“စိတ်ဝိညာဉ်မှာ ဖွဲ့စည်းခြင်းအဆင့်၊ ဒြပ်ထည်အဆင့်၊ အစစ်အမှန်အဆင့်နဲ့ နတ်ဘုရားစိတ်ဝိညာဉ်ဆိုပြီးတော့ အဆင့်လေးဆင့်ရှိတယ်…”
“အားကောင်းတဲ့စိတ်ဝိညာဉ်ပိုင်ဆိုင်တဲ့ ဘယ်သူမဆို အဆင့်မြင့်မူလမှော်စာလုံးတွေကို ရေးဆွဲနိုင်ကြတယ်… နင့်ရဲ့စိတ်ဝိညာဉ်စွမ်းရည်ကမဆိုးပေမဲ့ ဒါကဖွဲ့စည်းခြင်းအဆင့်ကိုတောင် ရောက်ရှိခြင်းမရှိသေးဘူး…” ငယ်ရွယ်တဲ့မိန်းခလေးတစ်ယောက်ရဲ့ တည်ငြိမ်တဲ့စကားသံက ကျောက်တုံးအိမ်လေးထဲမှာ ပဲ့တင်ရိုက်ခတ်နေသည်။ နေရဲ့အလင်းရောင်က သူမရဲ့လှပတဲ့မျက်နှာလေးပေါ်ကို ဖျန်းပက်ကျရောက်နေခဲ့ပြီး သူမရဲ့ပုံစံက လွန်စွာမှပင်ဆွဲဆောင်မှုရှိလှပေသည်။
“စိတ်ဝိညာဉ်မှာ မူလကပုံသဏ္ဍာန်မရှိပေမဲ့ ဒါကိုအဆက်မပြတ်ပေါင်းစပ်ခြင်းက လူတစ်ယောက်ရဲ့ ပုံသဏ္ဍာန်မရှိတဲ့စိတ်ဝိညာဉ်ကို ပုံသဏ္ဍာန်တစ်ခုဖြစ်ပေါ်စေတယ်… ဒီလိုပုံသဏ္ဍာန်တစ်ခုနဲ့ပထမအဆင့်ကို ဖွဲ့စည်းခြင်းပုံသဏ္ဍာန်လို့ခေါ်ကြပြီးတော့ ဖွဲ့စည်းခြင်းအဆင့်လို့လည်းသိကြတယ်…”
“စိတ်ဝိညာဉ်ကိုသန်မာစေဖို့အတွက် နည်းလမ်းနှစ်ခုရှိတယ်… ပထမတစ်ခုက လူတစ်ယောက်ရဲ့စွမ်းအားမြင့်လာတဲ့အချိန်မှာ သူ့ရဲ့စိတ်ဝိညာဉ်ကလည်း အလိုလိုသန်မာလာလိမ့်မယ်… ဒါပေမဲ့ ဒီနည်းလမ်းကအရမ်းကိုနှေးပြီးတော့ စိတ်ဝိညာဉ်ဘယ်လောက်အထိ သန်မာလာနိုင်မလဲဆိုတာ ကန့်သတ်ချက်ရှိတယ်… ဒုတိယနည်းလမ်းက စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနည်းလမ်းကိုလေ့ကျင့်တာပဲ… ဒါပေမဲ့လည်း ဒီကမ္ဘာပေါ်မှာ စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းကျင့်စဉ်တွေက အရမ်းကိုရှားပါးပြီးတော့ စွမ်းအားမြင့်တဲ့အဖွဲ့အစည်းအနည်းငယ်ကသာ ဒါကိုပိုင်ဆိုင်ကြတယ်…”
ယောင်ယောင်က ဇူယွမ်ကိုတစ်ချက်ကြည့်ပြီးမှ ဆက်ပြောသည်။ “အဖိုးဟေးနင့်ကိုပေးခဲ့တဲ့ မူလဖျက်စီးခြင်းနတ်ဘုရားရဲ့စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနည်းလမ်းက အလွန်အဆင့်မြင့်တဲ့စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနည်းလမ်းပဲ… ဒါပေမဲ့ ဒီနည်းလမ်းကိုလေ့ကျင့်တဲ့အချိန်မှာ ကြီးမားတဲ့အန္တရာယ်ကိုကျော်လွှားနိုင်ဖို့ဆိုတာ သတ္တိရှိနေဖို့လိုအပ်တယ်… တစ်ချို့အရာတွေက နင်ဒါကိုလေ့ကျင့်တဲ့အခါကျ အလိုလိုသိလာပါလိမ့်မယ်…”
“လက်ရှိ နင့်ရဲ့စိတ်ဝိညာဉ်အဆင့်က အဆင့် ၁ မူလမှော်စာလုံးတွေကို ရေးဆွဲဖို့မဖြစ်နိုင်သေးဘူး… နင့်ရဲ့စိတ်ဝိညာဉ်ကို ဖွဲ့စည်းခြင်းအဆင့်ကိုရောက်အောင် မူလဖျက်စီးခြင်းနတ်ဘုရားရဲ့စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနည်းလမ်းကို မြန်မြန်လေ့ကျင့်ဖို့ ငါအကြံပေးချင်တယ်… နင့်ရဲ့စိတ်ဝိညာဉ်က ဖွဲ့စည်းခြင်းအဆင့်ကိုရောက်တဲ့အခါ ငါနင့်ကိုအဆင့် ၁ မူလမှော်စာလုံးတွေကို သင်ပေးမယ်…”
ဇူယွမ်ခေါင်းညိတ်လိုက်သည်။ သူကလည်း မူလဖျက်စီးခြင်းနတ်ဘုရားရဲ့စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနည်းလမ်းကို လေ့ကျင့်ဖို့အစောကြီးကတည်းက ရည်ရွယ်ထားခဲ့ပြီးဖြစ်သည်။ ဇူယွမ်က အသက်တစ်ချက်ပြင်းစွာရှူလိုက်၍ ကျောက်တုံးထိုင်ခုံပေါ်မှာ တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ့ရဲ့မျက်လုံးတွေကို ဖြည်းညှင်းစွာမှိတ်လိုက်သည်။
သူ့ရဲ့နှလုံးခုန်သံက တဖြည်းဖြည်းနှေးလာခဲ့သလို အမှောင်ထုကလည်းကျဆင်းလာခဲ့ပြီး သူ့ရဲ့စိတ်ကို လုံးဝငြိမ်သက်တိတ်ဆိတ်တဲ့အခြေအနေရောက်စေလိုက်သည်။
ဒုန်း! ဒုန်း!
အပြင်ဘက်ကမ္ဘာမှာ လေတိုးသံတွေက တိုးညှင်းစွာထွက်ပေါ်နေလျက်ရှိပြီး အမှောင်ထုထဲမှာတော့ နှလုံးခုန်သံတစ်ခုတည်းသာ ပဲ့တင်ရိုက်ခတ်နေလျက်ရှိပေသည်။
အမှောင်ထုထဲမှာ ဇူယွမ်ကသူ့ရဲ့စိတ်ဝိညာဉ်ကို ကန်းယွမ်ထည့်ပေးခဲ့တဲ့ မူလဖျက်စီးခြင်းနတ်ဘုရားရဲ့စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနည်းလမ်းပါဝင်တဲ့ မှတ်ဉာဏ်ကိုအာရုံခံနိုင်စေရန် လှုံ့ဆော်လိုက်သည်။
ဇူယွမ်ကအဆက်မပြတ်ဆက်လက်လုပ်ဆောင်နေသကဲ့သို့ မှုန်ဝါးဝါးအလင်းရောင်တွေကလှည့်ပတ်လျက် အမှောင်ထုထဲမှာရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ကြောက်ရွံ့ထိတ်လန့်စရာတစ်ခုခု ပုန်းကွယ်နေသကဲ့သို့ ၎င်းရဲ့အနက်ကို တိုင်းတာ၍မရနိုင်အောင်ပင်။
သို့ပေမဲ့ ဇူယွမ်ရဲ့စိတ်ဝိညာဉ်ကတုန့်ဆိုင်းနေစဉ်မှာပဲ မှုန်ဝါးဝါးအလင်းရောင်ထဲက ပြင်းထန်တဲ့စုပ်အားတစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့ပြီး သူ့ရဲ့စိတ်ဝိညာဉ်ကို အတွင်းဘက်သို့စုပ်ယူခံလိုက်ရသည်။
ဒီအချိန်မှာ ဇူယွမ်ကသူ့ရဲ့ပတ်ဝန်းကျင်တစ်ခုလုံး စတင်ပြောင်းလဲလာတာကို ခံစားလိုက်ရသကဲ့သို့ အနည်းငယ်မူးဝေသွားခဲ့ရသည်။ ၎င်းနေရာက ဘာမှမရှိတဲ့ဟင်းလင်းပြင်တစ်ခုလို အမှောင်ထုကတဖြည်းဖြည်းလျော့ပါးလာခဲ့သည်။ အရာအားလုံးမစတင်မီအချိန်ကို ပြန်ရောက်သွားသလိုမျိုး မူလဖျက်စီးခြင်းက အချိန်၊ နေရာနဲ့ အခြားအရာအားလုံးကို ဝါးမျိုသွားခဲ့သည်။
အရေးမကြီးတဲ့ခံစားချက်တစ်ခုက သူ့ကိုလွှမ်းမိုးသွားခဲ့သလို ဇူယွမ်ရဲ့ပုံသဏ္ဍာန်မရှိတဲ့စိတ်ဝိညာဉ်က ဒီကျယ်ပြန့်ပြီးဘာမှမရှိတဲ့နေရာမှာ ဆက်လက်တည်ရှိနေခဲ့သည်။
ဝုန်း!
ဇူယွမ်ရဲ့စိတ်ဝိညာဉ်က မူလဖျက်စီးခြင်းရဲ့ အဆုံးမရှိတဲ့ကျယ်ပြန့်မှုကိုစူးစိုက်ကြည့်လိုက်စဉ်မှာ ၎င်းအထဲမှကျယ်လောင်တဲ့အသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ဇူယွမ်ရဲ့ စိတ်ဝိညာဉ်က အသံထွက်ပေါ်လာတဲ့ဆီကို ကြည့်လိုက်မိပြီး စက္ကန့်အနည်းငယ်ကြာပြီးတဲ့နောက်မှာ တုန်လှုပ်စရာကောင်းတဲ့ခံစားချက်တစ်ခုက ရူးသွပ်စွာထွက်ပေါ်လာခဲ့ကာ သူ့ရဲ့စိတ်ဝိညာဉ်ကထိန်းချုပ်မရလောက်အောင် တုန်ခါလာခဲ့သည်။
သူရဲ့စိတ်ဝိညာဉ်တုန်ခါသွားခဲ့ရခြင်းက အလွန်ကြီးမားတဲ့အရိပ်တစ်ခု ဖြည်းညှင်းစွာပေါ်ထွက်လာတာကို မြင်လိုက်ရသောကြောင့်ပင်။ အရိပ်ကြီးက အနက်ရောင်တွင်းကြီးတစ်ခုလိုမျိုး အရာအားလုံးကို အဆက်မပြတ်ဝါးမျိုနေလျက်ရှိပေသည်။
သို့ပေမဲ့ ဒါကအနက်ရောင်တွင်းကြီးတစ်ခုမဟုတ်ဘဲ အရမ်းကိုကြီးမားတဲ့ကျောက်တုံးကြီးတစ်ခုဆိုတာကို အဆုံးမှာမြင်တွေ့ခဲ့လိုက်ရသည်။
ကြီးမားတဲ့ကျောက်တုံးကြီးပေါ်မှာ အချိန်ရဲ့ဒဏ်ရာဒဏ်ချက်တွေက အစက်အပြောက်များအဖြစ် ဖုံးအုပ်နေလျက်ရှိပေသည်။ အမဲရောင်အစက်အပြောက်တွေ စွန်းထင်းနေတဲ့၎င်းရဲ့ပုံစံက နတ်ဘုရားတွေနဲ့နတ်ဆိုးတွေရဲ့သွေးတွေကြွင်းကျန်ရစ်နေသည့်အလားပင်။
ဝုန်း!
ကြီးမားတဲ့ကျောက်တုံးကြီးက ဖြည်းညှင်းစွာလှည့်ပတ်လျက် ဟင်းလင်ပြင်ထဲမှာ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ၎င်းကသူ့အောက်ကဘယ်အရာမဆို အမှုန့်ဖြစ်သွားအောင် ကြိတ်ထောင်းနိုင်စွမ်းရှိပေသည်။
ဇူယွမ်ရဲ့စိတ်ဝိညာဉ်က ကျောက်တုံးကြီးရဲ့အရှေ့မှာ သေးငယ်ပြီးအရေးမပါသည့် သဲပွင့်လေးတစ်ပွင့်အလား ရပ်တန့်နေလျက်ရှိသည်။ ထိုအချိန်ပိုင်းလေးအတွင်းမှာပဲ လျှို့ဝှက်ဆန်းကြယ်တဲ့ အချက်အလက်အပိုင်းအစတွေက သူ့ရဲ့စိတ်ထဲမှာစီးဆင်းနေခဲ့သည်။
ဒါက မူလဖျက်စီးခြင်းနတ်ဘုရား၏စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနည်းလမ်းရဲ့ ကျင့်ကြံနည်းအချက်အလက်တွေပင်။
“နတ်ဘုရားကျောက်တုံးက မူလဖျက်စီးခြင်းထဲမှာ မွေးဖွားလာခဲ့ပြီး နတ်ဘုရားတွေနဲ့နတ်ဆိုးတွေကို တစ်ချက်လှည့်ရုံနဲ့ အမြစ်ဖြတ်ချေမှုန်းနိုင်စွမ်းရှိပေသည်…”
“နတ်ဘုရားကျောက်တုံးကို ကိုယ်မှီခိုအားထားရတဲ့ စိတ်ဝိညာဉ်အဖြစ်စိတ်ကူးခံစားကြည့်ရမယ်…”
“ကိုးကြိမ်လှည့်ပတ်ခြင်း… လှည့်ပတ်ခြင်းတစ်ကြိမ်စီတိုင်းက လောကအသစ်တစ်ခု…”
ဇူယွမ်ရဲ့စိတ်ဝိညာဉ်က အနည်းငယ်တုန်ခါလာခဲ့သည်။ တစ်ချိန်တည်းမှာ ယောင်ယောင်သူ့ကိုပြောခဲ့တဲ့ မူလဖျက်စီးခြင်းနတ်ဘုရား၏စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနည်းလမ်းကို သင်ယူလေ့လာတဲ့အခါ ဖြစ်ပေါ်လာမဲ့ကြီးမားတဲ့အန္တရာယ်ကဘာလဲဆိုတာကို နောက်ဆုံးမှာနားလည်ခဲ့ရသည်။ အဆုံးမရှိအောင်ကျယ်ပြန့်လှတဲ့ ကမ္ဘာ့ဖျက်စီးခြင်းနတ်ဘုရားကျောက်တုံးရဲ့ ရှေ့မှာရပ်နေတဲ့လူတိုင်းရဲ့စိတ်ဝိညာဉ်ဟာ မထိန်းချုပ်နိုင်တဲ့အန္တရာယ်တွေရဲ့ ဝါးမျိုခြင်းကို ခံရလိမ့်ပေမည်။
ဇူယွမ်က မူလဖျက်စီးခြင်းထဲမှာတည်ရှိနေတဲ့ နတ်ဘုရားကျောက်တုံးကို စိုက်ကြည့်နေသကဲ့သို့ သူ့ရဲ့စိတ်ဝိညာဉ်ကလည်း လှုပ်ခါနေခဲ့ရသည်။ ဒီနေရာမှာ ရပ်နေနိုင်ဖို့အတွက် ကြီးစွာသောသတ္တိရှိဖို့လိုအပ်ပေသည်။ ဒီလိုမှမဟုတ်ဘူးဆိုရင် ကျောက်တုံးပေါ်မှာရှိတဲ့ လူတစ်ယောက်ရဲ့စိတ်ဝိညာဉ်က ၎င်းရဲ့ကြိတ်ချေခြင်းကို သေချာပေါက်ခံရပေလိမ့်မည်။
တကယ်လို့ဇူယွမ့်မှာသာ လုံလောက်တဲ့စိတ်ခံနိုင်ရည်စွမ်းအားမရှိခဲ့ဘူးဆိုလျှင် သူ့ရဲ့အသက်ရှင်သန်နိုင်ဖို့အတွက် အချိန်အတော်ကြာအောင်လှည့်ပတ်ပြေးလွှားနေရလိမ့်မည်။
“တကယ်လို့ ငါသေသွားမယ်ဆိုရင်တောင် ဒါကိုဖြစ်အောင်လုပ်ရမယ်!”
သူ့ရဲ့အဆုံးမရှိတဲ့တုန်လှုပ်ထိတ်လန့်နေမှုကြားထဲကပဲ နောက်ဆုံးမှာ ဇူယွမ်သူ့ကိုယ်သူ အနည်းငယ်ပြန်ထိန်းနိုင်လိုက်ခဲ့သည်။ သူကအံကိုတင်းတင်းကြိတ်လိုက်ပြီး နတ်ဘုရားကျောက်တုံးဆီကို တဖြည်းဖြည်းရွေ့လျားလာခဲ့ကာ အဆုံးမရှိအောင်ကျယ်ပြန့်လှတဲ့ ၎င်းရဲ့အပေါ်ကိုတောက်လျှောက်တက်သွားလိုက်သည်။
ဘုန်း!
ဇူယွမ်ရဲ့စိတ်ဝိညာဉ်က နတ်ဘုရားကျောက်တုံးပေါ်ကို ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် အရိပ်တစ်ခုကသူ့ရဲ့အာရုံကိုစိုးမိုးသွားသည့်အလား ကူကယ်ရာမဲ့စွာနဲ့ စောင့်ကြည့်ရုံသာတတ်နိုင်ခဲ့သည်။ ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့ နာကျင်မှုတွေက သူ့ရဲ့စိတ်ဝိညာဉ်ကနေ အလျှင်အမြန်ပဲပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
အသက်ရှူချိန်အနည်းငယ်အတွင်းမှာပဲ နတ်ဘုရားကျောက်တုံးရဲ့ကြိတ်ချေမှုအောက်မှာ ဇူယွမ်ရဲ့စိတ်ဝိညာဉ်က ဘာမှမရှိတော့သည့်အလားလှည့်နေခဲ့သည်။
မမြင်တွေ့နိုင်တဲ့လှိုင်းတစ်ခုက တစ်နေရာထဲမှာစုဝေးသွားခဲ့ပြီး နတ်ဘုရားကျောက်တုံးထဲက တစ်စုံတစ်ခုကအနည်းငယ် တုန်လှုပ်သွားခဲ့ရသည်။ ၎င်းက ဇူယွမ်ရဲ့ စိတ်ဝိညာဉ်ပင်ဖြစ်သည်။ တကယ်လို့စိတ်ဝိညာဉ်မှာသာ မျက်နှာတစ်ခုရှိမယ်ဆိုရင် ဇူယွမ်ရဲ့မျက်နှာဟာ လူသေတစ်ယောက်လိုဖြူဖျော့နေပြီး မျက်လုံးတွေထဲမှာ ကြောက်ရွံ့ထိတ်လန့်မှုတွေပြည့်နှက်နေတာကို မြင်တွေ့နိုင်လိမ့်ပေမည်။
အစောပိုင်းတုန်းက ဖျက်စီးခြင်းခံခဲ့ရတဲ့ခံစားချက်က အမှန်ပင်ဖြစ်သည်။
သူကသတိလက်လွတ်ဖြစ်လောက်အောင် ကြောက်လန့်ခဲ့ရပေမဲ့လည်း ဘာမှမရှိတော့အောင် ကြိတ်ချေခံရခြင်းနဲ့ ချက်ချင်းပြန်လည်တည်ဆောက်မှုကြားထဲမှာ သူ့ရဲ့စိတ်ဝိညာဉ်က အနည်းငယ်ပိုပြီးရုပ်လုံးပေါ်လာတာကို မြင်လိုက်ရသည်။
“ဘယ်လိုတောင် ရူးသွပ်ချင်စရာကောင်းတဲ့ စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနည်းလမ်းလဲ!”
ဇူယွမ်ရဲ့နှလုံးသားကတုန်လှုပ်နေခဲ့သည်။ ဘယ်သူမဆို စိတ်ဓါတ်နည်းနည်းလောက်ကျဆင်းသွားခဲ့မယ်ဆိုတာနဲ့ အကြောက်တရားကသူတို့ကို လျှင်မြန်စွာဖျက်စီးသွားပေလိမ့်မည်။ နတ်ဘုရားကျောက်တုံးကို တစ်ကြိမ်ကြောက်ရွံ့ထိတ်လန့်မှုက လူတစ်ယောက်ရဲ့နှလုံးသားထဲမှာ ၎င်းရဲ့အမှတ်အသားတစ်ခုအဖြစ် ကျန်ရစ်စေလိမ့်မည့်အပြင် မူလဖျက်စီးခြင်းနတ်ဘုရားကျောက်တုံးက မှေးမှိန်ပျောက်ကွယ်သွားလိမ့်မည်ဖြစ်ပြီး မူလဖျက်စီးခြင်းနတ်ဘုရား၏ စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနည်းလမ်းကိုလည်း ကျရှုံးရပေလိမ့်မည်။
“မူလဖျက်စီးခြင်းနတ်ဘုရား၏ စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနည်းလမ်းက လူတစ်ယောက်ရဲ့စိတ်ဝိညာဉ်ကို နတ်ဘုရားကျောက်တုံးပေါ်မှာ အဆက်မပြတ်ပုံစံသွင်းခြင်းပဲ… ဘာမှမရှိတော့အောင် အကြိမ်ရေသန်းပေါင်းများစွာဖျက်စီးခံခဲ့ရတဲ့ကြားထဲမှာ အဆုံးမရှိတဲ့ဖျက်စီးခြင်းတွေနဲ့ ပြန်လည်တည်ဆောက်ခြင်းတွေက လူတစ်ယောက်ရဲ့စိတ်ဝိညာဉ်ကို ပုံသဏ္ဍာန်ပြောင်းလဲဖွဲ့စည်းပြီး ပိုသန်မာလာစေလိမ့်မယ်…”
“အချက်အလက်တွေအရ မူလဖျက်စီးခြင်းနတ်ဘုရား၏စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနည်းလမ်းမှာ လှည့်ပတ်ခြင်းကိုးကြိမ်ပါဝင်ပြီးတော့ လှည့်ပတ်ခြင်းတစ်ကြိမ်စီတိုင်းက လောကအသစ်တစ်ခုပဲ… နတ်ဘုရားကျောက်တုံးကို ကိုးကြိမ်တိတိလှည့်ပတ်ခြင်းကို လှည့်ပတ်ခြင်းကိုးကြိမ်လို့ခေါ်တယ်… လှည့်ပတ်မှုတစ်ကြိမ်ပြီးတဲ့အထိ စိတ်ဝိညာဉ်ကို ထိန်းသိမ်းထားနိုင်မယ်ဆိုရင် ပြောင်းလဲမှုတစ်ကြိမ်နဲ့ကြုံရလိမ့်မယ်…”
ဇူယွမ်က မူလဖျက်စီးခြင်းထဲမှာရှိနေတဲ့ နတ်ဘုရားကျောက်တုံးကို ကြည့်လိုက်သည်။ ၎င်းမှာ အပေါ်ဘက်အလွှာနဲ့ အောက်ဘက်အလွှာဆိုပြီးခွဲခြားထားကာ နက်ရွှေရောင်ဒေါင်လိုက်မျဉ်းကြောင်းတစ်ခုက အဓိကအစိတ်အပိုင်းတစ်ခုအလား ဒီအလွှာနှစ်ခုကို ချိတ်ဆက်ထားတာကို မြင်တွေ့နိုင်ပေသည်။
နတ်ဘုရားကျောက်တုံးကလှည့်ပတ်တဲ့အခါ ရွှေရောင်လိုင်းရဲ့အပေါ်ပိုင်းကလည်း ရွှေ့လျားပေလိမ့်မည်။ ၎င်းကသူ့ရဲ့အရင်နေရာကို ပြန်လည်ရောက်ရှိပြီး အောက်ဘက်ကအပိုင်းနဲ့ ပြန်လည်ချိတ်ဆက်သွားတဲ့အခါ လှည့်ပတ်ခြင်းတစ်ကြိမ်ကပြီးဆုံးသွားပေလိမ့်မည်။ သို့ပေမဲ့လည်း ဇူယွမ်ရဲ့စိတ်ဝိညာဉ်က အသက်ရှူချိန်အနည်းငယ်သာ တောင့်ခံနိုင်ပြီးနောက်မှာ ဖျက်စီးခံလိုက်ရသည်။ ကြည့်ရတာ လှည့်ပတ်ခြင်းတစ်ကြိမ် ပြည့်တဲ့အထိ ဆက်လက်တည်ရှိနေဖို့က မလွယ်ကူလှပေ။
“မူလဖျက်စီးခြင်းနတ်ဘုရား၏ စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနည်းလမ်းက တစ်ကယ့်ကို သာမန်မဟုတ်ဘူးပဲ… တစ်ကြိမ်ကြိုးစားလိုက်တာနဲ့ ငါ့ရဲ့စိတ်ဝိညာဉ်ကို နည်းနည်းပိုပြီးသန်မာလာစေခဲ့တယ်… အစ်မကြီးယောင်ယောင်ချီးမွမ်းခဲ့သလို ဒါကစိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနည်းလမ်းတွေထဲမှာ အမြင့်ဆုံးအဆင့်ထဲကတစ်ခုဆိုတာ ဖြစ်နိုင်တယ်…”
ဇူယွမ်အသက်ကိုပြင်းစွာရှုလိုက်ပြီး ကြောက်ရွံ့ထိတ်လန့်နေမှုကိုဖိနှိပ်ကာ မူလဖျက်စီးခြင်းနတ်ဘုရားကျောက်တုံးဆီကို ရောက်ရှိလာခဲ့သည်။ သူ့ရဲ့သွားကိုတစ်ချက်ကိုက်လိုက်ပြီး သူ့စိတ်ဝိညာဉ်ကနောက်တစ်ကြိမ်ရှေ့ကိုပျံသန်းသွားခဲ့ကာ အစက်အပြောက်တွေနဲ့ နတ်ဘုရားကျောက်တုံးပေါ်ကို ဖြည်းညှင်းစွာလှည့်ပတ်လျက် ရောက်ရှိသွားခဲ့သည်။
ဘုန်း!
နတ်ဘုရားကျောက်တုံးက လှည့်ပတ်လာခဲ့သလို ဇူယွမ်ရဲ့စိတ်ဝိညာဉ်ကလည်း နောက်တစ်ကြိမ်ဘာမှမကျန်တော့အောင် ထောင်းချေခြင်းခံလိုက်ရသည်။
မမြင်နိုင်တဲ့လှိုင်းတွေထွက်ပေါ်လာခဲ့ပြီး ဇူယွမ်ရဲ့စိတ်ဝိညာဉ်ကနောက်တစ်ကြိမ် ပြန်လည်ဖွဲ့စည်းသွားခဲ့သည်။ သူ့ရဲ့စိတ်ဝိညာဉ်ကပြင်းပြင်းထန်ထန်တုန်ခါသွားခဲ့ပေမဲ့ သူ့ရဲ့စိတ်ခံစားမှုတွေကို ကောင်းစွာထိန်းချုပ်ထားနိုင်လျက်ရှိနေသေးသည်။ အချိန်အနည်းငယ်ကြာပြီးတဲ့ နောက်မှာ သူ့ရဲ့သွားတွေကိုတင်းတင်းကြိတ်လိုက်ပြီး နောက်တစ်ကြိမ်နတ်ဘုရားကျောက်တုံးဆီကို သူကိုယ်တိုင်ကြိုးစားကြည့်လိုက်သည်။
ဘုန်း!
ကျယ်ပြန့်လှတဲ့မူလဖျက်စီးခြင်းထဲမှာ နတ်ဘုရားကျောက်တုံက တစ်ကြိမ်ပြီးတစ်ကြိမ် လှည့်ပတ်နေလျက်ရှိပြီး ဖုန်မှုန်တွေအဖြစ်ထပ်ခါထပ်ခါဖျက်စီးနေလျက်ရှိလေသည်။
တစ်ကြိမ်ဖျက်စီးပြီးသွားတိုင်းမှာ အဆက်မပြတ်ပြန်လည်တည်ဆောက်နေခဲ့ပြီး အကောင်အထည်မပေါ်သေးတဲ့စိတ်ဝိညာဉ်က တဖြည်းဖြည်းနဲ့စတင်ပြီး အကောင်အထည်ပေါ်လာခဲ့သည်။
၈၈ ကြိမ်မြောက်။
သူ့စိတ်ဝိညာဉ်က ၈၈ ကြိမ်မြောက်ဖျက်စီးခံခဲ့ရပြီး ပြန်လည်ပေါ်ပေါက်လာခဲ့ပြီးတဲ့နောက်မှာ ဇူယွမ်ကရပ်တန့်လိုက်ခဲ့သည်။ သူကသူ့ရဲ့စိတ်ဝိညာဉ်ထဲမှာ အလွန်အမင်းပင်ပန်းနွမ်းနယ်မှုတွေနဲ့ နာကျင်မှုတွေကို ခံစားလိုက်ရသည်။
ဒါကသူ့အနေနဲ့ ဒီနေ့အတွက်ကန့်သတ်ချက်ကို ရောက်ရှိသွားခဲ့ပြီဆိုတာကို သိလိုက်ရသည်။ သူ့ကိုယ်သူဒီထက်ပိုပြီး ဖိအားပေးလုပ်ဆောင်စေခဲ့မယ်ဆိုရင် ဒါကကောင်းဖို့ထက် နာကျင်ထိခိုက်မှုတွေကိုသာ ပို၍ဖြစ်ပေါ်စေလိမ့်ပေမည်။
သူ့ရဲ့စိတ်ဝိညာဉ်က ခြေကုန်လက်ပမ်းကျလောက်အောင် ပင်ပန်းနေခဲ့ရပေမဲ့လည်း ဇူယွမ်ရဲ့နှလုံးသားထဲမှာ အပျော်တွေနဲ့ပြည့်နှက်နေခဲ့ရပေသည်။ အကြိမ် ၈၀ကျော်ဖျက်စီးခံခဲ့ရတဲ့နောက်မှာ သူ့ရဲ့မူလကပုံသဏ္ဍာန်မရှိတဲ့စိတ်ဝိညာဉ်က အခုအချိန်မှာ ဖွဲ့စည်းပြီးတဲ့အရိပ်အယောင်တစ်ခုဖြစ်ပေါ်လာခဲ့သည်။
ဖွဲ့စည်းခြင်းအဆင့်!
စိတ်ဝိညာဉ်က ပုံသဏ္ဍာန်မရှိရာကနေ ဖွဲ့စည်းမှုကိုပြောင်းလဲသွားတဲ့အခါ ဒါကဖွဲ့စည်းခြင်းအဆင့်ကို ရောက်ရှိသွားပြီလို့ဆိုနိုင်သည်!
“တကယ့်ကို အံ့အားသင့်ဖို့ကောင်းတဲ့ပေါင်းစပ်ခြင်းနည်းလမ်းပဲ…” ဇူယွမ်သက်ပြင်းတစ်ချက်ချကာ ချီးမွမ်းမိလိုက်သည်။ ပထမဆုံးစတင်လေ့ကျင့်ခဲ့တဲ့အချိန်မှာတင် သူ့ရဲ့စိတ်ဝိညာဉ်က ဖွဲ့စည်းခြင်းအဆင့်ရဲ့တံခါးဝကို ရောက်ရှိစေနိုင်ခဲ့သည်။ သူ့စိတ်ဝိညာဉ်ရဲ့ အခြေခံအုတ်မြစ်ကခိုင်မာခဲ့လို့သာ ဒီအခြေအနေထိရောက်ခဲ့တယ်ဆိုတာကို သူနားလည်ပေမဲ့လည်း ဒီပေါင်းစပ်ခြင်းနည်းလမ်းကသာမန်မဟုတ်ဘူးဆိုတာကိုတော့ သူအနေနဲ့ သဘောပေါက်မိသည်။
ကျောက်တုံးအိမ်လေးထဲမှာ တင်းကျပ်စွာမှိတ်ထားတဲ့ ဇူယွမ်ရဲ့မျက်လုံးတွေက ဖြည်းညှင်းစွာပွင့်လာခဲ့သည်။ သူ့ရဲ့မျက်နှာက သိုးတစ်ကောင်လို ဖြူဖွေးနေပေမဲ့လည်း သူ့မျက်လုံးကစိတ်လှုပ်ရှားမှုတွေကို ဖုံးကွယ်ထားနိုင်ခြင်းငှာမစွမ်းသာပေ။
“ငါ ဖွဲ့စည်းခြင်းအဆင့်ကိုရောက်ရှိသွားပြီ!”
ဇူယွမ်ရဲ့စကားကိုကြားလိုက်ရတဲ့အခါ ယောင်ယောင်အနည်းငယ် အံ့အားသင့်သွားခဲ့ရပြီး မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။ “ဒီလောက်မြန်တယ်လား… နင်နတ်ဘုရားကျောက်တုံးကို ဘယ်နှစ်ကြိမ်လောက်ကြံ့ကြံ့ခံနိုင်ခဲ့လဲ…”
“၈၈ ကြိမ်…”
ယောင်ယောင်ရဲ့ မျက်လုံးတွေအနည်းငယ်ကျဉ်းမြောင်းသွားခဲ့ရပြီး ထူးခြားတဲ့အလင်းရောင်တွေ လျှပ်တစ်ပြက်ထွက်ပေါ်လာခဲ့ရသည်။ သာမန်လူတစ်ယောက်အနေနဲ့ သူတို့ရဲ့ပထမဆုံးအကြိမ်ကြိုးစားမှုမှာ တစ်ဒါဇင်ဒါမှမဟုတ်ဒီ့ထက်နည်းတဲ့ အကြိမ်အရေအတွက်သာ ကြံ့ကြံ့ခံနိုင်စွမ်းရှိပေသည်။ ဇူယွမ်က ၈၈ ကြိမ်တောင်ကြံ့ကြံ့ခံနိုင်ခဲ့သည်။ ဒီရလဒ်ကသာမန်လူတွေနဲ့ အရမ်းကိုအလှမ်းကွာဝေးလှသည်။
“မြင့်မြတ်တဲ့နဂါးရဲ့ကံကြမ္မာကို တစ်ကြိမ်ပိုင်ဆိုင်ခဲ့တဲ့လူတစ်ယောက်လို့ မပြောရဘူး… နင့်ရဲ့ခန္ဓာကိုယ်မှာ ရရှိခဲ့တဲ့ဒဏ်ရာတွေထက်စာရင် နင့်စိတ်ဝိညာဉ်ကဘာထိခိုက်ပျက်စီးမှုကိုမှ ခံစားခဲ့ရမယ်မထင်ဘူး…” ယောင်ယောင်ကတိုးညှင်းစွာ ချီးကျူးလိုက်ပြီးဆက်ပြောသည်။ “နင့်ရဲ့စိတ်ဝိညာဉ်က အားနည်းနေတယ်… နင်အားပြန်ဖြည့်ပြီးတဲ့အချိန်ကျရင် ငါနင့်ကို အဆင့် ၁ မူလမှော်စာလုံးတွေသင်ပေးမယ်…”
သူမက ထန်ထန်ကိုပွေ့ချီလျက်ထရပ်လိုက်ပြီး ဇူယွမ်ရဲ့ကျောမှာချိတ်ဆွဲထားသည့် အရောင်တွေစွန်းထင်းနေတဲ့ အနက်ရောင်စုတ်တံကို ကြည့်လိုက်ကာ “နင်က အဖိုးဟေးပေးခဲ့တဲ့ ကောင်းကင်ယွမ်စုတ်တံကို စိတ်ဝိညာဉ်စွမ်းအားတွေပြန်ဖြည့်ပေးပြီး ဖြစ်နိုင်ရင် ပထမမှော်စာလုံးကိုအလျှင်အမြန်လင်းလက်လာအောင် ပြုလုပ်ဖို့လိုအပ်တယ်…”
ဇူယွမ်သူ့ရဲ့ခေါင်းကိုငုံ့ချလိုက်ပြီး သူ့ရဲ့ကျောမှာချိတ်ဆွဲထားတဲ့ ကောင်းကင်ယွမ်စုတ်တံကို ဖြုတ်ယူလိုက်မိသည်။ ၎င်းကိုသူ့ရဲ့လက်ထဲမှာ လှည့်ပတ်ကစားလိုက်ရင်းက ပြုံး၍ ခေါင်းကိုညိတ်ပြခဲ့သည်။
ကန်းယွမ်က ကောင်းကင်ယွမ်စုတ်တံရဲ့စိတ်ဝိညာဉ်စွမ်းအားကို ပြန်လည်အားဖြည့်နိုင်ဖို့ မူလမှော်သားရဲတွေရဲ့စိတ်ဝိညာဉ်ကို အသုံးပြုနိုင်သည်ဟုပြောခဲ့သည်။ ဒါကသူ့အတွက် ခက်ခဲသည့်အရာတစ်ခုမဟုတ်ပေ။ သူ့ရဲ့အဆင့်အတန်းက ဇူအင်ပါယာရဲ့မင်းသားဖြစ်တဲ့အတွက် များစွာသောမူလမှော်သားရဲစိတ်ဝိညာဉ်တွေကိုရရှိနိုင်ဖို့က လွယ်ကူလှပေသည်။
ဇူယွမ်က ပထမမှော်စာလုံးတွေကို လင်းလက်စေပြီးနောက် ဖြစ်ပေါ်လာမည့်အပြောင်းအလဲတွေကိုလည်း အမှန်တကယ်မြင်တွေ့ချင်လှပေသည်။ ဒါ့အပြင် ဒီရှည်လျားတဲ့ ကောင်းကင်ယွမ်စုတ်တံက မူလလက်နက်တစ်ခုဖြစ်လာတဲ့အခါ ဘာတွေပြောင်းလဲသွားမလဲဆိုတာကို သူကအမှန်တကယ်စိတ်ဝင်စားမိရပေသည်။
Good