိ သူ၏အဆင့်အတန်းမှာ အလွန်အင်မတန်မှ နိမ့်ကျသွားခဲ့ရသည် ဖြစ်သည်။

” အဖေ့ကို သနားမိတယ်။ လောကကြီးက ခက်ခဲကြမ်းတမ်းလိုက်တာ။ ဘေးအိမ်တွေက အဘိုးကြီးလီ၊ အဘိုးကြီးလျိုနဲ့ အဘိုးကြီးကျန်းတို့ အကုန်လုံးက အဆင်ပြေကြပေမယ့် အဘိုးကြီးဝမ်အကြောင်း ဟလိုက်ကြတာနဲ့… ” ဝမ်ပေါင်လဲ့မှာ ခေါင်းယမ်းကာ သက်ပြင်းချလိုက်ရ၏။ ထို့နောက် သူသည် အင်္ဂါဂြိုဟ်ဘုရင်ခံအား ခွင့်တောင်းပြီးနောက် ခုန်းတောက်၊ ကျင့်သိုမင်၊ လင်းတျန်ဟောက်နှင့် အခြားသူများကိုစုဝေးကာ လိုအပ်သည်များကို ညွှန်ကြားလိုက်၏။ ညနေခင်းအချိန်သို့ ရောက်သောအခါ သူ၏ လက်အောက်ငယ်သားများမှာ သူ အင်္ဂါဂြိုဟ်အထူးဒေသမြို့တော်ပိုင် အာကာသသင်္ဘောပျံကြီးတစ်စင်းပေါ်သို့ တက်သွားပြီး ဂြိုဟ်ပေါ်မှ ထွက်ခွာသွားသည်ကို လိုက်လံနှုတ်ဆက်လိုက်ကြ၏။

ဒုပဏာမအဆင့်နှစ်ရာထူးမှာ အလွန်အင်မတန်မှ အရေးပါသော ရာထူးတစ်ခုကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏လုပ်ရပ်တိုင်းကို ပြည်ထောင်စုကြီးဆီသို့ ပြန်လည်တင်ပြရ၏။ ထို့ကြောင့် ပြည်ထောင်စုကြီးမှာ သူ၏ အချိန်ဇယားကို ချက်ချင်းပင် ထိန်းချုပ်ထားတော့သည်။ အင်္ဂါဂြိုဟ်စစ်တပ်မှာဆိုလျှင် သူ့အား ခရီးစဉ်တစ်လျှောက် ကာကွယ်ပေးရန် သင်္ဘောပျံလေးစင်းကိုပင် စေလွှတ်ပေးခဲ့၏။

ထို သင်္ဘောပျံလေးစင်းမှာ အာကာသသင်္ဘောပျံကြီး၏ ပတ်ပတ်လည်၍ ဝန်းရံထားကြရင်း အာကာသကြီးအား ထိုးခွင်းသွားကြ၏။ ၎င်းတို့ လမင်းကြီး၏ဘေးမှ ဖြတ်သွားချိန်တွင် လပေါ်ရှိ အခြေစိုက်စခန်းထဲမှ သင်္ဘောပျံသုံးစင်းမှာ ပြည်ထောင်စုကြီး၏ အမိန့်အရ ၎င်းတို့နှင့် ပူးပေါင်းလာ၏။ ထိုသို့ဖြင့် သင်္ဘောပျံကြီး ရှစ်စင်းမှာ ကမ္ဘာဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်ပျံသန်းသွားနေကြတော့သည်။

၎င်းတို့ ကမ္ဘာကြီး၏အနီးသို့ တဖြည်းဖြည်းနှင့် ချဉ်းကပ်လာနေကြစဉ် အာကာသသင်္ဘောပျံကြီးထဲ၌ ရပ်နေသော ဝမ်ပေါင်လဲ့မှာ အတွေးများထဲ၌ နစ်မျောကာ ဝါးစားပစ်ချင်နေသည့်အမူအရာဖြင့် ကြမ်းပြင်ကြီးကို လျှာဖြင့်လျှက်နေခဲ့သော မြည်းလေးအား ကန်ကျောက်လိုက်ပြီးနောက် ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။ ထို့နောက် အပြာရောင်ဂြိုဟ်ကြီး တဖြည်းဖြည်းနှင့် အနားသို့ရောက်လာသည်ကို မြင်လိုက်ရသောအခါ သူ၏မျက်ဝန်းများထဲ၌ အိမ်ကိုလွမ်းဆွတ်တမ်းတနေသည့် အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။

သူသည် လွန်ခဲ့သောနှစ်ပေါင်းများစွာက ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာပေါ်မှ ထွက်ခွာလာခဲ့သည့် အချိန်အား ပြန်၍သတိရသွား၏။ ထိုစဉ်တုန်းက သူသည် အခြေတည်အဆင့်တွင်သာ ရှိနေခဲ့သည်ဖြစ်ပြီး ဒုပဏာမအဆင့်ငါး အရာရှိတစ်ယောက်သာ ဖြစ်နေခဲ့သည်။ သူသည် သူ၏စိတ်ကူးအိပ်မက်များကို ရင်ဝယ်ပိုက်ကာ သင်္ဘောပျံတစ်စင်းပေါ်သို့တက်၍ အင်္ဂါဂြိုဟ်ပေါ်သို့ ရောက်လာခဲ့ပြီးနောက် ကျောင်းတစ်ကျောင်းထဲသို့ စတင်ဝင်ရောက်ကာ စိန်ခေါ်မှုပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပြီးမှ ယခုလို အဆင့်အတန်းအထိ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ယခုတွင် သူသည် ဒုပဏာမအဆင့်နှစ် အရာရှိတစ်ယောက် ဖြစ်နေပြီဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း အမြုတေအဆင့်သို့ ရောက်လာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် လွန်ခဲ့သောနှစ်ပေါင်းများစွာမှ သူ၏ ရာထူးအဆင့်အတန်းများနှင့် ယှဉ်လိုက်မည်ဆိုပါက မိုးနှင့်မြေလို ကွာခြားနေပြီဖြစ်သည်။

” ငါ အိမ်ပြန်လာပြီဟေ့ ” ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်၏။ ထို့နောက် သူ၏ သင်္ဘောပျံကြီးနှင့် ၎င်းအား ဝန်းရံထားကြသည့် အခြားသင်္ဘောပျံခုနစ်စင်းမှာ ကမ္ဘာဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်ပျံသန်းသွားကြတော့သည်။ ခဏအကြာတွင် ၎င်းတို့မှာ ကမ္ဘာကြီး၏ မဟာမန္တန်အစီအရင်ကြီးထဲသို့ ဝင်ရောက်သွားကြပြီး အတွင်းထဲသို့ ဆွဲငင်ခံလိုက်ရသဖြင့် ကမ္ဘာ့လေထုထဲသို့ ရောက်ရှိလာပြီးနောက် ပြည်ထောင်စုမြို့တော်ထဲတွင်ရှိသော အာကာသသင်္ဘောဆိပ်ဆီသို့ ဦးတည်ပျံသန်းသွားလိုက်တော့သည်။

ပြည်ထောင်စုကြီးမှာ ထိုသင်္ဘောဆိပ်ထဲ၌ သူ့အား ကြိုဆိုပွဲတစ်ခု တခမ်းတနား ကျင်းပပေးရန် လူအယောက်တစ်ရာကျော်ဖြင့် စီစဉ်ထားပြီးသားဖြစ်သည်။ သူတို့မှာ သင်္ဘောပျံကြီးရှစ်စင်း အသံမျိုးစုံ မြည်ဟည်းကာ ဆင်းသက်လာကြသည်ကို ပြုံး၍ ကြည့်နေကြ၏။ အောက်သို့ အရင်ဆုံးဆင်းသက်လာကြသူများမှာ ဝမ်ပေါင်လဲ့၏ ခရီးစဥ်တစ်လျှောက်၌ သူ့အား လိုက်လံပို့ဆောင်ပေးခဲ့သော သင်္ဘောပျံကြီး ခုနစ်စင်းထဲ၌ ရှိနေခဲ့သည့် သိုင်းပညာကျင့်ကြံသူ အယောက်တစ်ရာကျော်ပင် ဖြစ်သည်။ သူတို့မှာ သင်္ဘောပျံများထဲမှ ပြေးထွက်လာကြပြီး ဘေးကင်းမှုရှိမရှိ စစ်ဆေးလိုက်ကြ၏။ ထိုသို့စစ်ဆေးပြီးသွားသောအခါမှ အာကာသသင်္ဘောပျံကြီး၏ တံခါးပေါက်များမှာ တဖြည်းဖြည်းနှင့် ပွင့်လာတော့သည်။

၎င်းတို့ ပွင့်လာသည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့မှာ သူ၏ အဝတ်အစားများကို ဆွဲဆန့်လိုက်ပြီးနောက် တည်ကြည်မှုအပြည့်ရှိသော မျက်နှာအမူအရာဖြင့် အပြင်ဘက်သို့ ဖြည်းဖြည်းချင်း ထွက်လာ၏။ မြည်းလေးမှာလည်း အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် သူ၏နောက်မှ လိုက်လာသည်။ ကမ္ဘာပေါ်ရှိ အရာအားလုံးမှာ သူ့အတွက် အထူးတဆန်းဖြစ်နေသောကြောင့် ၎င်းမှာ ဘယ်ဘက်လှည့်ကြည့်လိုက် ညာဘက်လှည့်ကြည့်လိုက် ဖြစ်နေတော့သည်။

” မြို့တော်သခင်ဝမ်။ ကမ္ဘာဂြိုဟ်ကနေ ပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ် ” ဝမ်ပေါင်လဲ့ ပေါ်ပေါက်လာသည်နှင့် ကြိုဆိုပွဲထဲတွင် ရှိနေကြသည့် လူများမှာ ချက်ချင်းဆိုသလိုပင် ဦးညွှတ်အရိုအသေပေးကာ ဝမ်ပေါင်လဲ့အား နှုတ်ဆက်လိုက်ကြ၏။

ထိုအဖွဲ့၏ ခေါင်းဆောင်မှာ အမြုတေအဆင့်ရှိသော သက်လတ်ပိုင်းကြီး လူကြီးတစ်ယောက်ဖြစ်သည်။ သူသည် နွေးထွေးမှုအပြည့်ရှိသော အပြုံးတစ်ခုဖြင့် ညာလက်သီးပေါ် ဘက်လယ်ဝါးတင်လိုက်ပြီး ဝမ်ပေါင်လဲ့အား အရိုအသေပေးလိုက်၏။

Comment

Leave a Reply

Options

not work with dark mode
Reset