အချိန်တော်တော် ကြာပြီးနောက် ဝမ်လင်းက မျက်လုံး ဖွင့်လိုက်သည်။ အပြင်ဘက်၌ မှောင်နေသည်ကို မြင်လိုက်၏။ သူက အိပ်ရာမှ ထလိုက်ပြီး အညောင်းဆန့်လိုက်သည်။ သူ့၏ခန္ဓာကိုယ်တွင် ကွဲပြားခြားနားမှုကို မခံစားရချေ။ အိပ်ရာအောက်မှ ကျောက်တုံး ပန်းကန်ကို ဆွဲယူလိုက်ပြီး ကြည့်လိုက်ရာ မှော်ကျောက်တုံးပေါ်တွင် ၁၀ ခု မြောက် သက်တံစင်းက ပေါ်နေသည့် အတွက် အလွန်အံ့ဩသွား၏။
ဝမ်လင်းက အလွန်လည်း ပျော်ရွှင်သွားသည်။ သူက မှော်ကျောက်တုံးကို ကြည့်လိုက်ပြီး အိမ်အပြင်ဘက်သို့ ပြေးထွက်သွား၏။ သူက စမ်းရေကို ခပ်ပြီး လျင်မြန်စွာ ပြန်လာခဲ့သည်။ မှော်ကျောက်တုံးကို စမ်းရေထဲသို့ ထည့်လိုက်ပြီး အနည်းငယ် မွှေလိုက်သည်။
ထို့နောက် စမ်းရေကို သောက်လိုက်ပြီး အချိန် အနည်းငယ်ခန့် စောင့်ကြည့်လိုက်သည်။ သို့သော်လည်း အရင်ကအတိုင်း လုံးဝ မပြောင်းလဲပေ။ မှော်ကျောက်တုံးကို ကြည့်ပြီး အနည်းငယ် စိတ်ပျက်သည့် အမူအရာများ သူ့မျက်နှာတွင် ပေါ်လာသည်။ ထို့နောက် မှော်ကျောက်တုံးကို ကိုက်ကြည့်သော်လည်း ကျောက်တုံးကဲ့သို့ မာကျောဆဲဖြစ်၏။
သူက မှော်ကျောက်တုံးပေါ် သွေးစက်ချ ကြည့်သော်လည်း ပြောင်းလဲခြင်း မရှိသေးချေ။
သူက ခေတ္တခဏ တုံံ့ဆိုင်းနေပြီး အံတင်းတင်း ကြိတ်လိုက်သည်။ ကျောက်ပန်းကန်လုံးကို ယူလိုက်ပြီး မှော်ကျောက်တုံးကို အရှိန်ပြင်းပြင်းဖြင့် ရိုက်လိုက်၏။ သက်တံစင်း၁၀ခု ပြည့်သွားသည့်အတွက် တစ်ခုခု ပြောင်းလဲ သွားလိမ့်မည်ဟု ယုံကြည်ထားသည်။
အသံကျယ်ကြီး တစ်ခုထွက်လာပြီး ကျောက်ပန်းကန်လုံး ကွဲသွား၏။ ဝမ်လင်း၏ လက်တောင်မှ ထုံကျင်သွား၏။ သို့သော်လည်း မှော်ကျောက်တုံးက အနည်းငယ်မျှပင် မပြောင်းလဲပေ။
သူသည် သောက်လို့ရသည့် ပစ္စည်းတိုင်း အသုံးပြု၍ စမ်းသပ်သော်လည်း မှော်ကျောက်တုံးက သက်တံအစင်း ၁၀ခု ဖြစ်လာသော်လည်း မည့်သည့် ပြောင်းလဲမှု ဖြစ်လာဟန် မပေါ်ပေ။ သူက မှော်ကျောက်တုံးကို ဘေးသို့ ပစ်လိုက်သည်။
အချိန်အနည်းငယ် ကြာပြီးနောက် သူက မကောက်ချင် ကောက်ချင်နှင့် ထကောက်လိုက်၏။ မှော်ကျောက်တုံးကို စိုက်ကြည့်မိသည့် တစ်ခဏတွင် အိပ်ချင်လာသကဲ့သို့ ခံစားလိုက်ရသည်။ ဝမ်လင်း မှင်သက်သွား၏။ သူ သတိပြန်ဝင်လာပြီး ပြောလိုက်သည် … “ငါ ဘာကြောင့် အိပ်ချင်လာရတာလဲ …” သူက မျက်လုံးကို ပွတ်လိုက်ပြီး မှော်ကျောက်တုံးကို စိုက်ကြည့်လိုက်သည်။
သူက ကြည့်ရင်းကြည့်ရင်း မှော်ကျောက်တုံးက တဖြည်းဖြည်း ဝါးလာသည်။ နောက်ဆုံး၌ သူ မြေပြင်ပေါ်သို့ လဲကျသွားကာ မှော်ကျောက်တုံးကို လက်ထဲကိုင်ထားရင်းနှင့်ပင် အိပ်ပျော်သွား၏။
သူက အိပ်မက် မက်နေသည်။ အိပ်မက်ထဲတွင် သူက အဆုံးမရှိသည့် နေရာတစ်ခုသို့ ရောက်နေသည်။ ထိုနေရာတွင် ကြယ်များလည်း မရှိချေ။ သူ့ဘေးတွင် ခပ်မှိန်မှိန် လင်းနေသော အရာဝတ္ထုလေးများသာ ရှိနေသည်။ သူသည် အိပ်မက်မက် နေသော်လည်း သူ့စိတ်က ရှင်းလင်းနေသည်။ သူက ဘာလို့ ဒီအိပ်မက်ကို မက်ရသလဲဟု တွေးတောနေသည်။
ဝမ်လင်းသည် သူ့ခန္ဓာကိုယ်နှင့် ပတ်သက်၍ မှားနေသည်ဟုလည်း မခံစားရပေ။ သို့သော်လည်း ဤနေရာမှ လွတ်မြောက်အောင် မည်သို့ လုပ်ရမည်ကို သူမသိချေ။ ကူရာကယ်ရာ ဖြစ်နေရင်းနှင့် အဆုံးမရှိသည့် နယ်မြေထဲတွင် ရည်ရွယ်ချက်မရှိ လျှောက်သွား နေလိုက်သည်။
အချိန်က ခန့်မှန်းလို့ မရအောင် ကြာသွားပြီးနောက် သူသည် အလွန်ပင်ပန်း နေလေပြီ။ သူ့ပတ်ဝန်းကျင်က တဖြည်းဖြည်း လှုပ်ခါလာသည်။ သူ့ခန္ဓာကိုယ်ကလည်း တစ်စစီ ဆုတ်ပြဲ လာသကဲ့သို့ ခံစားလိုက်ရသည်။ စူးစူးဝါးဝါး အော်ဟစ်သံ နှင့်အတူ သူက မျက်လုံးကို ဖွင့်လိုက်သည်။
သူက ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သူ့အခန်းထဲ ပြန်ရောက် နေသည်ကို သတိထားမိ လိုက်သည်။ ဝမ်လင်းက လေကို တစ်ဝကြီး ရှူလိုက်ပြီး နဖူးမှ ချွေးများကို သုတ်လိုက်သည်။ ထူးဆန်းသည့် အိပ်မက် အဆုံးသတ် သွားသဖြင့် သူက ပျော်ရွှင်နေသည်။ ရုတ်တရက် သူ့အမူအရာက ထူးဆန်းလာသည်။ သူက မှော်ကျောက်တုံးကို ကြည့်လိုက်ရာ သက်တံစင်းများ မရှိတော့သည်ကို သတိပြုမိလိုက်၏။ ထိုအစား မှော်ကျောက်တုံးပေါ်တွင် စာလုံး သေးသေးလေးများ ပေါ်နေသည်။
“ဒီဟာက …” ဝမ်လင်း မှင်တက်သွားပြီး အနီးသို့ ကပ်ကြည့်လိုက်၏။ စာလုံးလေးများက အလွန် ထူးဆန်းနေပြီး မမြင်ဖူးသော စာလုံးအက္ခရာများ ဖြစ်နေသည်။ သူသည် စာဖတ်ခြင်းကို အမြဲတမ်း နှစ်သက်သည်။ ထို့ကြောင့်အချိန်ပေးပြီး သူဖတ်တတ်သော စကားလုံးများဖြင့် အဓိပ္ပာယ်ဖော်ရန် ကြိုးစားနေသည်။ သူက စာလုံး အနည်းငယ်ကိုသာ ခန့်မှန်းနိုင်ခဲ့၏။
ဝမ်လင်းက မှော်ကျောက်တုံးကို ကိုင်ထားပြီး ရေရွတ်လိုက်သည် … “ဒီဟာက နံပါတ်တစ်ခုကို ရေးထားတာနဲ့တူတယ် … အခြားအဓိပ္ပာယ် မရှိလောက်ဖူး …” ရုတ်တရက် သူ့ခေါင်းထဲသို့ အတွေးတစ်ခု ဝင်ရောက်လာပြီး ထူးဆန်းသော အိပ်မက်ကို သတိရလိုက်သည်။
“အိပ်မက်က မှော်ကျောက်တုံးနှင့် ဆက်စပ်နေတာလား …” ဝမ်လင်းက အနည်းငယ် တွေးလိုက်ပြီး အိပ်ရာပေါ်သို့ လှဲလိုက်သည်။ အိပ်ပျော်သွားစေရန် သူ့ကိုယ်သူ အတင်းအကျပ် ဖိအားပေး လိုက်သည်။ သို့သော်လည်း အားအင်များက ပြည့်နေသည့် အတွက် အိပ်လို့မရပေ။
ယခင်တစ်ကြိမ် အိပ်ပျော်စဉ်က မှော်ကျောက်တုံးကို စိုက်ကြည့်ရင် အိပ်ပျော်သွားသည်ကို မှတ်မိလိုက်၏။ ထို့ကြောင့် သူက မှော်ကျောက်တုံးကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်လိုက်သည်။ မကြာခင်မှာပဲ အိပ်ချင်လာပြီး လုံးဝ အိပ်မောကျသွား၏။
အဆုံးမရှိသည့် နေရာက နောက်တစ်ကြိမ် ပြန်ပေါ်လာသည်။ သူက တစ်ခုခုကို စဉ်းစားနေသည်။ သည်တစ်ကြိမ်တွင် သူက လျှောက်မသွားတော့ဘဲ ထပ်ကာထပ်ကာ ခုန်နေလိုက်သည်။
အချိန်တွေကလည်း ကုန်ဆုံးလာသကဲ့သို့ သူကလည်း ပိုပိုပြီး မြင့်အောင် ခုန်နိုင်လာသည်။ အစက မီတာဝက်ခန့်သာ ခုန်နိုင်ခဲ့သော်လည်း ယခုအချိန်တွင်မူ ၁မီတာထက်ပိုပြီး ခုန်နိုင်နေလေပြီ။ သူ့တစ်ကိုယ်လုံး ခြေကုန်လက်ပန်း ကျလာပြီး တစ်စစီ ဆုတ်ပြဲသလို ခံစားရသည့် ခံစားချက်က ထပ်မံပေါ်လာပြန်သည်။
ထို့နောက် သူနိုးထလာသည်။
သူ နိုးလာလာခြင်းမှာပင် ခုန်ကြည့်လိုက်သည်။ သူက အိပ်မက်ထဲက အမြင့်အတိုင်း ရောက်အောင် ခုန်နိုင်လေသည်။
ထိုအချင်းအရာက ဝမ်လင်းကို အလွန် အံ့အားသင့်စေသည်။ သူ့မျက်နှာတွင်လည်း စိတ်လှုပ်ရှားနေသည့် အမူအရာများ ပေါ်လာသည်။ သူက အသက် အနည်းငယ် ရှူလိုက်ပြီး စိတ်လှုပ်ရှား နေဟန်ဖြင့် အခန်းထဲတွင် လမ်းလျှောက်နေလိုက်သည်။ သူ့မျက်နှာ အမူအရာက ဆက်တိုက် ပြောင်းလဲနေသည်။ သူ၏နဖူးမှလည်း ချွေများက တစ်စက်စက် ကျနေသည်။
ဝမ်လင်းက ရေရွတ်လိုက်သည် … “အိပ်မက်ထဲမှာ လေ့ကျင့်တာက ငါ့အတွက် အသုံးမဝင်ဘူး … အပြင်မှာလည်း လေ့ကျင့်လို့ ရတာပဲ … အိပ်မက်မက် နေဖို့တောင် မလိုဘူး …”
“ဒါက မမှန်ဘူး … သက်တံစင်းတွေ မပျောက်ကွယ်ခင်က စိတ်စွမ်းအင်တွေ အများကြီးကို စုပ်ယူထားတာ … အသုံးမဝင်ဘူး ဆိုတာ မဖြစ်နိုင်ဘူ … တခြားတစ်ခုခု အသုံးဝင်တာ ရှိရဦးမယ် … ဘာဖြစ်နိုင်မလဲ …” ဝမ်လင်းက သူ့ဘေးတွင် ရှိသည့်အရာ အားလုံးကို စိတ်ရောကိုယ်ပါ စိတ်နှစ်ပြီး ပြန်စဉ်းစား လိုက်သည်။
“ဖြစ်နိုင်တာက …” သူက စကားကို ရပ်လိုက်သည်။ သူက အကြံတစ်ခုကို ဖမ်းဆုပ်မိသွား၏။ သူက သူ့ကိုယ်သူ မေးလိုက်သည် … “အချိန်ဖြစ်နိုင်မလား …”
ထိုအကြောင်းကို တွေးမိပြီးနောက် သူ၏စိတ် ခံစားချက်များကိုပင် မထိန်းချုပ် နိုင်တော့ပေ။ သူက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ် လိုက်ချင်သည်။ သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး မှော်ကျောက်တုံးကို ကြည့်ကာ သူ့ကိုယ်က တုန်ယင်နေသည်။
“အဲ့တာက အချိန်သာ ဖြစ်ခဲ့ရင် … ငါ … ထေ့ကျူး … ငါ့ရဲ့ပင်ကို ပါရမီက ဘယ်လိုဖြစ်နေနေ အင်မော်တယ် တစ်ယောက် ဖြစ်လာလိမ့်မယ် …” ဝမ်လင်းက အနည်းငယ် အသက်ရှူလိုက်ပြီး သူက ပုံမှန် အခြေအနေသို့ ပြန်ရောက်သွား၏။ သူက ဘာမှ ရေရွတ်မနေတော့ဘဲ ဆီမီးအိမ်ကို ယူလိုက်ကာ ဆီကို အပြည့်ဖြည့် လိုက်သည်။ သူက အိပ်ရာပေါ်တွင် ထိုင်လိုက်ပြီး ကျောက်တုံးကို ကိုင်ထားကာ အချိန်ကို စရေတွက်လိုက်သည်။
၅နာရီကြာပြီးနောက်တွင် မီးအိမ်က မီးငြိမ်းသွား၏။
ဝမ်လင်းက လျင်မြန်စွာ မီးအိမ်ကို ဆီပြန်ဖြည့်လိုက်ပြီး ကျောက်တုံးကို စိုက်ကြည့်ကာ အိပ်မက်ထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။
သည်တစ်ကြိမ်တွင်တော့ သူက ခုန်မနေတော့ဘဲ ခြေချိတ်ထိုင်ကာ အချိန်ကို ရေတွက် နေလိုက်သည်။
‘၁နာရီ၊ ၅နာရီ၊ ၁၀နာရီ၊ ၂၀နာရီ ၊ ၃၅နာရီ၊ ၅၀နာရီ … ‘
သူ့ခန္ဓာကိုယ်မှ တစ်စစီ ဆုတ်ပြဲသည့် ခံစားမှုက နောက်တစ်ကြိမ် ပြန်လည် ဖြစ်ပေါ်လာသည်။ ဝမ်လင်းက သူ့မျက်လုံးကို ဖွင့်လိုက်သောအခါ ဆီမီးအိမ်ကလည်း ငြိမ်းပြီးကာစကဲ့သို့ ဖြစ်နေလေသည်။
“အိပ်မက်ထဲမှာ အချိန်က ဆယ်ဆတောင် သက်သာတာလား …” ဝမ်လင်းက မှော်ကျောက်တုံးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး စိတ်လှုပ်ရှားစွာဖြင့် မတ်တတ် ရပ်လိုက်သည်။
ပထမဆုံးအကြိမ်အဖြစ် သူ၏ကျင့်ကြံခြင်း၌ ယုံကြည်မှု ရှိလာပြီ ဖြစ်သည်။
ဝမ်လင်းက လှုပ်ရှားနေသော သူ၏နှလုံးကို ထိန်းချုပ်လိုက်ပြီး မှော်ကျောက်တုံးကို သုံးပြီး ချက်ချင်း ကျင့်ကြံခြင်းကို မပြုလုပ်ပေ။ သူက သည်မနက်ခင်းတွင် စပြီးလေ့ကျင့်လိုက်ပါက တစ်ယောက်ယောက်က တွေ့သွားမည်ကို သူ အလွန်စိုးရိမ်သည်။ ထို့ကဲ့သို့ ဖြစ်သွားခဲ့လျှင် သူက ဒီကိစ္စကို ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ပေ။ ဒါ့ကြောင့် မှော်ကျောက်တုံးကို သူ၏သိုလှောင် အိတ်ထဲသို့ ထည့်လိုက်ပြီး အခန်းထဲမှ ထွက်လိုက်သည်။
***