ဂိုဏ်းတူ အစ်ကိုကျန်းက ဝမ်လင်းကို အေးစက်စက် ကြည့်ပြီး ပြောလိုက်သည်…
“ချိုးဖျက်ဖို့အတွက် သော့ချက်က မင်းရဲ့ ပင်ကိုစွမ်းရည်နဲ့ အများကြီး သက်ဆိုင်တယ် … တချို့လူတွေက နည်းနည်းလေး ကြိုးစားလိုက်ရုံနဲ့ အောင်မြင် သွားတတ်ကြတယ် … တချို့ လူတွေကတော့ နှစ်ပေါင်းတစ်ရာ ၊ နှစ်ပေါင်း တစ်ထောင်လောက်မှ အောင်မြင် တတ်ကြတယ် … ဒါမှမဟုတ် ဘဝတစ်ခုလုံး မချိုးဖျက်နိုင်ကြဘူး…”
ဝမ်လင်း၏ မျက်နှာတွင် အားငယ်သည့် အမူအရာများ ပေါ်လာပြီး ရုတ်တရက် မေးလိုက်သည်…
“ဂိုဏ်းတူ အစ်ကိုကျန်း အလွှာတိုင်းက ချိုးဖျက်ဖို့ ခက်ခဲတာလား … ၂အလွှာကနေ ၃အလွှာ၊ ၃အလွှာကနေ ၄အလွှာ အားလုံးက ခက်ခဲတာပဲလား…”
ဂိုဏ်းတူ အစ်ကိုကျန်းက ခေါင်းညိတ်ပြီး…
“ဟုတ်တယ် … နောက်ပိုင်း ရောက်လေ ပိုပြီး ခက်လာလေပဲ … အထူးသဖြင့် ၃ကနေ၄ ၊ ၅ကနေ၆ ကို ချိုးဖျက်တဲ့ အခါပဲ…”
ဂိုဏ်းတူ အစ်ကိုကျန်း၏ အဖြေက တပည့် အနည်းငယ်ကို ဆွဲဆောင်သွား၏။ မိန်းကလေး တပည့်တစ်ယောက်က ရုတ်တရက် မေးလိုက်သည်…
“ဂိုဏ်းတူ အစ်ကိုကြီး … တတိယ အလွှာကနေ စတုတ္ထအလွှာကို ချိုးဖျက်တဲ့အခါ ဘာကြောင့် ခက်ရတာလဲ … ညီမက အခု တတိယအလွှာကို ရောက်နေပါပြီ…”
စကားပြော လိုက်သည့် မိန်းကလေးကို ဝမ်လင်း မှတ်မိသည်။ သူမက ဝမ်ကျောက် လိုက်နေသည့် မိန်းကလေးကျိုး ဖြစ်သည်။
ဂိုဏ်းတူ အစ်ကိုကျန်းက အနည်းငယ် စဉ်းစားပြီးမှ ပြောလိုက်သည်…
“ကောင်းပြီ … ဒီနေ့မှာ ကီစုစည်းခြင်း အလွှာ၆အောက်မှာ မင်းတို့ရင်ဆိုင်ရမယ့် ပိတ်ဆို့မှု နှစ်ခုကို ပြောပြမယ် … ပထမ ပိတ်ဆို့မှုက အလွှာ၃ကနေ အလွှာ၄ကို ချိုးဖျက်တဲ့ အချိန်မှာပဲ … တချို့သောလူတွေ အတွက်ကတော့ အလွန်လွယ်တယ် … ဒါပေမဲ့ တခြားသူတွေ အတွက်ကျတော့ တစ်သက်လုံး ချိုးဖျက်လို့တောင် မရခဲ့ကြဘူး … သော့ချက်က ပင်ကိုစွမ်းရည်နဲ့ မဆိုင်ဘူး … ‘လမ်းက သနားကြင်နာမှု ကင်းမဲ့တယ်’ ဆိုတဲ့ စကားလုံးနောက်က အဓိပ္ပာယ်ကို နားလည်နိုင်တဲ့ စွမ်းရည်နဲ့ပဲ ဆိုင်တယ်…”
သူက လူတိုင်းက ကြည်ပြီး ဆက်ပြော လိုက်သည်…
“သေမျိုးတွေက သူတို့ရဲ့ နှောင်ကြိုးတွေကို ဖြတ်တောက်ပစ်ဖို့ လိုအပ်တယ် … မင်း နှောင်ကြိုးတွေကို ဖြတ်တောက်နိုင်ရင် အလွှာ၃ကနေ အလွှာ၄ကို ရောက်ဖို့က လွယ်လွယ်လေးပါ … မလုပ်နိုင်ရင်တော့ ခက်ခဲ နေလိမ့်မယ် … အလွှာ၅ကနေ အလွှာ၆ကို ချိုးဖျက်တဲ့အခါ ကြုံတွေ့ရတဲ့ ပိတ်ဆို့မှုကတော့ မင်းတို့ရဲ့ ကိုယ်ထဲက စိတ်စွမ်းအင် အရည်အသွေး ပြောင်းလဲမှုပဲ … စိတ်စွမ်းအင်းက တဖြည်းဖြည်း မင်းတို့ရဲ့ကိုယ်ကို ပြောင်းလဲ ပေးလိမ့်မယ် … ပိုပြီးပြောင်းလဲမှု လုပ်လေ စိတ်စွမ်းအင် ပမာဏများများ လိုလေပဲ … ဒါ့ကြောင့် ဒီအဆင့်က လူအများစုကို ပိတ်ဆို့ထားတဲ့ အဆင့်တစ်ခု ဖြစ်နေတာပဲ…”
ဝမ်လင်းက နားထောင်ပြီးနောက် အံ့အားသင့်ကာ တိတ်ဆိတ်စွာဖြင့် စဉ်းစားခန်း ဝင်နေသည်။
တခြားပင်မ တပည့်များကလည်း ကွဲပြားသော မျက်နှာ အမူအရာများနှင့် မေးခွန်များ ဆက်မေးကြသည်။ ပတ်ဝန်းကျင်က မှောင်လာတော့မှ အားလုံးကလည်း လူစုခွဲသွားကြ၏။
ဝမ်လင်းလည်း ရေသံကြားရာဆီသို့ အသံကို နားထောင်ရင်း လျှောက်သွား၏။ မကြာမီတွင် သူ့ရှေ့၌ ရေကန်တစ်ခု ပေါ်လာသည်။
ရေမှ အားနည်းသော စိတ်စွမ်းအင် ရနံ့လေး ထွက်ပေါ်နေသည်။ ဝမ်လင်းက ရေကန်ဆီသို့ သွားလိုက်ပြီး ရေကို သောက်လိုက်သည်။ ကန်ထဲမှရေက သူသောက်သုံးသော စိတ်စွမ်းအင် ရေများကို မယှဉ်နိုင်သော်လည်း သူ၏စိတ် စွမ်းအင်များကို တိုးလာစေရန် အတွက် စိတ်စွမ်းအင်များ လုံလုံလောက်လောက် ပါဝင်၏။
ဝမ်လင်းက ဘူးသီးခြောက်များကို ထုတ်ယူလိုက်ပြီး ရေများ တစ်ဘူးပြီး တစ်ဘူး ဖြည့်လိုက်သည်။ အချိန် အတော်ကြာပြီး နောက်တွင် ဘူးသီးခြောက်များ အားလုံး ဖြည့်ပြီး သွားသည့်အတွက် နောက်ကို လှည့်လိုက်ရာ သူ့သူငယ်အိမ်က ချက်ချင်း ကျုံ့သွား၏။ သူ့နောက်တွင် ဂိုဏ်းတူ အစ်ကိုကျန်းက မတ်တတ်ရပ် နေသည်။ ဝမ်လင်းက ရေဖြည့်နေသည့် အချိန်တွင် သူ့နတ်ဘုရား စိတ်အာရုံဖြင့် ပတ်ဝန်းကျင်ကို ထောက်လှမ်း ထားသော်လည်း ဘာကိုမှ မတွေ့ခဲ့ရပေ။ သို့သော်လည်း ဂိုဏ်းတူ အစ်ကိုကျန်း ရောက်နေသည်မှာ အချိန်တော်တော် ကြာနေပြီဟု ထင်ရသည်။ ထိုအချိန်တွင် ဝမ်လင်း၏နှလုံးသားက မွန်း ကျပ်သွား၏။
ကျန်းခွမ်း၏ မျက်လုံးများက အပေါ်သို့ မြင့်တက်သွားပြီး ပြောလိုက်သည်…
“ညီငယ်ဝမ်လင်း … ဒီရေထဲမှာ စိတ်စွမ်းအင်တွေ အများကြီး ပါနေတယ် … ဒီကန်ထဲက ရေက မင်းရဲ့ကျင့်ကြံခြင်း အတွက် ကောင်းတယ် … ဒါပေမဲ့ ငါတွေ့တာ မင်းက ဘူးသီးခြောက်တွေ အများကြီး ပြင်ဆင်လာတာပဲ … အရင်က ဒီနေရာကို ရောက်ဖူးလို့ ပြင်ဆင်လာတာလား…”
ဝမ်လင်းက သူ့အတွေးများကို သိမ်းဆည်းလိုက်ပြီး ပုံမှန်အတိုင်း ပြောလိုက်သည်…
“ဆရာက ဒီကန်ထဲကရေက ကျင့်စဉ်အတွက် ကောင်းတယ်ဆိုတာ ကြိုပြောပြ ထားလို့ပါ … ဒါ့ကြောင့် ဘူးသီးခြောက် အများကြီး ပြင်ဆင် လာတာပါ…”
ကျန်းခွမ်းက ဝမ်လင်းကို စူးစိုက်ကြည့်ပြီး ပြောလိုက်သည်…
“စွန်းတဇူး ဒါကို သိတာက ပုံမှန်ပါပဲ … မင်းပြန်သွားပြီး စမ်းကြည့်သင့်တယ် … ဂိုဏ်းတူညီလေးက ၂နှစ်ဆိုတဲ့ အချိန်တိုအတွင်း ပထမအလွှာကို ရောက်အောင် ကြိုးစားခဲ့တယ် ဆိုတော့ … စိတ်ဓာတ်က တော်တော် ခိုင်ခိုင်မာမာ ချထားတာပဲ … ဒါက ကောင်းပါတယ် … နောက်တစ်ကြိမ် တွေ့တဲ့အခါ ဒုတိယအလွှာကို ရောက်နေမယ်လို့ မျှော်လင့်ပါတယ်…”
ဝမ်လင်းက သူ့လက်နှစ်ဖက် ဆုပ်ပြီး နှုတ်ဆက်ကာ ထွက်ခွာလာခဲ့၏။ ဂူထဲသို့ ပြန်ရောက်မှ သာလျှင် စိတ်သက်သာရာ ရသွား၏။ သူ၏အင်္ကျီ အဝတ်အစားများက ချွေးများဖြင့် စိုရွဲနေသည်။ ကျင့်စဉ်အဆင့် ဖုံးကွယ်ပေးသော ကျင့်စဉ်ကို ကျင့်ထားခြင်းက သူ့အတွက် အလွန် ကောင်းသည့်အချက် ဖြစ်သွား၏။ မကျင့်ထားခဲ့ပါက ကျန်းခွမ်းက သူတတိယအလွှာ ရောက်နေသည်ကို သိသွားလျှင် ကျိန်းသေ သူ့ကို သံသယ ဝင်မည်ဖြစ်သည်။ ကျန်းခွမ်းကသာ သူ့ကို သတ်ရန် ကြိုးစားလာပါက သူ့ထံတွင် ပြန်တိုက်နိုင်မည့် စွမ်းအား မရှိပေ။
ဝမ်လင်းက သူ့ကိုယ်သူ သတိပေးလိုက်သည်…
“အင်မော်တယ် တွေကလည်း သေမျိုးတွေနဲ့ အတူတူပဲ … ပုံစံကွဲသွားတာပဲ ရှိတယ် … သေမျိုးတွေထက် ပိုပြီးတော့တောင် ရက်စက်သေးတယ် … ဒါ့ကြောင့် ငါ့မှာ မှော်ကျောက်တုံးရှိတာ ဘယ်သူ့မှ အသိခံလို့ မရဘူး…”
မောင်းတံကို ဆွဲပြီး တံခါးကို ပိတ်ပြီးနောက် ဝမ်လင်းက ခြေချိတ်ထိုင်ကာ ကျင့်ကြံခြင်းကို စတင်လိုက်သည်။
လိုအင်ဆန္ဒများနှင့် နှောင်ကြိုးများကို ဖြတ်တောက်ပစ် ရမည်ဆိုသည့် စည်းမျဉ်းက ကျင့်ကြံခြင်းတွင် လေ့ကျင့်ရာ၌ အနှောင့်အယှက် မဖြစ်စေရန် ဖြစ်သည်။ ဟုန်ယွီဂိုဏ်းထဲသို့ ဝင်ရောက် လာပြီးနောက် လိုအင်ဆန္ဒများကို မဖြတ်တောက်ကြသည့် အင်မော်တယ် အများစုကို သူ့တွေ့ဖူးပြီးပြီး ဖြစ်သည်။
သူ၏တွက်ချက်မှု ရလဒ်ကတော့ လိုအင် ဆန္ဒတွေကို ဖြတ်တောက်ခြင်းက မရေရာတဲ့ ခန့်မှန်းချက်တစ်ခု ဖြစ်၏။ အလွှာ၃ကနေ အလွှာ၄ကို ချိုးဖျက်ရာတွင် ဂိုဏ်းတူအစ်ကို ပြောသည့် သော့ချက်က သူ၏တွက်ချက်မှုနှင့် ဆန့်ကျင်နေသည်။
အချိန် အတော်ကြာအောင် စဉ်းစား နေသော်လည်း မည်သည့် သဲလွန်စကိုမျှ မတွေ့သေးချေ။ ဝမ်လင်းက သူ့မိဘများနှင့် နှောင်ကြိုးများ မဖြတ်နိုင်သည်ကို သူ့ကိုယ်သူ သိ၏။ တတိယအလွှာက ယခင်အလွှာ နှစ်ခုနှင့် မတူချေ။ သူက စတုတ္ထအလွှာကို မချိုးဖောက် နိုင်သော်လည်း သူ၏စိတ် စွမ်းအင်များက ဆက်လက် တိုးပွားနေသည်။ နောက်ဆုံးတွင် ဝမ်လင်းက စတုတ္ထအလွှာသို့ ချိုးဖျက်မှုကို လက်လျှော့လိုက်ပြီး သူ့ကိုယ်ထဲများ စိတ်စွမ်းအင်များ ဆက်လက် တိုးပွားရန် အတွက်သာ အားစိုက် ထုတ်တော့၏။
အချိန်များက ကုန်ဆုံးလာသည်။ ၁နှစ် … ။ ၂နှစ် … ။ ဘာမှမလုပ် လိုက်ရပဲ တံခါးပိတ် ကျင့်ကြံရင်းဖြင့်သာ လေးနှစ် ကုန်ဆုံးသွား၏။ လေးနှစ်အတွင်းတွင် ဝမ်လင်းက ကျင့်စဉ်အတွက် စိတ်စွမ်းအင် ရေများ ပြုလုပ်ရန် ရေဖြည့်သည့် အချိန်တစ်ခုသာလျှင် ဂူထဲမှ ထွက်၏။
အပြင်ဘက်တွင် ၄နှစ် ကုန်သွားသော်လည်း အိပ်မက် နယ်မြေထဲတွင် ၂၅နှစ် ကုန်သွားပြီး ဖြစ်သည်။ ဝမ်လင်း စတင်ကျင့်ကြံ လာသည်မှာ လေ့ကျင့်ခန်း မဝင်မီ အချိန်ကိုပါ ပေါင်းလိုက်လျှင် ၂၇နှစ် သို့မဟုတ် ၂၈နှစ်ခန့် ရှိနေလေပြီ။
သူက ကီစုစည်းမှုအဆင့် အလွှာ၃တွင် သောင်တင် နေသော်လည်း သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များက ဆက်လက် တိုးပွားနေဆဲ ဖြစ်၏။
သည်နေ့က လေးနှစ်တာ လေ့ကျင့်ခန်း နောက်ဆုံးရက် ဖြစ်သည်။ အပြင်ဘက်တွင် ဝင့်ကြွားသော အသံတစ်ခုက အော်ပြော လိုက်သည်…
“ဂိုဏ်းတူညီ၊ ညီမငယ်များ … ၄နှစ်တာ အချိန်က ပြည့်ပြီမို့လို့ … အပြင်ကို မြန်မြန် ထွက်လာခဲ့ကြတော့ … မင်းတို့ကို ပြန်ပို့ပေးဖို့ ဂိုဏ်းခေါင်းဆောင် ရောက်နေပြီ…”
ချောက်ကမ်းပါး ကျောက်နံရံမှ ဂူအားလုံး ပွင့်သွားပြီး ပင်မတပည့်အားလုံး သူတို့နည်းလမ်းနှင့် သူတို့ တစ်ယောက်ပြီး တစ်ယောက် အောက်သို့ ဆင်းလာကြသည်။
ဝမ်လင်းလည်း ဆင်းလာပြီးနောက် နတ်ဘုရား စိတ်အာရုံဖြင့် စစ်ဆေးကြည့်ရာ ပင်မတပည့် ၄၀ကျော်လုံး ကုန်လွန်ခဲ့သည့် ၄နှစ်တာ ကာလအတွင်း အများကြီး တိုးတက်ခဲ့ကြ၏။
ဝမ်ကျောက်က အလွှာ၅ကို ရောက်ရှိနေပြီး အလွှာ၆သို့ ချိုးဖျက်ရန် အဆင်သင့် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ တခြားသူများလည်း ထို့နည်းအတူပင် အားလုံး၏ ကျင့်ကြံခြင်းက များစွာ တိုးတက်ခဲ့ကြ၏။
မိန်းကလေးရှုက အလွှာ၃သို့ ရောက်နေပြီး၊ အစ်ကိုကျန်းက အလွှာ၆သို့ ရောက်နေပြီး ဖြစ်သည်။
တခြားသူများ၏ ကျင့်ကြံမှုနှင့် သူ၏ကျင့်ကြံမှုက မတူသကဲ့သို့ ခံစားနေရသည်။ ယခုလည်း နတ်ဘုရား စိတ်အာရုံကို သုံးပြီး စစ်ဆေးကြည့်သော်လည်း သူစစ်ဆေး လိုက်သည်ကို တစ်ယောက်မှ သတိပြုမိကြဟန် မရှိချေ။
လွန်ခဲ့သော ၂နှစ်က မိန်းကလေးကျိုး၏ ကျင့်ကြံမှုက အလွှာ၃သို့ ရောက်နေသော်လည်း ယခု ဝမ်လင်း၏ နတ်ဘုရားအာရုံ အောက်တွင် သူမက တိုးတက်မှု မရှိဘဲ အလွှာ၃၌သာ ရှိသေး၏။
ဝမ်လင်းထံတွင် ခန့်မှန်းချက် တစ်ခုရှိသည်။ တခြားသူများ၏ အလွှာ၃က သူ၏အလွှာ၃ ကဲ့သို့ မဟုတ်ဟု ခန့်မှန်းထားသည်။ သူ၏ ကီစုစည်းခြင်း အလွှာ၃က စိတ်စွမ်းအင်များ စုပ်ယူမှုတွင် အကန့်အသတ် မရှိချေ။
***