Switch Mode

အပိုင်း (၃၀)

ဝမ်ဟို

“ကျိုးကြောင်း ဆီလျော်မှုမရှိဘဲ ငါဒီထက်ပိုပြီး လုပ်ရဦးမှာလား…”

အလုပ်ရုံမှ ထွက်ရန်အတွက် ဝမ်လင်းက အားလုံး ပြင်ဆင်ပြီးနေပြီ ဖြစ်သည်။ သူ့ကို မည်မျှထိ သည်းခံနိုင်မလဲ ဆိုသည့် အကြီးအကဲများ၏ အကန့်အသတ်ကို သူတကယ် သိချင်နေလေပြီ။

ပြင်ပတပည့် များကြားထဲတွင် ဝမ်လင်းက အမှိုက်နှင့် အရှက်မဲ့သူ ဆိုသည့် နာမည် ၂ခု အပြင် အနက်ရောင် နှလုံးသားဘုရင် ဆိုသည့်နာမည်ပါ ထပ်ရလာခဲ့၏။

တပည့်လျို၏ နာမည်ပြောင် ‘ဖျံ’ဆိုသည့် နာမည်နှင့် သူ့နာမည်ပြောင်က အဆင့်အတန်းချင်း အလွန် ကွာခြားလှသည်။

တဖြည်းဖြည်းနှင့် အိပ်မက်နယ်မြေထဲ၌ လေ့ကျင့်လာသည်မှာ နောက်ထပ် ၁နှစ်ကျော် လာခဲ့လေပြီ။ သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များကလည်း အရင်ကထက် လွန်စွာ များပြားလာသည်။ သူက ပထမအလွှာ၏ အကန့်အသတ်ကို ရောက်နေပြီ ဖြစ်၏။ သူမည်မျှပင် ကျင့်ကြံစေကာမူ သူ၏စိတ် စွမ်းအင်များက တိုးမလာတော့ချေ။

တစ်ညတွင် ဝမ်လင်းက ဒုတိယအလွှာသို့ ရောက်ရန် လင်္ကာကို အောင်မြင်အောင် ကြိုးစားနေ၏။

အကြိမ်များစွာ ကျရှုံးခဲ့ပြီး နောက်ဆုံးတွင် ဒုတိယအလွှာသို့ ရောက်ရှိ သွားလေသည်။

သူ့ကိုယ်မှ ချွေးပေါက်များမှ အမည်းရောင်ဆီများ စိမ့်ထွက်နေသည်။ ဝမ်လင်းက သူ့ကိုယ်သူ ဆေးကြောပြီးနောက် ခန္ဓာကိုယ်ကို ကြည့်လိုက်ရာ သူ့မျက်လုံးမှ အရောင်လက်သွား၏။ သူသည် ယခင်ကနှင့် အလွန် ကွာခြား နေသောကြောင့် ဖြစ်သည်။

ထို့နောက် မေးစေ့ကို ပွတ်သပ်ပြီး တွေးလိုက်သည် … ‘ငါ့ဆီမှာ တတိယအလွှာ အတွက် လင်္ကာပဲ ရှိတော့တယ် … စွန်းတဇူးဆီ သွားပြီး နောက်အဆင့်တွေ အတွက် သွားပြီး မေးရင်လည်း ငါ ဒုတိယအလွှာကို ရောက်တာ သူ သိသွားမယ် … ဒါဆို သူက ငါ့ကို မေးတော့မှာ … ငါ မဖြေနိုင်ရင် ငါ့အတွက် ဒုက္ခတွေပဲ ရောက်လာမှာ …’

သူက အချိန်အနည်းငယ် ကြာအောင် စဉ်းစားခဲ့ပေမဲ့ အကြံကောင်းတစ်ခု ထွက်မလာခဲ့ပေ။

ထို့နောက် သက်ပြင်းချကာ ဆွဲငင်အားပညာရပ်ကို စတင်လေ့ကျင့် လိုက်တော့၏။ ဆွဲငင်အားပညာရပ်ကို ၁နှစ်ကျော် လေ့ကျင့်ပြီးနောက် ယခုအချိန်တွင် ဆွဲငင်အား ပညာရပ်ကို ၁၀ကြိမ် ထုတ်သုံးပါက ၁၀ကြိမ်လုံး အောင်မြင်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူက ဘူးသီးခြောက်အစား ပိုပြီး ကြီးမားလေးလံသော ပစ္စည်းကို အသုံးပြုရန် ဆုံးဖြတ်လိုက်၏။ သူက အလုပ်ရုံထဲမှ ကြီးမားသော ကျောက်တုံးကို ရှာတွေ့သွားပြီး စတင် လေ့ကျင့်တော့သည်။

နောက်ထပ်တစ်လ ကုန်ဆုံးသွားသည်။ ကြားကာလထဲတွင် ပြင်ပတပည့်များက အကြီးအကဲများအား ပိုပြီး တိုင်တန်းစေရန် ဝမ်လင်း မရပ်မနား လုပ်ခဲ့သည်။ အချိန်ကလည်း ဆောင်းရာသီသို့ ကျရောက်လာပြီ ဖြစ်သောကြောင့် ဂိုဏ်းအနေဖြင့် ပင်မတပည့်များ၏ ပြိုင်ပွဲအတွက် စတင် ပြင်ဆင်နေလေပြီ။

ဟုန်ယွီဂိုဏ်းမှ ပြင်ပတပည့်များ အတွက်လည်း ပြိုင်ပွဲကို ၁၀နှစ်တစ်ကြိမ် ကျင်းပပေးခဲ့ရာ သည်နှစ်က ပြိုင်ပွဲ ကျင်းပမည့်နှစ် ဖြစ်သည်။ ပြိုင်ပွဲတွင် အတော်ဆုံး ပြင်ပတပည့် ၃ယောက်က ပင်မတပည့်အဖြစ် ဝင်ခွင့်ရလိမ့်မည် ဖြစ်၏။ ယခုအချိန်တွင် ပြင်ပတပည့် အားလုံးကလည်း သူတို့၏ကျွမ်းကျင်ရာ ပညာရပ်များကို တိုးတက်အောင် ပိုပြီး ကြိုးစားလေ့ကျင့် နေကြသည်။

ထိုပြိုင်ပွဲအတွက် လူတိုင်းက အလုပ်များ နေသောကြောင့် အလုပ်ရုံမှ အလုပ်များက တဖြည်းဖြည်း နှောင့်နှေး ကြန့်ကြာလာရ၏။

ဝမ်လင်းကလည်း အလုပ်ရုံမှာပဲ တာဝန်ကျ နေသည့်အတွက် အလွန် စိတ်ပျက်နေသည်။ သူက ပင်မတပည့်များ၏ ပြိုင်ပွဲကို ဝင်ပြိုင်ရန် စိတ်ကူးမရှိပေ။ သူ့မှာသာ အချိန်ရှိလျှင် အိပ်မက်နယ်မြေ ထဲသို့သာ သွားပြီး လေ့ကျင့်နေမည် ဖြစ်သည်။

သည်နေ့တွင် ဟုန်ယွီတောင်ပေါ်၌ စတင်၍ နှင်းကျလာသည်။ အဝေးသို့ ကြည့်လိုက်လျှင် နှင်းများဖုံးလွှမ်း နေသည်ကိုသာ မြင်ရပေလိမ့်မည်။

ဝမ်လင်းက မလေ့ကျင့်သေးဘဲ ခြံဝင်းထဲ၌ တိတ်ဆိတ်စွာ မတ်တတ်ရပ်နေသည်။ သူက ဆွဲငင်အား ပညာရပ်ကို သုံးပြီး ကြီးမားသော လက်ကြီးတစ်ဖက်ကို ဖန်တီးကာ နှင်းများကို အဝေးသို့ ဖယ်ရှားလိုက်၏။

ထို့နောက် သူက သူ့အိမ်ရှိရာ ငေးကြည့်လိုက်ပြီး အရင်အချိန်များကို ပြန်အမှတ်ရသွား၏။ သည်အချိန်ဆိုလျှင် မိဘများနှင့်အတူ အိမ်ထဲတွင် မီးဖိုလေးဖိုပြီး နေကြလိမ့်မည်။ သူက မီးဖိုဘေးတွင် စာအုပ်ဖတ် နေတတ်ပြီး သူ့အဖေက ပန်းပုရုပ်ထုကာ အမေကတော့ ဟင်းသီးဟင်းရွက် များကို ဆားစိမ် နေလိမ့်မည်။

တစ်ခါတစ်ရံ စာဖတ်ရတာ ပျင်းလာသည့်အခါ သူ့အဖေဘေးတွင် ထိုင်ကာ ပန်းပုရုပ် ထုနေသည်ကို ကြည့်နေပြီး ကူညီချင်စိတ် ပြင်းပြလာသည့်အခါ သူ့အဖေကို ကူညီပေးလိမ့်မည်။ ထို့အခါ သူတို့ကြားတွင် ပျော်ရွှင်မှု တိုးပွား လာပေလိမ့်မည်။

ယခင်က အကြောင်းများကို တွေးမိပြီး ဝမ်လင်းက သက်ပြင်း ချလိုက်၏။ ကျင့်ကြံသူ တစ်ယောက်က လောကီ နှောင်ကြိုးများ အားလုံးကို ဖြတ်တောက်ပစ်ရန် လိုအပ်သည်။ မဟုတ်လျှင် ထိုအတွေးများက ကျင့်ကြံခြင်းကို အနှောင့်အယှက် ဖြစ်စေလိမ့်မည်။ ဝမ်လင်းက မျက်လုံးကို ပိတ်ပြီး ပြန်ဖွင့် လိုက်သောအခါ သူ့စိတ်ထဲတွင် အရာအားလုံးက ရှင်းလင်းသွား၏။ သူက နှောင်ကြိုး အားလုံးကို ဖြတ်မပစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် တချို့ နှောင်ကြိုးများက သူ့နှလုံးသားထဲ၌ နက်နက်ရှိုင်းရှိုင်း ဖြစ်တည် နေခြင်းကြောင့် ဖြစ်သည်။

သူက ထိုအကြောင်းများကို ထပ်တလဲလဲ ပြန်တွေးနေစဉ်တွင် ရုတ်တရက် သူ့အမူအရာက ပြောင်းလဲသွား၏။ ယခုအချိန်တွင် သူက ဒုတိယအလွှာကို ရောက်ရှိနေပြီ ဖြစ်သောကြောင့် နတ်ဘုရား စိတ်အာရုံကလည်း နိုးထလာပြီ ဖြစ်သည်။ ထို့အကြောင်းများကို ကီစုစည်းခြင်း၏ အဆင့်၃ဆင့် စာအုပ်ထဲ၌ ရှင်းလင်း ဖော်ပြထား၏။

ဝမ်လင်းက နတ်ဘုရား စိတ်အာရုံဖြင့် ဘေးပတ်ဝန်းကျင်ကို စစ်ဆေး ကြည့်လိုက်ရာ ဝမ်ဟိုတစ်ယောက် သူရှိရာ အရပ်သို့ လာနေသည်ကို သတိပြု မိလိုက်သည်။ ခဏလောက် ကြာပြီးနောက် တံခါးက ပွင့်သွားပြီး သားမွေးဦးထုပ်နှင့် သားမွေးအင်္ကျီကို ဝတ်ဆင်ထားသော ဝမ်ဟိုက အထဲကို ဝင်လာသည်။ သူက ဝမ်လင်းကို မြင်သောအခါ အံ့ဩသွားပြီး မေးလိုက်၏…

“အစ်ကိုထေ့ကျူး ပါးပါးလေး ဝတ်ထားပြီး အပြင်မှာနေတာ မအေးဘူးလား…”

ဝမ်လင်းက ရယ်ကာ ပြန်ပြောလိုက်သည်…

“ငါ့စိတ်ထဲ မင်းလာမယ် ထင်နေလို့ ထွက်ကြိုနေတာကွ ကောင်စုတ်လေးရ…”

ဝမ်လင်းက အအေးဓာတ်ကို နည်းနည်းလေးမျှ မခံစားမိချေ။ ကီစုစည်းခြင်း ဒုတိယအလွှာကို ရောက်ပြီးနောက်ပိုင်း သူ့ခန္ဓာကိုယ်က အရင်ထက် ပိုမိုသန်မာ လာကြောင်း သတိထားမိသည်။

ဝမ်ဟိုကလည်း ရယ်လိုက်ပြီး အထဲသို့ လျှောက်လာရင်း ဝမ်လင်းကို သေသေချာချာ အကဲခတ်လိုက်၏…

“အစ်ကိုထေ့ကျူး … အစ်ကိုက လွန်ခဲ့တဲ့ လအနည်းငယ် တုန်းကနဲ့ နည်းနည်း မတူတော့သလို ငါခံစားနေရတယ်…”

ဝမ်လင်းက ဖြေလိုက်သည်…

“ဒါက ပုံမှန်ပါပဲ … ငါက ကီစုစည်းခြင်း ဒုတိယအလွှာကို ရောက်သွားပြီလေ … ဒါ့ကြောင့် ငါ့ကို အင်မော်တယ် တစ်ယောက်လို့ သတ်မှတ်လို့ရပြီ…”

ဝမ်ဟိုက နှုတ်ခမ်းကို မဲ့ပြီး ဝမ်လင်း၏အခန်းထဲသို့ ဝင်လိုက်သည်။ ထို့နောက် ဝမ်လင်းဘက်သို့ လှည့်ကာ ပြောလိုက်၏…

“မဖြစ်နိုင်တာတွေ လာကြွား မနေစမ်းပါနဲ့ … မင်းနဲ့ငါရဲ့ ပင်ကိုစွမ်းရည်က အတူတူလောက်ပဲ … ငါက အင်မော်တယ် ဆေးလုံးတွေ အသုံးပြုတာတောင် ပထမအလွှာ မရောက်သေးဘူး … မင်းက ဒုတိယအလွှာ ရောက်နေပြီတဲ့လား … မဖြစ်နိုင်တာတွေ မပြောစမ်းပါနဲ့…”

ဝမ်လင်းကလည်း ရှင်းပြ မနေတော့ပေ။ တစ်ခါတစ်ရံတွင် တချို့လူများက အမှန်ပြောလျှင် မယုံကြပေ။ ထို့အပြင် ဝမ်ဟိုနှင့် သူ၏ဆက်ဆံရေးက အလွန်နက်ရှိုင်းမှု မရှိချေ။ ထို့ကြောင့် မရှင်းပြ သည်ကသာ အကောင်းဆုံးကြိုတင် ကာကွယ်ခြင်း ဖြစ်သည်။

လူတစ်ယောက်ကို တစ်ခါ၊ နှစ်ခါ တွေ့ဖူးရုံမျှဖြင့် ဝမ်လင်းက မယုံကြည်တတ်ပေ။

“ဝမ်ဟို … ဘာအကြောင်း ကိစ္စရှိလို့ ငါ့ဆီလာတာလဲ … ဒီနေ့ ဆေးဝါးအဆောင်မှာ အလုပ်မရှိဘူးလား…”

ဝမ်လင်းက အခန်းထဲကို ပြန်ဝင်လာပြီး ဝမ်ဟိုအား ရေနွေးတစ်ခွက် ငှဲ့ပေးလိုက်သည်။

ဝမ်ဟိုက ရေနွေးခွက်ကို ယူကာ အနည်းငယ် မှုတ်ပြီး နည်းနည်းချင်း စုပ်သောက်လိုက်၏။ သူက ပြုံးပြီး ဖြေပေးလိုက်သည်…

“ဆေးဝါးအဆောင်ကို မင်းမလာတဲ့ လတွေက မင်းအတွက် ဝေစုကို ငါ သိမ်းပေးထားတယ် … အဲဒါလာပို့တာ…”

ပြောပြီးသည်နှင့် ဝမ်ဟိုက အထုပ်တစ်ထုပ်ကို စားပွဲပေါ် တင်ပေးလိုက်သည်။

ဝမ်လင်း၏ မျက်နှာတွင် ပြုံးယောင်သန်းသွား၏။ သူက အထုပ်ကို မကြည့်ဘဲ ဝမ်ဟိုကိုသာ ကြည့်နေလိုက်သည်။ သူ့နေရာသို့ ဝမ်ဟိုက ဤအထုပ်လေး လာပို့ရုံသက်သက် လာသည်ကို မယုံပေ။

ဝမ်လင်းက သူ့အား ကြည့်နေသည်ကို မြင်သောအခါ ဝမ်ဟိုက ရှက်သွားပြီး ပြောလိုက်သည်…

“ထေ့ကျူး … ငါ ကြားတာ မင်း ဒီနေရာမှာ ကောင်းကောင်း လုပ်နေတယ်ဆို…”

ဝမ်လင်းက ရေနွေးကို ငှဲ့ပြီး နည်းနည်းချင်း စုပ်သောက်ကာ ပြောလိုက်၏…

“ဝမ်ဟို … မင်း ဒီလောက် အစချီနေဖို့ မလိုဘူး … ငါ ကူညီနိုင်တာဆို ကူညီပေးမယ်…”

ဝမ်ဟို၏ အမူအရာက တစ်မျိုးဖြစ်သွားကာ သူ့အနား ကပ်လာကာ တိုးတိုးလေး ပြောလိုက်သည်…

“အစ်ကိုထေ့ကျူးက အရမ်းခန့်တာကို ငါ သိပါတယ် … ရိုးရိုးသားသား ပြောရရင် မင်းဆီက အိမ်ပြန်ရင်ရတဲ့ အဆောင် စာရွက်လေး နည်းနည်းလောက် ချေးချင်လို့…”

***

Comment

Leave a Reply

Options

not work with dark mode
Reset