အခြေအနေများကို ခွဲခြမ်း စိတ်ဖြာပြီးနောက် ထို့သို့ဖြစ်ရခြင်းမှာ အိပ်မက် နယ်မြေထဲတွင် ကျင့်ကြံခြင်းနှင့် ဆက်စပ် နေလိမ့်မည်ဟု ခံစားမိသည်။ ကုန်လွန်ခဲ့သည့် လေးနှစ်ကျော် ကာလတွင် မှော်ကျောက်တုံး၏ ထူးဆန်းမှု အများအပြားကို တွေ့ကြုံခဲ့ရပြီးပြီ ဖြစ်၏။
အိပ်မက် နယ်မြေထဲ၌ လေ့ကျင့် နေချိန်တွင် အလင်းရောင်များ တောက်ပနေသော အလုံးလေးများကို သူ့ခန္ဓာကိုယ်မှ တိတ်တဆိတ် စုပ်ယူသည်ကို ဝမ်လင်း ခံစားနိုင်သည်။
ထိုတောက်ပနေသော အလုံးလေးများကို အချိန် တော်တော်ကြာအောင် လေ့လာခဲ့သော်လည်း သူတို့၏အသုံးဝင်ပုံကို အတိအကျ မသိရသေးပေ။
ယခုဆိုလျှင် ဝမ်လင်းသည် ကျင့်စဉ်အဆင့် ဖုံးကွယ်ပေးသော ကျင့်စဉ်ကို အသုံးပြုရန် မလိုတော့ပေ။ တောင်အနောက်ဘက်တွင် ၄နှစ်တာ ကျင့်ကြံခြင်းက ရှင်းပြရန်အတွက် အကြောင်းပြချက် ကောင်းတစ်ခု ဖြစ်သည်။
ဝမ်လင်းသည် အိပ်မက် နယ်မြေထဲတွင် လွန်ခဲ့သော နှစ်၂၀ခန့် ကတည်းက တတိယအလွှာသို့ ရောက်နေပြီးပြီ ဖြစ်ကြောင်းကို မည်သူမှ မသိချေ။
ဆွဲငင်အား ပညာရပ်ကိုလည်း နှစ်၂၀ကျော် လေ့ကျင့် ခဲ့သောကြောင့် ဆွဲငင်အား ပညာရပ်က ကြောက်မက်ဖွယ် ကောင်းသော အဆင့်တစ်ခုထိ ရောက်နေလေပြီ။
ကျောင်းနိုင်ငံ တစ်ခုလုံးတွင် အင်မော်တယ် အခြေခံ ကျင့်စဉ်တစ်ခုကို နှစ်ပေါင်း၂၀ကျော် လေ့ကျင့်မည့်သူ တစ်ယောက်မှပင် ရှိလိမ့်မည် မဟုတ်ချေ။
ရုတ်တရက် ကောင်းကင်ပေါ်မှ အဖြူရောင် အလင်းက ကျလာပြီး အားလုံးကို ဖုံးသွား၏။ နွေးထွေးမှုကို နောက်တစ်ကြိမ် ခံစား လိုက်ရပြန်သည်။ သို့သော်လည်း သည်တစ်ကြိမ်တွင် ဝမ်လင်းသည် ကွဲပြားမှုတစ်ခုကို သတိပြုမိလိုက်၏။
အလင်းရောင်ထဲတွင် ထူးဆန်းသော သင်္ကေတ မှိန်မှိန်လေးများကို တွေ့လိုက်ရသည်။ ထိုသင်္ကေတ များသည် ဝဲကတော့ပုံစံ ဖြစ်လာရန် စုစည်းလာပြီး လျင်မြန်စွာ လူတိုင်းကို ဆွဲယူသွား၏။ ထို့နောက် လူအားလုံး တောင်ကြားထဲမှ ပျောက်ကွယ်သွားသည်။
သူတို့ပြန်ပေါ် လာသည့်အချိန်တွင် သူတို့ အားလုံးသည် အဓိကခန်းမကြီးထဲ ရောက်နေ၏။ ယခင်နေရာမှာပဲ ဂိုဏ်းခေါင်းဆောင်က ထိုင်နေပြီး အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့ဘေးတွင် အကြီးအကဲများက ထိုင်နေ၏။
ထိုအချိန်တွင် အားကောင်းသော နတ်ဘုရား စိတ်အာရုံများစွာက ဝမ်လင်းတို့ အားလုံးကို စစ်ဆေးသွားသည်။ ဂိုဏ်းခေါင်းဆောင်က ပြုံးပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်…
“လေးနှစ် ကုန်သွားတဲ့အချိန်မှာ ငါ အလွန်ပဲ အားရမိတယ် … မင်းတို့အားလုံး အများကြီး တိုးတက် လာတာပဲ … အရမ်းကောင်းတယ် … အလွှာ၅နဲ့ အလွှာ၅ အထက်တွေနေခဲ့ ကျန်တဲ့ သူအားလုံးက မင်းတို့ဆရာဆီ သွားပြီး လေးနှစ်အတွင်းမှာ ဘယ်လောက် တိုးတက် လာပြီလဲဆိုတာ ပြောပြလိုက်ကြ … ဒီ၃ရက်အတွင်းမှာ ရွှမ်တောက်ဂိုဏ်းက ရောက်လာလိမ့်မယ် … ဒီတစ်ကြိမ်တော့ ငါတို့ နိုင်ကိုနိုင်ရမယ် … ဝတ်စုံပြောင်းလဲ ဖို့ကတော့ ရွယ်ဒေါင်ဂိုဏ်းနဲ့ ပြိုင်ပွဲပြီးမှ လဲပေးမယ်…”
လူအားလုံးက ပြိုင်တူ ဖြေလိုက်ကြသည်။ အလွှာ၅အောက် တပည့်အားလုံး ထွက်ခွာသွား၏။ ဝမ်လင်းက ဘေးပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်လိုက်ရာ စွန်းတဇူးကို မမြင်မိပေ။
အဓိက ခန်းမကြီးမှ ထွက်လာပြီးနောက် ဝမ်လင်းက စွန်းတဇူး၏ ဆေးဥယျာဉ်သို့ တန်းပြီး သွားလိုက်၏။ သူက နတ်ဘုရား စိတ်အာရုံကို ထုတ်လွှတ်လိုက်သည်။ တံခါးဝမှ အစီအရင် တစ်ခုကို တွေ့ရသော်လည်း အစီအရင်က နတ်ဘုရား စိတ်အာရုံကို မတားဆီးပေ။ ထို့ကြောင့် နတ်ဘုရား စိတ်အာရုံကို အထဲထိ ပို့လွှတ်ပြီး ကြည့်လိုက်ရာ ကျင့်စဉ် ကျင့်နေသည့် စွန်းတဇူးကို တွေ့လိုက်ရသည်။ စွန်းတဇူးက ဝမ်လင်း၏ နတ်ဘုရား စိတ်အာရုံကို သတိပြုမိဟန် မရှိချေ။
ယခုကဲ့သို့ အစီအရင်တွင် ချို့ယွင်းချက်များ မတွေ့ခင်က ဤအစီအရင်သည် သူ့အတွက် အလွန်ကြောက်မက်ဖွယ် ကောင်းခဲ့သည်။ ယခုတွင်မူ သူသာ အစီအရင်ကို ချိုးဖျက်ချင်ပါက အလွယ်တကူ ချိုးဖျက်၍ ရနိုင်သည်ဟု ခံစားရ၏။
ဝမ်လင်းက သူ၏နတ်ဘုရား စိတ်အာရုံကို သိမ်းလိုက်ပြီး လေးစားစွာ အော်ပြောလိုက်သည်…
“တပည့်ဝမ်လင်း … ဆရာ့ကို တွေ့ဖို့ ခွင့်တောင်းပါတယ်…”
ထိုအသံကို ကြားပြီး စွန်းတဇူးက ခေတ္တခဏ တုံ့ဆိုင်းသွား၏။ အချိန်အနည်းငယ် ကြာအောင် စဉ်းစားပြီးနောက် လွန်ခဲ့သော ၄နှစ်ကျော်က ဝမ်လင်းဟုခေါ်သော တပည့်တစ်ယောက် လက်ခံခဲ့သည်ကို မှတ်မိသွား၏။ ထို့နောက် သူ့ကို လေးနှစ်တာ လေ့ကျင့်ခန်းထဲ ပို့လိုက်လေသည်။ အမှိုက်ကောင်က မည်သည့် တိုးတက်မှုမှ ရှိလိမ့်မည်ဟု မထင်သော်လည်း စိတ်ထဲတွင် သေချာမှု မရှိချေ။
သူက သိချင်စိတ်ကြောင့် တံခါးကို ဖွင့်ပြီး မာကျော ခက်ထန်စွာ ပြောလိုက်သည်…
“အထဲ ဝင်လာခဲ့…”
ဝမ်လင်း အထဲသို့ ရောက်ပြီးနောက် စွန်းတဇူးက သူ့ကို စစ်ဆေးကြည့်ပြီး အံ့အားသင့်စွာ ပြောလိုက်၏…
“မင်းက တတိယ အလွှာထိတောင် ရောက်သွားပြီလား…”
ဝမ်လင်းက ခေါင်းညိတ်လိုက်ပြီး ရိုသေစွာ ပြောလိုက်သည်…
“တပည့်က ဒီ၄နှစ်မှာ ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့လို့ တတိယအလွှာကို ဝင်ရောက် နိုင်ရုံလေးသာ ဝင်ရောက် နိုင်ခဲ့ပါတယ်…”
စွန်းတဇူးက အကြိမ်ရေ အနည်းငယ်ခန့် မျက်တောင် ခတ်လိုက်၏။ သူက ဝမ်လင်းကို ဘာကြောင့် တပည့်အဖြစ် လက်ခံခဲ့သည်ကို သတိရသွားသည်။ ဝမ်လင်းအပေါ် ဝိညာဉ်ရှာဖွေခြင်း ကျင့်စဉ်ကို အသုံးပြုရန် ကီစုစည်းခြင်း ပထမအလွှာသို့ ရောက်အောင် စောင့်ခဲ့ရသည် ကိုလည်း မှတ်မိသွား၏။ စွန်းတဇူးသည် အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် လက်လျှော့ရန် ဆုံးဖြတ်ချက် ချလိုက်သည်။ ထိုအရာများက နှစ်တွေလည်း ကြာခဲ့ပြီ။ ထို့အပြင် ဝိညာဉ်ရှာဖွေခြင်း ကျင့်စဉ်ကို အသုံးပြုပါက သူ၏ကျင့်စဉ် အဆင့်ကလည်း လျော့ကျ သွားဦးမည်။ ထို့ကြောင့် တန်သည် ဟုလည်း မထင်ချေ။
စွန်းတဇူးက ဝမ်လင်းကို တစ်ချက် ဝေ့ကြည့်ပြီး ပြောလိုက်သည်…
“ကောင်းပြီ … မင်းက အခု ကီစုစည်းခြင်း အဆင့် တတိယအလွှာကို ရောက်သွားပြီ ဆိုတော့ … ငါ … စွန်းတဇူးရဲ့ တပည့်အစစ် ဖြစ်သွားပြီ … ပြီးတော့ ငါ့ရဲ့တပည့်က မင်းတစ်ယောက်တည်း ရှိတာဆိုတာ ဒီနေ့ကစပြီး ဒီမှာ လာနေနိုင်ပြီ … နောက်ရက် အနည်းငယ် အတွင်းမှာ ရွှမ်တောက်ဂိုဏ်းနဲ့ ပြိုင်ပွဲ ရှိတယ် … အဲ့ဒီကို ငါ့နောက်က လိုက်နိုင်တယ် … မင်းလည်း အမြင်ကျယ်တာပေါ့ … တတိယအလွှာကို ရောက်ပြီဆိုတော့ မင်းဆွဲငင်အား ကျင့်စဉ်ကို လေ့ကျင့်ပြီးပြီလား…”
“ဆွဲငင်အား ကျင့်စဉ်ကို လေ့ကျင့်ပေမဲ့ အခုထိ မကျွမ်းကျင် သေးသလို ခံစားနေရတုန်းပဲ…”
ဝမ်လင်းက မျက်နှာအမူအရာ မပြောင်းလဲသွားပဲ ပုံမှန်အတိုင်း ပြန်ဖြေလိုက်၏။
စွန်းတဇူးက ခေါင်းညိတ်ပြီး ပြောလိုက်သည်…
“ဒါက ပုံမှန်ပါပဲ … ရှင်းအောင် ပြောရမယ်ဆိုရင် ဒီကျင့်စဉ်က အားလုံး လေ့ကျင့်ကြတဲ့ အခြေခံကျင့်စဉ်ပဲ … မင်းပိုပြီး လေ့ကျင့်လေ ပိုပြီး ကျွမ်းကျင်လာလေပဲ … မင်းရဲ့ဆရာတောင် ဆွဲငင်အား ကျင့်စဉ်ကို တစ်နှစ်လုံး လေ့ကျင့်ခဲ့ရတယ် … ဂိုဏ်းထဲမှာ လေ့ကျင့်ချိန် ငါ အကြာဆုံးလို့ သတ်မှတ်လို့ရတယ် … ကြည့်လိုက်…”
ပြောပြီးသည်နှင့် စွန်းတဇူးက လက်ကို လှုပ်ရှားလိုက်ရာ ရောင်စုံ ဓားတစ်ချောင်း ထွက်ပေါ်လာပြီး စွန်းတဇူး လက်ထဲသို့ မရောက်ခင် အချိန်အထိ အခန်းကို လှည့်ပတ် ပျံသန်းနေ၏။
“ဆွဲငင်အား ကျင်စဉ်ကို လေ့ကျင့်ပြီးလို့ ဒုတိယအလွှာကို ရောက်ရင် ထိန်းချုပ် ကျင့်စဉ်ကို စတင် လေ့ကျင့်နိုင်တယ် … အခုဒီဓား လှုပ်ရှားသွားတာ တွေ့တယ်မလား … ဒါထိန်းချုပ် ကျင့်စဉ်ပဲ … တကယ်တော့ ဒီအဆင်ကို ရောက်ဖို့ မင်းက အလွှာ၄ကို ရောက်ဖို့လိုတယ် … မင်းရဲ့ကျင့်စဉ်က နိမ့်တော့ အောင်မြင်ဖို့ အခွင့်အရေးကလည်း နည်းတယ် … ဒါပေမဲ့ ဂိုဏ်းကို မျက်နှာပျက်အောင် လုပ်လို့မရဘူး … ဓားပျံ တစ်ချောင်းကို ဆွဲငင်အား ကျင့်စဉ်နဲ့လည်း ထိန်းချုပ် နိုင်သေးတယ် … ငါ မင်းကို တံဆိပ်ပြားတစ်ခု ပေးလိုက်မယ် … ပြိုင်ပွဲမှာ ကြွားဖို့ ဓားဗိမာန်ကို သွားပြီး ဓားပျံကောင်းကောင်း တစ်ချောင်း ရွေးယူလာခဲ့…”
စွန်းတဇူးက ပြောပြီးသည်နှင့် ဝမ်လင်းထံသို့ တံဆိပ်ပြားတစ်ခု ပစ်ပေးလိုက်၏။
ဝမ်လင်း၏ မျက်နှာ အမူအရာက ထူးဆန်းသွား၏။ သူ့ပါးစပ်ကလည်း ဟောင်းလောင်း ဖြစ်သွားသည်။ ဘာပြောရမှန်းလည်း မသိတော့ချေ။
ဝမ်လင်း၏ ထူးဆန်းသည့် အမူအရာကို မြင်ပြီး နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်…
“ဒီကိစ္စကို သေးသေးလေး မထင်နဲ့ … မင်းက ကြည့်ကောင်း နေရမယ် … ငါ့မျက်နှာ ပျက်အောင် လုပ်လို့ကတော့ ခွင့်လွှတ်မှာ မဟုတ်ဘူး … မင်းရဲ့ဆရာ အခုကိုင်ထားတဲ့ ဓားကလည်း မင်းလိုပဲ … ဆရာက မျက်နှာ မပျက်အောင် ပေးထားတာ…”
ဝမ်လင်းက မဲ့ပြုံးလေးနှင့် ပြောလိုက်သည်…
“တပည့်က လုံးဝကြည့်ကောင်း နေစေရမယ် … မစိုးရိမ်ပါနဲ့…”
***