Switch Mode

အပိုင်း (၃၄)

လေ့ကျင့်ခြင်း

ယခုရရှိလာသော လင်္ကာများနှင့်ဆိုလျှင် ဝမ်လင်းက နဝမအလွှာအထိ လေ့ကျင့်နိုင်သည်။

ပင်မတပည့်များ အားလုံးက ပြိုင်ပွဲအတွက် ပြင်ဆင်နေကြသည်။ သူတို့က ထိပ်သို့ ရောက်နိုင်လေ မှော်ရတနာများ၊ ဆေးလုံးများ၊ အဆောင်စာရွက်များ၊ စိတ်ဝိညာဉ် ကျောက်တုံးများနှင့် တခြားပစ္စည်းများ ပိုမိုရရှိနိုင်လေ ဖြစ်၏။

ယခုအချိန်တွင် သူတို့ မျက်လုံးများက လိုချင်စိတ်များဖြင့် ပြည့်နေကြသည်။ ယခုနှစ်တွင် ပထမ နေရာအတွက် တန်ဖိုးကြီးသည့် ရတနာကို ဂိုဏ်းမှ ပေးရန် စီစဉ်ထား၏။ ထိုရတနာမှာ လနှစ်စင်းလက်စွပ် ဖြစ်သည်။

လနှစ်စင်း လက်စွပ်ကို လွန်ခဲ့သော နှစ်၃၀၀မှ ဂိုဏ်း၏စီနီယာ တစ်ယောက် ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်၏။ ထိုလက်စွပ်တွင် ခုခံအား အလွန်ကောင်းသော စွမ်းအား ပါရှိသည်။

ထို့ကြောင့် ပင်မတပည့်အားလုံးက ပြိုင်ပွဲအတွက် သူတို့၏စွမ်းအားများကို လျှို့ဝှက်စွာ ကြိုတင်ပြင်ဆင် လေ့ကျင့်နေကြသည်။

တပည့် အသစ်များအတွက် ပြိုင်ပွဲကတော့ ပင်မတပည့်အသစ် အနည်းငယ်သာလျှင် ရှိသည့်အတွက် ပထမ ရနိုင်မည့်သူက ဝမ်ကျောက် ဖြစ်လိမ့်မည်ဟု ကြိုတင်ခန့်မှန်း နေကြသည်။

ပြင်ပတပည့်များ အနေနှင့် သူတို့က‌ တစ်ယောက်နှင့် တစ်ယောက် ပိုပြီး ရန်လိုလာကြ၏။ ပြိုင်ပွဲက သူတို့ကို ပင်မတပည့် ဖြစ်စေရန် အခွင့်အရေးတစ်ခု ဖြစ်သည်။ ထို့ကြောင့် ပြင်ပ တပည့်တိုင်းက ပြိုင်ပွဲအတွက် ပြင်းပြင်းထန်ထန် လေ့ကျင့် နေကြလေပြီ။

ဝမ်လင်းကား သူတို့ကဲ့သို့ ဖိအားများ ရှိမနေချေ။ သူက ကျင့်ကြံခြင်း၌သာ အာရုံစိုက် ထားပြီး ဆွဲငင်အား ပညာရပ်ကိုလည်း ကျွမ်းကျင်သထက် ကျွမ်းကျင်အောင် လေ့ကျင့်၏။ သည်ရက်က လတစ်လ၏ နောက်ဆုံးရက် ဖြစ်သည်။ သူက အလုပ်ရုံမှ ထွက်လာပြီး ပင်မဝန်းဆီသို့ ဦးတည်လိုက်၏။

သူ၏ကျင့်စဉ် အဆင့်ကို ဖုံးကွယ်ရန် လဲလှယ်ပွဲမှ ရလာသော ကျင့်စဉ်ကို အသုံးပြုလိုက်သည်။ သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များက ပထမအလွှာ အဆင့်သို့ လျင်မြန်စွာ ပြောင်းလဲသွား၏။

အလုပ်ရုံ၌ ရှိသောလူများက သူ့ကိုအလွန် အနှောင့်အယှက် ပေးသည့်အတွက် တခြား တိတ်ဆိတ်သည့် နေရာသို့ ပြောင်းပြီး လေ့ကျင့် ချင်နေသည်။

ပင်မဝန်းထဲသို့ ရောက်ပြီး အတွင်းထဲသို့ ဆက်ဝင်သွား လိုက်သည်။ အနည်းငယ် လျှောက်ပြီးနောက် သူက စွန်းတဇူး၏ ဆေးဥယျာဉ်ရှေ့သို့ ရောက်ရှိပြီး ရိုသေ လေးစာစွာ ပြောလိုက်သည်…

“တပည့် ဝမ်လင်းက ဆရာ့ကို တွေ့ခွင့် တောင်းပါတယ်…”

“မင်း ဘာကြောင့် ဒီမှာ ရှိနေတာလဲ…”

ဂိတ်တံခါးကတော့ မဖွင့်ချေ။ ဤအရာကို ကြည့်ခြင်းအားဖြင့် စွန်းတဇူးက သူ့တပည့်အား အမှန်တကယ် သဘော မကျကြောင်း သိနိုင်၏။

ဝမ်လင်း၏ အမူအရာက မပြောင်းလဲပဲ ရိုသေလေးစားစွာ ပြောလိုက်သည်…

“တပည့်ရဲ့ကျင့်စဉ် တိုးတက်မှုက အင်မတန် နှေးကွေးတဲ့အတွက် ပြိုင်ပွဲမှာ ရှုံးနိမ့်သွားရင် ဆရာ့ကို မျက်နှာပျက် စေနိုင်ပါတယ် … ဒါ့ကြောင့် ပြိုင်ပွဲမှ ပယ်ရှား ထားပေးရန် လာပြောရခြင်းပါ…”

စွန်းတဇူးက သရော်လိုက်သည်…

“ဟမ့် … မင်းက အသိတော့ ရှိသေးသားပဲ ကောင်လေး … အကြီးအကဲရှုရဲ့ တပည့်ကို ကြည့်လိုက် … ငယ်ငယ်လေးနဲ့ ပထမအလွှာ အထွတ်အထိပ် အဆင့်တောင် ရောက်နေပြီ … မင်းက ပြိုင်ပွဲကို သွားပြိုင်လည်း အသုံးဝင်မှာ မဟုတ်ဘူး … တခြားသူတွေက မင်းကို လက်ချောင်း တစ်ချောင်းတည်းနဲ့ သတ်နိုင်တယ် … ငါကြားတာ မင်းနဲ့ အဲ့ကောင်လေးနဲ့က ဆွေမျိုးဆို … ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကွာခြား နေရတာလဲ…”

ဝမ်လင်းက ပြန်ဖြေလိုက်သည်…

“ဝမ်ကျောက်က ငယ်ငယ် ကတည်းက တော်တာ … ပြီးတော့ သူက ပင်ကိုပါရမီလည်း ရှိတယ် … သူက တပည့် ယှဉ်နိုင်တဲ့သူ မဟုတ်ပါဘူး…”

စွန်းတဇူးက အနည်းငယ် စဉ်းစားလိုက်ပြီး မေးလိုက်၏…

“ဒီနှစ်ဝက်မှာ မင်း ဘူးသီးခြောက်တွေ ရှာတွေ့သေးလား…”

ဝမ်လင်းက ခေါင်းကို ခါယမ်းပြီး အကူအညီ မဲ့နေသည့် အမူအရာဖြင့် ပြောလိုက်သည်…

“ဒါကို တကယ်ကို ထူးဆန်းတယ် … တပည့် တောင်ပေါ်ကို ခဏခဏသွားပေမဲ့ ဘူးသီးခြောက် တစ်ခုမှ မတွေ့ခဲ့ရဘူး…”

စွန်းတဇူးက အေးစက်စွာ မေးလိုက်သည်…

“မင်းမှာ တခြားပြောစရာ ရှိသေးလား … မရှိရင် ထွက်သွားလိုက်တော့ … ငါ မင်းကို မမြင်ချင်ဘူး … မင်းကို မြင်တိုင်း ဒေါသထွက်ရတယ်…”

စွန်းတဇူး၏ စိတ်ထဲတွင် သူ့ကို တခြားသူများက မလှောင်ပြောင် နိုင်စေရန် ဝမ်လင်းကို တစ်ချက်ထဲနှင့် သတ်ပစ်ချင် နေသည်။

ဝမ်လင်းက ဦးညွှတ်ပြီး ပြောလိုက်၏…

“ဆရာ တပည့်တောင်ပေါ်မှာ နေရတာ ပျင်းဖို့တော်တော ကောင်းတယ် … နှစ်ကုန်တာနဲ့ တခြားနေရာ ပြောင်းချင်လို့ပါ … ဆရာရော ဘယ်လိုထင်လဲ…”

စွန်းတဇူးက လက်မခံပေ…

“တောင်ကနေ ထွက်ခွာဖို့လား … မင်းသွားလို့ မရဘူး … မင်း မပြောခင်ထိ ငါ မေ့နေတာ … နောက်၄နှစ် အတွင်းမှာ ဂိုဏ်းနှစ်ခုကြား ပြိုင်ပွဲက စတော့မယ် … ဒီအချိန်မှာ ဂိုဏ်းချုပ်က အမိန့်ချလိုက်တယ် … နှစ်သစ်စတာနဲ့ ပင်မတပည့် အားလုံးနီးပါးက အပြင်းအထန် တံခါးပိတ် ကျင့်ကြံရမယ် … မင်း သွားသင့်တယ် … ဒီပြိုင်ပွဲကာလမှာ ငါ့နာမည်ကို မဖျက်ပါနဲ့…”

“အပြင်းအထန် လေ့ကျင့်ရမှာလား…”ဝမ်လင်းက မှင်တက်နေသည်။

“နှစ်၂၀တိုင်းမှာ ဂိုဏ်းနှစ်ခုကြားက ပြိုင်ပွဲ အမြဲရှိတယ် … ဒီစည်းမျဉ်း တည်ရှိလာတာ နှစ်ပေါင်းတစ်ရာ ကျော်ပြီ … ရွှမ်တောက်ဂိုဏ်းက ဟုန်ယွီဂိုဏ်းနဲ့ အပေါ်ယံ ကြည့်ရင်သာ ချစ်ကြည်ရေး ပြိုင်ပွဲလို့ ပြောထားတာ … ငါတို့နဲ့ လျှို့ဝှက်ပြီး သဘောတူ ထားတာတွေ အများကြီး ရှိတယ် … နှစ်တစ်ရာသာ ကျော်လာတယ် … ငါတို့က သူတို့ကို အမြဲတမ်း ရှုံးခဲ့ရတယ် … ဒါက အလွန်ကို ရှက်ဖို့ကောင်းတယ် … ဒီအကြောင်း အရင်းကြောင့် အပြင်းအထန် လေ့ကျင့်ခန်းဆိုတာ ဖြစ်လာတာပဲ … မင်းငါ့စကားကို နားထောင်ပါ … ဒီလေးနှစ်အတွင်းမှာ ဘာမှ မတိုးတက် လာလို့ကတော့ ဘာပဲဖြစ်ဖြစ် မင်းကို ဟုန်ယွီဂိုဏ်းကနေ နှင်ထုတ်ပစ်မယ်…”

ထို့နောက် စွန်းတဇူးက ဘာမှထပ် မရှင်းပြတော့ပေ။

ဝမ်လင်းက စိတ်ထဲတွင် ကြိတ်၍ သက်ပြင်း ချလိုက်သည်။ ဂိုဏ်း၏ အပြင်ဘက်တွင် လေ့ကျင့်ရန် မဖြစ်နိုင်တော့ပေ။ စွန်းတဇူး၏ ခက်ထန်သော အမူအရာကို မြင်ပြီး ခေါင်းညိတ်ကာ ထွက်သွားလိုက်၏။

အလုပ်ရုံသို့ ပြန်ရောက်ပြီးနောက် အနည်းငယ် စဉ်းစားလိုက်သည်။ ဂိုဏ်းအပြင်ဘက်တွင် လေ့ကျင့်၍ မရနိုင်သောကြောင့် အပြင်းအထန် လေ့ကျင့်မှုကိုသာ အသုံးချပြီး ကောင်းကောင်းမွန်မွန် လေ့ကျင့်ရ ပေတော့မည်။

နောက်နေ့တွင် ပြိုင်ပွဲစလေပြီ။ ပြိုင်ပွဲက လွန်စွာ စည်ကားလှသည်။ ဝမ်လင်းကတော့ မသွားချေ။ ဝမ်လင်းက သူ၏အချိန်များကို ကျင့်ကြံခြင်း၌သာ အသုံးချပြီး ဒုတိယအလွှာ အခြေခံကို ခိုင်မာအောင် လုပ်နေ၏။

နောက်ရက် အနည်းငယ် အတွင်းတွင် ပြိုင်ပွဲ၌ ခရမ်းရောင်ဝတ် တစ်ယောက်မှ ဝင်မပြိုင် ကြသည့်အတွက် ဂိုဏ်းတူ အစ်ကိုကျန်းက ပထမ ရသွားသည်ဟု ပြင်ပ တပည့်များထံမှ ကြားသိရသည်။

တပည့်သစ် များအတွက် ပြိုင်ပွဲတွင်လည်း ဝမ်ကျောက်က ပထမရသွား၏။ ထို့ကြောင့် သူက ပိုပြီးတော့ မောက်မာ ဝင့်ကြွားလာသည်။

နောက်တစ်ပတ် ကြာပြီးသောအခါ ဂိုဏ်းတစ်ခုလုံး၌ အချက်ပေး ခေါင်းလောင်းသံများ မြည်ဟည်းနေသည်။ ထိုအဓိပ္ပာယ်က ပင်မတပည့် အားလုံး အဓိကခန်းမကြီး၏ အပြင်ဘက်တွင် အလျင်အမြန် လာရောက် စုစည်းရန် အချက်ပြခြင်းဖြစ်၏။

ဝမ်လင်းက အိပ်မက် နယ်မြေထဲသို့ ရောက်နေသည့်အတွက် ခေါင်းလောင်းသံကို မကြားလိုက်ရပေ။ စွန်းတဇူးက အလုပ်ရုံတံခါးကို ကန်ဖွင့်လိုက်တော့မှ နိုးလာပြီး မှော်ကျောက်တုံးကို အလျင်အမြန် သိမ်းဆည်း လိုက်သည်။ သူက လေ့ကျင့်နေသော အခန်းမှ တံခါးကို ဖွင့်လိုက်ရာ စွန်းတဇူး၏ ခက်ထန်နေသော မျက်နှာကို မြင်လိုက်ရ၏။

စွန်းတဇူးက ဒေါသတကြီး အော်ပြောလိုက်သည်…

“ဝမ်လင်း မင်း သေနေလို့ ခေါင်းလောင်းသံကို မကြားတာလား … သူတောင်းစားလေး … တခြားသူတွေက အပြင်းအထန် လေ့ကျင့်မှုမှာ ပါဝင်နေကြပြီ … ဒါပေမဲ့ မင်းကတော့ … ငါ့ကို အရင်ကလည်း ဂိုဏ်းတူညီအစ်ကို ကြားထဲမှာ မျက်နှာပျက်အောင် လုပ်ပြီးပြီ … မင်း … မင်း … ငါ့ကို ရူးအောင် လုပ်နေတာပဲ…”

ဝမ်လင်းက သူ့မျက်ခုံးကို ပင့်ပြီး တိတ်ဆိတ် နေလိုက်သည်။

စွန်းတဇူးက ဝမ်လင်းကို ခက်ထက်သော အကြည့်တစ်ချက် ပို့လွှတ်လိုက်၏။ သည်အချိန်က ဝမ်လင်းကို ဆူပူကြိမ်းမောင်း နေရမည့်အချိန် မဟုတ်သည်ကို သူသိသည်။ အဘယ်ကြောင့်ဆိုသော် ခေါင်းဆောင်နှင့် ဂိုဏ်းတူ ညီအစ်ကိုများက စောင့်ဆိုင်းနေကြ၏။ စကားတစ်ခွန်းမှ ထပ်မပြောဘဲ ဝမ်လင်းကို ဆွဲကာ တိမ်တွေကြားထဲသို့ ထိုးတက်သွား၏။

အမြန်ဆုံးနှုန်းဖြင့် သူတို့နှစ်ယောက်က အဓိကခန်းမ၏ရှေ့သို့ ရောက်လာကြသည်။ စွန်းတဇူးက ဝမ်လင်းကို မြေပြင်ပေါ်သို့ မစာမနာ ပစ်ချလိုက်ပြီး ပြောလိုက်၏…

“ဝမ်လင်း … ငါ့နောက်လိုက်ခဲ့ … ငါ့မျက်နှာပျက်အောင် နောက်တစ်ခါ ထပ်လုပ်ရင် ဂိုဏ်းစည်းကမ်းကို ဂရုမစိုက်ဘဲ မင်းကို သတ်ပစ်ပြီပဲ…”

ထိုစကားများ ပြောနေသည့် အချိန်တွင် စွန်းတဇူးက သတ်ဖြတ်ခြင်း စိတ်များဖြင့် ပြည့်နှက်နေသည်။ သူ့တပည့်နှင့် ပတ်သက်ပြီး အစကတည်းက မည်သည့် ခံစားချက်မှ မရှိခဲ့ပေ။ သူက တပည့်အဖြစ် လက်ခံပြီးမှ အကြောင်းရှာပြီး ဂိုဏ်းမှ ထုတ်ပစ်ရန် ဆုံးဖြတ်ထားခဲ့သည်။

ဝမ်လင်းက သူ့လက်မောင်းကို ပွတ်နေ၏။ သူသာ ဒုတိယအလွှာသို့ မရောက်ခဲ့လျှင် ပြုတ်ကျသည့် အရှိန်ကြောင့် လက်မောင်း ကျိုးသွားမှာ အမှန်ပင်။ သူက ခေါင်းကိုငုံ့ပြီး ပြောလိုက်သည်…

“တပည့် နာခံပါ့မယ်…”

စွန်းတဇူးက နှာခေါင်းကို ရှုံ့လိုက်ကာ အင်္ကျီကို သေသပ်အောင် ပြုလုပ်ပြီး အဓိကခန်းမထဲသို့ ဝင်သွား၏။ ဝမ်လင်းကလည်း သက်ပြင်းရှည်ကို ချလိုက်ပြီး ဒေါသကို မျိုသိပ်ကာ ခန်းမထဲသို့ လိုက်ဝင်သွား၏။

ဟုန်ယွီဂိုဏ်း၏ အဓိကခန်းမက ဂိုဏ်းတစ်ခုလုံးတွင် ကြီးကျယ် ခမ်းနားဆုံးသော နေရာတစ်ခု ဖြစ်သည်။ ခန်းမကြီးက အလွန်ကျယ်ပြီး ဂိုဏ်း၏အဆောင်အယောင် များစွာလည်း ရှိသည်။ ခန်းမတစ်ခုလုံးက ခမ်းနား၊ အံ့ဩဖွယ် ကောင်းလှသည်။

ဝမ်လင်းက စွန်းတဇူး နောက်မှနေပြီး ခန်းမအတွင်းသို့ ဝင်လာပြီးနောက် အကြည့် တော်တော်များများက သူ့ဆီသို့ ရောက်လာ၏။ သူက အသက်ရှူရ ခက်ခဲလာပြီး ခေါင်းကို လျင်မြန်စွာ ငုံ့လိုက်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset