ဝမ်လင်းက အခြေခံ တည်ဆောက်ရေး ဆေးလုံးကို စိတ်ဝင်စားမှု မရှိပါချေ။ ဈေးနှုန်းများကို ကြားပြီး သူက ဝမ်ဟိုအတွက် ရင်လေးမိသည်။ သူမြင်နေရ သလောက်ဆိုလျှင် ဝမ်ဟိုက ဆေးလုံးကို ရနိုင်သည့်ဟန် မရှိတော့ချေ။
သူက ထိုသို့ တွေးနေချိန်တွင် ဝမ်ဟိုက အော်ပြောလိုက်၏…
“ကီစုစည်းခြင်း ဆေးလုံး၂၃၀ ပေးမယ် … ဒါက ငါပေးနိုင်တာ အကုန်ပဲ … ဒီထက်ပိုရင်တော့ ငါ မလိုက်နိုင်တော့ဘူး…”
လူအားလုံးက အသံတိတ် ကျသွား၏။ ကီစုစည်းခြင်း ဆေးလုံး ၂၃၀ဆိုသည့် ပမာဏမှာ အလွန်ပင် တန်ဖိုးကြီး လှသည်။ ထိုဈေးနှုန်းကို ပေးနိုင်သည့်လူ အများကြီး မရှိပေ။ သို့သော်လည်း အခြေခံ တည်ဆောက်ရေး ဆေးလုံးက အလွန် ရှားပါးသည့်အတွက် လူအနည်းငယ်က ထိုဈေးထက်ပိုပေးကာ လိုချင်နေကြသည်။
အခြေခံ တည်ဆောက်ရေးကို ရောင်းသည့်လူက ဝမ်ဟို၏ စကားကို ကြားသောအခါ အထက်စီးဆန်ဆန် ပြောလိုက်သည်…
“ကီစုစည်းခြင်း ဆေးလုံး၂၃၀ လောက်နဲ့ ငါ့ရဲ့ အခြေခံ တည်ဆောက်ရေး ဆေးလုံးကို လဲချင်နေတာလား … ဈေးနှုန်းက ကီစုစည်းခြင်း ဆေးလုံး ၂၀၀၀အောက်ဆို ငါကလဲမှာ မဟုတ်ဘူး…”
ဝမ်လင်းက ထိုလူ၏စကားကို နားထောင်ပြီး အနည်းငယ် စဉ်းစားလိုက်၏။ ထိုလူက ဝမ်ကျောက် ဖြစ်ရမည်ဟု ခန့်မှန်းလိုက်သည်။ သို့သော်လည်း အနက်ရောင်မြူများ ဖုံးလွှမ်း ထားသည့်အတွက် သေချာမှုတော့ မရှိချေ။
ဝမ်ဟိုက ပခုံးကို တွန့်လိုက်ပြီး ဘာမှဆက် မပြောတော့ချေ။ ထိုလူ၏ စိတ်ကြီးဝင်မှုကို မြင်ပြီး အားလုံးက အံ့အားသင့် နေကြသည်။
လဲလှယ်ပွဲကို ဦးဆောင်သည့်လူက ပြောလိုက်သည်…
“ဒါက အဆင်ပြေပါတယ် … အားလုံးပဲ … ဒီလူက သူ့ဆေးကို လဲဖို့ စိတ်ကူး မရှိမှတော့ သူ့ကို ကျော်ပြီးတော့ နောက်လူတွေ အလှည့် ပေးလိုက်ရအောင်…”
တစ်ယောက်ပြီး တစ်ယောက် လဲလှယ် ကြပြီးနောက် ဝမ်လင်း၏ အလှည့်သို့ ရောက်လာသည်။ ဝမ်လင်းက ရှေ့ကို ခြေလှမ်းလှမ်း တက်လိုက်ပြီး ပုလင်းလေး တစ်လုံးကို ထုတ်ကာ ပြောလိုက်သည်…
“ဒီပုလင်းထဲမှာ ထူးဆန်းတဲ့ အရည်အစက် ၁၀၀ပါတယ် … အရည်တစ်စက်က ကီစုစည်းခြင်း ဆေးလုံး၁လုံးနဲ့ ညီတယ် … စတုတ္ထအလွှာနဲ့ နောက်ပိုင်းအဆင့် တွေအတွက် လင်္ကာတွေ လိုချင်တယ်…”
ပြောလိုက်ပြီးနောက် ဝမ်လင်းက ပုလင်းအဖုံးကို ဖွင့်လိုက်သည်။ လူတိုင်းက ပုလင်းထဲမှ စိတ်စွမ်းအင်များကို အာရုံ ခံစားမိကြသည်။
ထိုအရည်များက အားလုံး၏ အာရုံကို ဖမ်းစားသွား၏။ ကီစုစည်းခြင်း ဆေးလုံးက ပြီးဆုံးအောင်မြင် ပြီးသည့် ထုတ်ကုန်ဖြစ်သည်။ ဤအရည်များ ကတော့ နေရာ များစွာတွင် အသုံးချ၍ ရသည်။ ဥပမာ ဆေးလုံးများ သန့်စင်သည့် နေရာတွင် အသုံးချ နိုင်သည်။
ရတနာများ သန့်စင်သည့် နေရာတွင် အသုံးချလျှင်လည်း ပြုလုပ်လိုက်သည့် ဓားပျံက မူရင်း စွမ်းအားကို တိုးစေလိမ့်မည်။
တစ်ယောက်က ချက်ချင်း ပြောလိုက်သည်…
“ငါ … စတုတ္ထအလွှာ လင်္ကာနဲ့ လဲမယ်…”
ဝမ်လင်းက သူ့မျက်ခုံးကို ပင့်လိုက်ပြီး မေးလိုက်သည်…
“စတုတ္ထ အလွှာပဲလား…”
တခြားတစ်ယောက်က အော်ပြောလိုက်သည်…
“အလွှာ ၄၊ ၅၊ ၆အတွက် လင်္ကာနဲ့ လဲမယ်ဆိုရင် ဘယ်လိုလဲ…”
ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ပြီး ခေါင်းကို ခါယမ်းလိုက်ကာ ပြောလိုက်သည်…
“ငါက အလွှာ၄ ကနေ ၁၅ထိ လိုချင်တာ…”
“ညီအစ်ကို ဒါက ငါတို့အတွက် အလွန်ခက်ခဲတယ် … အရင်နှစ်က ပထမရသွားတဲ့ စီနီယာအစ်ကို ကျန်းခွမ်းတောင်မှ ဆဌမအလွှာပဲ ရောက်သေးတာ … သူတို့ဆီမှာပဲ ၆ကနေ၉အထိ ရှိလိမ့်မည် … ၁၀ကနေ ၁၅အထိကတော့ အကြီးအကဲ တချို့ဆီမှာပဲ ရှိလိမ့်မယ်…”
ဝမ်လင်းလည်း အံ့ဩမှင်တက်သွား၏။ သူက တုံ့ဆိုင်း နေစဉ်မှာပင် သူနှင့် မနီးမဝေး နေရာမှ အသံတစ်သံ ထွက်လာသည်…
“မင်းမှာ အဲဒီလို အရည်အစက် ၂၀၀ရှိရင် ငါ မင်းကို ၄ကနေ ၉အထိ လင်္ကာတွေ ပေးမယ်…”
လူတိုင်းက အသံထွက်လာရာ နေရာသို့ ကြည့်လိုက်ရာ ဝမ်လင်းဆီသို့ လျှောက်လာသော ခရမ်းရောင် ဝတ်ဆင်ထားသည့် တပည့်တစ်ယောက်ကို တွေ့လိုက်ရသည်။ သူက အသက်၂၀ခန့်ရှိပြီး၊ အေးစက်သော အမူအရာရှိ၏။ သူက ဝမ်လင်းရှေ့ကို ရောက်လာပြီးနောက် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ထိုအခါ လူတိုင်းက အံ့ဩသွား၏။ သူတို့က လေးစားစွာဖြင့် ပြောလိုက်သည်…
“စီနီယာအစ်ကို ကျန်းခွမ်း…”
ခရမ်းရောင် ဝတ်ဆင်ထားသော လူက သူတို့က ဂရုစိုက်မနေဘဲ ဝမ်လင်းကိုသာ စကားပြောလိုက်၏…
“မင်းမှာ အဲဒီလို အရည် အစက်၂၀၀ ရှိလား…”
ဝမ်လင်း၏ မျက်နှာက မာကျော ခက်ထန်သွားသည်။ ထိုလူ့ထံမှ အလွန်အန္တရာယ်ရှိသော ခံစားမှုကို ရလိုက်သည်။ ဂိုဏ်းထဲတွင် တွေ့ခဲ့ဖူးသောလူများထံမှ အန္တရာယ် အငွေ့အသက်က ယခု ဝမ်လင်း ခံစားရသော အန္တရာယ် အငွေ့အသက်လောက် မပြင်းထန်ပေ။
သူ့ဆရာစွန်းတဇူးနှင့် စီနီယာ အစ်ကိုကျန်းတောင်မှ သူ့ရှေ့က လူကို မယှဉ်နိုင်ချေ။
ဝမ်လင်းက လေးစားစွာဖြင့် ပြန်ပြောလိုက်သည်…
“ဒီအရည်က ကျွန်တော် မတော်တဆ ရရှိခဲ့တာပါ … ဒီအစက် ၁၀၀အပြင် နောက်ထပ်အစက် အနည်းငယ်ပဲ ကျွန်တော်သုံးဖို့အတွက် ကျန်တော့တာပါ … ကျွန်တော့်မှာ အဲဒီလောက် အများကြီး မရှိဘူး…”
ခရမ်းရောင်ဝတ်လူက အနည်းငယ် စဉ်းစားလိုက်ပြီး ကျောက်စိမ်းပြားလေး တစ်ခုကို ပစ်ပေးလိုက်၏…
“ကောင်းပြီ … ကျန်တဲ့အရည်တွေ ငါ့ကို ပေးပါ … ဒီလင်္ကာက မင်းအတွက်ပဲ…”
ဝမ်လင်းက ကျောက်စိမ်းပြားကို ဖမ်းလိုက်ပြီး အထဲတွင် သူလိုသော ကျင့်စဉ်များ ပါမပါ သေချာစေရန် စစ်ဆေး ကြည့်လိုက်၏။ သူက နောက်ထပ် ပုလင်းတစ်လုံး ထုတ်လိုက်ပြီး ပုလင်း နှစ်ခုစလုံးကို မြေပြင် ချထားလိုက်သည်။ သူက ခရမ်းရောင်ဝတ် လူအနီးသို့ မကပ်ချေ။
ခရမ်းရောင်ဝတ်လူက ဝမ်လင်းကို ကြည့်လိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်၏။ ပုလင်းနှစ်လုံးက ပျံသန်းလာပြီး သူ့ဆီသို့ ရောက်သွား၏။ သူ၏စိတ်အာရုံဖြင့် ပုလင်းနှစ်လုံးကို စစ်ဆေးပြီးနောက် ပြောလိုက်သည်…
“ဒီလိုအရည်တွေ မင်းနောက်ထပ် ရလာခဲ့ရင် တောင်အနောက် ဘက်မှာ ငါ့ကို လာရှာလိုက်ပါ … အခြေခံ တည်ဆောက်ရေး၊ ဓားပျံ၊ တိုက်ခိုက်ရေး ကျောက်စိမ်း ဒါမှမဟုတ် အလွှာ၁၀နဲ့ နောက်ပိုင်းအဆင့်တွေ ယူမလား အားလုံးပေးနိုင်တယ်…”
သူက ပြောပြီးသည်နှင့် လှည့်ကာ ထွက်သွား၏။
ဝမ်လင်း၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး သူ့အကြည့်များက အေးစက်သွား၏။ ခရမ်းရောင်ဝတ်လူ နောက်ဆုံး ပြောခဲ့သော စကားက အလွန်ရက်စက်လှသည်။ ကြားလိုက်ရသည့် လူအုပ်ကြီးက ချက်ချင်း နားမလည်သော်လည်း ဉာဏ်ကောင်းသော ဝမ်လင်းက ထိုစကား၏ အဓိပ္ပာယ်ကို ချက်ချင်း နားလည်လိုက်၏။
တစ်ယောက်ယောက် ကသာ ဤကဲ့သို့ အရည်များ သူ့ထံယူလာ ပေးပါက သူက တစ်ခုခု ပြန်ပေးမည် ဖြစ်သည်။ ထိုလူ ပြောလိုက်သော စကားလုံးများက ဝမ်လင်းကို အလွန် အန္တရာယ်ရှိသည့် နေရာတစ်ခု အတွင်းသို့ ပစ်သွင်း ခဲ့လေသည်။
ဝမ်လင်းက တခြားသူများ၏ မျက်လုံးကို မမြင်ရသော်လည်း တခြားသူများက သူ့ကို လျှို့ဝှက်စွာ ကြည့်နေသည်ဟု ခံစားနိုင်သည်။
ဝမ်လင်းက စမ်းရေပုလင်းကို ထုတ်လိုက် ကတည်းက ဖြစ်နိုင်ချေများကို စဉ်းစားထားကာ ပြင်ဆင်ထားခဲ့သည်။ ထို့ကြောင့် ကြောက်လန့်မနေဘဲ တည်ငြိမ်စွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။
လူအုပ်ကြီးကလည်း လဲလှယ်ပွဲ ပြီးသည်အထိ ဆက်လက် ကျင်းပနေသည်။ လဲလှယ်ပွဲ ပြီးသွားပြီးနောက် တပည့် အသီးသီးက ထွက်သွားကြ၏။ တချို့လူများက ပျော်ရွှင်နေကြပြီး တချို့ကတော့ စိတ်ပျက်သည့် အမူအရာများနှင့် ဖြစ်သည်။
ဝမ်လင်းက ဝမ်ဟိုနှင့်အတူ ထွက်မသွားခဲ့ပေ။ သို့သော်လည်း သူက ခြေထောက်တွင် အဆောင်စာရွက် အများကြီးကို ကပ်လိုက်ပြီး ပြေးထွက်လိုက်၏။ သူက မျက်စိတစ်မှတ် အတွင်း၌ပင် အားလုံး၏ရှေ့မှ ပျောက်ကွယ်သွားသည်။
ဝမ်ဟိုကလည်း လူတော် တစ်ယောက်ပင်။ ဝမ်လင်း ဘာကြောင့် ဤသို့လုပ်ခဲ့ သည်ကို သူနားလည် ပေသည်။ သူလည်း အဆောင်စာရွက်ကို သုံးပြီး လဲလှယ်ပွဲ မြေပြင်မှ လျင်မြန်စွာ ထွက်ခွာသွား၏။
အဖိုးတန်သော ရတနာများ ထုတ်ဖော်ခဲ့ကြသည့် တပည့်များကလည်း တူညီသော နည်းလမ်းဖြင့်ပင် လျင်မြန်စွာ ထွက်သွားကြသည်။
များစွာသော တပည့်များက ထူးဆန်းသော အရည်များ ထုတ်ပြခဲ့သော ဝမ်လင်းကို မနာလိုပြီး၊ လောဘစိတ် များဖြင့် စောင့်ကြည့် နေခဲ့ကြသည်။ သူတို့က ဝမ်လင်းကို လိုက်ဖမ်းချင်သော်လည်း အရိပ်ကိုသာ မြင်လိုက်ကြရကာ ဆဲရေးစကားများ ဆိုပြီး ထွက်သွားကြသည်။
ကျင့်စဉ် မြင့်မားကြသော တချို့တပည့်များက ထွက်မသွားကြသေးပဲ ပေါ်တင်လုယူကြ၏။ သည်ပွဲက ဂိုဏ်းတွင်းရှိ တပည့်များအကြား လဲလှယ်ဖြစ်သည်။ ထို့ကြောင့် သတ်ဖြတ်ခြင်းနှင့် လုယူခြင်းကို တခြားတပည့်များ၏ ဆရာများက သိရှိသွားပါက အလွန်ဆိုးဝါးသော အကျိုးဆက်ကို ခံစား ရပေလိမ့်မည်။
ဝမ်လင်းက ခြေထောက်တွင် အဆောင် စာရွက်များကပ်ပြီး ပြေးနေဆဲ ဖြစ်သည်။ ခြေထောက်မှ တစ်ဒါဇင်ခန့်ရှိသော အဆောင် စာရွက်များကြောင့် သူ့အမြန်နှုန်းက အလွန် လျင်မြန်လှပြီး ဂိုဏ်းအတွင်းသို့ ပြန်လည် ရောက်ရှိသွား၏။
သူက ခရမ်းရောင်ဝတ် လူကို အကြောက်ဆုံးဖြစ်သည်။ အလုပ်ရုံသို့ ချက်ချင်းမပြန်ဘဲ ဂိုဏ်းအတွင်းမှ အခန်းလွတ် တစ်ခုအတွင်း၌ ပုန်းနေလိုက်၏။
နေထွက်လာသည့် အချိန်မှသာ သူ့ကိုယ်ပေါ်တွင် ဖုံးအုပ်ထားသော မြူများက ပျောက်ကွယ်သွား၏။ ထို့နောက် ဝမ်လင်းက အခန်းအတွင်းမှ တိတ်တဆိတ် ထွက်လာခဲ့သည်။ ကံကောင်းစွာနှင့် လမ်းတစ်လျှောက်တွင် ဘယ်သူနှင့်မှ မဆုံခဲ့ချေ။
***