Switch Mode

အခန်း (၂၈)

အလုပ်ရုံ

ခရမ်း၊ အနက်၊ အဖြူနှင့် အနီရောင် ဝတ်စုံများသည် ကျင့်စဉ် အဆင့်အလိုက် စီစဉ်ထားခြင်း ဖြစ်သည်။ ဝမ်လင်းက လူငယ်၏ကျင့်စဉ် အဆင့်ကို မမြင်နိုင်ခဲ့ပေ။ ထို့ကြောင့် ဝမ်လင်းက လေးစားစွာ ပြောလိုက်သည် … “ဝမ်လင်းက အစ်ကိုကျန်းကို ကြိုဆိုပါတယ် … အနက်ရောင်ဝတ်အဆင့်ကို ရောက်သွားတဲ့အတွက်လည်း ဂုဏ်ပြုပါတယ်”

ဝတ်စုံနက်ဝတ် လူငယ်က ဝမ်လင်းကို ကြည့်လိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်၏ … “ငါ ကီစုစည်းခြင်း ပဉ္စမအလွှာကို ရောက်သွားတာ မင်းနဲ့ အများကြီး သက်ဆိုင်နေတယ် … မင်းကို ရှာတုန်းကသာ ဥမင်ကို မတွေ့ခဲ့ရင် ငါလည်း ဒီလောက်မြန်မြန်နဲ့ အဆင့်တက်မှာ မဟုတ်ဘူး …”

ဝမ်လင်းက မှင်တက်သွားကာ မေးလိုက်သည် … “အစ်ကိုကျန်း အဲ့ဒီ စုပ်အား ရှိနေတဲ့ဥမင်က ကျင့်စဉ် တိုးတက်အောင် ကူညီနိုင်လို့လား … ”

အစ်ကိုကျန်းက ခေါင်းညိတ်ပြီး ပြောလိုက်၏ … “မင်း စတုတ္ထအလွှာကို ရောက်တဲ့အခါ ပဉ္စအလွှာကို ချိုးဖြတ်ဖို့ လင်္ကာကို အသုံးပြုဖို့လိုလိမ့်မယ် … အဲ့ဒီနေရာကို မင်းကိုယ်တိုင်သွားပြီး စမ်းကြည့်လိုက်ပါ … ”

အစ်ကိုကျန်းက ဝမ်လင်းကို တစ်ချက်ကြည့်ကာ ဆက်ပြောလိုက်သည် … “ညီငယ်ဝမ် … မင်းရဲ့ ပင်ကိုယ်စွမ်းရည်က သာမန်ပဲ ဖြစ်လို့ အဲ့တာက ကူညီနိုင်မှာ မဟုတ်ဘူး … ဒါပေမယ့် မင်းက ပင်မ တပည့်တစ်ယောက် ဖြစ်နေပြီမို့လို့ လုံ့လဝီရိယ ထားပြီး လေ့ကျင့်ရမယ် … မင်းရဲ့ကိုယ်မှာ အခုချိန်ထိ စိတ်စွမ်းအင် မရှိသေးတာကို ငါ မြင်နေရတယ် … မင်းက အခုထိ ကီစုစည်းခြင်း ပထမအလွှာကိုတောင် မရောက်သေးဘူး … ပင်မ တပည့်တွေထဲမှာ မင်း တစ်ယောက်ပဲ ကျန်ခဲ့မှာကိုတော့ စိုးရိမ်မိတယ် … ”

ဝမ်လင်းက မှင်သက်သွားပြီး ရှုံ့မဲ့နေသည့် မျက်နှာဖြင့် ပြုံးပြလိုက်သည် … “အစ်ကိုကျန်းရဲ့ ဆုံးမစကားတွေကို ငါ့ရဲ့ နှလုံးသားနဲ့ မှတ်သားထားပါ့မယ် … ကျင့်ကြံခြင်းမှာ ငါ့ရဲ့ လုံ့လကို နှစ်ဆမြှင့်ပြီး ကြိုးစားပါ့မယ် … “ ရုတ်တရက် ဝမ်လင်းက စကားကို ရပ်လိုက်ပြီး တခြား အကြောင်းအရာ တစ်ခုကို ပြောလိုက်သည် … “အစ်ကိုကျန်း … ဘာအကြောင်း ကိစ္စရှိလို့ ဒီကို လာတာလဲ … ”

အစ်ကိုကျန်းက ရယ်ပြီး ဖြေလိုက်သည် … “အဲ့တာက အရေးကြီးကိစ္စ မဟုတ်ပါဘူး … ပြင်ပတပည့်အလုပ်ရုံခေါင်းဆောင် ပျောက်သွားတယ်လေ … အဲ့နေ့က မင်းက အဲ့ဒီဘက်သွားတာကို တစ်ယောက်ယောက်က မြင်လိုက်တယ်တဲ့ … ဒါ့ကြောင့် ငါ မင်းကို အဲ့အကြောင်း မေးဖို့ လာခဲ့တာ … ”

ဝမ်လင်း၏ အမူအရာက ပုံမှန်အတိုင်း ရှိနေပြီး ရယ်မောကာ ပြောလိုက်သည် … “ဘာဖြစ်လဲဆိုတာ အရိပ်အမြွက်လေးတော့ ကျွန်တော် နားလည်လိုက်ပြီ … သာမန်ဆိုရင် ကျွန်တော် အလုပ်ရုံဘက်ကို သွားလေ့မရှိဘူး … လွန်ခဲ့တဲ့ လဝက်က ကျွန်တော် အဲ့ဘက်က ဖြတ်သွားတော့ ပြင်ပ တပည့်တစ်ယောက်က ကျွန်တော့်ရဲ့ နောက်ကြောင်းကို ပြောနေတာနဲ့ သူ့ကို သင်ခန်းစာ ပေးလိုက်တယ် … ဖြစ်နိုင်တာ သူက ကျွန်တော့်ကို ကြောက်လန့်ပြီး ဂိုဏ်းက ထွက်သွားတာထင်တယ် … ”

အစ်ကိုကျန်းက ခေါင်းကို ညိတ်လိုက်၏။ သူက ဝမ်လင်းကို ကြည့်လိုက်ပြီး ပြောသည် … “ဒီလို စက်ဆုပ်စရာကောင်းတဲ့ တပည့်တစ်ယောက်က အရေးမကြီးပါဘူး … ဒီနေ့ ငါ လာရတဲ့ အဓိက ရည်ရွယ်ချက်က အလုပ်ရုံ ခေါင်းဆောင်က ပြင်ပ တပည့်တစ်ယောက် မဖြစ်သင့်ဘူးလို့ အကြီးအကဲတွေက ဆုံးဖြတ်ချက် ချလိုက်တယ် … သူတို့က အဲ့နေရာကို ပင်မတပည့် တစ်ယောက်က တာဝန်ယူစေချင်တယ် … ဒါပေမယ့် ပင်မတပည့်တွေက အဲ့နေရာကို တစ်ယောက်မှ မသွားချင်ကြဘူး … သူတို့တွေအားလုံးက ကျင့်စဉ်ကျင့်ပြီး အလုပ်ရှုပ်နေကြတယ် … ”

ဝမ်လင်းက ရှုံ့မဲ့ကာ ပြုံးလိုက်၏ … “ကျွန်တော် နားလည်ပြီ … ဒီတာဝန် ထမ်းဆောင်ဖို့ ကျွန်တော့်ကို ရွေးလိုက်ကြတာမလား … ”

အစ်ကိုကျန်းက ပေါ့ပေါ့ပါးပါး ပြုံးကာ ပြောလိုက်သည် … “မင်းရဲ့ ပစ္စည်းတွေကို ထုတ်ပိုးပြီး ဒီနေ့ပဲ သွားလိုက်ပါ … အခု အလုပ်ရုံမှာ ပရမ်းပတာတွေ ဖြစ်နေပြီ … မင်း အဲ့ကိုသွားပြီး အစီအစဉ်တကျ ဖြစ်အောင် ပြန်လုပ်ရမယ် … “

သူက ဝမ်လင်းကို နှုတ်ဆက်ပြီး ခြေတစ်လှမ်း လှမ်းလိုက်ရာ သူ့ခြေထောက် အောက်တွင် ဓားတစ်ချောင်း ပေါ်လာသည်။ ဓားက သက်တံ့ရောင် လင်းလက်နေပြီး အစ်ကိုကျန်းက ထိုဓားကို စီးပြီး အဝေးသို့ ထွက်သွား၏။

ဝမ်လင်း၏ မျက်နှာတွင် အလိုမကျဟန်များ အထင်းသား ပေါ်လွင်လာသည်။ သူလည်း အဲ့နေရာကို မသွားချင်ပေ။ အဲ့နေရာက အလွန်ဆူညံပြီး သူ့လျှို့ဝှက်ချက် ပေါက်ကြားဖို့ အလွန် လွယ်ကူသည်။ အလုပ်တွေကို ခွဲဝေ နေရာချ ပေးရတာကြောင့် ကျင့်စဉ် ကျင့်ခြင်းကိုလည်း အနှောင့်အယှက် ဖြစ်စေလိမ့်မည် ဖြစ်၏။ ယခုတော့ သူ မသွားချင်လည်း မရတော့ချေ။ ဒေါသများနှင့် ပစ္စည်းများကို ထုတ်ပိုးပြီး အလုပ်ရုံသို့ ရောက်သွား၏။

အလုပ်ရုံကို ရောက်ပြီးနောက် သူ့နှလုံးသားထဲတွင် ဤနေရာ၌ အချိန် အကြာကြီး မနေနိုင်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။ သူက အလုပ်ရုံမှ ကိစ္စများကို ပရမ်းပတာဖြစ်အောင် လုပ်လိုက်လျှင် ပြင်ပတပည့်များက အကြီးအကဲများဆီ သွား၍ သူ့နေရာကို ပြောင်းပေးရန် တောင်းဆိုကြမည် ဖြစ်၏။

သူက ထိုအကြံကို စိတ်ထဲတွင် တွေးပြီး တပည့်လျို၏ အခန်းကို ရှင်းလင်းလိုက်သည်။ အိပ်ယာနှင့် စားပွဲ မှလွဲ၍ အသုံးမဝင်သည့် ပစ္စည်း အားလုံးကို အပြင်သို့ လွှင့်ပစ်လိုက်၏။

အခန်းကို ရှင်းလင်း နေစဉ်မှာပင် ပြင်ပ တပည့် အနည်းငယ် ရောက်ရှိလာသည်။ ဝမ်လင်းက အလုပ်တာဝန်များ ခွဲဝေပေးသည့် တာဝန်ကို ယူလိုက်သည်ဟု သူတို့ ကြားခဲ့ရသည်။ ထိုအကြောင်းကို ကြားတော့ တပည့် အများအပြားက ကြောက်လန့်သွားကြ၏။ ဝမ်လင်းကို လှောင်ပြောင် သရော်ခဲ့ကြသော သူတို့၏ မျက်နှာများက အခုချိန်တွင် ဖြူရော်နေကာ သူ့တို့ နှလုံးကလည်း တဒုန်းဒုန်း မြည်ဟီးနေသည်။

တချို့က ဝမ်လင်းကို ကူညီပြီး ရှင်းလင်း ပေးချင်ကြသော်လည်း ဝမ်လင်း၏ အကြည့် တစ်ချက်ကြောင့် သူတို့အားလုံး ခြံဝန်းထဲမှာပင် မတ်တတ်ရပ်နေကြရ၏။

အခန်းကို ရှင်းပြီးနောက် ဝမ်လင်းက ကုလားထိုင်ပေါ်သို့ သက်တောင့်သက်သာ ထိုင်ချလိုက်သည်။ ထို့နောက် အယောက် ၁၀၀ထက် မနည်းသည့် ပြင်ပတပည့်များကို အေးစက်စွာ ကြည်လိုက်၏။ ဟုန်ယွီဂိုဏ်းတွင် တပည့် အများအပြား ရှိသည်ကို သူသိသည်။ သူ့ရှေ့မှ တပည့်များက အနည်းငယ်သာ ရှိသေး၏။ နောက်နေ့ဆိုလျှင် သည်ထက်ပိုသော ပြင်ပတပည့်များက သူတို့အလုပ်နှင့် ပက်သတ်ပြီး သူ့ကို အစီရင်လာခံကြမည် ဖြစ်သည်။

“မင်းက မီးသစ်သား ပေါင်၅၀၀ ခုတ်ရမယ် … ” ဝမ်လင်းက တစ်ယောက်ကို လက်ညှိုးထိုးပြီး ပြောလိုက်၏။ ထိုတစ်ယောက်က သူ့ကို လှောင်ပြောင်ခဲ့ဖူးသည့် တစ်ယောက် ဖြစ်သည်။

တာဝန်ပေးတာ ခံလိုက်ရသည့်သူက မှင်တက်သွားကာ ငိုပြီး ပြောလိုက်သည် … “အစ်ကိုဝမ် … ငါ.. ငက မီးဖိုချောင်မှာ အလုပ်လုပ်တာလေ … သစ် ဘယ်လိုခုတ်ရမလဲ ငါ မသိဘူး … ”

ဝမ်လင်းက မျက်လုံးကို ပင့်ပြီး နှာခေါင်းရှုံ့လိုက်သည် … “အခု တစ်ရက်ကို ပေါင် ၁၀၀၀ ဖြစ်သွားပြီ … ”

ထိုလူငယ်က မြေပြင်ပေါ်တွင် ချက်ချင်း ဒူးထောက်လိုက်ပြီး စတင် ငိုကြွေးလိုက်၏ … “အစ်ကိုဝမ်က ကောင်းတဲ့ လူတစ်ယောက်ပါ … ကျွန်တော် အစ်ကို့ရဲ့ နောက်ကွယ်မှာ မလှောင်ပြောင်ခဲ့သင့်ပါဘူး … ဒီကိစ္စကို အာဃာတ မထားပါနဲ့နော် … ပေါင် ၁၀၀၀ ပြည့်အောင် ကျွန်တော် ခုတ်နိုင်မှာ မဟုတ်ဘူး … ပေါင်၅၀၀ပဲ ပြန်ထားပေးပါနော် … ”

ပတ်ဝန်းကျင်မှ တပည့်များက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ဝမ်လင်းက သူတို့ကို ခက်ခဲတာတွေ လုပ်ခိုင်းပြီး လက်စားချေတော့မည်ကို သိလိုက်ကြ၏။

ပြင်ပတပည့်များထဲမှ အနည်းငယ်က မကျေနပ်ကြောင်း စတင် အော်ပြောလိုက်သည် … “လူတိုင်းပဲ … သူ့စကားကို နားမထောင်ကြနဲ့ … တရားမျှတမှုအတွက် အကြီးအကဲကို သွားရှာကြမယ် … ဝမ်လင်းက ဗိုလ်ကျလွန်းတယ် … “

“မှန်တယ် … ငါတို့ အကြီးအကဲကို သွားရှာပြီး နောက်ထပ် ပြင်ပတပည့် တစ်ယောက်ကို ဒီနေရာ တာဝန်ယူဖို့ တောင်းဆိုရမယ် … ဒါကို သူတို့က လက်မခံရင် ငါတို့ ဒူးထောက်နေကြမယ် … လုံးဝ မထကြနဲ့ … ”

“မှန်တယ် … အားလုံးပဲ ဒီမှာ မနေကြနဲ့ … သွားကြမယ် … ဝမ်လင်းက အလွန် ယုတ်မာတယ် … ဂိုဏ်းထဲကိုဝင်တော့ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားပြီး ဝင်လာခဲ့တာကိုတောင် မေ့နေတယ် … မရှက်ဘူးလား မသိဘူး … ”

မကျေနပ်သော အသံများက တဖြည်းဖြည်း ကျယ်လောင်လာသည်။ မကြာမီ ထိုလူများအားလုံးက ခြံဝန်းထဲမှ ထွက်ခွာသွားကြ၏။ သူတို့က မကျေနပ်သော မျက်နှာများနှင့် ပင်မဝန်းဆီသို့ ဦးတည်နေသည်။ အားလုံး၏ ပါးစပ်မှလည်း အော်ပြီး သွားနေကြ၏ … “ဝမ်လင်းက ငါတို့ကို ဒီထက်ပိုပြီး အသက်မရှင် စေချင်တော့ဘူး … ”

ဝမ်လင်း၏ စိတ်ထဲတွင် သက်သာရာ ရသွားသည်။ သူက သူတို့ကို မတားသည့်အပြင် သူ့တို့ရည်ရွယ်ချက်ကိုပင် အောင်မြင်စေချင်နေသည်။ ဤနည်းလမ်းနှင့် ဆိုလျှင် အကြီးအကဲများ ရူးချင်သလို ဖြစ်လာပြီး သူ့နေရာကို တခြားတစ်ယောက် တာဝန် ယူခိုင်းလိုက်ပါက သူလည်း ကျင့်စဉ်ကျင့်ခြင်း အပေါ်တွင် အာရုံစိုက်နိုင်လိမ့်မည် ဖြစ်၏။

ခြံဝန်းထဲတွင် လူ၁၀ယောက်ခန့်သာ တုန့်ဆိုင်းရင်းဖြင့် ကျန်ရစ်နေခဲ့ကြသည်။ သူတို့လည်း ထွက်သွားချင်သည်။ သို့သော် ကျရှုံးခဲ့ပါက သူတို့သည် ထွက်မသွားသည့်အတွက် ဝမ်လင်းအပေါ် လေးစားမှုမရှိဘူး ဟု အထင်ခံရတော့မည် မဟုတ်ပေ။ ထိုအတွေးဖြင့် တုံ့ဆိုင်းကာ ကျန်ရစ်နေခြင်း ဖြစ်၏။

ဝမ်လင်းက အလျင်မလိုပေ။ သူက ပင်မဝန်းဆီမှ ရလဒ်ကို စောင့်နေလိုက်သည်။ အချိန်တစ်ခဏလောက် ကြာပြီးနောက် ထွက်သွားကြသည့် ပြင်ပတပည့်များ အားလုံး သုန်မှုန်နေသော မျက်နှာများဖြင့် ပြန်လာကြ၏။ သည်တစ်ကြိမ်တွင် အားလုံးက မအော်ပြောရဲကြတော့ချေ။ အားလုံး၏ မျက်ဝန်းထဲတွင် စိတ်ပျက်မှုများဖြင့် ပြည့်နေပြီး တိတ်ဆိတ်နေကြ၏။

ဝမ်လင်းက သူတို့ မျက်နှာအမူအရာကို ကြည့်ပြီး သူတို့ မအောင်မြင်ခဲ့ကြသည်ကို သိလိုက်သည်။ သူလည်း ရလဒ်အပေါ် စိတ်ပျက်သွား၏။ သူက ဒီထက်ပိုပြီး ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်ရမည့် သဘောတွင် ရှိသည်။

ထိုအကြောင်းကို တွေးလိုက်ပြီး သူက လူအားလုံးကို စစ်ကြည့်ကာ ပြောလိုက်၏ … “မင်းတို့အားလုံးက ငါ့ကို လှောင်ပြောင်သရော်ခဲ့ကြတယ် … ဒါ့ကြောင့် မင်းတို့ကို ဒီနေ့မှာ လက်စား ပြန်ချေတာပဲ … မင်းတို့ မကျေနပ်ရင် အကြီးအကဲတွေကို သွားရှာနိုင်တယ် … မင်းတို့က ငါ့နေရာကိုသာ ဖယ်ရှားနိုင်ရင် ငါက မင်းတို့ကို ကျေးဇူးတောင် တင်လိုက်ဦးမယ် … ”

တပည့်တစ်ယောက်က တောင်းပန်လိုက်သည် … “အစ်ကိုဝမ်က မြင့်မြတ်တဲ့ လူတစ်ယောက်ပါ … ကျေးဇူးပြု၍ ငါတို့ကို ခွင့်လွှတ်ပေးပါ … ”

“ဟုတ်ပါတယ် အစ်ကိုဝမ် ငါတို့က မျက်လုံးတွေ ကန်းခဲ့ကြတာပါ … ကျေးဇူးပြုပြီး ငါတို့ကို ခွင့်လွှတ်ပေးပါ … ငါတို့က အစ်ကိုဝမ်ကို အလိုလိုက် အကြိုက်ဆောင်ပါ့မယ် … ”

“အစ်ကိုဝမ် … သူတို့အားလုံးက အစ်ကို့ကို လှောင်ပြောင်ခဲ့ကြတယ် … ဒါပေမယ် ငါကတော့ ဘယ်တုန်းကမှ မလှောင်ခဲ့ဘူး … ငါက အစ်ကိုဝမ်ဘက်ကတောင် ကူပြောပေးခဲ့တယ် … ငါ … ”

***

Comment

Leave a Reply

Options

not work with dark mode
Reset