အခန်း (၁၄)

မင်းပဲ ကျုပ်ကို မျက်စိစပါးမွှေးစူးနေတယ်ဆို

အခန်း (၁၄) မင်းပဲ ကျုပ်ကို မျက်စိစပါးမွှေးစူးနေတယ်ဆို

မနီးမဝေးတွင် ရှိနေသည့် ရှင်းကျောက်ကို ကျန်းလန် စိုက်ကြည့်လိုက်သည်။

ကျန်းလန်မျက်နှာက ခံစားချက် ကင်းမဲ့နေ၏။

ရန်သူက စွမ်းအားမြင့်မားသူတစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် ကျန်းလန် သိပ်ပြီး စိတ်လှုပ်ရှားခြင်း မဖြစ်မိပေ။ သို့သော်… ပေါ့ပေါ့ဆဆတော့ သဘောမထားဝံ့သေးပေ။

ကျန်းလန်က ရှင်းကျောက်ရှိရာကို ခြေတစ်လှမ်းချင်းလှမ်းလာရင်း အေးဆေးစွာ စကားဆိုလိုက်သည်။

“မင်းပဲ… ကျုပ်ကို မျက်စိစပါးမွှေးစူးနေတယ်ဆို…”

ရှင်းကျောက်က ကျန်းလန်ကို မော့ကြည့်လိုက်သည်။

သူ့အကြည့်များက ကြောက်ရွံ့မှုများဖြင့် ပြည့်နက်နေ၏။

“ကျုပ်… ကျုပ်က… မျက်စိရှိရက်နဲ့ ကန်းနေလို့ ပြောမိတာပါ…”

ကျန်းလန် နောက်ထပ် စကားဆက်မပြောတော့ပေ။

ခြေတစ်လှမ်းချင်းလှမ်းပြီး ရှင်းကျောက်အနားသို့ ချဉ်းကပ်လာသည်။

ရှင်းကျောက်က ကြောက်ရွံ့စွာဖြင့် နောက်သို့ ဖြည်းဖြည်းဖြည်းချင်း ဆုတ်သွားသည်။ သူ… ထွက်ပြေးချင်သော်လည်း ပြေး၍မလွတ်မှန်း နားလည်နေသည်။

သူ၏ရန်သူက အလွန်ပင် တန်ခိုးစွမ်းအား မြင့်မားနေသည် မဟုတ်ပါလား။

ကျန်းလန်က…

“မင်း ကျုပ်ကို ဘာကိစ္စ လာရှုတ်တာလဲ…”

ရှင်းကျောက် သူ့ကို တိုက်ခိုက်ရသည့် အကြောင်းရင်းကို သိလိုသောကြောင့် ကျန်းလန် မေးလိုက်ခြင်း ဖြစ်၏။

အကြောင်းရင်းကိုသိပြီးလျှင်တော့ ရန်သူကို အရှင်ထားမည် မဟုတ်ပေ။ ထိုသူက ကျန်းလန်၏လျှို့ဝှက်ချက်ကို သိရှိသွားပြီ မဟုတ်ပါလား။

ရှငျးကြောကျက ကနြျးလနျကိုေ မာ့ကွညျ့ရငျး…

“အဲဒါက… အရေးကြီးကိစ္စကြီးတစ်ခုကြောင့်ပါ…”

“အရေးကြီးကိစ္စကြီး… ဟုတ်လား…”

ကျန်းလန် တစ်ချက်မျှ စဉ်းစားလိုက်သည်။

ရှင်းကျောက်ပြောသည့် ကိစ္စကြီးဆိုသည်က နဝမတောင်ထွတ်နှင့် သက်ဆိုင်မည်မဟုတ်ကြောင်း ကျန်းလန် ခန့်မှန်းလိုက်မိသည်။

သူက နဝမတောင်ထွတ်မှ တပည့်တစ်ယောက်ဖြစ်လေရာ ရှင်းကျောက်အနေဖြင့် သူ့ကို ပစ်မှတ်ထားစရာ အကြောင်း မရှိပေ။

ရှင်းကျောက်က ကျန်ရှိနေသေးသည့် လက်တစ်ဖက်ဖြင့် သိမ်းဆည်းထားသည့် တစ်စုံတစ်ခုကို ထုတ်ယူရန် ဟန်ပြင်လိုက်သည်။

သူပြောလိုက်သည့် အရေးကြီးကိစ္စကြီးကို ကျန်းလန် သေချာပေါက် စိတ်ဝင်စားပေလိမ့်မည်။

ကျန်းလန်သာ ထိုကိစ္စကြီးကို စိတ်ဝင်တစားဖြင့် မေးမြန်းလာပါက ရှင်းကျောက်အနေဖြင့် စကားပြောရင်း အချိန်ဆွဲထားပြီး လွတ်လမ်းကို ကြံဆနိုင်မည် ဖြစ်သည်။

ကျန်းလန်က သူ့ကို အလွတ်ပေးမည် မဟုတ်ကြောင်း သူ သိရှိထားသည်။ ထို့ကြောင့်… အခြေအနေပေါ် မူတည်ပြီး လွတ်မြောက်အောင် ကြိုးစားရမည် ဖြစ်သည်။

အဆိပ်…

ဟုတ်ပေ၏…။

ရှင်းကျောက်တွင် ရွှေပြဒါးအမြုတေကို အရည်ပျော်သွားစေသည့် အဆိပ်တစ်မျိုး ရှိလေသည်။

ကျန်းလန် စိတ်ပျံ့လွင့်သွားအောင် အရေးကြီးသည့် အကြောင်းအရာများကို ပြောဆိုပြီး အခွင့်အရေးရသည်နှင့် ကျန်းလန်ကို အဆိပ်ဖြင့် တိုက်ခိုက်ရန် ရှင်းကျောက် ဆုံးဖြတ်လိုက်သည်။

ရှင်းကျောက်က အလွန်ကြောက်ရွံ့နေသည့် မျက်နှာအမူအရာဖြင့်…

“ဟုတ်တယ်… ကိစ္စကြီးတစ်ခုရှိတယ် ၊ အဲဒီကိစ္စက ခွန်လွန်တောင်တစ်ခုလုံးနဲ့ သက်ဆိုင်နေတယ် ၊ နောင် နှစ်ပေါင်း (၁၀၀)ဆိုရင် အတော်လေး စိုးရိမ်စရာကိစ္စတစ်ခု ဖြစ်လာတော့မှာ…”

ကျန်းလန် အသံကိုနှိမ့်လိုက်ပြီး…

“အေး… ကျုပ်သိပြီ…”

“ဟုတ်ပြီ…  မင်း စိတ်ဝင်စားလာပြီ… ဟုတ်တယ်မလား… ၊ မေးစမ်း… ငါ့ကို မေးစမ်း…”

ရှင်းကျောက် စိတ်ထဲက တွေးလိုက်ရင်း အမြုတေအရည်ပျော်စေသည့်အဆိပ်ဖြင့် ကျန်းလန်ကို တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်သည်။

သို့သော်… ကျန်းလန်က မေးခွန်းများ ဆက်လက်မေးမြန်းခြင်း မပြုတော့ပေ။ သူက ရှင်းကျောက်ကို တစ်ချက်စိုက်ကြည့်လိုက်ပြီး လက်သီးဖြင့် ထိုးချလိုက်သည်။

သူ၏ခန္ဓာကိုယ်ထက်သို့ ကြောက်မက်ဖွယ်ရာ လက်သီးချက်ကြီးတစ်ချက် ကျရောက်လာသည်ကို တုန်လှုပ်ကြောက်ရွံ့စွာဖြင့် ရှင်းကျောက် တွေ့မြင်လိုက်ရသည်။

“ဘုန်း…”

ကျယ်လောင်သည့် ပေါက်ကွဲသံကြီးနှင့်အတူ ရှင်းကျောက်၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးမှုံများအဖြစ် ပြောင်းလဲသွားလေတော့သည်။

ရှင်းကျောက် အသက်ပျောက်သွားပြီ ဖြစ်လေ၏။

သို့သော်… သေသည်အထိ သူ… နားလည်မသွားခဲ့ပေ။

အဘယ့်ကြောင့်… သူပြောသည့် အရေးကြီးကိစ္စကြီးကို ကျန်းလန်က စိတ်မဝင်စားခဲ့ပါသနည်း။

အဘယ့်ကြောင့်…. အလွန်တရာ အရေးကြီးသည့် ကိစ္စကြီးတစ်ခုအကြောင်းကို ကျန်းလန် မမေးမြန်းခဲ့ရပါသနည်း။

ကျန်းလန် လက်သီးချက်ကို ပြန်ရုတ်သိမ်းလိုက်သည်။

ပြီးမှ အေးဆေးသည့်လေသံဖြင့်…

“ခွန်လွန်တောင်တစ်ခုလုံးအတွက် စိုးရိမ်စရာ အရေးကြီးကိစ္စကြီးဆိုလည်း… ကျုပ်.. တတ်နိုင်တာ ဘာမှ မရှိဘူးလေ…”

ကျန်းလန်ပြောသည်မှာလည်း အမှန်ပင် ဖြစ်၏။

သူ၏ ကျင့်ကြံခြင်းအဆင့်ဖြင့် ခွန်လွန်တောင်တစ်ခုလုံး၏ ပြဿနာကို မည်သို့ ဖြေရှင်းနိုင်ပါမည်နည်း။

ထို့ပြင်… နောင်နှစ်ပေါင်းရာနှင့်ချီမှ ဖြစ်ပျက်လာမည့် ကိစ္စတစ်ခုအကြောင်း နားထောင်ရမည်မှာ ပျင်းစရာ ကောင်းလွန်းလှသည်။

ရန်သူကို သတ်ဖြတ်ပြီးသည်နှင့် ကျန်းလန် နေရာမှ ထွက်ခွာသွားတော့သည်။

နံနက်အရုဏ်တက်တော့မည် ဖြစ်လေသည်။

ကျန်းလန်အတွက် အချိန်မရှိတော့ပေ။ တောင်ထိပ်သို့ ရောက်အောင်တက်ပြီး စနစ်တွင် မှတ်ပုံတင်ရမည် ဖြစ်လေသည်။

ကျန်းလန် ပတ်ဝန်းကျင်ကို တစ်ချက်လေ့လာကြည့်လိုက်သည်။ သူ၏ တိုက်ခိုက်မှုကို တွေ့မြင်သူ မရှိကြောင်း သေချာသွားတော့မှ အနည်းငယ် စိတ်အေးလက်အေး ဖြစ်သွားသည်။

ရှင်းကျောက် သေဆုံးသွားသည့်အကြောင်းကို ကျန်းလန် မည်သူ့ကိုမှ ပြောပြမည် မဟုတ်ပေ။ တစ်စုံတစ်ယောက်က သူ့အလိုလို ရှာဖွေတွေ့ရှိသွားပေလိမ့်မည်။

ရှင်းကျောက် အသတ်ခံရခြင်းအတွက် ကျန်းလန်ကိုလည်း မည်သူမှ သံသယဝင်ကြမည် မဟုတ်ပေ။ ချီစွမ်းအားသန့်စင်ခြင်းအဆင့် တပည့်တစ်ယောက်က ရှင်းကျောက်ကဲ့သို့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို အဘယ်မှာ သတ်ဖြတ်နိုင်ပါမည်နည်း။

ဤသည်က… လုံး၀ မဖြစ်နိုင်သည့် ကိစ္စ ဖြစ်သည်။

သိပ်မကြာမီ… ကျန်းလန် တောင်ထိပ်သို့ ရောက်ရှိလာလေသည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်လျှက် ရှိသည်။

စနစ်မှလည်း မဟာတာအိုလမ်းကြောင်းနှင့်ပတ်သက်သည့် သတိပေးသံ ထွက်ပေါ်လာခြင်း မရှိပေ။ ကြည့်ရသည်မှာ… တောင်ထိပ်တွင် မဟာတာအိုလမ်းကြောင်း ရှိဟန် မတူပေ။

သို့သော်…  ကျန်းလန် စိတ်ပျက်သွားခြင်းမရှိပေ။

“စနစ်… တတိယတောင်ထွတ်ရဲ့ မှော်ရုံနယ်မြေမှာ မှတ်ပုံတင်မယ်…”

ကျန်းလန် စိတ်ထဲမှ ပြောလိုက်သည်။

မကြာမီ … စနစ်မှ အသံထွက်ပေါ်လာ၏။

[ ဒင် ! ]

[ မှတ်ပုံတင်ခြင်းအောင်မြင်ပါတယ် ၊ မဟာတာအိုမှ ေးအပ်သည့် လက်ဆောင်ကို ရရှိသည့်အတွက် စနစ်ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် ၊ မိုးနဲ့မြေကိုဖန်ဆင်းခြင်းဆေးလုံးကို လက်ခံရရှိမှာ ဖြစ်ပါတယ်…]

[ မိုးနဲ့မြေကို ဖန်ဆင်းခြင်းဆေးလုံး : မိုးနဲ့မြေမှ ပြောင်းလဲခြင်းများအားလုံးကို စုစည်းပြီး အခက်အခဲအားလုံးကို ကျော်ဖြတ်နိုင်မှာဖြစ်တယ်…]

စနစ်မှ ထွက်ပေါ်လာသည့် စကားသံ အဆုံးသတ်သွားသည်။

ကျန်းလန်၏ စိတ်အာရုံထဲတွင် အနက်ရောင်နှင့်အဖြူရောင်အလင်းတန်းများ ဝန်းရံလှည့်ပတ်နေသည့် ဆေးလုံးတစ်လုံးကို တွေ့မြင်ရလေသည်။

မိုးနှင့်မြေမှ ထူးခြားဆန်းကျယ်မှုများအားလုံးကို ထိုဆေးလုံးထဲတွင် တွေ့မြင်ရသည်။

ဆေးလုံးနှင့်ပတ်သက်ပြီး စနစ်မှ ပြောသည့် မိတ်ဆက်စကားကတော့ ကျန်းလန်ကို အနည်းငယ် အံ့အားသင့်သွားစေသည်။

“လာပြန်ပြီ… ‘မိုးနဲ့မြေကို ဖန်ဆင်းခြင်း’ …”

ကျန်းလန် ယခင်က “မိုးနဲ့မြေကိုဖန်ဆင်းခြင်း” တာအိုကျမ်းစာကို ရရှိခဲ့ဖူးသည်။

ယခု “မိုးနဲ့မြေကိုဖန်ဆင်းခြင်း” ဆေးလုံးကို ရရှိပြန်လေပြီ…။

မည်သို့ပင်ဖြစ်စေ “မိုးနဲ့မြေကိုဖန်ဆင်ခြင်း” ဆိုသော ခေါင်းစဉ်ရှိသည့် အရာအားလုံးက လျှို့ဝှက်နက်နဲသည့် တန်ခိုးစွမ်းအားများ ပါဝင်သည်မှာ ကျိန်းသေဖြစ်သည်။

သို့သော်… စနစ်မိတ်ဆက်စကားအရ မိုးနဲ့မြေကိုဖန်ဆင်းခြင်းဆေးလုံးက မိုးနဲ့မြေကိုဖန်ဆင်းခြင်း တာအိုကျမ်းစာလောက် အစွမ်းထက်ဟန် မရှိပေ။

ဆေးလုံး၏ အကျိုးသက်ရောက်မှုက မည်သို့ရှိမည်လဲ ပြောရန် ခက်ခဲနေသေးသည်။

“မိုးနဲ့မြေကိုဖန်ဆင်းခြင်း” တာအိုကျမ်းစာက ကျန်းလန်အား လျှင်မြန်စွာ ကျင့်ကြံခြင်းအဆင့် မြင့်တက်သွားစေပြီး အကြောင်းအရာအတော်များများကို နက်ရှိုင်းစွာ သိမြင်နားလည်စေသည်။

ယခု… “မိုးနဲ့မြေကိုဖန်ဆင်းခြင်း” ဆေးလုံး၏ အစွမ်းကတော့ အလွန်ရိုးရှင်း၏။ ကျင့်စဉ်လမ်းတွင် အခက်အခဲ ကြုံတွေ့ရချိန်တွင် အခက်အခဲများကို ကျော်ဖြတ်နိုင်မည် ဖြစ်သည်။

သို့သော်… မည်သို့သောအခက်အခဲများကို ကျော်လွှားနိုင်မည်လဲဆိုသည်ကိုတော့ စနစ်က အသေးစိတ် ပြောမပြခဲ့ပေ။

အင်မော်တယ်တစ်ပါး ဖြစ်လာခါနီးအချိန်ကျမှ ထိုဆေးလုံးကို သောက်လိုက်လျှင်… အခက်အခဲများကို ကျော်လွှားပြီး ချက်ချင်းပင် အင်မော်တယ် ဖြစ်လာမည်လားဟု ကျန်းလန် စဉ်းစားလိုက်သည်။

ကျန်းလန် ဆေးလုံးကို ကြည့်နေရင်း ချီတုံချတုံ ဖြစ်နေမိသည်။

အင်မော်တယ်တစ်ပါး ဖြစ်ခါနီအချိန်ရောက်မှ ဤဆေးကို အသုံးပြုသင့်သလား… သို့မဟုတ် ယခုပင် မူလဝိညာဉ်အဆင့်သို့ ရောက်ရှိသွားအောင် အသုံးပြုလိုက်သင့်သလား…။

“ထားလိုက်ပါတော့… နောက်မှပဲ ဘာဖြစ်မလဲ စောင့်ကြည့်တာပေါ့…”

ကျန်းလန်က အလျင်လိုတတ်သူတစ်ယောက် မဟုတ်ပေ။

ဆေးဝါးပစ္စည်းများဆိုသည်က သင့်တော်သည့်အချိန်တွင် သင့်တော်သလို အသုံးပြုခြင်းက အကောင်းဆုံး ဖြစ်လေ၏။

သို့သော်… ကျန်းလန်က ဆေးလုံးကို အမြဲတမ်း သိမ်းဆည်းထားရန်တော့ အစီအစဉ် မရှိပေ။ ဆေးလုံးကို အသုံးမပြုရသေးခင် အနာဂတ်ပျောက်သွားမည်ကိုတော့ အဖြစ်မခံနိုင်ပေ။

ထို့နောက်… ကျန်းလန် တောင်ပေါ်မှ ဆင်းလာခဲ့သည်။

ဂိုဏ်းတူအစ်မ’လုန်’ ၏ တန်ခိုးစွမ်းအားစက်ကွင်းထဲ ပြန်သွားရမည်ဖြစ်သည်။ ပြီးလျှင် သူ၏ ကျင့်ကြံခြင်းအဆင့် မြင့်တက်စေရန် အခွင့်အရေးတစ်ခုလည်း ရှာဖွေရပေဦးမည်။

ကျင့်ကြံခြင်းအဆင့်တက်ခြင်းဆိုသည်ကလည်း အခွင့်အရေးများအပေါ်တွင် များစွာမူတည်သည် မဟုတ်ပါလား။

……….

တောင်ခြေ…

ရုတ်တရက်… တောင်ခြေတွင် မြူခိုးများ ထူထပ်စွာ ရစ်သိုင်းလာလေသည်။

လုန်ယွိ မျက်လုံးများ ဖွင့်ကြည့်လိုက်သည်။

ရုတ်တရက် ပြောင်းလဲသွားသည့် အခြေအနေကြောင့် သူမ များစွာ အံ့အားသင့်သွားရသည်။ မှော်ရုံနယ်မြေတစ်ခုလုံး မြူခိုးများ စတင်ဖုံးလွှမ်းလျှက် ရှိနေပြီ မဟုတ်ပါလား။

“ထူးဆန်းလိုက်တာ… ၊ ဒီအချိန်က မြူခိုးတွေဝေရမယ့်အချိန်မှ မဟုတ်တာ…”

လုန်ယွိ အနည်းငယ် စိတ်အနှောက်အယှက် ဖြစ်သွားလေသည်။

မှော်ရုံနယ်မြေတွင် မြူခိုးဝေရခြင်းအဓိပ္ပါယ်က တောင်ပေါ်သားရဲများ စုဝေးလာခြင်းကို ဆိုလိုခြင်းဖြစ်သည်။ သားရဲများ စုဝေးခြင်းထက် သားရဲများဒီရေအလား အုံနှင့်ကျင်းနှင့်ရောက်လာသည့် သားရဲဒီရေလှိုင်းကို ရင်ဆိုင်ရနိုင်သည့် အရိပ်ယောင် ဖြစ်သည်။

သာမန် သားရဲအုပ်တစ်အုပ်ကို လုန်ယွိအနေဖြင့် ကောင်းကောင်းနှိမ်နင်းနိုင်စွမ်းရှိသည်။

သို့သော်… သားရဲဒီရေလှိုင်းနှင့် ရင်ဆိုင်ရပါက သူမအနေဖြင့် တားဆီးရန် ခက်ခဲပေလိမ့်မည်။ အခန့်မသင့်ပါက သူမပင်လျှင် အသက်ပျောက်သွားနိုင်လေသည်။

သူမက နဂါးမျိုးနွယ်တစ်ယောက် ဖြစ်လေရာ သားရဲများ မျက်စိကျစရာလည်း ဖြစ်နေလေသည်။ သေချာပေါက် သားရဲများ၏ တိုက်ခိုက်ခြင်းကို ခံရနိုင်ဖွယ်ရှိသည်။

“ဒါ… တိုက်ဆိုင်မှုတစ်ခုလား… ၊ ဒါမှမဟုတ်… တစ်ယောက်ယောက်ရဲ့ လက်ချက်လား…”

လုန်ယွိ ရေရွတ်လိုက်သည်။

လွန်ခဲ့သော (၃)နှစ်က လုပ်ကြံခံခဲ့ရပြီးနောက်ပိုင်း သူမ အရာရာကို သံသယဖြင့် သတိထားနေခဲ့သည်။ မည်သည့်အရာကိုမှ လွယ်လွယ်နှင့် မယုံကြည်တတ်တော့ပေ။

“အန္တရယ်ကတော့ ရောက်လာတော့မယ်… အဖွဲ့ဝင် ဂိုဏ်းတူမောင်လေးတွေ ၊ ဂိုဏ်းတူညီမလေးတွေကို အရင်ရှာရမယ် ၊ ပြီးမှ… အခြားအဖွဲ့တွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားရမယ်…”

ဆုံးဖြတ်ချက်ချပြီးသည်နှင့် လုန်ယွိ မတ်တတ်ထရပ်လိုက်သည်။

သို့သော်… မြူခိုးများကြောင့် ပတ်ဝန်းကျင်ကို သူမ ရှင်းရှင်းလင်းလင်း တွေ့မြင်ရခြင်း မရှိတော့ပေ။ မြူခိုးများက သူမသွားမည့်ခရီးကို နှောင့်နှေးစေလေသည်။

လုန်ယွိ တောင်မြင့်ကြီးဆီသို့ ထွက်ခွာလာခဲ့သည်။

မြူခိုးများကြားတွင် လမ်းလျှောက်လာရင်း သူမ၏ စိတ်အာရုံများ မတည်မငြိမ်ဖြစ်လာသည်။

“ငါတောင် ရှေ့ဆက်သွားဖို့ ဒီလောက်ခက်ခဲနေတာ… အခြားသူတွေဆို ပိုပြီး ဒုက္ခရောက်ကုန်တော့မှာပဲ… ၊ ငါ… သူတို့ကို အမြန်ရှာရမယ်…”

သူမ၏ အဖွဲ့ဝင်များကို ရှာဖွေရန်အတွက် လုန်ယွိ မြူခိုးများထဲတွင် အလျှင်အမြန် သွားလာနေခဲ့လေသည်။

သိပ်မကြာမီ… သူမ၏ တန်ခိုးစွမ်းအားစက်ကွင်းထဲသို့ တစ်စုံတစ်ယောက် ဝင်ရောက်လာသည်ကို သတိပြုလိုက်မိသည်။

သို့သော်… ထိုသူကလည်း လုန်ယွိကဲ့သို့ပင် အလွန်လျှင်မြန်သည့်အရှိန်ဖြင့် သွားလာနေခြင်းဖြစ်ကြောင်း လုန်ယွိ သတိပြုလိုက်မိလေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset