Switch Mode

အခန်း (၂၇)

အလည်လာခြင်း

ဝမ်လင်းက အဝေးသို့ ရောက်နေပြီ ဖြစ်သည့် ကျန်းဟူ၏ ပုံရိပ်လေးကို ရပ်ကြည့်နေတုန်းပင် ဖြစ်သည်။ အချိန် အနည်းငယ် ကြာပြီး နောက်တွင် ဝမ်လင်းက အဝါရောင် စာရွက်လေးကို လက်ထဲတွင် ကိုင်ထားရင်း သက်ပြင်းချလိုက်၏။ ဟုန်ယွီဂိုဏ်းထဲသို့ ဝင်လာပြီးနောက် ကျန်းဟူက သူ၏ပထမဆုံး သူငယ်ချင်း ဖြစ်သည်။

“ဒီအင်မော်တယ် အဆောင်က ဒီဒုက္ခတွေကို ဖြစ်စေခဲ့တာလား … “ ဝမ်လင်းက အဆောင်စာရွက်ကို စူးစိုက် ကြည့်နေမိသည်။ ရုတ်တရက် အဝါရောင် စာရွက်လေးက အိမ်ပြန်လျင်ရသည့် အဆောင်စာရွက်နှင့် ကွဲပြားနေကြောင်း သတိပြုမိလိုက်၏။ ဤစာရွက်တွင် ပါဝင်သည့် စိတ်စွမ်းအင် ပမာဏက ယခင် စာရွက်များထက် ပို၍ အများအပြား ပါဝင်နေသည်။ ဤအဆောင် စာရွက်လေးမှ အန္တာရာယ်တစ်ခု လာနေသလိုပင် ခံစားနေရ၏။ ထို့ကြောင့် ဝမ်လင်း အလွန် အံ့အားသင့်သွားသည်။ ဤ အဆောင်စာရွက်ကို သူ မသိသော်လည်း ရတနာတစ်ခု ဖြစ်သည် ကိုတော့ အသေအချာ သိလိုက်ပြီ ဖြစ်သည်။

ဝမ်လင်းသည် အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် အဆောင်စာရွက်ကို သိမ်းဆည်းလိုက်ပြီး အလောင်းကောင်ကြီးကို ကြည့်ကာ သက်ပြင်းချလိုက်၏။ အလောင်းကောင်ကိုသာ ဒီအတိုင်း ထားလိုက်လျှင် ကျန်းဟူ၏ အမြန်နှုန်း မည်မျှပင် မြန်စေကာမူ ဂိုဏ်းမှ လွတ်မြောက်ရန် မဖြစ်နိုင်ချေ။

ကံကောင်းစွာဖြင့်ပင် သိုလှောင်အိတ်က အလောင်းကောင် ထည့်ရန် နေရာ လုံလောက်နေ၏။ ဝမ်လင်းက အခန်းကို စနစ်တကျ ပြန်စီလိုက်ပြီး သွေးများကိုလည်း ရှင်းလင်း ပစ်လိုက်သည်။ သူက တောင်တွေဆီသို့ တိတ်တဆိတ် သွားပြီး အလောင်းကို စွန့်ပစ်လိုက်၏။ ထို့နောက် သူ့အခန်းဆီသို့ ဂရုတစိုက် ပြန်လာခဲ့သည်။

သူက ဖြစ်ပျက်ခဲ့သမျှကို ပြန်တွေးပြီးနောက် ကျန်းဟူအကြောင်းကို ထပ်မတွေးရန် ဆုံးဖြတ်လိုက်ပြီး အဝါရောင် အဆောင်လက်ဖွဲ့ကို လေ့လာကြည့်ရန် ထုတ်ယူလိုက်၏။

ကြည့်လိုက်လျှင် တပည့်များ အိမ်ပြန်သည့်အခါ ရသည့် အဆောင် လက်ဖွဲ့များနှင့် တူသော်လည်း သေသေချာချာ ကြည့်လိုက်လျှင် စာရွက်ပေါ်က စာလုံးများက ပိုပြီး သာလွန် ကောင်းမွန်သည်ကို သိနိုင်သည်။

ဝမ်လင်းက အဆောင်ကို ကိုင်ထားပြီး အနည်းငယ် စဉ်းစားနေသည်။ သူက သည်အဆောင် လက်ဖွဲ့၏ အသုံးဝင်ပုံကို အတိအကျ မသိပေ။ ရေငွေ့ရည်များကြောင့် သေမလို ဖြစ်သွားပြီးနောက် သူက အင်မော်တယ် ပစ္စည်းများနှင့် ပက်သတ်လာလျှင် ဂရုမစိုက်ဘဲ မနေတော့ဟု ဆုံးဖြတ်ချက် ချထား၏။

အဆောင်လက်ဖွဲ့မှ ခံစားမိသည့် အန္တရာယ် အရိပ်အမြွက်ကြောင့် သူ့ကို ပိုပြီး သတိထားစေသည်။ အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် သူ့က အဆောင် လက်ဖွဲ့ကို သိမ်းလိုက်ပြီး နောက်မှ လေ့လာရန် ဆုံးဖြတ်လိုက်၏။

ထို့နောက် သူက မှော်ကျောက်တုံးကို ထုတ်ယူလိုက်ပြီး အိပ်မက် နယ်မြေထဲသို့ ဝင်လိုက်သည်။

သည်တစ်ကြိမ်တွင်တော့ ကျင့်စဉ် တစ်ခုတည်းကိုပဲ အာရုံ စိုက်မနေတော့ဘဲ ဆွဲငင်အား ပညာရပ်ကိုလည်း လေ့လာနေလိုက်၏။

ဆွဲငင်အား ပညာရပ်ကို အစ်ကိုလျို အပေါ်တွင် အသုံးပြုပြီးနောက် ဆွဲငင်အား ပညာရပ်က အလွန် အသုံးဝင်သည်ဟု ခံစားလာရသည်။ ထို့ကြောင့် ဤကျင့်စဉ်ကို လေ့ကျင့်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

သူက ပထမဆုံး ဘူးသီးခြောက်ကို ပစ်မှတ်အဖြစ် ထားကာ လေ့ကျင့်လိုက်သည်။ သူက ဆွဲငင်အား ပညာရပ်ဖြင့် ဘူးသီးခြောက်ကို ဆွဲယူရန် ကြိုးစားနေ၏။ အကြိမ်ပေါင်း များစွာ ကြိုးစားပြီးနောက် နောက်ဆုံး၌ အောင်မြင် သွားလေသည်။ ထို့နောက် သူက ဆွဲငင်အား ပညာရပ် အသုံးပြုနေခြင်းကို ချက်ချင်းရပ်တန့်ကာ အစမှ ပြန်လေ့ကျင့်လိုက်သည်။

ဝမ်လင်း၏ အတွေးက အလွန် ရိုးရှင်းလှသည်။ ဆွဲငင်အား ပညာရပ်ကို လွတ်လွတ်လပ်လပ် သုံးချင်သည့်အချိန် ထုတ်သုံးနိုင်အောင် လေ့ကျင့်နေခြင်း ဖြစ်၏။ ၁၀ကြိမ်သုံးလျှင် ၁၀ကြိမ်လုံး အောင်မြင်ရမည် ဖြစ်သည်။

သူက အနည်းငယ် တွက်ချက်လိုက်သည်။ ယခုအချိန်တွင် သူသည် ၁၀ကြိမ်တွင် ၃ကြိမ်ခန့် အောင်မြင်နေပြီ ဖြစ်၏။ ၄ကြိမ်မြောက် အောင်မြင်မှုကတော့ ဝေးကွာနေဆဲ ဖြစ်သည်။

အိပ်မက် နယ်မြေထဲမှ အချိန်တွေက ကုန်ဆုံးပြီးရင်း ကုန်ဆုံးလာ၏။ နာကျင်သော ခံစားမှုက ပေါ်လာပြီး အိပ်မက် နယ်မြေထဲမှ အပြင်လောက ဆီသို့ ပြန်လည် ရောက်ရှိလာသည်။ သူက ပြန်ရောက်ရောက်ချင်း အချိန်မဖြုန်းတော့ဘဲ စမ်းရေကို သောက်လိုက်ပြီး စတင် ကျင့်ကြံလိုက်၏။ ခန္ဓာကိုယ်ထဲတွင် စိတ်စွမ်းအင်များ လုံလုံလောက်လောက် စုပ်ယူသွားပြီးနောက် ကီစုစည်းခြင်း၏ အဆင့်၃ဆင့်စာအုပ်မှ အကြောင်းအရာများက သူ့ခေါင်းထဲတွင် ပေါ်လာသည်။

ကီစုစည်းခြင်း အဆင့် ၃ ဆင့်အတွက် နည်းဥပဒေသများ အပြင် အလွန် အရေးပါသော လင်္ကာ၂ခုလည်း ပါဝင်သည်။

ထိုလင်္ကာနှစ်ခုက ကီစုစည်းခြင်း အဆင့်၏ အနှစ်သာရများ ဖြစ်၏။ ကီစုစည်းခြင်းတွင် အဆင့်၁၅ဆင့် ပါရှိပြီး ပထမအလွှာမှ လွဲ၍ ကျန်၁၄လွှာတွင် နောက်တစ်ဆင့်ကို ရောက်ရန် အတွက် လင်္ကာတစ်ခု လိုအပ်သည်။

ဥပမာ ပေးရလျှင် တစ်စုံတစ်ယောက်က ပထမအလွှာကို အောင်မြင်ပြီးနောက် သူက ဒုတိယအလွှာ၏ ကျင့်စဉ်များကို အောင်မြင်သွားလျှင်တောင်မှ ဒုတိယအလွှာ၏ လင်္ကာကို မအောင်မြင်သေးလျှင် ပထမအလွှာ၌သာ ရှိနေမည် ဖြစ်သည်။

ဝမ်လင်းက လင်္ကာကို သူ့စိတ်ထဲတွင် ရေရွတ်လိုက်သည်။ သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များက ပြောင်းလဲရန် စတင်နေလေပြီ။ ပထမ၌ ပြောင်းလဲမှုက သေးငယ်သော်လည်း သူ့ကိုယ်ထဲတွင် ပွက်ပွက်ဆူနေသော ရေများ စီးဆင်းသွားသကဲ့သို့ ခံစားရ၏။

သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များက မလုံလောက်သောကြောင့် စိတ်စွမ်းအင်က တစ်ခါတရံ ခန္ဓာကိုယ် အနှံ့အပြားသို့ ပျံ့နှံ့သွားသည့်အတွက် သူ့ကို နာကျင်မှု၊ ထုံကျင်မှု၊ ယားယံစေမှုများ ခံစားရစေသည်။ သူ့တစ်ကိုယ်လုံးတွင် အပေါက်များ အပြည့် ဖြစ်နေသည် ဟုလည်း စိတ်ကို လှည့်စား ခံနေရသည်။ ထိုအရာ အားလုံးက စိတ်စွမ်းအင်များကြောင့် ဖြစ်လာခြင်း ဖြစ်၏။

ဤအချင်းအရာက ကီစုစည်းခြင်း အဆင့်၃ဆင့်တွင် သိသာ ထင်ရှားလှသော အချက်တစ်ချက် ဖြစ်သည်။ အလွှာ တစ်ခုချင်းစီတိုင်း အတွက် လင်္ကာက အမြဲတမ်း အောင်မြင်လိမ့်မည် မဟုတ်ပေ။

ပင်ကိုယ်ပါရမီ၊ စိတ်စွမ်းအင်၊ လင်္ကာ အားလုံးက ကျင့်ကြံခြင်းတွင် အလွန်အရေးပါသော အရာများ ဖြစ်၏။ တချို့လူတွေက တစ်ကြိမ်တည်းနှင့် အောင်မြင်ကြသည်။ တချို့ကတော့ ၁၀ကြိမ်၊ အကြိမ်၁၀၀မှ အောင်မြင်ကြ၏။

အချိန် အတော်ကြာပြီးနောက် သူ့ကိုယ်ထဲမှ ခံစားမှုများက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ဝမ်လင်း၏ တစ်ကိုယ်လုံးတွင် ချွေးများ စိုရွှဲနေ၏။ သူ့ကိုယ်ထဲမှ စိတ်စွမ်းအင် အားလုံးက ပျောက်ကွယ်သွားသော်လည်း ထိုစိတ်စွမ်းအင် ပျောက်ကွယ်သွားမှုက ခဏသာဖြစ်သည်ဟု စာအုပ်ထဲတွင် ဖော်ပြထားသည်။ ထို့ကြောင့် စိတ်စွမ်းအင် ပျောက်ကွယ်သွားမှုကို စိတ်မပူမိချေ။

ဝမ်လင်းက ဒုတိယအလွှာကို ချိုးဖြတ်ရာတွင် ကျရှုံးခဲ့သည်။ သို့သော်လည်း ဝမ်လင်းက စိတ်ဓာတ် မကျသွားပေ။ သည်တစ်ကြိမ်က စမ်းသပ်ကြည့်ခြင်း ဖြစ်၏။ သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်က ဒုတိယအလွှာကို ချိုးဖျက်ရန် လုံလောက်မှု မရှိသေးချေ။

ဝမ်လင်းက ကီစုစည်းခြင်း ပထမအလွှာကို ရောက်ရှိပြီးနောက် နောက်တစ်ဆင့်ကို အမြန် မလေ့ကျင့်ခဲ့ပေ။ သူ့တွင် စိတ်စွမ်းအင်များ ပြည့်နေသော စမ်းရေများလည်း ရှိနေသေးသည်။ ထို့ကြောင့် ပထမအလွှာ၏ ကန့်သတ်ချက်ကို ရောက်သည်အထိ လေ့ကျင့်နိုင်သည်။ ပထမအလွှာ၏ ကန့်သတ်ချက်ကို ရောက်လျှင် ဒုတိယအလွှာကို ချိုးဖျက်ရန် အခွင့်အရေးပိုများသွားပေလိမ့်မည်။

ယခုတွင်မူ ထိုအစီအစဉ်အတိုင်း ဝမ်လင်းက ‌နေ့ရော ညပါ လေ့ကျင့်နေတော့၏။ သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များကလည်း တဖြည်းဖြည်း ပိုမို များပြားလာသည်။ ဆွဲငင်အား ပညာရပ်အပေါ် သူ၏ ကျွမ်းကျင်မှုကလည်း တိုးတက်လာသည်။

သူက ဒုတိယအလွှာ အတွက် လင်္ကာကို အောင်မြင်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း အရှုံးနှင့်သာ အဆုံးသတ်ခဲ့ရ၏။

အိပ်မက် နယ်မြေထဲတွင် သုံးလ ကုန်ဆုံးသွားခဲ့ပေမယ့် တကယ် လက်တွေ့တွင်မူ လဝက်ခန့်သာ ကုန်ဆုံးသေး၏။ ယနေ့တွင် ဝမ်လင်းက အိပ်မက် နယ်မြေထဲသို့ ဝင်ရောက်ရန် စောင့်ဆိုင်းနေရင်း ကျင့်စဉ် ကျင့်နေသည်။ အချိန်က မနက်စောစောပင် ရှိသေး၏။ သူက ဒုတိယအလွှာကို ချိုးဖျက်နိုင်ရန် ထပ်မံ ကြိုးစားလိုက်သည်။

သူ ဘယ်နှကြိမ် ကျရှုံးခဲ့ပြီလဲဆိုတာကိုတောင်မှ မမှတ်မိတော့ချေ။ ကြိုးစားခဲ့သည့် အကြိမ်တိုင်း မအောင်မြင်ခဲ့ပေ။ အကြိမ်တိုင်းတွင် ခြေကုန်လက်ပန်း ကျသွားပြီး သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များ အားလုံး ကုန်ဆုံးသွားခြင်းဖြင့်သာ အဆုံးသတ်ခဲ့ရသည်။

နှစ်နာရီခန့် ကြာသွားပြီးနောက် သူ့ခေါင်းကို မော့လိုက်သည်။ သူ့ခန္ဓာကိုယ်က ခြေကုန်လက်ပန်း ကျလောက်အောင် ပင်ပန်းနေပြီး သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များလည်း ကုန်ဆုံးသွား၏။ သူက ရှုံ့မဲ့နေသော အပြုံး နှင့်အတူ သူ့ကိုယ်သူ ရေရွတ်လိုက်သည် … “ကျရှုံးသွားပြန်ပြီ … ဒုတိယအလွှာကို ရောက်ဖို့က ခက်လိုက်တာ …”

ရုတ်တရက် သူ့မျက်လုံးများက တံခါးဆီသို့ ရောက်သွား၏။

အေးစက်သော အသံတစ်ခုက တံခါးကို ဖြတ်သန်းကာ အထဲသို့ ဝင်ရောက်လာသည် … “ဂျူနီယာ ညီလေးဝမ် … ငါ့ကို အပြင်ထွက်တွေ့ပါဦး … ”

ထိုအသံကို ဝမ်လင်း အလွန် ရင်းနှီးနေသည်။ သူက ထလိုက်ပြီး တံခါးကို ဖွင့်လိုက်ရာ အပြင်ဘက်တွင် အသက်၂၇၊ ၂၈အရွယ်ရှိ အနက်ရောင် ဝတ်စုံနှင့် လူငယ်တစ်ယောက် မတ်တတ်ရပ်‌နေ၏။

‘အနက်ရောင် ဝတ်စုံလား … ‘ ဝမ်လင်း ရင်ထဲ တင်းကြပ်သွားသည်။ ထိုလူငယ်က သူရယ်၊ ဝမ်ဟိုရယ်၊ ဝမ်ကျောက်ရယ် သူတို့ ၃ယောက်ကို လာခေါ်သည့် လူငယ်ဖြစ်ကြောင်း မှတ်မိလိုက်၏။ ထို့အတူ ထိုလူငယ်ကပင် သူ့ကို ရှာရန် ချောက်ကမ်းပါး၌ သူ့အဖေကို ခေါ်လာပေးခဲ့သူ ဖြစ်သည်။

ထိုစဉ် အချိန်က သူ့ရှေ့မှ လူငယ်သည် အဖြူရောင်ဝတ်စုံဝတ် တပည့်တစ်ယောက် ဖြစ်၏။ တိုတောင်းလှသည့် လအနည်းငယ် အတွင်း၌ပင် အနက်ရောင်ဝတ် တပည့်တစ်ယောက် ဖြစ်သွားသည်။ ရုတ်တရက် တောင်ခြေ၌ သူတို့အား စမ်းသပ်သည့်နေ့ကို မှတ်မိလိုက်၏။ ဝမ်ဟိုကို ဆေးအကူလုပ်ခိုင်းသည့် လူကြီးက ထိုလူငယ်ကို ‘မင်းက ကျင့်စဉ်မှာ အလွန် အရေးကြီးတဲ့ နေရာကို ရောက်နေပြီမလား’ ဟု မေးလိုက်ပြီး လူငယ်ကို စိတ်အနှောင့်အယှက် မဖြစ်စေရန် စစ်ဆေးသူ နေရာကို ထိုလူကြီးက လွှဲပြောင်း ယူလိုက်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset