Switch Mode

အပိုင်း (၃၂)

လဲလှယ်ပွဲ

နောက်ရက်များတွင် ဝမ်လင်းက အိပ်မက် နယ်မြေထဲ၌ ကျင့်ကြံခြင်းအပြင် နှင်းများကို အရည်ပျော်စေရန် အပူပေးသည့် အလုပ်ကိုပါ လုပ်လာရသည်။ စိတ်စွမ်းအင်များ ပျံ့လွင့် သွားမည်ကိုသာ မစိုးရိမ်လျှင် ဘူးသီးခြောက်များအစား ရေစည်များကို အသုံးပြုလိမ့်မည် ဖြစ်သည်။ ရက်အနည်းငယ် စုဆောင်းပြီးနောက် ဘူးသီးခြောက် ရာဂဏန်း အနည်းငယ်ခန့် နှင်းရည်များ ဖြည့်ပြီးသွား၏။ ယခု နှင်းရည် ဖြည့်ထားသော ဘူးသီးခြောက်များက သူ့ကို အိပ်မက် နယ်မြေထဲတွင် အချိန် တော်တော်ကြာအောင် လုံလောက် စေနိုင်သည်ဟု တွက်ချက်လိုက်သည်။

နှင်းရည်များကို သိမ်းဆည်းပြီးနောက် ဝမ်လင်းက ကျင့်စဉ် ပြန်ကျင့် လိုက်တော့၏။ စမ်းရေများ၏ အကျိုး သက်ရောက်မှုက အနည်းငယ် နိမ့်သွားသော်လည်း အသုံးဝင်နေဆဲ ဖြစ်သည်။

အချိန်များက အလွန် လျင်မြန်စွာပင် ၁၀ရက် ကုန်ဆုံးသွား၏။ ၁၀ရက် ကုန်ဆုံး သွားပြီးနောက် ဝမ်လင်းက စမ်းရေများကို ယခင်ကထက် ပိုမိုသောက်သုံး လာရသည်။ ကောင်းသည့် အချက်က စမ်းရေများသည် သူ့ကိုယ်ထဲရှိ စိတ်စွမ်းအင် များထဲသို့ ပျော်ဝင်သွားခြင်း ဖြစ်၏။ မဟုတ်လျှင် သူ့ဝမ်းဗိုက်က များပြားလှသော စမ်းရေများကို ထိန်းထား နိုင်လိမ့်မည် မဟုတ်ချေ။

ဒုတိယ အလွှာအတွက် လိုအပ်သော စိတ်စွမ်းအင်များက ပထမအလွှာထက် အလွန်ကို ပိုများသည်။ အမှန်တော့ ဝမ်လင်းက အိပ်မက် နယ်မြေထဲတွင် ၉လကျော်ခန့် လေ့ကျင့် ပြီးနေပြီ ဖြစ်သည်။

သူသာ ပထမ အလွှာ၌သာ ရှိသေးလျှင် ၉လကျော်ခန့် လေ့ကျင့် လိုက်ပါက သူ့စိတ်စွမ်းအင် များသည် ရလဒ်ကောင်း တချို့ကို ရနေ လောက်လေပြီ။ ယခုတွင်မူ စိတ်စွမ်းအင် အများအပြား စုပ်ယူ ထားသော သူ့ခန္ဓာကိုယ်က သူလိုချင်သည့် ရလဒ်ကို မရောက်သေးဟု ခံစားနေရသည်။

သည်နေ့က ဝမ်ဟိုနှင့် တွေ့ဆုံရန် ချိန်းဆို ထားသောနေ့ ဖြစ်သောကြောင့် ဝမ်လင်းက အိပ်မက် နယ်မြေထဲသို့ မဝင်ရောက်ပေ။ ညသန်းခေါင် အချိန်ခန့်တွင် နှင်းများ စတင်ကျ လာပြီးနောက် ဝမ်ဟိုတစ်ယောက် သူ၏နတ်ဘုရား စိတ်အာရုံ အတွင်းသို့ ဝင်ရောက်လာသည်။

သိပ်မကြာခင်၌ ဝမ်ဟိုက တံခါးကို ဖွင့်လိုက်ပြီး အထဲသို့ ဝင်မလာဘဲ အလောတကြီး အ‌ပြောလိုက်သည် …

“ဆရာက ဆေးကို သန့်စင်ဖို့ အချိန် တော်တော်ယူရတယ် … ဒါ့ကြောင့် ငါ နောက်ကျသွားတယ် … မြန်မြန်ထွက်လာခဲ့ … လဲလှယ်ပွဲက စတော့မယ် …”

ထို့နောက် ဝမ်ဟိုက လဲလှယ်ပွဲဆီသို့ ခပ်မြန်မြန် ဦးဆောင် သွားလိုက်သည်။ ဝမ်လင်းကလည်း သူ့နောက်မှ ကတိုက်ကရိုက် လိုက်သွား၏။

နှစ်ယောက်သားက ကျဆင်းနေသော နှင်းများကြား‌တွင် ဂိုဏ်းအတွင်းမှ ထွက်လာပြီး တောင်ပေါ်သို့ တက်သွား၏။

ယခု သူတို့လျှောက်နေသော လမ်းက အလွန် ချော်နေသောကြောင့် ဝမ်ဟိုက နှေးကွေးစွာ သတိထားပြီး လျှောက်နေရသည်။ ထို့ကြောင့် သူက တိုးတိုးလေး ရေရွတ်လိုက်၏ …

“ဒီရာသီဥတု နဲ့တော့ကွာ … ငါ ပြုတ်ကျလို့ သေသွားပြီး သရဲဖြစ်ရင်တောင် တရား မျှတမှုကို လိုချင်တယ် …”

ဝမ်လင်းကတော့ ဝမ်ဟိုကဲ့သို့ မဖြစ်သည့်အပြင် အလွန် ပေါ့ပါးနေကာ ရာသီဥတုက အလွန်လှပ နေသည်ဟု ခံစားနေရ၏။ နှင်းများကို ကြည့်ပြီး သူက လဲလှယ်ပွဲ ပြီးသွားလျှင် နှင်းရည် အများကြီး စုဆောင်းနိုင်ပြီဟု ‌တွေးနေလေသည်။

အတော်ကြာအောင် လမ်းလျှောက်ပြီးနောက် ဝမ်ဟိုက ရပ်လိုက်ကာ အစိမ်းရောင် ဆေးလုံးလေး တစ်လုံးကို ပေးပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည် …

“ငါတို့ လဲလှယ်ပွဲ ကျင်းပတဲ့ နေရာကို ရောက်တော့မယ် … ဒီနေရာကို အရင်ရက်က လာကြည့်ပြီးပြီ … နောက်နည်းနည်းလောက် ထပ်သွားလိုက်ရင် ရောက်ပြီ … ဆေးလုံးကို သောက်လိုက်တော့ … ဒါဆို ဘယ်သူမှ ငါတို့ကို သိမှာ မဟုတ်တော့ဘူး …”

ဝမ်ဟိုက နောက်ထပ် ဆေးလုံးတစ်လုံးကို ထုတ်ယူပြီး သောက်လိုက်သည်။ ထူထဲသော အနက်ရောင်မြူများ ထွက်ပေါ်လာပြီး ဝမ်ဟို၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွား၏။ မြူများအတွင်းမှ ခပ်ပြတ်ပြတ် အသံတစ်ခု ထွက်လာသည် …

“ဘယ်လိုလဲ … ငါ မသိလဲဆိုတာ မင်း သိသေးလား …”

ဝမ်လင်းက ဝမ်ဟိုအား စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ သူ့ကို ရွှံ့များဖြင့် ဖုံးလွှမ်းထား သကဲ့သို့ ခံစားလိုက်ရသည်။ စိတ်အာရုံဖြင့်ပါ စစ်ဆေးကြည့်လို့ မရတော့မှ ဝမ်လင်းက စိတ်သက်သာရာ ရသွား၏။ ဝမ်လင်းက ရယ်မောကာ ပြောလိုက်သည် …

“ဒီဆေးက တကယ် အံ့ဩဖို့ကောင်းတာပဲ …”

ထို့နောက် ဆေးလုံးကို သောက်လိုက်ရာ ဝမ်ဟိုကဲ့သို့ သူ့ကိုလည်း အနက်ရောင် မြူများက ဖုံးလွှမ်းသွား၏။

နှစ်ယောက်သား ရှေ့သို့ အနည်းငယ် လျှောက်ပြီး အချိုးအကွေ့ တချို့ကို ကွေ့လာပြီးနောက် မြေကွက်လပ်ကျယ်ကြီး တစ်ခုဆီသို့ ရောက်သွား၏။

မြေကွက်လပ်ကြီးက အလွန်ကို ကျယ်သည်။ အနက်ရောင်မြူများ ဖုံးလွှမ်းနေသော လူအများအပြားကလည်း တိတ်ဆိတ်စွာပင် ရပ်နေကြ၏။

ဝမ်လင်းနှင့်ဝမ်ဟို ရောက်ပြီးနောက် သူတို့က နေရာလွတ် တစ်ခုကို ရှာလိုက်ပြီး မတ်တတ်ရပ် နေလိုက်ကြ၏။

သိပ်မကြာခင်ပင် လူတစ်ယောက် ရှေ့ထွက်လာပြီး ချောင်းဟန့်ကာ အက်ကွဲကွဲ အသံဖြင့် ပြောလိုက်သည်…

“ဒီတစ်ကြိမ်မှာလည်း ငါကပဲ လဲလှယ်ပွဲကို စပေးပါ့မယ်…”

သူက စကားဆုံးသည်နှင့် ဓားရှည် တစ်ချောင်းကို ထုတ်ပြလိုက်ပြီး ပြောသည်…

“ဒီဓားပျံက ဂိုဏ်းထဲမှာ မရှိဘူး … ဒါက ငါ့ဘာသာ အပြင်က ရခဲ့တဲ့ဓားတစ်လက်ပဲ … ဒီဓားက စွမ်းအား အရမ်းကောင်းတယ် … ဒီဓားကို အဆောင်စာရွက် ၅၀၀နဲ့ လဲချင်ပါတယ်…”

တခြားသူများက တစ်ယောက်နှင့် တစ်ယောက် ဓားရှည်ကြောင်းကို ပြောနေကြပြီး ခဏလောက် ကြာပြီးနောက် တစ်ယောက်က ရှေ့သို့ထွက်လာပြီး စကားတစ်လုံးမျှ မပြောဘဲ အဆောင်စာရွက် ၅၀၀ကို ထုတ်ပေးလိုက်၏။ သည်လိုနှင့် လဲလှယ်ပွဲတစ်ခု ပြီးဆုံးသွား၏။

တခြား တစ်ယောက်ကလည်း စတင်အော်ပြော လိုက်သည်…

“ငါ့မှာ မြေခွဲ တိုက်ကွက်နဲ့တူတဲ့ တိုက်ကွက်ကို ၃ကြိမ် ထုတ်လွှတ်နိုင်တဲ့ မှော်ကျောက်စိမ်း တစ်ခု ရှိတယ် … ငါ ကီစုစည်းခြင်း ဆေးလုံး ၁၀လုံးပဲ လိုချင်ပါတယ်…”

ထိုလူက ကျောက်စိမ်းတစ်ခုကို ထုတ်ပြလိုက်ပြီး လက်ကို ဝှေ့ယမ်းကာ ပြန်သိမ်း ထားလိုက်၏။

ဝမ်လင်းနဲ့ မနီးမဝေးတွင် ရှိနေသောလူ တစ်ယောက်က ပြောလိုက်သည်…

“ငါ မင်းနဲ့ လဲမယ်…”

ထိုလူက ရှေ့သို့ ထွက်လာစဉ်မှာပင် နောက်တစ်ယောက်က လျင်မြန်စွာ ပြောလိုက်၏…

“အဲဒီကျောက်စိမ်းကို ဆေးလုံး၁၂လုံးနဲ့ လဲမယ်…”

ပထမလူက တုံ့ဆိုင်းသွားပြီး ဒုတိယလူကို စူးစိုက် ကြည့်လိုက်သည်။ သူ့ဆီတွင် ဆေးလုံး ၁၀လုံးသာ ရှိဟန်တူသည်။

မကြာမီ အချိန်အတွင်း တစ်ယောက်ပြီး တစ်ယောက် လဲလှယ်ကြ၏။ လဲလှယ်ပွဲ ကျင်းပရာနေရာက တဖြည်းဖြည်း သက်ဝင် လှုပ်ရှားလာသည်။

“ငါ့မှာ ကျင့်စဉ်တစ်ခု ရှိတယ် … ဒီကျင့်စဉ်ကို ကီစုစည်းခြင်း ဒုတိယ အလွှာအထက်ပဲ အသုံးပြုလို့ရမယ် … ဒီကျင့်စဉ်က ကိုယ့်ရဲ့ ကျင့်စဉ်အဆင့်ကို အချိန်ခဏလောက် ဖုံးကွယ် ပေးထားနိုင်တယ် … ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကို ရောက်သွားရင်တော့ ဒီကျင့်စဉ်က အသုံးမဝင်တော့ဘူး … ဒီကျင့်စဉ်က အတော် အသုံးမဝင်တာကို ငါ သိပါတယ် … ဒီကျင့်စဉ်အတွက် ငါက ဆေးလုံး ၁၀လုံး … မဟုတ်ဘူး ၅လုံးလောက်ပဲ လိုချင်တာပါ…”

တစ်စုံတစ်ယောက်က တုံ့ဆိုင်းဆိုင်းဖြင့် အော်ပြောလိုက်၏။

ထိုအော်ပြောသံကို ကြားပြီး လူတိုင်းက ရယ်မော လိုက်ကြသည်။ တပည့် အားလုံးက သူတို့၏ ကျင့်စဉ်အဆင့်ကို ပြသချင်ကြသည်။ အဘယ်ကြောင့်ဆိုသော် ကျင့်စဉ်မြင့်လေ ကောင်းကောင်း ဆက်ဆံခံရလေ ဖြစ်သောကြောင့် ဖြစ်၏။ ဤကဲ့သို့ ကျင့်စဉ်မျိုးကို မည်သူက လိုချင် ပါမည်နည်း။ ကျင့်စဉ်ကသာ အချိန်ကြာကြာ ခံလျှင် အနည်းဆုံးတော့ တချို့ နေရာများတွင် အသုံးဝင် လိမ့်ဦးမည်။ အချိန် အနည်းငယ်အတွက် ဆေးလုံး၅လုံးက အလွန် များပြားသည်ဟု မှတ်ယူနိုင်သည်။

မည်သူမှ မလိုချင် ကြသည်ကို ရောင်းသူက မြင်သောအခါ သက်ပြင်း ချလိုက်၏။ ထိုအချိန်တွင် ဝမ်လင်းက အော်ပြောလိုက်သည်…

“ကီစုစည်းခြင်း ဆေးလုံး၅လုံးနဲ့ လဲမယ်…”

ရောင်းသူက မှင်တက်သွား၏။ ထို့နောက် မြန်မြန်ပဲ သူတို့နှစ်ယောက်လုံး ပစ္စည်းချင်း လဲလိုက်ကြသည်။

ဝမ်လင်းက ကျင့်စဉ်ပါသည့် ပစ္စည်းလေးကို ကိုင်ထားရင်း အံ့ဩနေ၏။ ယခင်က ဤကဲ့သို့ ပစ္စည်းမျိုး သူ မမြင်ဖူးခဲ့ပေ။ သူ၏နတ်ဘုရား စိတ်အာရုံဖြင့် ပစ္စည်းကို စစ်ဆေး ကြည့်လိုက်ရာ သူ့စိတ်ထဲတွင် ကျင့်စဉ် နည်းလမ်းများ ပေါ်လာသည်။

တခြား သူများအတွက် သည်ကျင့်စဉ်က အသုံး မဝင်သော်လည်း သူ့အတွက်တော့ အလွန် အသုံးဝင်သည်။

ရုတ်တရက် အသံတစ်ခုက ထွက်ပေါ်လာသည်။ ထိုအသံကို အက်ကွဲကွဲ ဖြစ်နေသော်လည်း မောက်မာမှုများ ပြည့်နေ၏…

“အခြေခံ တည်ဆောက်ရေး ဆေးလုံးပဲ … မင်းတို့ရဲ့ ကမ်းလှမ်းမှု လေးတွေ ပြောပြကြည့်ပါ…”

ဝမ်ဟိုက ချက်ချင်း စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်…

“ကီစုစည်းခြင်း ဆေးလုံး ၂၀…”

“အဆောင်စာရွက် ၁၀၀၀နဲ့ ဓားပျံတစ်ချောင်း…”

“အဆောင်စာရွက် ၂၀၀၀…”

“ကီစုစည်းခြင်း ဆေးလုံး၃၀နဲ့ အဆောင်စာရွက် ၅၀၀…”

“တိုက်ခိုက်ရေး ကျောက်စိမ်းတစ်ခု၊ ဓားပျံတစ်ချောင်း၊ ကီစုစည်းခြင်းဆေးလုံး ၁၀လုံးနဲ့ အဆောင်စာရွက် ၅၀၀…”

လူအုပ်ကြီးက သူတို့ ပေးနိုင်သမျှ ဈေးနှုန်းများကို အော်ပြော နေကြ၏။ ထိုအခြင်းအရာကို ကြည့်ခြင်းအားဖြင့် အခြေခံ တည်ဆောက်ရေး ဆေးလုံးက မည်မျှ အရေးပါသည်ကို သိရှိနိုင်သည်။ ဝမ်ဟို၏ ပြောပြချက်အရ အခြေခံ တည်ဆောက်ရေး ဆေးလုံးကို သောက်ပြီးလျှင် ဆေးစွမ်းက ၂လတိတိ ကျန်ရှိနေပြီး ထို၂လအတွင်း စိတ်စွမ်းအင် စုပ်ယူနှုန်းက အဆပေါင်းများစွာ တိုးလာပေလိမ့်မည်။ ထို့ကြောင့် အခြေခံ တည်ဆောက်ရေး ဆေးလုံးသည် သတ္တမ အလွှာအောက်မှ တပည့်တိုင်း လိုချင်သည့် အရာတစ်ခု ဖြစ်၏။

သည်ဆေးလုံးက ဂိုဏ်းထဲ၌တောင်မှ အလွန်အရေးပါသည်။ တပည့်တိုင်းက ထိုဆေးလုံးကို ရနိုင်ရန် အခွင့်အရေးနှစ်ခု ရှိသည်။ တပည့်တစ်ယောက်က အနက်ရောင်ဝတ် တပည့်အဖြစ်သို့ အဆင့်တိုးမြှင့် သွားသည့်အခါ အခြေခံ တည်ဆောက်ရေး ဆေးလုံးတစ်လုံး ရရှိသည်။ ခရမ်းရောင်ဝတ် အဆင့်သို့ ရောက်သောအခါ ဆေးလုံး၂လုံး ထပ်မံရရှိ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset