ဝမ်လင်း၏မျက်နှာက မပြောင်းလဲသွားပဲ ပြန်မေးလိုက်သည်…
“မင်း ဘယ်လောက် လိုတာလဲ…”
ဝမ်ဟိုက တုံ့ဆိုင်းနေပြီး ပြန်ဖြေလိုက်၏…
“အနည်းဆုံး ၂၀၀လောက်…”
“အဲဒီလောက်တောင်လား … ဘာလုပ်ဖို့ လိုတာလဲ…”
ဝမ်လင်းက အံ့ဩနေဟန်ဖြင့် မေးလိုက်သည်။ သူတွင် အဆောင်လက်ဖွဲ့ ၂၀၀မက ရှိသည်။ လာဘ်စားမှုမှ အဆောင်လက်ဖွဲ့ ၅၀၀နီးပါး ရရှိထား၏။
ဝမ်ဟိုက သက်ပြင်းချကာ ခါးသက်စွာ ပြောလိုက်သည်…
“အစ်ကိုထေ့ကျူး … နောက်ထပ် ၂လအတွင်းမှာ အတွင်းစည်း တပည့်တွေရဲ့ ပြိုင်ပွဲက စတော့မယ် … ငါဝင်ပြိုင်လည်း နိုင်ခြေမရှိဘူး … ဒါပေမဲ့ ငါအရှုံးမပေးဘူး … ဟိုကောင် ဝမ်ကျောက်က ပထမအလွှာကို ရောက်ပြီးလို့ ဒုတိယအလွှာ ရောက်ဖို့တောင် ကြိုးစားနေပြီလို့ ငါကြားခဲ့တယ်…”
“ဒီလောက်မြန်အောင် ဘယ်လို လေ့ကျင့်တာလဲ…”
ဝမ်လင်း၏ စိတ်ထဲတွင်တော့ ‘ပင်ကိုစွမ်းရည်’ဟုသာ ရေရွတ်နေသည်။
ဝမ်ဟိုက ဒေါသထွက်နေသည့် မျက်နှာဖြင့် ပြောလိုက်သည်…
“ဒါတွေအားလုံး သူ့ဆရာကြောင့်ပါ … သူ့ဆရာက အခြေခံ တည်ဆောက်ရေး ဆေးလုံးတွေကို ငါ့ဆရာဆီကနေ အစုလိုက်၊ အပြုံလိုက် ဝယ်သွားတယ် … တစ်လုံးဆိုရင်ကို ဈေးက အလွန်ကြီးတယ် … ဆေးကို သောက်လိုက်ရင် ကျင့်စဉ်အမြန်နှုန်းက သိသိသာသာကို တိုးတက် လာလိမ့်မယ် … ဒါ့ကြောင့် ဒီဆေးက ဂိုဏ်းထဲမှာ အလွန်တန်ဖိုးရှိတဲ့ ဆေးတစ်မျိုး ဖြစ်နေတာပဲ…”
ဝမ်လင်းက ခေါင်းညိတ်ပြီး မေးလိုက်သည်…
“မင်းအဆောင် စာရွက်တွေ ငှားပြီး ဘာလုပ်မလို့လဲ…”
“တကယ်တော့ ဂိုဏ်းထဲမှာ ပြိုင်ပွဲမတိုင်ခင် တစ်လလောက် အလိုမှာ ပင်မဂိုဏ်းသားတွေ အချင်းချင်း ပစ္စည်းခြင်း လဲလှယ်တဲ့ ပွဲတစ်ခု ရှိတယ် … မင်းက တခြားသူတွေနဲ့ မဆက်ဆံလို့ ဘာမှမသိတာ … အဲဒီမှာ ပင်မတပည့်တွေက ပြိုင်ပွဲအတွက် နောက်ဆုံးပြင်ဆင်မှု အနေနဲ့ သူတို့မှာ ရှိတဲ့ ရတနာတွေ ယူလာပြီး တခြားသူတွေနဲ့ လဲလှယ်ကြလိမ့်မယ် … အရင်နှစ်က စီနီယာတွေ ပြောတာတော့ အဲဒီမှာ အကုန်ရနိုင်တယ်တဲ့ … ဓားပျံ၊ မှော်ပစ္စည်း၊ ဆေးလုံး … အားလုံးပဲတဲ့…”
ထိုစကားကိုကြားတော့ ဝမ်လင်းလည်း သူ့စိတ်ထဲတွင် တွေးလိုက်သည်။ သူက ဓားပျံ၊ မှော်ရတနာများကို စိတ်မဝင်စားသော်လည်း ကီစုစည်းမှု အဆင့်မှ လင်္ကာများကတော့ သူ့အတွက် အလွန်ကို လိုအပ်နေသည်။ ထိုလဲလှယ်ပွဲမျိုးတွင် လင်္ကာများကို ရရှိနိုင်သည်။ ထို့ကြောင့် သူက အနည်းငယ် ထပ်စဉ်းစားကာ မေးလိုက်၏…
“ပင်မတပည့်တွေက တစ်ယောက်နဲ့တစ်ယောက် ယုံပါ့မလား … လဲလှယ်မှုကို ဘယ်လိုလုပ်ကြလဲ…”
ဝမ်ဟိုက ရယ်မောပြီး ဖြေပေးလိုက်သည်…
“အစ်ကိုထေ့ကျူးက အဓိက မေးခွန်းကိုမှ မေးချလိုက်တာပဲ … လဲလှယ်ပွဲမှာ စည်းမျဉ်းတစ်ခု ရှိတယ် … အဲဒါကပဲ လဲလှယ်ပွဲကို သွားဖို့ လိုအပ်ချက် ဖြစ်နေတယ် … အဲဒါက ဖုံးကွယ်ဆေးပဲ … မင်းက အဲဒီဆေးကို သောက်လိုက်ရင် ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့်က လူတောင်မှ မင်းကို မမှတ်မိနိုင်ဘူး…”
ဝမ်လင်း၏ ခေါင်းထဲတွင် အတွေးတစ်ချက် လက်သွားပြီး မေးလိုက်သည်…
“မင်းက အဲဒီဆေးအတွက် အဆောင်စာရွက်တွေ လာချေးတာလား…”
ဝမ်ဟိုက မှင်တက်သွားကာ ခေါင်းညိတ်ပြီး ပြောလိုက်သည်…
“အစ်ကိုထေ့ကျူး … မင်းက တကယ်တော်တာပဲ … အမှန်ပဲ … ဒီဆေးကို ငါ့ဆရာက ထိန်းချုပ်ထားတာ … အခုဆေးတွေကို သီးသန့် စရောင်းနေပြီ … ဆေးတစ်လုံးကို အဆောင်စာရွက် ၂၀၀…”
ဝမ်လင်းကလည်း သွားရန် ဆုံးဖြတ်ချက် ချလိုက်ကာ ပြောသည်…
“ဒီလဲလှယ်ပွဲက စိတ်ဝင်စားဖို့ ကောင်းသားပဲ … ငါလည်း အဲဒီကို သွားကြည့်ချင်တယ်…”
“သေချာတာပေါ့ … မင်းမှာသာ အဲဒီဆေးရရင် လဲလှယ်ပွဲကို မင်း သွားလို့ရပြီ … ငါ့ရဲ့ ပန်းတိုင်ကတော့ အခြေခံ တည်ဆောက်ရေး ဆေးလုံးပဲ … ငါ ကြားတာတော့ အဲဒီဆေးကို တပည့် တစ်ယောက်က ရောင်းလိမ့်မယ်တဲ့ …”
ဝမ်လင်းက သိုလှောင်အိတ်ထဲမှ အဆောင်စာရွက် ၄၀၀ကို ထုတ်သည်။ အရွက်တစ်ရာစီကို တစ်အုပ်ဖြင့် လေးအုပ်လုပ်ပြီး ပေးလိုက်၏။
ဝမ်ဟိုက အဆောင် စာရွက်များကို သိုလှောင်အိတ်ထဲသို့ သိမ်းလိုက်သည်။
“အစ်ကိုထေ့ကျူး … လဲလှယ်ပွဲက လဝက်လောက် လိုသေးတယ် … ပွဲစပြီဆို ကျွန်တော် အစ်ကို့ကို လာရှာပါ့မယ် … အဲဒီကျမှ အတူသွားကြရအောင်…”
ဝမ်လင်းက ခေါင်းညိတ်လိုက်သည်။ သူတို့က ခဏလောက် စကားပြောပြီးသည်နှင့် ဝမ်ဟိုလည်း ထွက်ခွာသွား၏။
ဝမ်ဟို ထွက်သွားပြီးနောက် သူက အချိန် အနည်းငယ်လောက် ချင့်ချိန် စဉ်းစား နေလိုက်သည်။ ဤလဲလှယ်ပွဲက သူ့အတွက် အလွန် အရေးပါသည်။ ဤလဲလှယ်ပွဲမှ သာလျှင် သူ့အတွက် လိုအပ်သော ကီစုစည်းခြင်း အဆင့်အတွက် လင်္ကာများကို ရရှိနိုင်၏။
သို့သော်သူ့ထံ၌ တန်ဖိုးရှိသည့် ပစ္စည်း တစ်ခုမှ ရှိမနေချေ။ အဆောင်စာရွက် အားလုံး နီးပါးကလည်း ဖုံးကွယ်ဆေး ဝယ်ယူရာ၌ အသုံးပြုလိုက်ပြီ ဖြစ်သည်။ သူက အချိန်တော်တော် ကြာအောင် တွေးတောပြီးနောက် စိတ်စွမ်းအင်များ ပြည့်နေသော စမ်းရေများကို ယူသွားရန် ဆုံးဖြတ်ချက် ချလိုက်၏။ သို့သော် စမ်းရေများက လူတချို့ကို ဆွဲဆောင် နိုင်ပေလိမ့်မည်။
ဆေးလုံး၏ အကူအညီနှင့် ဆိုလျှင်တော့ ဘယ်သူမှ သူ၏ရုပ်သွင် အမှန်ကို မသိနိုင်ချေ။
စိတ်ဆုံးဖြတ်ချက် ချပြီးနောက် ဝမ်လင်းက သည်ကိစ္စကို ထပ်မတွေးတော့ပေ။ ယခုအချိန်တွင် သူက အိပ်မက် နယ်မြေထဲ မဝင်တော့ပဲ အလုပ်ရုံထဲမှ ကျောက်တုံးကြီးကို ဆွဲငင်အား ပညာရပ်သုံးပြီး လေ့ကျင့်နေလိုက်၏။
သူက ဆွဲငင်အား ပညာရပ်ကို အိပ်မက် နယ်မြေထဲ၌ အကြိမ် တစ်သောင်းမက လေ့ကျင့်ပြီးနေပြီ ဖြစ်၏။ ထို့ကြောင့် ဆွဲငင်အား ပညာရပ်ကို ပိုပြီး ကျွမ်းကျင် ပိုင်နိုင်လာသည်။ ဘူးသီးခြောက်ကို သုံးစဉ်အခါက ၁၀ကြိမ်တွင် ၁၀ကြိမ်လုံး အောင်မြင်ခဲ့၏။ ယခုတွင်မူ သူက ပစ္စည်း အသေးလေးကိုသာ ဆွဲယူနိုင်စွမ်း ရှိသေး၏။
အရွယ်အစား ကြီးမားလျှင် အောင်မြင်မှုနှုန်းက လျော့ကျသွားသည်။ ဒုတိယအလွှာကို ရောက်ရှိပြီး နောက်ပိုင်း သူ့ကိုယ်ထဲမှ စိတ်စွမ်းအင် များသည် ဆက်လက် တိုးပွားနေ၏။ ဆွဲငင်အား ပညာရပ်ကလည်း သူ့စွမ်းရည် အစစ်အမှန်ကို ပြသနိုင်တော့မည် ဖြစ်သည်။
ကြီးမားသော ကျောက်တုံးကြီးကို နာရီအနည်းငယ်ကြာ လေ့ကျင့်ပြီးနောက် အပြင်ဘက်တွင် မှောင်လာပြီး နှင်းများလည်း ကျလာသည်။ သို့သော်လည်း ဝမ်လင်းက ချက်ချင်း အိပ်မက်နယ်မြေထဲသို့ မဝင်ဘဲ တံခါးဝ၌ ရပ်ကာ ဆီးနှင်းပွင့်များကို ကြည့်ပြီး တစ်ခုခုကို စဉ်းစားနေသည်။
ဒုတိယအလွှာကို ရောက်ပြီးနောက် သည်ကြားကာလတွင် သူပြဿနာ တစ်ခုကို သတိထား မိလာသည်။ စမ်းရေများတွင် ပါဝင်သည့် စိတ်စွမ်းအင်များက အရည်အသွေး လျော့ကျသွား၏။ နည်းနည်းလေးသာ လျော့ကျ သွားသော်လည်း သူ့ကို မဆုံးနိုင်သည့် စိုးရိမ်စိတ်များ ဝင်လာစေသည်။
သူ၏ကျင့်စဉ်က မြင့်တက်လာရင်း တစ်နေ့တွင် စိတ်စွမ်းအင်များ ပါဝင်သော စမ်းရေများက သူ့အပေါ် အာနိသင် မရှိတော့မှာကို သူ ကြောက်နေမိသည်။
မှော်ကျောက်တုံးမှ စုပ်ယူသော ရေငွေ့ရည်များက အကောင်းဆုံး ဖြစ်သည်။ သို့သော်လည်း ရေငွေ့ရည်များ စုဆောင်းမှုက အလွန်နှေးကွေး၏။ ထို့ကြောင့် အသုံးပြုရန် မလုံလောက်ချေ။ လက်ရှိတွင် စမ်းသပ် ထားသမျှထဲ၌ စမ်းရေကသာ အကောင်းဆုံးဖြစ်သည်။ သို့သော်လည်း စမ်းရေများက သူ့အပေါ် အကျိုးသက်ရောက်မှု မရှိတော့သည့် တစ်နေ့တွင် စမ်းရေနေရာ၌ တစ်ခုခုကို အစားထိုး ရပေလိမ့်မည်။
ဝမ်လင်းက သူ့လက်ကို နှေးကွေးစွာ လှုပ်ရှားလိုက်ပြီး ဆွဲငင်အား ပညာရပ်ကို ထုတ်ဖော် အသုံးပြုလိုက်သည်။ နှင်းခဲများက နဂါးတစ်ကောင် ကဲ့သို့ ဖြစ်သွားကာ အခန်းထဲရှိ ကြီးမားသော အိုးကြီးထဲသို့ ဝင်သွား၏။
အချိန်ခဏလေး အတွင်း၌ ဝမ်လင်းက နှင်းခဲများ အိုးတစ်ဝက် ပြည့်အောင် ဖြည့်လိုက်နိုင်သည်။ သူက ဆွဲငင်အား ပညာရပ်ကို ရပ်တန့်ပြီး နောက်တစ်အိုးထဲသို့ ထပ်ထည့်လိုက်၏။ ထို့နောက် သူ့ညာဘက်လက်ဖြင့် အစီအရင်တစ်ခုကို ဖန်တီးလိုက်သည်။ ၁၀ကြိမ်မက ကြိုးစားပြီးမှ သာလျှင် ကလေး အရွယ်ခန့်ရှိသော မီးလုံး တစ်လုံးကို ဖန်တီးလိုက်နိုင်၏။ မီးလုံးမှ အပူများ ဖြာထွက်နေပြီး နှင်းများကို လျင်မြန်စွာ အရည်ပျော် သွားစေသည်။
နှင်းများအားလုံး အရည်ပျော် သွားပြီးနောက် ဝမ်လင်း၏ နဖူးတွင်လည်း ချွေများစို့ နေလေပြီ။ ကျင့်စဉ် နှစ်ခုကို ဆက်တိုက် အသုံးပြုရခြင်းက သူ့ကို အလွန်ပင်ပန်း နွမ်းနယ်စေသည်။
အိုးထဲတွင် အရည်ပျော် သွားသည့် နှင်းရည်များ ရှိနေသည်။ ဝမ်လင်းက မှော်ကျောက်တုံးကို အိုးထဲသို့ ထည့်လိုက်ပြီး ၁၀မိနစ်ခန့် ကြာပြီးမှ ထုတ်ယူလိုက်၏။
မှော်ကျောက်တုံး အကြောင်းကို သူက တော်တော်များများ သိနေပြီ ဖြစ်သည်။ စမ်းရေထဲတွင် မှော်ကျောက်တုံး စိမ်ထားသည့် အချိန်သည် ၁၀မိနစ်က အကန့်အသတ် ဖြစ်၏။ ၁၀မိနစ် ထက်ပိုပြီး စိမ်လျှင်လည်း အကျိုး သက်ရောက်မှုက ထပ်မတိုးတော့ချေ။
ဝမ်လင်းက ရေကို သောက်ကြည့် လိုက်သည်။ မျက်လုံးမှိတ်ပြီး သူ့ကိုယ်ထဲမှ စိတ်စွမ်းအင် ပြောင်းလဲမှုများကို ဂရုတစိုက် အာရုံခံနေလိုက်၏။ ခဏကြာပြီးနောက် သူက မျက်လုံးဖွင့်ပြီး ရေရွတ်လိုက်သည်…
“အကျိုးသက်ရောက်မှုက စမ်းရေထက် ကောင်းတာပဲ … ရေငွေ့ရည်ထက်တော့ မကောင်းပေမဲ့ အသုံးပြုလို့တော့ ရနိုင်တယ်…”
ချက်ချင်း သူက ဘူးသီးခြောက် အများကြီးကို ထုတ်ယူလိုက်၏။ ထိုဘူးသီးခြောက် များက တောင်ပေါ်တွင် သူစုဆောင်းထားသော ဘူးသီးခြောက် များအားလုံး ဖြစ်သည်။ တစ်ညလုံး ကြိုးစားကာ နှင်းရည်များ ပြုလုပ်ပြီးနောက် ခြံဝင်းထဲမှ နှင်းများအားလုံး ကုန်သွား၏။ နှင်းရည်များက ဘူးသီးခြောက် အနည်းငယ်ကိုသာ ဖြည့်လိုက်နိုင်သည်။
***