ပြင်ပတပည့်အများစုက ပြီးခဲ့သည့် တစ်လလုံး သူ့ကို လှောင်ပြောင်နေပြီး ယခုလည်း ပင်မခြံဝန်းမှ နှင်ထုတ်ခံရသော်လည်း ဝမ်လင်းက အလွန်ပျော်ရွှင်နေ၏။ ကျင့်ကြံမှုနှင့် ပတ်သက်၍လည်း စွန်းတဇူးထံမှ အနည်းငယ် သင်ကြားခဲ့ရ၏။ ကျင့်ကြံခြင်း၌ အဆင့်၅ဆင့် ရှိ၏။ ၎င်းတို့မှာ ကီစုစည်းခြင်းအဆင့်၊ ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့်၊ အမြုတေ ဖွဲ့တည်ခြင်းအဆင့်၊ စဦးဝိညာဉ်အဆင့်၊ ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် တို့ ဖြစ်သည်။
ဟုန်ယွီဂိုဏ်း တစ်ခုလုံးတွင် အမြုတေ ဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူ ၂ယောက်သာ ရှိ၏။ သူတို့က စိတ်စွမ်းအင် အသိပ်သည်းဆုံး နေရာဖြစ်သည့် တောင်ထိပ်တွင်သာ နေထိုင်ကြပြီး အမြဲတမ်း တံခါးပိတ် လေ့ကျင့်နေတတ်သည်။ ဂိုဏ်း၏ ကိစ္စအဝဝကိုလည်း လုံးဝ ဝင်မစွက်ဖက်ပေ။ ဂိုဏ်းတွင် ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့် ၁၀ယောက် ရှိပြီး ဒုတိယ အမြင့်ဆုံး ရာထူးကို ရရှိထားကာ မှော်ပစ္စည်းမျိုးစုံကို အသုံးပြု၍ အထူးအခွင့်အရေးများ ရရှိစေရန် ဆုတောင်း နေတတ်ကြ၏။
ထိုလူများမှလွဲ၍ ကျန်သောသူ အားလုံးက ကီစုစည်းခြင်း အဆင့်၌သာ ရှိကြသေး၏။ စွန်းတဇူးတောင်မှ ကီစုစည်းခြင်းအဆင့် ပဉ္စမအလွှာသာ ရှိသေး၏။
ကျင့်ကြံခြင်းက ခက်ခဲရုံတင်မဟုတ် အချိန်လည်း အတော်ပေး ရလေသည်။ ပင်ကို ပါရမီကသာ အားနည်းနေလျှင် ကျင့်ကြံရန်အတွက် အချိန် လုံလောက်မည် မဟုတ်ပေ။ ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်က ကီစုစည်းမူအဆင့်ထက် ပိုမိုခက်ခဲလေသည်။ အောင်မြင်ရန်အတွက် စိတ်စွမ်းအင် လုံလောက်မှုရှိရန် သာမက ကံကောင်းမှုနှင့် ကျင့်စဉ် အပေါ်တွင် နားလည် နိုင်စွမ်းကလည်း အလွန် အရေးကြီး လေသည်။
ဝမ်လင်းက စိတ်စွမ်းအင်၏ အရေးပါမှုကို သိရှိနေသောကြောင့် မှော်ကျောက်တုံးကို အမြန်ပြန်ယူ နေချင်၏။
ယခုချိန်တွင် ဝမ်လင်း၏ ကိုယ်ထဲ၌ မည်သည့် စိတ်စွမ်းအင်မှ ရှိမနေသေးပေ။ သို့သော်လည်း မှော်ကျောက်တုံးမှ ရရှိသည့် ရေငွေ့ရည်ကိုသာ သောက်သုံးနေပါက သူ၏ ကျင့်ကြံခြင်းကလည်း မြင့်တက် လာမည်ဟု ယုံကြည်နေလေသည်။ ကီစုစည်းခြင်း အဆင့်က စိတ်စွမ်းအင် စုဆောင်း အဆင့်သာ ဖြစ်၏။
စွန်းတဇူး၏ အမူအရာကို ကြည့်ခြင်းအားဖြင့် မှော်ကျောက်တုံး စိမ်ထားသည့် ရေထဲ၌ စိတ်စွမ်းအင် ပမာဏ အများအပြား ပါဝင်နေရပေမည်။ ထိုအကြောင်းကို တွေးပြီး အလွန် စိတ်လှုပ်ရှားနေပြီး မှော်ကျောက်တုံး မြုပ်ထားသည့် နေရာမှ စမ်းရေ ထည့်ထားသည့် ဘူးသီးခြောက်များ အကြောင်းကိုပင် မေ့သွားလေသည်။ ရေငွေ့ရည် အပြည့်ထည့်ထားသော ဘူးသီး ခြောက်၃ဘူး ရှိ၏။ ထိုဘူးသီခြောက်များထဲတွင် စိတ်စွမ်းအင်များ ပို၍ပင် ပါနိုင်ပေသည်။
ထိုရေငွေ့ရည်ကိုသာ သောက်လိုက်ပါက ပြီးခဲ့သည့် တစ်လလုံး သောက်ခဲ့ရသော ဆေးဝါးများထက် မကောင်းစရာ မရှိပေ။ ပို၍ပင် ကောင်းနိုင်သေး၏။ ထိုအချင်းအရာကြောင့် နှင်ထုတ်ခံရခြင်းအပေါ် ဘယ်လိုမှ မခံစားရပေ။ ပိုပြီးတော့တောင် ပျော်သေး၏။
ဝမ်လင်းက ပင်မတပည့် တစ်ယောက် ဖြစ်၏။ ပင်မဝန်းထဲ၌ မနေရသော်လည်း ကျန်သည့် တခြား ဝန်း၅ခုတွင် နေနိုင်သည်။ အရှေ့ဂိတ်နှင့် နီးသော ချောင်ကျကျ အိမ်တစ်လုံးကို နေထိုင်ရန် ရွေးလိုက်၏။
ပင်မတပည့်များက သူတို့၏ အဝတ်အစား အရောင်များ အလိုက် ခွဲခြားဆက်ဆံခံ ရလေသည်။ ပင်မတပည့်တိုင်းက လတစ်လ၏ ၁၀ရက်နေ့တိုင်းတွင် အဆင့်နိမ့် စိတ်ဝိညာဉ် ကျောက်တုံး အပိုင်းအစ တစ်ခုနှင့် ကီစုစည်းခြင်း ဆေးလုံးတစ်လုံးစီ ရရှိကြသည်ကို စွန်းတဇူးထံမှ သိရှိထား၏။
အဆင့်နိမ့် စိတ်ဝိညာဉ် ကျောက်တုံး အပိုင်းအစ ၁၀ခုပြည့်သည်နှင့် မည်သည့် အကြီးအကဲ ထံတွင်မဆို အဆင့်နိမ့် စိတ်ဝိညာဉ် ကျောက်တုံးတစ်တုံးနှင့် လဲလှယ်နိုင်သည်။
ဝမ်လင်းက သူ၏အိမ်ကို သန့်ရှင်းရေး လုပ်ပြီးနောက် မှော်ကျောက်တုံးကို ရှာရန် ချက်ချင်း မသွားခဲ့ပေ။ စွန်းတဇူးမှ သူ့ကို နောက်ယောင်ခံ လိုက်မည်ကို အလွန် ကြောက်သည်။ ပုံမှန်အတိုင်း နေ့ခင်း၌ စမ်းချောင်းဘေး၌ ကျင့်ကြံပြီး ညဘက်တွင် အိမ်ထဲ၌ ဆက်လက် ကျင့်ကြံလေ၏။
စွန်းတဇူးကလည်း အရှုံးပေးရန် စိတ်ကူးမရှိပေ။ ၁၀ရက်ခန့် နောက်ယောင်ခံ လိုက်ပြီးနောက် လက်လျော့ လိုက်လေ၏။
တစ်လကြာပြီးနောက် ညသန်းခေါင်အချိန်တွင် ဝမ်လင်းက အိမ်ထဲမှ ခိုးထွက်လာသည်။ ဝမ်လင်းက ဘေးဘယ်ညာကို သေချာကြည့်ပြီး မည်သူမှ သတိမပြုမိခင် မှော်ကျောက်တုံးနှင့် ဘူးသီးခြောက်ကို ပြန်သိမ်းယူ လိုက်သည်။
နောက်ထပ်ရက် အနည်းငယ်ခန့် သေချာစောင့်ကြည့် နေလိုက်၏။ မူမမှန်မှုများ မရှိမှ ဝမ်လင်းလည်း စိတ်သက်သာရာ ရသွားသည်။ စမ်းချောင်းသို့ သွားရန် ဆန္ဒမရှိသောကြောင့် အိမ်မှာပဲနေပြီး နေ့တိုင်းလိုလို မှော်ကျောက်တုံးကို လေ့လာနေလိုက်သည်။
ဝမ်လင်းက မှော်ကျောက်တုံးကို ထိလိုက်ပြီးနောက် မှော်ကျောက်တုံးပေါ်တွင် ပေါ်နေသည့် သက်တံစင်းက ၇ ခုမှ ၉ ခုသို့ တိုးလာလေသည်။ မှော်ကျောက်တုံးမှ စုပ်ယူသော တောင်၌ရှိသော ရေများက စိုစွတ်မှု အလွန် မြင့်မားသောကြောင့် ဖြစ်၏။
ဘူးသီးခြောက် ၃ ခုကို ဖွင့်ကြည့် လိုက်သောအခါ ဘူးသီးခြောက်ထဲ၌ ယခင်ကထက် ပိုမိုစေးပျစ်သော ရေငွေ့ရည်များကို တွေ့လိုက်ရ၏။ အထူးသဖြင့် ဘူးတစ်ဘူးထဲ၌ နံနက်ခင်း ရေငွေ့ရည်များကို ပါဝင်နေသည်။ ထိုရေငွေ့ရည်များက ဂျယ်လီကဲ့သို့ စေးပျစ်နေသည်။
ဝမ်လင်းက မှော်ကျောက်တုံးကို ကြည့်လိုက်သည်။ ထို့နောက် ဘူးသီးခြောက် ၃ဘူးကို ထပ်မံ ကြည့်လိုက်ပြီး တဖြည်းဖြည်း ပျော်ရွှင်လာလေ၏။ မှော်ကျောက်တုံးက ရေတွေကို စုပ်ယူရန် လိုအပ်သည့်အခါ ဘူးသီးခြောက်ထဲမှ ရေများကို သုံးလိုက်လျှင် မှော်ကျောက်တုံးပေါ်မှ သက်တံ အစင်းများက ၁၀ ခု ဖြစ်လာမည့်လား သူသေချာ မသိပေ။
ဝမ်လင်း၏ နှလုံးက တဒုတ်ဒုတ် ခုန်နေလေသည်။ ယခုဆိုလျှင် မှော်ကျောက်တုံးပေါ်၌ သက်တံ အစင်း၉ခုက အပြည့်နီးပါး ဖုံးအုပ်နေသည်။ မှော်ကျောက်တုံးပေါ်၌ လက်ချောင်းအသေး တစ်ချောင်းစာခန့်သာ နေရာလွတ် ရှိတော့သည်။ ဝမ်လင်းက မှော်ကျောက်တုံးပေါ်တွင် သက်တံအစင်း ၁၀ခု အထိသာ ရှိနိုင်မည်ဟု ခန့်မှန်းလိုက်သည်။
သူ အနည်းငယ်ခန့် တွေးတောပြီးနောက် မှော်ကျောက်တုံးပေါ်၌ သက်တံ အစင်း၁၀ ခုပြည့်သွားလျှင် ဘာဆက် ဖြစ်လာမလဲဟု အလွန်သိချင်နေ၏။ မှော်ကျောက်တုံးပေါ်တွင် သက်တံအစင်း ၁၁ ခုအထိ နေရာလွတ် မရှိသည့်အတွက် ၁၀ ခုအထိသာ ရှိနိုင်ပေသည်။
သို့သော်လည်း ယနေ့က အဆင့်နိမ့် စိတ်ဝိညာဉ် ကျောက်တုံး အပိုင်းအစ ထုတ်ယူရမည့်နေ့ ဖြစ်သောကြောင့် မှော်ကျောက်တုံးနှင့် ဘူးသီးခြောက် ၃ ဘူးကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ပြီး အပြင်သို့ ထွက်လာခဲ့သည်။
အချိန်ခဏ ကြာပြီးနောက် ဝမ်လင်းက ပင်မဝန်းသို့ ရောက်ရှိလာသည်။ သူက မမှောင်ခင် ဆေးဝါးဆောင်သို့ ရောက်ရှိရန် အမြန်ပြေးသွားလိုက်၏။
ဆေးဝါးဆောင်သို့ မရောက်ခင်ကပင် အဝေးမှ ရင်နှီးသည့် အသံတစ်ခုကို ကြားလိုက်ရသည်။
“ဂိုဏ်းတူညီ မကျိုး … ဆရာက ငါ့ကို ကီစုစည်းခြင်း ပထမအလွှာအတွက် အချိန်၃လ တံခါးပိတ် လေ့ကျင့်ဖို့ ခွင့်ပြုခဲ့တယ် … ဒါပေမဲ့ ငါက မင်း အကြောင်းကိုပဲ တွေးမိနေတယ် … ငါ့ရဲ့နှလုံးသား ကလည်း တစ်ချိန်လုံး လှုပ်ရှားနေတယ် … ငါ အမြန်ဆုံး ကီစုစည်းခြင်း ပထမအလွှာကို ရောက်ဖို့ အစွန်းကုန် ကြိုးစာခဲ့တယ် … ဒါမှလည်း မင်းနဲ့ တွေ့နိုင်မှာလေ … မနေ့ညကပဲ ပထမအလွှာကို ရောက်ခဲ့တယ် … ငါ မင်းအတွက် တောင်ပေါ်ကနေ ပန်းခူးလာခဲ့တယ် … ဒီပန်းကို မြွေကြီးတစ်ကောင်က စောင့်ရှောက်နေတာ … ဒီပန်းကိုရဖို့ ငါ အများကြီး ကြိုးစားခဲ့ရတယ် … ဒီမှာကြည့်လိုက် ငါ့ရဲ့မျက်ခုံးမှာတောင် ဒဏ်ရာရသွားသေးတယ် …”
ဝမ်လင်းက ထိုအသံကို ကြားလိုက်ရသောအခါ စိတ်ထဲတွင် လှောင်ပြောင်လိုက်ပြီး ရှေ့ကို ဆက်သွားလိုက်၏။
ကြွပ်ဆတ်ဆတ် မိန်းမအသံ တစ်ခုကလည်း ထွက်ပေါ်လာသည် … “ဂိုဏ်းတူ အစ်ကိုဝမ် ငါ့ရဲ့မိသားစုက သမားတော် မိသားစုပဲ … ဒီပန်းက အဇူကာလို့ခေါ်တဲ့ သာမန် ပန်းပွင့်တစ်ပွင့်ပဲ … တောင်ပေါ်တက်လာတဲ့ လမ်းမှာတောင် အများကြီး တွေ့ခဲ့သေးတယ် … ဒီပန်းကို မြွေကြီး တစ်ကောင်က စောင့်ရှောက် နေတယ်ဆိုတာ ပထမဆုံး ကြားဖူးတာပဲ … ဒါသာအမှန်ဆို ဟုန်ယွီဂိုဏ်း တစ်ဂိုဏ်းလုံး မြွေတွေနဲ့ ပြည့်ကုန်တော့မှာပဲ … ဂိုဏ်းတူ အစ်မကျိုး သူပြောတာမယုံနဲ့ …”
ထိုအချိန်တွင် ဝမ်လင်းက ဆေးဝါးခြံဝန်းထဲသို့ လမ်းလျှောက် ဝင်လာလေသည်။ ခြံဝန်းထဲတွင် အနီရောင် ဝတ်ဆင်ထားသည့် ယောက်ျားလေး နှစ်ယောက်၊ မိန်းကလေး နှစ်ယောက် ရှိနေသည်။
ယောက်ျားလေး တစ်ယောက်က ကြည့်ကောင်းပြီး သပ်သပ်ရပ်ရပ် ရှိ၏။ သူ၏ပုံစံက ပြန်ပြောရမှာကို ရှက်နေသည့် ပုံစံမျိုး ဖြစ်သည်။ သို့သော်လည်း သူက ဝမ်လင်းကို သတိပြုမိလိုက်သည်။ ရုတ်တရက် တံခါးကို ကြည့်လိုက်ပြီး မယုံကြည်နိုင်စွာဖြင့် ပြောလိုက်၏ . “ဝမ်လင်း … မင်း … အိမ်မှာ မင်းအဖေနဲ့အတူ လယ်သမား လုပ်နေရမှာ မဟုတ်ဘူးလား …”
ဘေးက ကောင်မလေး တစ်ယောက်က ပြောလိုက်၏ … “ဝမ်လင်းလား … သူက ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားပြီ ပြင်ပတပည့် ဖြစ်လာတဲ့သူ မလား … အကြီးအကဲစွန်းကြောင့် သူက ပင်မတပည့် တစ်ယောက် ထပ်ဖြစ်လာတယ်လေ …”
သူမက ဆံပင်ကို နောက်ကိုစုချည်ပြီး အောက်သို့ ချထား၏။ သူမတွင် မျက်ခုံးထူထူလေးရှိပြီး အနက်ရောင် မျက်လုံးဝိုင်းဝိုင်းလေး ရှိသည်။ သူမက အလွန်လည်း လှပ၏။
တခြား ၂ ယောက်ကလည်း ဝမ်လင်းကို ကြည့်ပြီး အလွန် အံ့အားသင့် သွား၏။ မိန်းကလေးနောက် တစ်ယောက်တွင် ကလေး မျက်လုံးကဲ့သို့ မျက်လုံး ကြီးကြီးလေးရှိပြီး လှပသော မျက်တောင်များဖြင့် အလှဆင် ထားသည်။ သူမ၏ မျက်လုံးများက သလင်းကျောက် နှင့်တူပြီး မျက်လုံး၌ စိတ်ဝင်စားသည့် အမူအရာများ ပေါ်လွင်နေ၏။
ဝမ်လင်းက သူ့ရှေ့မှ လူများကို စေ့စေ့ကြည့် လိုက်ပြီး မျက်နှာကို တည်ထားလိုက်သည်။ သူ့ကိုပြောသည့် မိန်းကလေး အသံကို ကြားလိုက်ပြီး သူမက ဝမ်ကျောက်ကို လှောင်လိုက်သည့် မိန်းကလေး ဖြစ်ကြောင်း နားလည်လိုက်၏။ သူမကို ကြည့်လိုက်ပြီး တပည့်ရွေးသည့်နေ့က အရွေးခံလိုက်ရသော မိန်းကလေး ဖြစ်ကြောင်း မှတ်မိလိုက်သည်။ သူမကို မှတ်မိပြီးနောက် တခြား မိန်းကလေးက ဂိုဏ်းတူ ညီမကျိုး ဖြစ်ရမည်ဟု မှတ်ချက်ချ လိုက်၏။ ဝမ်ကျောက်က သူမကို ပန်းပေးရန် ကြိုးစားနေခြင်း ဖြစ်ကြောင်း နားလည်လိုက်သည်။
***