Switch Mode

အပိုင်း (၃၅)

တောင်အနောက်ဘက်

ပင်မတပည့် ၄၀ကျော်က ခန်းမထဲတွင် မတ်တတ်ရပ် နေကြသည်။ ဝတ်စုံများမှာ အနက်၊ အဖြူ၊ အနီများသာ ဖြစ်ပြီး ခရမ်းရောင်တော့ မပါချေ။ တပည့်အားလုံး၏ မျက်နှာက အလွန်လေးနက် တည်ကြည်နေ၏။ တပည့်များထဲတွင် ဝမ်ကျောက်၊ မိန်းကလေးရှု၊ မိန်းကလေးကျိုး၊ စီနီယာကျန်းစသော သူသိသော တပည့်များလည်း ပါသည်။

သူတို့၏ရှေ့တွင် အေးစက်နေသော မျက်နှာထားများနှင့် အကြီးအကဲ ၁၀ယောက်ကျော်သော အတန်းနှစ်တန်း ရှိ၏။ ညာဘက်တွင်တော့ အသက်၄၀ခန့်ရှိသော အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် လူကြီးတစ်ယောက် ထိုင်နေသည်။ သူ့မျက်လုံးများက လျှပ်စီးလက် သကဲ့သို့ တောက်ပနေ၏။ ထိုလူကြီးက ပြောလိုက်သည်…

“ညီလေးစွန်း … ဒါ မင်းရဲ့တပည့်လား…”

စွန်းတဇူး လျင်မြန်စွာ အပြုံးတစ်ခု ဆင်မြန်းပြီး ပြန်ဖြေလိုက်၏…

“အစ်ကိုကြီး … ဒါ ကျွန်တော်ရဲ့ တပည့်ဝမ်လင်းပါ … သူက ဂိုဏ်းထဲဝင်တာ နောက်ကျတော့ ခေါင်းလောင်း ၅ကြိမ်မြည်တဲ့ အဓိပ္ပာယ်ကို သူမသိလို့ပါ…”

ညာဘက်တွင် ထိုင်နေသော မျက်နှာနီနီနှင့် လူကြီးက လှောင်ပြောင် သရော်လိုက်သည်…

“တပည့်ကလည်း ဆရာနဲ့ တကယ် တူပါပေတယ် … သူက တော်တော်လေး သနားစရာပဲ…”

ဘေးနားမှ လူကြီး တစ်ယောက်ကလည်း ရယ်မောပြီး ပြောလိုက်၏…

“ဂိုဏ်းတူအစ်ကို ပြောတာ မှားတယ် … ညီလေး စွန်းတဇူးမှာ အစွမ်းအစ နည်းနည်းတော့ ရှိပါတယ် … သူက သူ့တပည့်ထက်တော့ သန်မာတယ်လေ…”

စွန်းတဇူး မျက်နှာက ဖြူတစ်လှည့်၊ နီတစ်လှည့် ဖြစ်သွားပြီး ဝမ်လင်းကို ခက်ထန်စွာ ကြည့်လိုက်သည်။ သူက နှာခေါင်းရှုံ့ကာ ဝမ်လင်းကို လျစ်လျူရှုလိုက်ပြီး သူ့နေရာတွင် သွားရောက် ထိုင်လိုက်၏။

အပြာရောင်ဝတ်စုံနှင့် လူကြီးက မျက်မှောင်ကြုတ် လိုက်သည်။ ဝမ်လင်းအကြောင်းကို သတိမရခင် အချိန်ထိ တစ်ကြိမ်မက ကြည့်ခဲ့၏။ ထို့နောက် သူက ပြောလိုက်သည်…

“ငါတို့အခုလုပ်မယ့် အပြင်းအထန် လေ့ကျင့်ရေးက နောက်လေးနှစ်မှာ ကျင်းပမယ့် ပြိုင်ပွဲရလဒ်ကို အထောက်အကူ ဖြစ်ရမယ် … ရွှမ်တောက်ဂိုဏ်းနဲ့ ပြိုင်တဲ့ပွဲမှာ ငါတို့ နိုင်ကိုနိုင်ရမယ် … ဒီနေ့ကစပြီး မင်းတို့အားလုံး တောင် အနောက်ဘက်ကို ဝင်ရလိမ့်မယ် … လူတိုင်းကို ကျင့်စဉ်ကျင့်ဖို့ ကိုယ်ပိုင် နေရာတစ်ခု ပေးမယ် … ဂိုဏ်းကလည်း ကီစုစည်းဆေးလုံး ၁၀၀၀၀ကို မင်းတို့အားလုံး အသုံးပြုဖို့ ထောက်ပံ့ပေးမယ် … ဒီကြားကာလမှာ တစ်ယောက်မှ တောင်အနောက်ဘက် ကနေ ထွက်ခွာလို့ မရဘူး…”

ပင်မတပည့် အားလုံးက ပြိုင်တူ ပြန်ဖြေလိုက်ကြ၏။

ဝတ်စုံပြာနှင့်လူကြီးက ခေါင်းညိတ်ပြီး ဆက်ပြောသည်…

“ဒီလေးနှစ် အတွင်းမှာ မင်းတို့ထဲက တစ်ယောက်လောက်တော့ ခရမ်းရောင်ဝတ် အဆင့်ကို ရောက်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ် … ခရမ်းရောင်ဝတ် တပည့်ဆိုတာ ဂိုဏ်းရဲ့ အဓိက တပည့်လို့တောင် ပြောလို့ရတယ် … ပင်မတပည့်ထက်ကို ပိုပြီး အရေးပါတယ် … ဒါကို မေ့ထားလိုက်ပါ … အခု မင်းတို့အားလုံး တောင်အနောက်ဘက်ကို သွားကြတော့ … တစ်ယောက်ယောက်က မင်းတို့ကို ဦးဆောင်ပြီး ကျင့်ကြံခြင်း မြေပြင်ကို ခေါ်သွားလိမ့်မယ်…”

သူက ပြောပြီးသည်နှင့် အင်္ကျီလက်ကို ယမ်းလိုက်ရာ အဖြူရောင် အလင်းတစ်ခု ထွက်လာသည်။ အဖြူရောင်အလင်းက ခန်းမကို တစ်ပတ်ပတ်ပြီးနောက် သူက အော်လိုက်၏…

“ပွင့်စမ်း…”

အဖြူရောင်အလင်းက ရုတ်တရက် ကြီးမားလာပြီး ပင်မတပည့် အားလုံးကို ဝန်းရံသွား၏။

“သွား…”

ဝတ်စုံပြာဝတ် လူကြီးဆီမှ ထွက်ပေါ်လာပြီး အဖြူရောင် အလင်းများက တလက်လက် တောက်ပလာကာ အဓိကခန်းမထဲမှ ပျောက်ကွယ်သွား၏။

သူ့ခန္ဓာကိုယ်မှ နွေးသော ခံစားမှုကို ခံစားလိုက်ရပြီး မျက်စိတစ်မှိတ် အချိန်ခန့် ကြာပြီးနောက် သူက တောင်ကြားတစ်ခု အတွင်းသို့ ‌ရောက်နေသည်ကို တွေ့လိုက်ရသည်။ ဤနေရာမှ စိတ်စွမ်းအင်များက တခြား နေရာများထက် အလွန်ကို များပြား၏။ ရေစီးကျနေသံ များကလည်း ဘက်ပေါင်းစုံမှ ထွက်ပေါ်နေသည်။ သူက ဘေးပတ်လည်လည်ကို ကြည့်လိုက်ရာ တခြားတပည့်များက တစ်ယောက်နှင့် တစ်ယောက် စကားပြော နေကြသည်ကို တွေ့လိုက်ရ၏။

တောင်ကြားထဲ၌ အပင်လုံးဝ မရှိပေ။ အပေါက်များစွာ ရှိနေသည့် ကျောက်နံရံကြီးသာ ရှိသည်။ တချို့ အပေါက်များက ကျောက်တုံးကြီးများနှင့် ပိတ်ဆို့ထား၏။

ရုတ်တရက် သူ့ကို တစ်ယောက်ယောက်က ကြည့်နေသည်ဟု ခံစားလိုက်သည်။ ဝမ်လင်းက လှည့်ကြည့်လိုက်ရာ သူ့ကိုအေးစက်စွာ ပြုံးပြီး ကြည့်နေသော ဝမ်ကျောက်ကို တွေ့လိုက်ရသည်။

ထိုအချိန်တွင် လူငယ် တစ်ယောက်က ကျောက်နံရံ အပေါက်ထဲမှ ထွက်လာသည်။ သူက ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး လူတိုင်းကို အေးစက်စက် ကြည့်ကာ ပြောလိုက်၏…

“ဂိုဏ်းတူညီ၊ ညီမများအားလုံးပဲ … ဒီနေရာက ဟုန်ယွီဂိုဏ်းရဲ့ တောင်အနောက်ဘက်ပဲ … တကယ်က ဟုန်ယွီဂိုဏ်းရဲ့ အနောက်ဘက် မဟုတ်ပေမဲ့ ဒီနေရာကို လွန်ခဲ့တဲ့ နှစ်၅၀၀လောက်က ဝိညာဉ်အသွင် ပြောင်းခြင်းအဆင့် ကျင့်ကြံသူတွေက ပင်မတပည့် တွေအတွက် တည်ဆောက်ခဲ့တယ် … ဒီနေရာမှာရှိတဲ့ စိတ်စွမ်းအင်က တခြား နေရာတွေထက် ပိုပြီး သိပ်သည်းတယ် … ဒါ့ကြောင့် အားလုံးက ဒီနေရာမှာ ကြိုးစား လေ့ကျင့်ကြရမယ် … မဟုတ်ရင်တော့ မင်းတို့ကို ဒီနေရာက ကန်ထုတ်ပစ်မယ့် မင်းတို့ရဲ့ ဂိုဏ်းတူ အစ်ကိုတွေကို အပြစ် မတင်ကြနဲ့ပေါ့…”

ဝမ်လင်းက ထိုခရမ်း‌ရောင်ဝတ် တပည့်ကို မှတ်မိလိုက်၏။ သူ့ဆီမှ စိတ်စွမ်းအင် အရည်များ လဲလှယ်သွားသော လူဖြစ်သည်။ ကောလာဟလအရ သူက ကီစုစည်းခြင်း အလွှာ၆ကို ရောက်နေပြီး လုံးဝခန့်မှန်း၍ မရသော လူတစ်ယောက် ဖြစ်သည်။

ဝမ်လင်းက ခေါင်းကို ငုံ့လိုက်၏။ ထိုတပည့်က သူ့ကို အန္တရာယ်တောထဲ တွန်းပို့ခဲ့ကြောင်း သူကောင်းကောင်း မှတ်မိနေသည်။

“ငါ့မှာ အလွှာ၇နဲ့ အောက်ပိုင်း အဆင့်တွေအတွက် လင်္ကာတွေရှိတယ် … မင်းတို့ကသာ အဆင့်တစ်ခု ရောက်သွားလို့ လင်္ကာတွေ မင်းတို့မှာ မရှိတဲ့အခါ ငါ့ဆီ လာတောင်းနိုင်တယ် … ငါ စစ်ဆေး ပြီးတာနဲ့ မင်းတို့ကို လင်္ကာပေးမယ် … မင်းတို့ လေ့ကျင့်ဖို့အတွက် ပိတ်မထားတဲ့ ဂူတွေထဲက ကြိုက်တာကို ရွေးချယ်နိုင်တယ် … ဒါက ကီစုစည်းခြင်း ဆေးလုံးတွေပဲ … ပုလင်းတစ်ခုမှာ ဆေးလုံး၅၀ ပါတယ် … တစ်နှစ်ကို တစ်ကြိမ် ပြန်ဖြည့်ပေးမယ်…”

သူက ပြောပြီးသည်နှင့် လက်ကို ဝှေ့ယမ်းလိုက်ရာ အဖြူရောင် ပုလင်း၅၀က မြေပြင်ပေါ်တွင် ပေါ်လာသည်။

တပည့်တချို့က ရှေ့ထွက်လာပြီး ပုလင်းတစ်လုံးစီ ယူလိုက်ကာ ကျင့်ကြံရန် ဂူကို ရွေးချယ်ကြ၏။

ဝမ်လင်းလည်း သက်ပြင်း ချလိုက်သည်။ သူက ဖုံးကွယ်ဆေးကို သောက်သုံး ထားသည့်အတွက် သူ့ကို သိနိုင်မည် မဟုတ်။ ထို့ကြောင့် ဝမ်လင်း စိတ်ကိုလျှော့ကာ ပုလင်းတစ်လုံးကို ထွက်ယူလိုက်၏။ ကျန်းခွမ်းက ဘေးတွင် ရပ်နေပြီး တပည့်များ ပုလင်းများ ယူသည်ကို စောင့်ကြည့်နေသည်။ သူက ဝမ်လင်းကို မြင်သည့် အချိန်တွင် သူ့မျက်နှာက အရောင် ပြောင်းသွားပြီး မေးလိုက်၏…

“မင်းနာမည် ဘယ်သူလဲ … ဘာလို့ ပထမ အလွှာကိုတောင် မရောက်သေးတာလဲ … မင်းရဲ့ဆရာကရော ဘယ်သူလဲ…”

ဝမ်လင်းက ရပ်ပြီး ကျန်းခွမ်းဘက်သို့ လှည့်လိုက်ကာ ရိုသေ လေးစားစွာဖြင့် ဖြေလိုက်၏…

“စီနီယာအစ်ကို … ကျွန်တော့်နာမည်က ဝမ်လင်းပါ … ဆရာကတော့ စွန်းတဇူး ဖြစ်ပါတယ် … ကျွန်တော့် ပင်ကိုစွမ်းရည်က ညံ့လို့ အခုထိ ပထမအလွှာကို မရောက်သေးတာပါ…”

ကျန်းခွမ်းက မှင်တက်သွားပြီး ပြုံးလိုက်သည်…

“မင်းက ဝမ်လင်းလား … မင်းအကြောင်းကို အရင်က ကြားဖူးတယ် … ပင်ကိုစွမ်းရည်က အရေးပါပေမဲ့ ဇွဲလုံ့လကလည်း အရေးကြီးတယ် … မင်းက ပင်ကိုစွမ်းရည် ညံ့‌တော့ ပိုပြီး ကြိုးစားရမယ်…”

ဝမ်လင်းက လျင်မြန်စွာ ကတိပေးလိုက်သည်။

“မင်းက ပထမအလွှာကို မရောက်သေးတော့ ဒီကျောက်နံရံက မင်းအတွက် တော်တော်မြင့် နေမှာပေါ့ … ငါမင်းကို ပင့်တင် ပေးလိုက်မယ်…”

ကျန်းခွမ်းက သူ့အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။ ဝမ်လင်း၏ ခြေထောက်အောက်မှ မမြင်နိုင်သော အားတစ်ခုက သူ့ကို ဂူတစ်ဂူရှေ့အထိ တွန်းတင် ပေးလိုက်၏။

သူက ကျန်းခွမ်းက လေးစားစွာ ကျေးဇူးတင် လိုက်သည်။ သူ့ကိုယ်ကို လှည့်ကာ ဂူထဲသို့ ဝင်သွားပြီးနောက် သူ့မျက်နှာက ချက်ချင်း မည်းမှောင်သွား၏။ ကျန်းခွမ်းကို ယခင်က မတွေ့ဖူးခဲ့ပါက အမှန်တကယ် စိတ်ရင်းဖြင့် ကျေးဇူးတင်မိလိမ့်မည်။ သို့သော်လည်း သူ့ပုံစံအမှန်ကို မြင်တွေ့ပြီး နောက်တွင် ဝမ်လင်း၏ နှလုံးသားထဲတွင် သူ့ကို တစ်စက်မှ အထင် မကြီးတော့ချေ။

ဂူကအရမ်းကြီး မကျယ်ပေ။ ကျောက်အိပ်ရာ တစ်ခုနှင့် နံရံပေါ်မှ မောင်းတံ တစ်ခုသာရှိ၏။ ဝမ်လင်းက မောင်းတံဆီ လျှောက်သွားပြီး မောင်းတံကို ဆွဲလိုက်သည်။ ရုတ်တရက် ကျယ်လောင်သော အသံတစ်ခု ပေါ်လာပြီး ကျောက်တုံးကြီး တစ်တုံးကျလာကာ ဂူပေါက်ကို ပိတ်ဆို့သွား၏။

ဂူတစ်ခုလုံးကို စစ်ဆေး ကြည့်ပြီးနောက် မူမမှန်သည်များ တစ်ခုမှ မတွေ့ရသောကြောင့် နေရာနှင့် ပတ်သက်၍ ကျေနပ်သွား၏။ စွန်းတဇူးထံ သွားခဲ့စဉ်က လေ့ကျင့်၍ ကောင်းသော နေရာတစ်ခုလောက် လိုချင်ခဲ့သည်။ သို့သော်လည်း ပယ်ချ ခံခဲ့ရသည်။ ယခုနေရာက သူ့ပထမ အကြံအတိုင်း လေ့ကျင့်ရန် အလွန်သင့်တော်သော နေရာတစ်ခု ဖြစ်၏။

ဂူထဲတွင် ရေအရင်းအမြစ် မရှိခြင်းတစ်ခုသာ ပြောစရာရှိသည်။ ဝမ်လင်း၏ ကျင့်ကြံမှုက စိတ်စွမ်းအင် အရည်များအပေါ် အဓိက မူတည်နေသည်။ သို့သော်လည်း သူ့သိုလှောင် အိတ်ထဲတွင် နှင်းရည်အများအပြား စုဆောင်းထား၏။ ထိုနှင်းရည်များက သူ့ကို အချိန်အတိုင်းအတာ တစ်ခုထိ ထောက်ပံ့ ပေးထားနိုင်သေး၏။

တောင်ကြားထဲတွင် ရေစီးသံများ ကြားခဲ့ရသည်။ ထို့ကြောင့် သူသတိထား နေသမျှ ကာလပတ်လုံး ရေက ကိစ္စကြီးတစ်ခု ဖြစ်လာမည် မဟုတ်ပေ။

Comment

Leave a Reply

Options

not work with dark mode
Reset