Switch Mode

အခန်း (၂၁)

ကီစုစည်းခြင်းဆေးလုံး

နောက်ဆုံး တစ်ယောက်က အသက်၂၀ ဝန်းကျင်ခန့် ရှိကာ အရပ်ရှည်ပြီး၊ သူ၏မျက်နှာက မြင်းမျက်နှာနှင့် ဆင်သည်။ သူက ခေါင်းကို မော့လိုက်ပြီး အထင်သေးသည့် အမူအရာဖြင့် ပြောလိုက်၏ … “ဂိုဏ်းတူညီလေးဝမ်က သုံးလလောက် တံခါးပတ် လေ့ကျင့်နေတော့ ဘယ်သိပါ့မလဲ … ဒီဝမ်လင်းဆိုတဲ့ ကောင်က ဂိုဏ်းထဲမှာ အကြီးမားဆုံး ဟာသ တစ်ခုပဲ … ပင်မတပည့် တစ်ယောက် ဖြစ်လာဖို့ ဂိုဏ်းတူ ညီမလေးရှု ပြောတဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့တယ် … ”

ထိုစကားများကို ဝမ်ကျောက် ကြားလိုက် ရပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး …

“မင်းက ငါ့ကို တစ်စက္ကန့်လောက် တကယ် လန့်အောင် လုပ်လိုက်တာပဲ … ဘယ်လိုနည်းနဲ့ပဲ ဂိုဏ်းထဲကို ဝင်လာဝင်လာ … ဂိုဏ်းထဲကို ဝင်နိုင်ရင်တောင်မှ မင်းက ကီစုစည်းခြင်း ပထမအလွှာကို ဘယ်တော့မှ ရောက်မှာ မဟုတ်ဘူး … မင်းက ဂိုဏ်းထဲကို ဝင်တာတောင် ဝမ်မိသားစုရဲ့နာမည်ကို ဘာလို့ ပျက်စီးပြီး ဝင်လာရတာလဲ။

“ဂိုဏ်းတူ အစ်ကိုဝမ် ပြောတာမှားတယ် … ပင်ကိုစွမ်းရည်က အရေးကြီးပေမဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယက ပိုအရေးကြီးတယ် … ကျင့်ကြံမှု လမ်းစဉ်က ကောင်းကင်ဘုံကို ဆန့်ကျင့်တဲ့လမ်းပဲ … လူတစ်ယောက်က ဘယ်လောက်ပဲ ပင်ကိုစွမ်းရည် ကောင်းပါတယ် ပြောပြော လုံ့လ၊ဝီရိယ မရှိရင် တိုးတက်လာမှာ မဟုတ်ဘူး … ”

ကျိုးဟုခေါ်ခံရသည့် မိန်းကလေးက လေးလေးနက်နက် ပြောလိုက်၏။

မိန်းကလေးရှုက ဝမ်ကျောက်အနားကို ခြေလှမ်း အနည်းငယ် တိုးလိုက်ပြီး ပြောလိုက်သည် …

“ဂိုဏ်းတူအစ်ကိုဝမ် ပြောတာမမှားဘူး … ဒီဝမ်လင်းဆိုတဲ့ ကောင်ကို ကြည့်လိုက် သနားစရာ ကောင်းလိုက်တာ … ကျင့်ကြံသူ တစ်ယောက်နဲ့ ဘယ်နေရာမှကို မတူဘူး … ”

ဝမ်လင်း တခစ်ခစ် ရယ်မောလိုက်သည်။ သူတို့ကြားမှ အခြေအနေကို နားလည်လိုက်၏။ ဝမ်ကျောက်က မိန်းကလေးကျိုးကို နှစ်သက်ပြီး မိန်းကလေးရှုက ဝမ်ကျောက်ကို နှစ်သက်နေသည့် အခြေအနေ ဖြစ်သည်။ မိန်းကလေးရှုက ဝမ်ကျောက်နှင့် မိန်းကလေး ကျိုးကြားမှ ဆက်ဆံရေးကို လိုက်လံ ဖျက်ဆီးနေခြင်းလည်း ဖြစ်၏။

ဝမ်လင်း၏ ရယ်သံကို ဝမ်ကျောက်ကို မကျေမနပ် ဖြစ်သွားစေသည်။ ဝမ်ကျောက်က နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည် … “ဝမ်လင်း ငါ မင်းကို အကြံပေးလိုက်မယ် … မင်း ကောင်းဖို့အတွက် ဂိုဏ်းထဲက ထွက်သွားလိုက်ပါ … မင်းမထွက်သွားဘူး ဆိုရင် နှစ်ကုန်ပြိုင်ပွဲမှာ မင်း မသေရင်တောင် မသန်မစွမ်း ဖြစ်သွားလိမ့်မယ် … ”

စွန်းတဇူးထံမှ နှစ်ကုန်မှာ ကျင်းပသည့် ပြိုင်ပွဲအကြောင်း ဝမ်လင်း သိခဲ့ရ၏။ ပြိုင်ပွဲတွင် အနိုင်ရရှိသူက မှော်ရတနာတစ်ခု ရနိုင်ပေသည်။ ပြိုင်ပွဲက အဆင့်၂ဆင့် ခွဲခြားထား၏။ ပြိုင်ပွဲတစ်ခုက တပည့်များထဲတွင် အတော်ဆုံး နေရာကို ပြိုင်ရသည့်ပွဲဖြစ်ပြီး ဒုတိယပြိုင်ပွဲက တပည့်သစ်တွေထဲမှ လူသစ်ဘုရင် နေရာကို လုရသည့်ပွဲ ဖြစ်သည်။

ဝမ်းလင်းကလည်း ပေါ့ပေါ့ပါးပါးဖြင့် ပြန်ပြောလိုက်သည် … “မင်း စိုးရိမ်နေဖို့ မလိုပါဘူး … ငါလိုအမှိုက်ကောင်ရဲ့ သေခြင်း၊ ရှင်ခြင်းကို ဘာလို့ စိုးရိမ်နေတာလဲ … ”

ဝမ်ကျောက်က အေးစက်စွာ ရယ်မောလိုက်သည် … “ငါတို့က ဆွေမျိုးတွေမို့လို့ စိုးရိမ်တာ … ငါက ကောင်းစေချင်လို့ ပြောတာကို လက်မခံလို့ ပြိုင်ပွဲမှာ တစ်ခုခုဖြစ်ရင် ငါ့ကို အပြစ်မတင်နဲ့ … ” ပြောပြီးသည်နှင့် သူ၏မျက်လုံးထဲ၌ အေးစက်စက် အရောင်လက်သွား၏။

ဝမ်ကျောက်က ငယ်ငယ်လေး ကတည်းက ဝမ်လင်း၏ မိသားစုအပေါ် အထင်အမြင် သေး၏။ သူက ဝမ်လင်းကို မတွေ့ဖူးသော်လည်း သူ့အဖေထံမှ အမြဲကြားခဲ့ရသည်။ ဝမ်လင်း၏ အဖေက အဘိုးဆီမှ အမွေကို ပမာဏများများ ရယူချင်သည့် အတွက် အမြဲဖားနေပြီး သူ့အဖေကိုတောင် အရှက်ရစေခဲ့သည်။ သို့သော်လည်း တခြား မိသားစုဝင်များက မျက်ကန်းများ မဟုတ်သည့်အတွက် သူ့အဖေ၏ အမွေများကို ပြန်ယူပေးခဲ့ကြ၏။ ထို့ကြောင့် ဝမ်ကျောက်၏ မျက်လုံးထဲတွင် အဖေရော၊ သားရော ဝမ်မိသားစုကို အရှက်ရစေသည့် သူများဟု မြင်နေလေသည်။

အရွယ်ရောက် လာပြီးနောက် သူ့အဖေ ပြောသလို မဟုတ်ဘူးဆိုတာကို ဝမ်ကျောက်က နားလည်လာခဲ့သည်။ သို့သော် သူက ငယ်သေးသည့် အတွက် မာနက အလွန်ကြီးလေ၏။ တစ်ခါတစ်ရံ သူ့အဖေကို အထင်သေး သကဲ့သို့ ကြည့်သော်လည်း တခြား မည်သူ့ကိုမှ ထိုအကြောင်းများကို မပြောပြချေ။

မိန်းကလေးရှုက အနည်းငယ် စဉ်းစားလိုက်ပြီး ဝမ်ကျောက်ကို မေးလိုက်၏ …

“နင်တို့က ဆွေမျိုးတွေလား … ”

တခြားနှစ်ယောက်က အလွန် အံ့အားသင့်သွား၏။ ဤအကြောင်းကို သူတို့က ပထမဆုံး ကြားဖူးခြင်း ဖြစ်သည်။ သူတို့၂ယောက်ကလည်း ဆွေမျိုးများ ဖြစ်ကြဟန် တူသည်။

ဝမ်ကျောက်၏မျက်နှာက ဖော်ရွေခြင်း မရှိသည်ကို မိန်းကလေးရှုက မြင်လိုက်လျှင် သူမက လျှင်မြန်စွာ ပြောလိုက်သည် … “အစ်ကိုဝမ် ဒေါသမထွက်နေပါနဲ့ … အစ်ကို့ရဲ့ စေတနာကို သူက နားလည်တာ မဟုတ်ဘူး … အစ်ကိုက လူကောင်း တစ်ယောက်ပါ … သူ့ထက်လည်း ပိုပြီး စမတ်ကျတယ် … အစ်ကိုရဲ့စေတနာကို သူက နားလည်မှာလည်း မဟုတ်ဘူး … အဲ့ဒါကြောင့် မျှော်လင့်မနေတာ ကောင်းတယ် … သူက နည်းနည်း လောက်ခံရမှ အစ်ကိုက သူ့အပေါ် ဘယ်လောက် ကောင်းတယ်ဆိုတာ သိလာလိမ့်မယ် … မိသားစုတိုင်းက ဒီလိုပါပဲ … လူတိုင်းက အစ်ကို့လောက် ထူးချွန်လာမှာ မဟုတ်ဘူး … အစ်ကို ဘယ်လို ခံစားနေရလဲဆိုတာ ညီမ နားလည်ပါတယ် … အစ်ကိုက သူ့အတွက် ပိုကောင်းလာဖို့ အမှန်တကယ် စိတ်ထားရှိတယ်ဆိုတာ ညီမသိပါတယ် … ”

မိန်းကလေးရှု ပြောသည့် စကားကြောင့် ဝမ်ကျောက်၏ မျက်နှာက နီမြန်းသွား၏။ သူက မိန်းကလေးရှုကို စိုက်ကြည့် လိုက်သည်။ သူ့ကို ချီးမွမ်းတာလား၊ လှောင်ပြောင်တာလား သေချာမသိပေ။

ဝမ်လင်းက မိန်းကလေးရှု ပြောတာကိုကြားပြီး ကျယ်လောင်စွာ ရယ်မောကာ ပြောလိုက်သည် …

“ဝမ်ကျောက်.. ငါက မင်းပြောတာကို နားမလည်ဘူးနဲ့ တူတယ် … မင်းက ငါ့အပေါ် တကယ်ကောင်းတာပဲ … ငါ ဝမ်လင်းက ဒီဟာကို မှတ်ထားပါ့မယ် … ကျေးဇူးပဲ … ”

ဝမ်လင်း ပြောလိုက်ပြီးနောက် ဆေးဝါးဆောင် တံခါးက ပွင့်လာသည်။ ကြည်လင် ရွှင်ပျနေသော မျက်နှာနှင့် လူငယ်တစ်ယောက် အပြင်ထွက်လာသည်။ ထိုလူငယ်က ဝမ်ဟို ဖြစ်၏။

ဝမ်ဟိုက အပြင်ထွက် လာပြီးနောက် တခြားသူများ၏ အာရုံစိုက်မှု ရရှိစေရန် ချောင်းဟန့်လိုက်ကာ ပြုံးရွှင်နေသော မျက်နှာဖြင့် ပြောလိုက်သည် …

“ဒီနေ့အတွက် ကီစုစည်းခြင်း ဆေးလုံးက ဆေးအိုး ထဲမှာပဲ ရှိသေးတယ် … ရပြီဆိုရင် မင်းတို့ကို တစ်ယောက်ချင်းစီ ခေါ်လိုက်မယ် … ”

ဝမ်ကျောက်က ဝမ်ဟိုကို စိုက်ကြည့်ပြီး သွားကို တင်းတင်း ကြိတ်လိုက်၏။ သို့သော်လည်း ဝမ်ဟိုကို စိတ်အနှောင့်အယှက် ဖြစ်စေရန် လုပ်၍မရသေးပေ။ ယခုချိန်တွင် ဝမ်ဟိုက စီနီယာ အစ်ကိုသုံး၏ ဆေးဝါးအကူ အဖြစ် ရှိနေလေသည်။ ဆေးဝါးအဆောင်၏ နေ့စဉ်ကိစ္စများကို တာဝန်ယူ ထားရသူလည်း ဖြစ်သည်။ ဝမ်ဟိုကသာ သူ့ဆရာကို တိုင်ကြားလိုက်လျှင် ယခု ဝမ်ကျောက် ရရှိနေသည့် အထောက်အပံ အများအပြား လျော့သွားပေလိမ့်မည် ဖြစ်၏။

ဝမ်ဟိုက သူ့စကားဆုံးသည်နှင့် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့် လိုက်ရာ ဝမ်လင်းကို မြင်လိုက်ရ၍ အံသြသွားလေ၏။ သူက ဝမ်လင်းကို သူ့အနားဆွဲ ခေါ်လိုက်ပြီး ပြောလိုက်သည် …

“စီနီယာအစ်ကို ထေ့ကျူး ပင်မတပည့် ဖြစ်လာတာ ဂုဏ်ပြုပါတယ် … မင်း ဘာဖြစ်ခဲ့တယ်ဆိုတာ ငါ အားလုံးကြားပါတယ် … ငါလည်း မင်းဆီလာပြီး စကားပြောချင်ပါတယ် … ဒါပေမဲ့ ဒီနေရာက စည်းကမ်း တင်းကျပ်လွန်းတယ် … မင်းအကြောင်းကို အခြားသူတွေက မကောင်းပြော နေတာကို ငါ တကယ် မကြိုက်ဘူး … မင်းသာ နည်းစနစ်တချို့ကို လေ့ကျင့်ထားမယ်ဆိုရင် မင်းကို အထင်မြင်သေးတဲ့ လူအားလုံးကို ပြန်ပြီး လက်စားချေလို့ရပြီ … ”

ဝမ်လင်း၏ နှလုံးသားထဲတွင် နွေးထွေးသွားပြီး ပြုံးပြလိုက်သည် … “ဝမ်ဟို … ကျေးဇူးပဲ … ”

ဝမ်ဟိုက သက်ပြင်းချပြီး ပြောလိုက်၏ … “ငါ မင်းဆီ ရက်အနည်းငယ်လောက် လာနေချင်တာ … ဒါပေမဲ့ ငါ့အဖေက ငါ့ကိုမသွားအောင် စောင့်ကြည့်နေတာ … ကြည့်ရတာ အဖေက အရှုပ်အရှင်းထဲ ဝင်မပါချင်လို့ ထင်တယ် … ငါ့ကို ဗွေမယူပါနဲ့ … ”

ဝမ်လင်းက ခေါင်းကို ခါလိုက်ကာ ပြောလိုက်သည် …

“ပြီးခဲ့တာတွေကို ပြောမနေပါနဲ့တော့ … အခု ငါ ကီဖွဲ့စည်းခြင်း ပထမအလွှာကိုရောက်ဖို့ မြန်မြန် လေ့ကျင့်ချင်တယ် … ”

ဝမ်ဟိုက ဘေးဘယ်ညာကို ကြည့်လိုက်ကာ သူတို့ကို မည်သူမှ ကြည့်မနေကြောင်း သေချာသွားလျှင် သူက ဝမ်လင်း၏ လက်ထဲသို့ တစ်ခုခု ထည့်ပေးလိုက်ပြီး မျက်စိတစ်ဖက် မှိတ်ပြလိုက်၏။ ထိုစဉ် ဆေးဝါးအခန်းထဲမှ အေးစက်စက် အသံတစ်ခု ထွက်လာသည်။

“ဆေးဝါးအကူ ပြန်မလာသေးဘူးလား … ”

ဝမ်ဟိုက ပြန်ထူးလိုက်ပြီး ဆေးဝါးဆောင်ထဲသို့ လျင်မြန်စွာ ပြေးဝင်သွားသည်။

ဝမ်လင်းက သူ့လက်ထဲမှ ပစ္စည်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား၏။ သူ့လက်ထဲသို့ ကြည့်လိုက်ရာ ကြည်လင်နေသည့် ဆေးလုံး၃လုံးကို မြင်လိုက်ရသည်။ ဆေးလုံး၃လုံးကို သိုလှောင်အိတ်ထဲသို့ လျှို့ဝှက်စွာ ထည့်လိုက်၏။ ထို့နောက် ဝမ်လင်းက ညစ်ပတ်မှာကို မကြောက်ဘဲ မြေပြင်ပေါ်တွင် ထိုင်ချလိုက်ကာ ကျင့်ကြံရန် ပြင်လိုက်သည်။

လေးယောက်ထဲမှ တစ်ယောက်က ဝမ်လင်းမြေပေါ် ထိုင်ချလိုက်တာကို မြင်လိုက်ရ၏။ ကျင့်ကြံရန် ပြင်လိုက်သည် ကိုလည်း မြင်လိုက်ရသည်။

ဝမ်ကျောက်က မိန်းကလေးကျိုး၏ အမြင်ကောင်းတစ်ခု ရရှိရန် ကြိုးပန်းနေသော်လည်း မိန်းကလေးရှုက တစ်ချိန်လုံး သူ့ကို နှောင့်ယှက်နေသည်။

အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာသည်။ ကောင်းကင်ကလည်း တဖြည်းဖြည်း မှောင်လာလေပြီ။ လကလည်း ထွက်လာလေ၏။ ထိုအချိန်တွင် ဆေးဝါးအဆောင် တံခါးက ပွင့်လာပြီး ဝမ်ဟို၏ လက်ထဲတွင် ဗန်းတစ်ခုကို ကိုင်ထားကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။

ဝမ်ဟို ကိုင်လာသည့် ဗန်းထဲတွင် အဆင့်နိမ့် စိတ်ဝိညာဉ် ကျောက်တုံး ငါးတုံးနှင့် ကြည်လင်နေသော ဆေးလုံး ၅လုံး ပါလေသည်။

တပည့်များက သူတို့ဝေစုကို ရပြီးသည်နှင့် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြ၏။ ဝမ်လင်းက နောက်ဆုံးမှ ထွက်သွားလေသည်။ သူက ပြုံးလိုက်ပြီး ဝမ်ဟိုဆီသို့ လက်နှစ်ဖက်ဆုပ်ကာ ကျေးဇူးတင်သည့် အမူအရာ လုပ်ပြပြီး ထွက်သွား၏။

ဝမ်ဟို၏ ကြင်နာမှုကို သူ၏နှလုံးသားထဲ၌ မှတ်သားထားလိုက်၏။ ဝမ်ဟိုပေးခဲ့သည့် ဆေးလုံး၃လုံးက ကီစုစည်းခြင်း ဆေးလုံးများ ဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset