Switch Mode

အခန်း (၂၂)

ကီဖယ်ရှားခြင်း နည်းစနစ်

သူ၏အခန်းထဲသို့ ပြန်ရောက်ပြီးနောက် ဝမ်လင်းက ချက်ချင်း အခန်းတံခါးကို ပိတ်လိုက်၏။ သူသည် ကီစုစည်းခြင်း ဆေးလုံးကို အသုံးမပြုသေးဘဲ သိုလှောင်အိတ်ထဲတွင်သာ ဆက်သိမ်း ထားလိုက်သည်။ ထို့နောက် မှော်ကျောက်တုံး စမ်းသပ်ရန် စတင်လိုက်၏။

သူက ဘူးသီးခြောက် သုံး ဘူးနှင့် မှော်ကျောက်တုံးကို ဂရုတစိုက် ထုတ်ယူလိုက်ပြီး အနည်းငယ် စဉ်းစားပြီးနောက် မရေရာသည့် အပြုံးတစ်ခုက သူ့မျက်နှာတွင် ပေါ်လာသည်။ သူက ကောင်းကျိုး ဆိုးကျိုးများကို ချင့်ချိန်နေ၏။ သူ့တွင် ရေငွေ့ရည်များသာ မရှိတော့ပါက အနာဂတ်တွင် သူ၏ကျင့်ကြံမှုက အလွန် နှေးကွေးနေမည်မှာ အမှန်ပင်။

သို့သော်လည်း ဝမ်လင်းက မှော်ကျောက်တုံးပေါ်တွင် ရှိသည့် သက်တံ အစင်းများကို အလွန် စိတ်ဝင်စားနေ၏။ သူက ခေတ္တခဏ တွေးလိုက်ပြီး ဆုံးဖြတ်ချက် ချလိုက်သည်။ ရေငွေ့ရည်များကို အမြဲတမ်း ထုတ်ယူ၍ရသည်။ နောက်ထပ် အချိန်အနည်းငယ် ပေးလိုက်ရုံပင်။ သို့သော်လည်းပဲ သက်တံ ၁၀ ခု ပြည့်သွားလျှင် မှော်ကျောက်တုံးက တစ်ခုခု ပြောင်းလဲ သွားနိုင်သည်။ မှော်ကျောက်တုံးက လုပ်ပေးလိုက်သော ရေငွေ့ရည်များတွင် ပိုပြီး စိတ်စွမ်းအင်များ ပါလာနိုင်ဖွယ်ရှိ၏။

ထိုသို့တွေးပြီးနောက် အကောင်းဆုံး နံနက်ခင်း ရေငွေ့ရည်များ ပါဝင်သော ဘူးသီးခြောက်ကို ထုတ်ယူလိုက်သည်။ ထိုအထဲမှ ရေငွေ့ရည်များက အချိန်ကြာနေပြီ ဖြစ်သည့်အတွက် ဂျယ်လီကဲ့သို့ပင် ဖြစ်နေလေသည်။

ဘူးသီးခြောက်ထဲမှ ရေငွေ့ရည်များကို အကုန် သွန်ထုတ်လိုက်၏။ အလွန် လန်းဆန်းစေသော အနံ့နှင့် စိမ်းဖန့်ဖန့် အရည်များအား ကျောက်ပန်းကန်လုံး တစ်ဝက်ခန့်ပင် ရလိုက်သည်။ ထို့အနံ့ကို ရှူမိပြီး ဝမ်လင်း အလွန် စိတ်ပေါ့ပါးသွား၏။

ထွက်လာသည့် အနံ့က ဂိုဏ်းထဲရှိ ပုန်းကွယ်နေသော ပညာရှင်များအား ဆွဲဆောင်မည် စိုးရိမ်သောကြောင့် မှော်ကျောက်တုံးကို ကျောက်ပန်းကန်လုံးထဲသို့ လျင်မြန်စွာ ထည့်လိုက်သည်။ ခဏကြာပြီးနောက် မှော်ကျောက်တုံးက ရေငွေ့ရည်ကို အနည်းငယ်ကို စုပ်ယူပြီးသွားပြီ ဖြစ်သည်။

ဝမ်လင်းကို အနည်းငယ်တော့ စိတ်ပျက်စေသည်။ သူက မှော်ကျောက်တုံး တစ်ခုခု ပြောင်းလဲ သွားမည်ကို မျှော်လင့်နေခြင်း ဖြစ်၏။ ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ပြီး ကျောက်ပန်းကန်လုံးကို အိပ်ရာဘေး၌ ထားကာ သူက အိပ်ရာပေါ်၌ လေ့ကျင့်ရန် ပြင်ဆင်လိုက်သည်။

သုံးဆင့်ရှိုက် အသက်ရှူ နည်းစနစ်က ယခုအချိန်တွင် ဝမ်လင်းအတွက် အလွန် လွယ်ကူနေလေပြီ။ လွန်ခဲ့သော နှစ်လလုံးလုံးတွင် စိတ်စွမ်းအင် အနည်းငယ်မျှပင် မစုစည်းနိုင်ခဲ့သော်လည်း သုံးဆင့်ရှိုက် အသက်ရှူနည်းစနစ်ကို အမြဲမပြတ် အသုံးပြုနေခဲ့သည်။ သူက ကျင့်စဉ်ကျင့် မနေသည့် အချိန်တောင်မှ ထိုနည်းစနစ်အတိုင်း အသက်ရှူ နေလိမ့်မည် ဖြစ်၏။

တစ်ညတာ ကုန်ဆုံးပြီးနောက် ဝမ်လင်းက မျက်လုံးကို ဖွင့်လိုက်ပြီး ကျောက်ပန်းကန်လုံးကို စစ်ဆေးကြည့် လိုက်သည်။ အရည် တစ်ဝက်ခန့်ကို ‌မှော်တုံးက စုပ်ယူပြီး ဖြစ်သည်ကို သူ တွေ့လိုက်ရ၏။

သူက စိတ်ဓာတ်မကျပေ။ သူက ကျောက်ပန်းကန်လုံးကို သူ့အိပ်ရာ အောက်တွင် ထားလိုက်သည်။ ခဏလောက် တုံံ့ဆိုင်း နေပြီးနောက် ကီစုစည်းဆေး တစ်လုံးကို ထုတ်ယူကာ သောက်လိုက်၏။ ထို့နောက် သူ့ခန္ဓာကိုယ်တွင်းမှ တဖြည်းဖြည်း ပူလာသလို ခံစားလာရသည်။

စွန်းတဇူးနှင့် နေထိုင်ခဲ့ရသော လတွင် ဤကဲ့သို့သော ဖြစ်စဉ်မျိုးအား ရက်တိုင်းကြုံတွေ့ဖူး၏။ သူက လျင်မြန်စွာ ကျင့်စဉ်ကို စတင် ကျင့်လိုက်သည်။ သူက ညမရောက်ခင်အထိ လေ့ကျင့်နေခဲ့သည်။ ဝမ်လင်းက ရှုံ့မဲ့ပြီး ရေရွတ်လိုက်သည် … “ဒီကီစုစည်ခြင်းဆေးကလည်း စွန်းတဇူးရဲ့ ဆေးဝါးနဲ့ အတူတူပဲ … ငါစားလိုက်တဲ့ အချိန်တိုင်း ငါ့ရဲ့ ခန္ဓာကိုယ်က လန်းဆန်းလာပြီး အားပြည့်သလို ဖြစ်လာတယ် … ဆာတယ် ဆိုတာလည်း မရှိတော့ဘူး … ဒါပေမဲ့ ဘာစိတ်စွမ်းအင်မှတော့ မစုစည်းနိုင်သေးဘူး …”

သူသက်ပြင်းချ လိုက်မိသည်။ ဝမ်ကျောက်က သုံးလထဲနှင့် ကီဖွဲ့စည်းခြင်း ပထမအလွှာကို ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ သူ၏မျက်နှာ အမူအရာက မပြောင်းလဲသော်လည်း သူ့စိတ်ထဲတွင် ခံစားချက်များ ရောပြွမ်းနေသည်။

‘ပင်ကိုပါရမီ…. ကျင့်စဉ် ကျင့်ကြံခြင်းရဲ့ အရေးကြီးဆုံး အစိတ်အပိုင်း တစ်ခုလား … ‘

သို့သော်လည်း ဝမ်လင်း၏ အကျင့်စရိုက်အရ အလွယ်တကူ အရှုံးပေးလိမ့်မည် မဟုတ်ပေ။ သူ့တွင် အလွန် ထူးဆန်းသော မှော်ကျောက်တုံး ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။ ယခု အချိန်တွင် သူ့၌ စိတ်စွမ်းအင် မရှိသေးသော်လည်း တစ်ချိန်တွင်တော့ အောင်မြင်လိမ့်မည်ဟု တွေးထားသည်။

“အချိန် …” ဝမ်လင်းက နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူက အိမ်ရာအောက်မှ ကျောက်ပန်းကန်လုံးကို ထုတ်ယူလိုက်သည်။ ကျောက်ပန်းကန်လုံးထဲတွင် အရည်အနည်းငယ်သာ ကျန်တော့၏။ သို့သော်လည်း ၁၀ခုမြောက် သက်တံစင်းလေးကတော့ မပေါ်သေးချေ။

သူက ချက်ချင်း နောက်ဘူးသီး ခြောက်တစ်ဘူးကို ထုတ်ယူလိုက်ပြီး ကျောက်ပန်းကန်လုံးထဲသို့ လောင်းထည့်လိုက်၏။ ဘူးသီးခြောက်ထဲ ကျန်ရစ်သည့် အရည်အနည်းငယ်ကိုတော့ သောက်လိုက်ပြီး ကျင့်စဉ် ကျင့်နေလိုက်သည်။

ယခုတစ်ကြိမ်တွင် ထွက်လာသည့် အပူက ယခင်ကထက် များစွာ ပိုပြင်း၏။ အပူက သူ့ကိုယ်ထဲတွင် စီးဆင်းနေသည်ကိုပင် ခံစားသိရှိနိုင်သည်။ ရေအရမ်းဆာနေသလို ခံစားရသော်လည်း ဆက်၍သာ လေ့ကျင့်နေလိုက်၏။

ခဏကြာပြီးနောက် ဝမ်လင်းသည် တစ်ခုခု မှားယွင်းသည်ကို ခံစားမိလိုက်၏။ အပူက ယခင်ကဲ့သို့ ပျောက်ကွယ်မသွားဘဲ အသက်ရှူ လိုက်တိုင်း ပူပြီး ပူလာသည်။ သူ့ခန္ဓာကိုယ်က အကန့်အသတ်ကို ရောက်နေသော ပူးပေါင်းတစ်လုံးကဲ့သို့ ခံစားလိုက်ရသည်။

ဝမ်လင်းသည် အလွန် ကြောက်ရွံ့သွား၏။ ထို့ကြောင့် ကျင့်ကြံနေခြင်းကို ရပ်တန့်လိုက်သည်။ သူမျက်လုံး ဖွင့်လိုက်သောအခါ ထိတ်လန့်စရာ တစ်ခုကို တွေ့မြင်လိုက်ရသည်။ သူ၏သွေးကြောများက အရေပြားအောက်တွင် တီကောင်များကဲ့သို့ ဖောင်းကြွနေ၏။

ယခင်က သူစားခဲ့သည့် ဆေးများတွင် စိတ်စွမ်းအင် မည်မျှပါသည်ကို သူမသိချေ။ အသက်ရှူ နည်းစနစ်နှင့် သူစုပ်ယူခဲ့သည့် စိတ်စွမ်းအင် ပမာဏ မည်မျှရှိသည်ကိုလည်း သူမသိပေ။ သူ၏ပင်ကို ပါရမီကြောင့် ဆုံးရှုံးသွားခဲ့ရသော စိတ်စွမ်းအင် မည်မျှရှိသည်ကိုလည်း မသိချေ။

ထပ်ပေါင်း ပြောရလျှင် အရေးကြီးသည့် အချိန်ရောက်လာတိုင်း ကီပြန့်ကွဲခြင်း မြက်က စိတ်စွမ်းအင် အပြည့်အဝ စုစည်းခြင်းမှ ကာကွယ်လိမ့်မည် ဖြစ်သည်။

သို့သော် ယခုတစ်ကြိမ် သူသောက်လိုက်သည့် ရေငွေ့ရည်တွင် စိတ်စွမ်းအင်များက ယခင် ဆေးဝါးများထက် အလွန်များပြားနေသည်။ သူ့ပင်ကို ပါရမီကြောင့် ဆုံးရှုံးရသည်ထက်ကို များပြားနေသည်။ သူသာ ကျင့်ကြံခြင်းအမှုကို မပြုလိုက်လျှင် ထိုစွမ်းအင်များက ခဏလေးအတွင်း ပျောက်ကွယ် သွားမည် ဖြစ်၏။ သို့သော်လည်း သူက လေ့ကျင့်လိုက်သည့် အတွက် မီးကို ဆီလောင်း လိုက်သကဲ့သို့ ဖြစ်သွားလေသည်။

သူ လေ့ကျင့်လိုက်၍ ဤသို့ဖြစ်သွားမှန်း သူသိသော်လည်း ဘာဆက် လုပ်ရမည်ကို သူမသိ‌ချေ။ သူ့သွေးကြောများ ပြန့်ကားလာသည်ကို ကြည့်နေရုံသာ တတ်နိုင်တော့သည်။ သွေးကြောများ သူ့အကန့်အသတ်သို့ ရောက်ရှိ လာသောအခါ သူ့ခေါင်းထဲသို့ အကြံတစ်ခု ဝင်လာသည်။ သူ့တွင် အများကြီး တွေးရန် အချိန်မရှိချေ။ သူ အံတင်းတင်း ကြိတ်လိုက်ပြီး သုံးဆင့်ရှိုက် အသက်ရှူနည်းကို စတင်လေ့ကျင့် လိုက်သည်။

သုံးဆင့်ရှိုက် အသက်ရှူနည်းက စိတ်စွမ်းအင် စုစည်းသည့် နည်းစနစ်တစ်ခု ဖြစ်သည်။ ဆန့်ကျင်ဘက်က စိတ်စွမ်းအင်ကို ဖြန့်ထုတ်ခြင်း ဖြစ်ရမည်ဟု ဝမ်လင်းက တွေးလိုက်သည်။

ဝမ်လင်း၏ ခန့်မှန်းမှုသည် အနည်းနှင့်အများ မှန်ကန်သည်။ ကျင့်ကြံသူအများစုက ဤအသက်ရှူ နည်းစနစ်ကို သိနေကြသည်။

ဤနည်းစနစ်သည် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်မရောက်ခင် အဆင့်တစ်ခု ဖြစ်နေသောကြောင့် ဖြစ်သည်။

သူ၏အသက်ရှူ နည်းစနစ်ကြောင့် စိတ်စွမ်းအင် စီးကြောင်းများသည် ခန္ဓာကိုယ်၏ အစိတ်အပိုင်းများမှ ထွက်သွားကြသည်။ ထွက်သွားသည့် စွမ်းအင်များအားလုံးကို အိပ်ရာအောက်မှ မှော်ကျောက်တုံးက အကုန်အစင် စုပ်ယူလိုက်သည်။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးလာပြီးနောက် ဖောင်းကားနေသော သွေးကြောများက တဖြည်းဖြည်း လျော့ကျလာကာ မူလအခြေအနေသို့ ပြန်လည် ရောက်ရှိသွား၏။

သူ့ကိုယ်ထဲမှ ထုတ်လွှတ် လိုက်သော စိတ်စွမ်းအင်များကလည်း အချိန်ကြာကြာ မခံပေ။ သို့သော်လည်း အနက်ရောင်ကီ တချို့ကိုတော့ မှော်ကျောက်တုံးက မစုပ်ယူပေ။ သူတို့က လေထဲတွင်ပင် ပျောက်ကွယ် သွားကြသည်။

ဝမ်လင်းအတွက် ကံကောင်းသွားသည့် တိုက်ဆိုင်မှုကတော့ ကီပြိုကွဲခြင်း မြက်ကိုပါ သူ့ခန္ဓာကိုယ်ထဲမှ ဖယ်ရှား လိုက်နိုင်ခြင်း ဖြစ်၏။

တစ်စုံတစ်ယောက်က ကီပြိုကွဲခြင်း မြက်ကို ဖယ်ရှားချင်လျှင် ပထမနည်းလမ်းက စိတ်စွမ်းအင် အနည်းငယ်ကို အဆုံးရှုံးခံ၍ တွန်းထုတ်ရခြင်း ဖြစ်သည်။ သည်နည်းလမ်းက စွန်းတဇူးသုံးသည့် နည်းလမ်း ဖြစ်၏။ သို့သော်လည်း သူက ဝမ်လင်းနှင့် ပတ်သက်၍ နောက်ထပ် ဆေးပင်များ အဆုံးရှုံး မခံနိုင်တော့ပေ။ ထို့ကြောင့် သူက အရှုံးပေးခဲ့သည်။

ဒုတိယနည်းလမ်းက ကီဖယ်ရှားခြင်း နည်းလမ်းကို အသုံးပြုခြင်းဖြစ်သည်။ ထိုနည်းလမ်းက ခန္ဓာကိုယ်တွင်းရှိ စိတ်စွမ်းအင် အားလုံးကို ဖယ်ရှားပစ်ခြင်း ဖြစ်သည်။ ထို့သို့ လုပ်လိုက်လျှင် အစမှ ပြန်လေ့ကျင့် ရပေလိမ့်မည်။ စွန်းတဇူးက ထိုနည်းလမ်းကို ဝမ်လင်းအပေါ် မသုံးခြင်းသည် ဝမ်လင်းထံတွင် စိတ်စွမ်းအင် မရှိခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ထိုနည်းလမ်းက သုံးချင်ရင်တောင်မှ သုံး၍ မရချေ။

ကီဖယ်ရှားခြင်း နည်းစနစ်က တစ်နေ့လုံးနှင့် တစ်ည ကြာမြင့်ခဲ့သည်။ ဝမ်လင်းက အလွန် ပင်ပန်းနေကြောင့် အိပ်ရာပေါ်တွင် လှဲလိုက်၏။ သည်အချိန်တွင် သူက သူ့ကိုယ်သူ ကယ်တင် လိုက်သည်ကို သူသိသည်။ နောင်တွင် ရေငွေ့ရည်များကို မဆင်မခြင်း သောက်လိမ့်မည် မဟုတ်တော့ချေ။

ဝမ်လင်းသည် အလွန်အမင်း ပင်ပန်းနေသောကြောင့် ချက်ချင်း အိပ်မောကျသွား၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset