Switch Mode

အပိုင်း (၃၆)

စကားများခြင်း

ထိုအကြောင်းကို တွေးတောပြီးနောက် ဝမ်လင်းက မှော်ကျောက်တုံးကို ထုတ်ယူလိုက်ပြီး သူ၏ပထမဆုံး တံခါးပိတ် လေ့ကျင့်ခန်းကို စတင်လိုက်သည်။

အချိန်များက မျက်စိတစ်မှိတ် အတွင်း၌ပင် ၂နှစ်ကုန်သွား၏။ ၂နှစ်အတွင်းတွင် ဝမ်လင်းက ကျင့်ကြံခြင်းနှင့် ဆွဲငင်အား လေ့ကျင့်မှုကိုပါ မပျက်မကွက် ကြိုးစားလေ့ကျင့် နေသောကြောင့် တစ်ယောက်တည်း အဖော်မဲ့သကဲ့သို့ပင် မခံစားရပေ။

အပြင်ကမ္ဘာတွင် ၂နှစ်ကုန် သွားသော်လည်း သူကတော့ မှော်ကျောက်တုံး၏ အကူအညီဖြင့် ၁၃နှစ်ကျော် လေ့ကျင့် ပြီးသွား၏။

ဂူထဲတွင် စိတ်စွမ်းအင်များ အလွန်ကို များပြားသဖြင့် ဝမ်လင်းအတွက် သဘောကျ နှစ်ခြိုက်ဖွယ် နေရာတစ်ခု ဖြစ်သည်။ ဂူထဲရှိ စိတ်စွမ်းအင်များက တောင်အနောက် ဘက်တွင်ရှိသော စိတ်စွမ်းအင်များထက် အနည်းဆုံး၂ဆခန့် ပိုမို သိပ်သည်းသည်ကို တွေ့ရှိလိုက်၏။

ဒုတိယ အလွှာမှစ၍ သူ၏ကျင့်ကြံမှုက အလွန် နှေးကွေးလာသည်။ အိပ်မက် နယ်မြေထဲတွင် ၆နှစ်ခန့် ကျင့်ကြံပြီးနောက် ဒုတိယအလွှာ၏ အထွတ်အထိပ်သို့ ရောက်သွား၏။ တတိယအလွှာသို့ ချိုးဖျက် ဝင်ရောက်ရာတွင် အကြိမ်များစွာ ကျရှုံးပြီးမှ နောက်ဆုံးတွင် ချိုးဖျက် နိုင်သွား၏။

သို့သော်လည်း ကျန်သည့် ၇နှစ်တွင် ကျင့်စဉ်နှင့် ပတ်သက်၍ အခက်အခဲနှင့် ကြုံနေရသည်။ တတိယအလွှာ အထွတ်အထိပ်ကို ရောက်ရှိနေပြီး ဖြစ်သော်လည်း သူမည်သို့ပင် ကြိုးစားစေကာမူ စတုတ္ထအလွှာသို့ မဝင်ရောက်နိုင်ပေ။ စိတ်စွမ်းအင်များ ကင်းမဲ့ နေလို့လည်း မဟုတ်ပေ။ စတုတ္ထအလွှာသို့ ထိုးဖောက်ရန် ကြိုးစားရာတွင် အလွန် အရေးကြီးသည့် နေရာသို့ ရောက်လာတိုင်း ထူးခြား ဆန်းကြယ်သာ အားတစ်ခုက သူ့ကို တားဆီးထား သကဲ့သို့ ခံစားရ၏။

ယခု သူရောက်ရှိနေသော တတိယအလွှာက အရင်အလွှာ နှစ်ခုနှင့် မတူချေ။

သူက တတိယအလွှာ အထွတ်အထိပ်ကို ရောက်ရှိ နေသော်လည်း စိတ်စွမ်းအင်များကို စုပ်ယူနိုင်မှုက ပထမအလွှာနှင့် ဒုတိယအလွှာ ကဲ့သို့ ရပ်တန့် မသွားချေ။ သူကျင့်စဉ် ကျင့်လေ သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များက ပိုပြီး တိုးပွားလာကာ သူ့ခန္ဓာကိုယ်ကို တဖြည်းဖြည်း ပြောင်းလဲ ပေးနေသည်။

ထိုအခြင်းအရာကြောင့် ဝမ်လင်းက အံ့အားသင့် ခဲ့ရသည်။ မည်မျှပင် ကြိုးစားပြီး တွေးတောစဉ်းစား ခဲ့သော်လည်း အဖြေကို ရှာမရခဲ့ပေ။

သည်နေ့တွင် သူစုဆောင်း ထားခဲ့သော နှင်းရည်များ အားလုံး ကုန်သွား၏။ သူ့တွင် စိတ်စွမ်းအင် အရည်ဘူး တစ်ဘူးသာ ကျန်တော့သည်။ ထိုဘူးသီးခြောက်က သူနှင့် အချိန် အတော်ကြာအောင် ရှိနေခဲ့သည်။ ယခင်အချိန်က တောင်ပေါ်၌ မြှုပ်ခဲ့သော ဘူးသီးခြောက် ၃ဘူးထဲမှ တစ်ဘူးဖြစ်၏။ ကျန်နှစ်ဘူးမှာ မှော်ကျောက်တုံးကို သက်တံအစင်း၁၀ခု ပေါ်စေရန် အသုံးပြုခဲ့ရသည်။ ထိုအချိန်က ဘူးသီးခြောက်ထဲမှ အရည်အနည်းငယ် သောက်ရုံမျှဖြင့် သေလုနီးပါး ဖြစ်ခဲ့ရသဖြင့် ဘူးသီးခြောက်ကို သိုလှောင်အိတ် ထဲ၌သာ ထည့်သိမ်းထားခဲ့၏။

ဝမ်လင်းက အနည်းငယ်တုံ့ဆိုင်း နေပြီးနောက် ဘူးသီးခြောက်ကို ထုတ်မယူခဲ့ပေ။ သူ တွက်ကြည့် ရသလောက်ဆိုလျှင် ဘူးသီးခြောက်ထဲမှ စိတ်စွမ်းအင် ပမာဏက ကြောက်မက်ဖွယ် အဆင့်တစ်ခုသို့ ရောက်ရှိ နေလိမ့်မည်။ ဤဘူးသီးခြောက်ကို ကီစုစည်းခြင်း အမြင့်ပိုင်း အဆင့်တွေရောက်မှ အသုံးပြု သင့်ပေသည်။

ဝမ်လင်းက မတ်တတ်ထကာ သူ့ကိုယ်ကို သပ်ရပ်အောင် ပြုပြင်လိုက်ပြီး မောင်းတံဆီသို့ သွားကာ မောင်းတံကို ဆွဲလိုက်သည်။ ကျယ်လောင်သော အသံနှင့်အတူ ကျောက်တုံး တံခါးကြီးက ပွင့်သွား၏။ အပြင်ဘက်မှ နေရောင်ခြည်က ဖြာကျ လာသောကြောင့် ဝမ်လင်း ဘာမှ မမြင်ရတော့ချေ။ ထို့နောက် ဝမ်လင်းက အပြင်သို့ ထွက်လိုက်ပြီး လေကို ပြင်းပြင်းရှူရှိုက် လိုက်သည်။

အောက်သို့ ကြည့်လိုက်ရာ တပည့် တော်တော်များများက တောင်ကြားထဲတွင် စကားပြောနေကြ၏။ ကျင့်ကြံခြင်းက ပျင်းရိဖွယ် ကောင်းသောကြောင့် တစ်ခါတစ်ရံ အောက်သို့ ဆင်းလာကြပြီး စကားပြော နေကြခြင်း ဖြစ်လိမ့်သည်။

သူက အနည်းငယ် စဉ်းစားပြီးနောက် သူ့ကျင့်စဉ်အဆင့်ကို ပထမအလွှာသို့ လျှော့ချကာ အောက်သို့ ခုန်ချလိုက်၏။ သူ့ကိုယ်က နှေးကွေးစွာ မြေပြင်ပေါ်သို့ ကျသွားသည်။

အိပ်မက်နယ်မြေ ထဲတွင် ကုန်ဆုံးခဲ့သော ၁၃နှစ်ကျော် အချိန်အတွင် ဝမ်လင်းက ဆွဲငင်အား ပညာရပ်ကို ဆရာတစ်ဆူ ကဲ့သို့ ကျွမ်းကျင်နေလေပြီ။ ပါးစပ်မှ မည်သည့်လင်္ကာကိုမျှ ရွတ်စရာမလိုဘဲ စိတ်က တွေးလိုက်ရုံမျှဖြင့် အသုံးပြု နိုင်နေပြီ ဖြစ်သည်။

ယခုလည်း ဆွဲငင်အား ပညာရပ်ကို သူ့ခန္ဓာကိုယ်ပေါ်တွင် အသုံးပြုထား၏။ ယခုကဲ့သို့ အသုံးပြုနိုင်ရန် ဆွဲငင်အားပညာရပ် အသုံးပြုခြင်းတွင် သေချာသည့် အဆင့်တစ်ခုအထိ ရောက်ရှိနေမှသာ အသုံးပြု နိုင်ပေလိမ့်မည်။

ယခုအချိန်တွင် သူက လေထဲတွင် လျင်မြန်စွာ ပျံသန်း ရလျှင်တောင်မှ ကိုယ်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိ၏။ ဆွဲငင်အား ပညာရပ်ကို အနည်းဆုံး ၁၀နှစ်ခန့် မလေ့ကျင့်ပဲနှင့် ပျံသန်းနိုင်ရန် မဖြစ်နိုင်ချေ။

မည်သူကများ အဆင့်နိမ့် ကျင့်စဉ်တစ်ခုကို ၁၀နှစ်ကြာ လေ့ကျင့်မည်နည်း။ ကျင့်ကြံသူ အားလုံးက အချိန်ကို ဆန့်ကျင်ပြီး ယှဉ်ပြိုင်နေကြခြင်း ဖြစ်၏။ သူတို့မှာသာ အချိန်ရှိလျှင် အဆင့်မြင့်သည့် ကျင့်စဉ်များကိုသာ အချိန်ပေးပြီး လေ့ကျင့် ကြပေလိမ့်မည်။

တခြားသူများ၏ အာရုံစိုက်မှုကို မခံရစေရန် မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ဆင်းသက်ခဲ့သည်။ မြေပေါ်သို့ ရောက်ပြီးပြီးချင်းတွင် ညာဘက်မှ လှောင်ပြောင် သရော်သံတစ်ခုကို ကြားလိုက်ရ၏…

“နေက အနောက်အရပ်မှ ထွက်လာတာဟ … အမှိုက်လိုကောင်တောင် ကီစုစည်းခြင်း ပထမအလွှာကို ရောက်လို့ ကျောက် နံရံပေါ်ကနေ အကူအညီမပါဘဲ ဆင်းနိုင်နေပြီပဲ…”

ဝမ်လင်းက ခေါင်းကို လှည့်ကြည့်လိုက်ရာ သူ့ကိုကြည့်နေသော ဝမ်ကျောက်ကို တွေ့လိုက်ရ၏။ သူ့ဘေးနားတွင်လည်း တပည့်အနည်းငယ် ထိုင်နေကြသည်။

၂၄၊၂၅နှစ် အရွယ်ခန့်ရှိသော အဖြူရောင်ဝတ် တပည့်တစ်ယောက်က ရယ်ပြီး ပြောလိုက်သည်…

“ဝမ်လင်း … မင်း ဒီကို မလာသင့်ဘူး … အလုပ်ရုံက ပြင်ပတပည့် တွေကြားမှာ နေသင့်တယ် … အနည်းဆုံးတော့ သူတို့ထက် မြင့်တယ်လို့ မင်းကိုယ်မင်း ခံစားရလိမ့်မယ် … ဒီမှာတော့ ငါတို့ အားလုံးထဲမှာ မင်းက အညံ့ဆုံးပဲ…”

ဝမ်လင်းက နတ်ဘုရား စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ ဝမ်ကျောက်သည် သူကဲ့သို့ တတိယအလွှာ ထိပ်ဆုံးသို့ ရောက်နေပြီး၊ အဖြူရောင်ဝတ် လူငယ်က စတုတ္ထအလွှာ ထိပ်ဆုံးသို့ ရောက်နေသည်။ ထိုလူငယ်က အချိန်မရွေး ပဉ္စမအလွှာသို့ ချိုးဖျက်ဝင်ရောက် နိုင်သည်ကိုလည်း တွေ့လိုက်ရ၏။

ဝမ်ကျောက်က ဝင့်ကြွားစွာ ပြောလိုက်သည်…

“ဝမ်လင်း … မင်းက လွန်ခဲ့တဲ့ ၂နှစ်ကထက်စာရင် တော်တော်ကြည့်ကောင်း လာတာပဲ … မင်းက ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး ဆိုတာတော့ မင်းသိသင့်တယ် … အရှုံးပေး လိုက်ပါကွာ … ငါ မင်းကို ပြောလိုက်မယ် … အမှိုက်က အမြဲတမ်း အမှိုက်ပဲ ဖြစ်နေမှာ … မင်းက ငါ့ကို ဘယ်တော့မှ ယှဉ်နိုင်မှာ မဟုတ်ဘူး … ငါက လွန်ခဲ့တဲ့ ၂နှစ်က လူသစ်တွေထဲမှာ ထိပ်ဆုံးပဲ … မင်းကရော…”

ဝမ်ကျောက်ဘေးမှ အဖြူရောင်ဝတ် လူငယ်က ရယ်မောလိုက်သည်…

“ဂိုဏ်းတူညီလေး … မင်းရဲ့ အစ်ကိုကြီးအတွက် စမ်းချောင်းထဲက ရေအနည်းငယ် ခပ်ပေးစမ်းပါ … မင်းအစ်ကိုကြီးက ကြင်နာ တတ်ပါတယ် … ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး နည်းနည်းလောက်တော့ ညွှန်ပြပေးမှာပါ…”

လူငယ်က ပြောပြီးသည်နှင့် ပုလင်းတစ်လုံးကို ပစ်ပေးလိုက်သည်။ ပုလင်းက ဝမ်လင်း၏ ခြေထောက်ရှေ့သို့ ကျသွား၏။

ဝမ်လင်းက တိတ်ဆိတ်မြဲ တိတ်ဆိတ်နေပြီး အဖြူရောင်ဝတ် လူငယ်ကို ကြည့်လိုက်သည်။

အဖြူရောင်ဝတ် လူငယ်က အရေး မထားဟန်ဖြင့် ပြောလိုက်၏…

“မင်းက ဘာအမူအရာလဲ … တိုက်ချင်တာလား … ငါ မင်းကို ပြောလိုက်ဦးမယ် … ဂိုဏ်းတူအစ်ကို ကျန်းခွမ်းက ပင်မတပည့် အချင်းချင်း မတိုက်ခိုက်ရဘူးလို့ ပြောထားလို့ ဘာမှမလုပ်တာ … မင်းအချိုး မပြေလို့ကတော့ … မင်းကို သင်ခန်းစာ ပေးမိရင် ငါ့ကို အပြစ်မတင်နဲ့ …”

“တော်လောက်ပြီ … မင်းတို့အားလုံး ပါးစပ်တွေ ပိတ်ထားလိုက်တော့…”

အသံတစ်ခုက ကျောက်နံရံတစ်ခုပေါ် ထွက်လာသည်။ မကြာမီတွင် အရိပ်တစ်ခုက လျှပ်စီးလက် သကဲ့သို့ ပေါ်လာ၏။ ထိုလူက စီနီယာကျန်း ဖြစ်သည်။ သူက အားလုံးကို ကြည့်လိုက်ပြီး ပြောလိုက်သည်…

“ဝမ်ကျောက်၊ စွန်းဟို … မင်းတို့နှစ်ယောက် မကျင့်ကြံပဲ ပထမအလွှာပဲ ရှိသေးတဲ့ ဂိုဏ်းတူ ညီတစ်ယောက်ကို အနိုင်ကျင့် နေတာလား … ဒါက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ…”

ဝမ်ကျောက်နှင့် စွန်းဟိုတို့၏ မျက်နှာအမူအရာက လျင်မြန်စွာ ပြောင်းလဲသွား၏။ သူတို့က ဝမ်လင်းကို ကြောက်မက်ဖွယ် အကြည့်နှင့် ကြည့်ပြီး နှာခေါင်းရှုံ့ လိုက်ကြသည်။ ပါးစပ်ကမူ တစ်ခွန်းမှ ထပ်မထွက် လာကြတော့ချေ။ သူတို့က ဂိုဏ်းတူ အစ်ကိုကျန်းကို ကြောက်နေမှန်း သိသာလှ၏။

ဂိုဏ်းတူ အစ်ကိုကျန်းကလည်း ဝမ်လင်းက ခက်ထန်စွာ ကြည့်ပြီး ပြောလိုက်သည်…

“ဝမ်လင်း … မင်းလည်း ဒီကို ဆင်းမလာသင့်ဘူး … ကြိုးစားပြီး လေ့ကျင့်နေသင့်တာ … ဒီကမ္ဘာမှာ ခွန်အားက အဓိကပဲ…”

ဝမ်လင်းက ခေါင်ညိတ် ပြလိုက်ပြီး သူက အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် မေးလိုက်သည်…

“ဂိုဏ်းတူ အစ်ကိုကျန်း … ကျွန်တော့်မှာ မေးချင်တာ တစ်ခုရှိတယ် … ပထမအလွှာကို ရောက်ပြီးနောက်ပိုင်း … ဘယ်လိုပဲ ကြိုးစားပြီး လေ့ကျင့်လေ့ကျင့် ဒုတိယအလွှာကို မချိုးဖျက်နိုင်ဘူး ဖြစ်နေတယ်…”

ထိုစကားကို ကြားတော့ ဝမ်ကျောက်က သရော်ပြီး ပြောလိုက်သည်…

“မင်းရဲ့ပင်ကို စွမ်းရည်နဲ့ဆို တစ်သက်လုံး ဒုတိယအလွှာကို ရောက်မှာတောင် မဟုတ်ဘူး…”

***

Comment

Leave a Reply

Options

not work with dark mode
Reset