Switch Mode

အခန်း (၂၅)

ကီစုစည်းခြင်း

အချိန်တွေက တဖြည်းဖြည်း ကုန်ဆုံးလာသည်။ လွန်ခဲ့သော ၂ လလုံးလုံး ဝမ်လင်းက အိပ်မက်နယ်မြေထဲ၌ လေ့ကျင့်ခဲ့သည်။ သူသည် မှော်ကျောက်တုံး၏ စွမ်းရည်များ အားလုံးကိုလည်း လေ့လာခဲ့၏။

အိပ်မက် နယ်မြေထဲသို့ တစ်ရက်ကို ၃ ကြိမ်ဝင်နိုင်ပြီး တစ်ကြိမ်စီတွင် နာရီ ၅၀ ကြာသည့်အတွက် ၆ ရက်ခန့် လေ့ကျင့်နိုင်သည်ဟု ပြော၍ရသည်။

အိပ်မက်နယ်မြေထဲ၌ ၁ နှစ် ကုန်ဆုံး သွားခဲ့သော်လည်း အပြင်ကမ္ဘာတွင်မူ ၂လသာ ကုန်ဆုံးသေး၏။

ယခင်က ကျင့်ကြံခြင်းက ပျင်းစရာ ကောင်းသည်ဟု မခံစားခဲ့ ရသော်လည်း ယခုတွင်မူ ခံစားနေရလေသည်။ စိတ်စွမ်းအင် ပြည့်ဝနေသည့် ရေများကြောင့် ဝမ်လင်းက စားရန် မလိုအပ်ပေ။ သူ့တွင် နေ့တိုင်း ကျင့်ကြံခြင်းဖြင့်သာ အချိန်ကုန်နေရ၏။

သူက သုံးဆင့်ရှိုက် အသက်ရှူနည်း စနစ်ကို ထပ်ကာထပ်ကာ လေ့ကျင့်ပြီး သူ့ကိုယ်ထဲသို့ စိတ်စွမ်းအင်များကို စုစည်းစေသည်။ သူ့မိဘများ၏ မျှော်လင့်ချက်ကြောင့်သာ မဟုတ်လျှင် သည်ငြီးငွေ့ဖွယ် ကောင်းသည့် ကျင့်ကြံခြင်း၌ သည်အခြေအနေထိ လျှောက်လှမ်း နိုင်လိမ့်မည် မဟုတ်ပေ။

အထူးသဖြင့် ဝမ်ကျောက်က ၃ လတည်းနှင့် ကီစုစည်းခြင်း ပထမအလွှာကို ရောက်သွားသည့် အကြောင်းကို တွေးမိလျှင် သူ့ရင်ထဲ အားမလိုအားမရ ဖြစ်မိသည်။ သူသည် အခန်းထဲမှ မထွက်ဘဲ ကျင့်ကြံခြင်း၌သာ သူ့ကိုယ်သူ မြုပ်နှံထား၏။

ဝမ်လင်းက ဟုန်ယွီဂိုဏ်း၏ ဟာသတစ်ခု ဖြစ်သည်။ တပည့်အများစုက သူ့ကို လှောင်ပြောင် ကြသော်လည်း သူ့အပေါ် အာရုံစိုက်သူ မရှိပေ။

စွန်းတဇူးကလည်း ဝမ်လင်းအကြောင်းကို မေ့လုနီးပါး ဖြစ်နေလေပြီ။ သူက ဝမ်လင်း အကြောင်းကို တွေးမိတိုင်း ဒေါသခြောင်းခြောင်း ထွက်သဖြင့် ဝမ်လင်းကို ခေါင်းထဲကသာ ထုတ်ထားလိုက်သည်။

ထို့ကြောင့် ဝမ်လင်းက ယခင်လ ၂လလုံးလုံး အေးအေးဆေးဆေး အိပ်မက်နယ်မြေထဲ၌ လေကျင့်နိုင်ခဲ့လေသည်။ ဘယ်သူမှလည်း မှော်ကျောက်တုံး အကြောင်းကို မသိကြချေ။

လွန်ခဲ့သည် ၂ လလုံးတွင် စိတ်စွမ်းအင်ရေများ မည်မျှသောက်သုံးခဲ့ပြီ ဆိုတာကို ဝမ်လင်း မတွက်နိုင်ပေ။ သူ့ကိုယ်တွင် စိတ်စွမ်းအင် ပြတ်လပ်သည်ဟု ခံစားရတိုင်း သောက်သုံး နေခြင်းကြောင့် ဖြစ်၏။

စွန်းတဇူးသာ ဒီအကြောင်းကို သိပါက သူ့နှလုံးသားတစ်ခုလုံး နာကျင်မှုများဖြင့်သာ ပြည့်သွားပေလိမ့်မည်။ ဝမ်လင်းကို တစ်ချက်တည်းနှင့် တောင်မှ ရိုက်သတ်ချင် သတ်လိမ့်မည် ဖြစ်သည်။ ကျောင်းနိုင်ငံ တစ်ခုလုံးတွင် ဝမ်လင်းကဲ့သို့ စိတ်စွမ်းအင်များ ပြည့်ဝနေသည့် စမ်းရေဖြင့် နေ့တိုင်းသောက်ကာ လေ့ကျင့်နိုင်သူ မရှိချေ။ ဂိုဏ်းမှ မွန်းစတားအိုကြီး များသာလျှင် ထိုကဲ့သို့ အခွင့်အရေး ရှိ၏။ သူတို့က ဝမ်လင်းကဲ့သို့ စိတ်စွမ်းအင်ကို အသုံးပြုနိုင်ရန် စိတ်စွမ်းအင်များ အလျံပယ် ရှိနေသည့် တောင်တစ်တောင်လုံးကို သိမ်းယူရမည် ဖြစ်၏။

စိတ်စွမ်းအင်က ကျင့်ကြံသူတိုင်း၏ နှလုံးသားထဲတွင် အရေးကြီးသော နေရာတစ်ခု ရထားသည်။ ကျောင်းနိုင်ငံ တစ်ခုလုံးတွင် စိတ်စွမ်းအင် အလျှံပယ်ရှိသည့် နေရာများ သိပ်မရှိသော်လည်း ဂိုဏ်းအနည်းငယ် အတွက်တော့ လုံလုံလောက်လောက် ရှိပေသည်။ တခြား ကျင့်ကြံသူများသာ ဝမ်လင်း စိတ်စွမ်းအင်များ အသုံးပြုပုံကို သိသွားပါက သူတို့၏နှလုံးသားများ သေလောက်အောင် တစစ်စစ်နှင့် နာကျင်ခံစားရမည် ဖြစ်၏။

ဝမ်လင်း၏ စိတ်စွမ်းအင်ကို အင်မော်တယ် ဆေးလုံးများတွင် အသုံးပြုပါက အောင်မြင်နှုန်း မြင့်သွားပေလိမ့်မည်။ စိတ်စွမ်းအင်များ အသုံးပြုထားသည့် ဆေးလုံးများသည် ယခင် ဆေးလုံးများနှင့် ယှဉ်လိုက်လျှင် ဆေးစွမ်းက ပိုမို ကောင်းလာပေလိမ့်မည်။ စိတ်စွမ်းအင် အနည်းငယ်ပိုသွားရုံနှင့်ပင် အားလုံးကို အံ့ဩသွားအောင် ဆောင်ရွက်နိုင်သည်။

မှော်ကျောက်တုံး၏ အကူအညီနှင့်အတူ ဝမ်လင်းကိုယ်ထဲတွင် ရှိသော စိတ်စွမ်းအင် အရည်အသွေးကလည်း ပို၍ပို၍ တိုးတက်လာခဲ့သည်။

ယနေ့တွင်လည်း ဝမ်လင်းက အိပ်မက် နယ်မြေထဲ၌ ကျင့်ကြံနေပြီး သူ့ကိုယ်ထဲတွင် စိတ်စွမ်းအင်များ စီးဆင်းနေသည် ကိုလည်း ရှင်းလင်းပြတ်သားစွာ ခံစားသိရှိနေ၏။ အသက်ရှူလိုက်တိုင်း သူ့နှာခေါင်းမှ အဖြူရောင် နဂါးနှစ်ကောင်က ထွက်ပေါ်နေသည်။

သူ၏ကိုယ်ခန္ဓာ အနှံ့အပြားတွင် ပုရွက်ဆိတ်များ သွားနေသလိုမျိုး ခံစားနေရကာ တစ်ကိုယ်လုံးရှိ ချွေးပေါက်များမှ အနံ့ဆိုးသော အမည်းရောင် အရည်များ ထွက်လာသည်။

သိပ်မကြာခင်များပင် ထိုအမည်းရောင် အရည်များကို သူ့အဝတ်အစားများက စုပ်ယူသွား၏။ ဝမ်လင်းက ထိုကိစ္စများကို ဂရုမစိုက်ချေ။ ယခုအချိန်တွင် သူက ဝမ်းမြောက်ဖွယ် ကောင်းသော အခြေအနေ တစ်ခုတွင် ရောက်ရှိနေသည်။ သူ့ခန္ဓာကိုယ်ကို စိတ်စွမ်းအင်များက တဖြည်းဖြည်း ပြောင်းလဲ ပေးနေသည်ကို မြင်လိုက်ရသည်။

အချိန်တော်တော် ကြာပြီးနောက်တွင် ဝမ်လင်း မျက်လုံးကို ဖွင့်လိုက်သည်။ သူ့မျက်လုံးထဲတွင် ယခင်က လုံးဝ မရှိဖူးသည့် အလင်းရောင် တစ်ခု ရှိနေသည်။

သူ့စိတ်က ကြည်လင်နေပြီး သူ့နှလုံးသားကလည်း လှိုင်းထခြင်း မရှိသည့် ရေကဲ့သို့ တည်ငြိမ်နေသည်။ သူ့ငယ်ဘဝ အကြောင်းက သူ့စိတ်ထဲတွင် ပေါ်လာ၏။ သူ စကားသင်ကာစ အရွယ်တွင် သူ့အဖေက သူ့ကို ချစ်မြတ်နိုးသည့် အကြည့်နှင့် ကြည့်နေပုံ၊ ညတိုင်း သူစာ လေ့လာနိုင်အောင် သူ့အမေက ကူညီပေးပုံ၊ ဟုန်ယွီဂိုဏ်းထဲ ဝင်ရောက်ချိန်တွင် သူ့မိဘများက မျှော်လင့်ချက် မျက်လုံးများဖြင့် ကြည့်နေပုံ၊ ဆွေမျိုးများ၏ သရော်နေသည့် မျက်နှာများ၊ ရွာသူရွာသားများ၏ လေးစားအားကျသည့် အကြည့်များ အားလုံးကို သူက ထူးဆန်းနေသကဲ့သို့ တည်ငြိမ်စွာပင် ကြည့်နေခဲ့သည်။

အားလုံး ပြီးဆုံး သွားပြီးနောက် သူက အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ့နှလုံးသားက နာကျင်မှုကို ခံစားနေရ၏။ သူက ကီစုစည်းခြင်း ပထမအလွှာကို ရောက်ရှိပြီးနောက် သူ၏ အသိအမြင်များအတွက် အရိပ်အမြွက် တစ်ခု ရရှိလိုက်၏။

ကီစုစည်ခြင်း အဆင့် ပထမ၃လွှာတွင် ပထမအလွှာက ဂိတ်ပေါက်တစ်ခု ဖြစ်သည်။ ပထမအလွှာကို ရောက်ရှိမှသာလျှင် ကျင့်ကြံသူ အဆင့်အတန်းထဲ ဝင်ရောက်သွားခြင်း ဖြစ်၏။ ထို့နောက် ကျင့်ကြံသူ ကိုယ်တိုင်က လောကီ ကိစ္စရပ်များကို ဖြတ်တောက် ပစ်ရပေလိမ့်မည်။

လူတိုင်းက ပထမအလွှာကို ဝင်ရောက်သည့် အခါ အတွေ့အကြုံများ ရရှိကြလိမ့်မည်။ သည်ကိစ္စကို တခြားသူများ မည်သို့ ကိုင်တွယ်‌ ဖြေရှင်းကြသည်ကို သူ မသိချေ။ သို့သော်လည်း သူကတော့ မိဘများ၏ အချစ်မှလွဲ၍ အားလုံးကို ဖြတ်တောက် ပစ်နိုင်သည်။

ဝမ်လင်းက ပင့်သက်ရှိုက် လိုက်ပြီး အင်္ကျီကို ဖုန်ခါလိုက်ကာ မတ်တတ်ရပ်လိုက်၏။

အိပ်မက်နယ်မြေက အနည်းငယ် ထူးခြားနေသလို ခံစားနေရသောကြောင့် ဝမ်လင်းက သူ၏တောက်ပသော မျက်လုံးတစ်စုံနှင့် ဘေးဘယ်ညာ ကြည့်ရှုလိုက်သည်။ ယခင်က တောက်ပနေသည့် အလင်းရောင်လေးများကို ဘာမှ ရေရေရာရာ မသိခဲ့ရချေ။ ယခုအချိန်တွင်မူ ထိုအလင်းရောင် လေးများထဲ၌ စိတ်စွမ်းအင်များ လှုပ်ရှားနေသည်ကို ခံစားသိရှိနိုင် သွားလေပြီ။ ထိုအထဲမှ လှုပ်ရှားမှုများကို တိတိကျကျ မမြင်နိုင်သော်လည်း ယခင်နှင့် ယှဉ်လိုက်လျှင် ယခုမှ မျက်စိမြင်ရသည့် မျက်မမြင် တစ်ယောက်ကဲ့သို့ပင် ဖြစ်၏။

ထိုအချိန်မှာပင် နာကျင်သော ခံစားမှုက ထွက်ပေါ်လာပြန်သည်။ ယခု တစ်ချိန်တွင်မူ နာကျင်မှုက အများကြီး လျော့နည်း သွားပြီး ချွေးများလည်း မထွက်တော့ချေ။

ဝမ်လင်းက သူ့မျက်လုံးကို ဖွင့်လိုက်သည်။ ထို့နောက် သူက အိပ်ရာပေါ်တွင် ထိုင်လိုက်ပြီး ခဏလောက် တွေးကာ ချက်ချင်း ဘူးသီးခြောက်ကို ဖွင့်ကြည့်လိုက်၏။ အထဲ၌ စမ်းရေများထဲတွင် ရှိနေသည့် စိတ်စွမ်းအင်များကို မြင်တွေ့လိုက်ရသည်။

သူ့မျက်နှာတွင် အပြုံးပန်း တစ်ပွင့် ပွင့်လာသည်။ ကီစုစည်းခြင်းအဆင့် ပထမအလွှာကို ရောက်ပြီးနောက်ပိုင်း ကောင်းကင်နှင့်မြေကြီးမှ စိတ်စွမ်းအင်များကို ခံစားနိုင်လာလေပြီ။ သူက အသက်ပြင်းပြင်း ရှူလိုက်ရာ သူ့ကိုယ်က စေးကပ်နေသည်ကို ရုတ်တရက် သတိရသွားပြီး ရယ်မောလိုက်၏။ သူက ပထမအလွှာကို ‌ရောက်သွားသည့် အတွက် သူ့ကိုယ်မှ အညစ်အကြေးများကို စွန့်ထုတ်လိုက်ခြင်း ဖြစ်သည်။ ဤအရာက ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်တွင် လိုအပ်သော အဆင့်တစ်ခု ဖြစ်၏။

ဝမ်လင်းက သူ့အခန်းတံခါးကို ဖွင့်လိုက်သည်။ အပြင်ဘက်တွင် မွန်းလွဲပိုင်း အချိန်သို့ပင် ရောက်နေလေပြီ။ သူ့ခြေလှမ်းများက အလွန် လျင်မြန်နေကာ အရှေ့ဂိတ်ကို ဖြတ်ကျော်သွားပြီး မြစ်ချောင်းရှိသည့်နေရာဆီသို့ ရောက်ရှိသွား၏။ သူက အဝတ်များကို ချွတ်လိုက်ပြီး မြစ်ထဲသို့ ခုန်ချလိုက်သည်။ သူ့ကိုယ်မှ အညစ်အကြေးများက အဆီများသည့် အတွက် အချိန်အတော်ကြာအောင် တိုက်ချွတ် ဆေးကြောလိုက်ရ၏။

ရေချိုးပြီးနောက် သူက ကျောက်တုံး တစ်ခုပေါ်တွင် လဲလျောင်းလိုက်သည်။ လဲလျောင်းနေရင်း ကီစုစည်းခြင်း၏ အဆင့်၃ဆင့်စာအုပ်မှ နည်းစနစ်များကို သတိရလိုက်၏။

ပထမဆုံး မိတ်ဆက်ထားသည့် အင်မော်တယ် ကျင့်စဉ်က ဆွဲငင်အား ကျင့်စဉ်ဖြစ်သည်။ ထိုကျင့်စဉ်ကို အခြေခံ အင်မော်တယ်ကျင့်စဉ်ဟု သတ်မှတ်ထားကြပြီး ကီစုစည်းခြင်း ပထမအလွှာကို ရောက်သည်နှင့် စတင်လေ့ကျင့်၍ အသုံးပြုနိုင်ပြီ ဖြစ်၏။

လွန်ခဲ့သော နှစ်၅၀၀ခန့်က ကျောင်းနိုင်ငံကို ဟုန်ယွီဂိုဏ်းက ပေါင်းစည်းခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်တွင် ဟုန်ယွီဂိုဏ်းက တဖြည်းဖြည်း ယုတ်လျော့ လာသော်လည်း ဂိုဏ်း၌ အင်မော်တယ် ကျင့်စဉ်အများအပြား ကျန်ရှိနေသေး၏။ တပည့်တိုင်းကို ဂိုဏ်း၏ ကျမ်းစာဆောင်သို့ ကျင့်စဉ်တစ်ခုကို ရွေးချယ်ရန် စေလွှတ်ကြရသည်။ ထိုအချိန်တွင် အကြီးအကဲ အများစုက ဓားကျင့်စဉ်ကိုသာ ယူရန် တိုက်တွန်းကြ၏။

ဓားကျင့်စဉ်က ဓားအပေါ်မှာ လုံးဝ အာရုံစိုက်ရသည့် ကျင့်စဉ်တစ်ခု ဖြစ်သည်။ ဓားကျင့်စဉ်က အနာဂါတ်တွင် ခက်ခဲသော်လည်း အစပိုင်းတွင်မူ ထိန်းချုပ်ရ လွယ်ကူပြီး စွမ်းအားလည်း ပြင်းထန်သည်။ ဆွဲငင်အားကျင့်စဉ်က ဓားပျံများ ထိန်းချုပ်ရန် အတွက် အခြေခံကျင့်စဉ်တစ်ခု ဖြစ်၏။

စာအုပ်ထဲတွင် ဆွဲငင်အား ကျင့်စဉ်အပြင် တခြားကျင့်စဉ် နှစ်ခုလည်း ပါသေး၏။ မီးဘောလုံးနှင့် မြေခွဲကျင့်စဉ် ဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset