ထိုဘူးသီးခြောက်များ အကြောင်း စဉ်းစားလိုက်သောအခါ စွန်းတဇူးသည် သူ၏ဒေါသများကို မထိန်းချုပ် နိုင်လောက်အောင် ဖြစ်သွား၏။ ဘူးသီးခြောက်များအား ဘယ်လိုပင် စမ်းသပ် ကြည့်စေကာမူ ဘူးသီးခြောက်များကား သာမန်သာ ဖြစ်သည်။ သူက ထိုထဲသို့ စမ်းရေများပင် ထည့်ကြည့်ခဲ့သည်။ ဤကဲ့သို့ လုပ်နေပုံအား သူ၏ပညာသင်ဖက် ညီအစ်ကိုများသာ သိသွားပါက ရယ်ကြပေလိမ့်မည်။
ဝမ်လင်းက သူ၏နှလုံးသားထဲ၌ ရယ်နေခဲ့သည်။ သို့သော် သူ၏မျက်နှာပေါ်၌ အပြစ်ကင်းစင်ဟန်ဖြင့် ပြောလိုက်သည် …”စိတ်စွမ်းအင်ဆိုတာ ဘာကိုပြောတာလဲ ကျွန်တော်မသိဘူး … ကျွန်တော် ကြားတာက ဘူးသီးခြောက်တစ်ခု ယူလာမယ်ဆိုရင် စိတ်ဝိညာဉ် ကျောက်တုံးတစ်တုံး ရမယ်ဆိုတာပဲ သိတယ် … ဆရာ ကျွန်တော့်ကို စိတ်စွမ်းအင် အကြောင်း ရှင်းပြမလို့လား …”
သူ၏ခေါင်း ချာချာလည်သွားသလို စွန်းတဇူး ခံစားလိုက်ရသည်။ ဝမ်လင်းအား အချိန်အတော်အကြာ စိုက်ကြည့် လိုက်ပြီးနောက် ဝမ်လင်းဆီက ပထမဆုံး ရခဲ့သော ဘူးသီးခြောက် တစ်ခုသာ အစစ်အမှန် ဖြစ်သည်ဟု သူ့စိတ်ထဲ ထင်လာသည်။
သူ အနည်းငယ် တွေးပြီးနောက် ဝမ်လင်း ပြောသည့် စကားများက ယုတ္တိရှိသည်ကို နားလည်လိုက်သည်။ ကီစုစည်းခြင်း အဆင့် ပထမအလွှာသို့ ရောက်မှသာလျှင် ပတ်ဝန်းကျင်မှ စိတ်စွမ်းအင်များ အကြောင်းကို နားလည်လာမည် ဖြစ်သည်။ ထိုအကြောင်းအား တွေးပြီးနောက် ဝမ်လင်း၏ အစားအစာထဲသို့ ဆေးဝါးများ ထည့်မိခဲ့ခြင်းကို နောင်တရသွား၏။ ဝမ်လင်း၏ ပါရမီက တော်တော်ဆိုးပြီး သူထည့်လိုက်သော ဆေးနှင့်ဆိုလျှင် ကီစုစည်းခြင်း၏ ပထမအလွှာသို့ ရောက်ရန် အနည်းဆုံး နှစ်၃၀မှ ၅၀ခန့် အချိန်ယူရလိမ့်မည်။
စွန်းတဇူး သက်ပြင်းချလိုက်ပြီး အဆင့်နိမ့် စိတ်ဝိညာဉ် ကျောက်တုံးတစ်တုံး ထုတ်ကာ မပေးချင် ပေးချင်နှင့် ဝမ်လင်းအား ပေးကာ ပြောလိုက်သည် …”ဒါက ကတိပေးထားတဲ့အတိုင်း အဆင့်နိမ့် စိတ်ဝိညာဉ် ကျောက်တုံးတစ်တုံးပဲ ဒါကိုယူပြီး ကီစုစည်းခြင်းအဆင့် ပထမအလွှာကို မြန်မြန်ချိုးဖြတ်ပါ …”
ဝမ်လင်းက အဆင့်နိမ့် စိတ်ဝိညာဉ် ကျောက်တုံး တစ်တုံးကို လျင်မြန်စွာ ယူလိုက်ပြီး သူ့ဆရာအား ကျေးဇူးတင်ကာ သူ့အခန်းသို့ ပြန်သွားလိုက်တော့သည်။
စွန်းတဇူး ထိုနေရာ၌ အချိန်အတော်ကြာ ရပ်နေပြီးနောက် သက်ပြင်းချကာ ရေရွတ်လိုက်သည် …”သူ ငါ့ကို လိမ်တယ်ဆိုရင် ဒါက သိဖို့တစ်ခုတည်းသော နည်းလမ်းပဲ …”
ဝိညာဉ်ရှာဖွေခြင်း နည်းလမ်းက အရိုးရှင်ဆုံးသော အင်မော်တယ် ကျင့်စဉ်တစ်ခုဖြစ်သည်။ အဆိုးဝါးဆုံး ရလဒ်က ထိုနည်းလမ်းအား အသုံးပြုခံရသူသည် သူ၏ဝိညာဉ် ပြိုကွဲပြီး သေဆုံးသွားနိုင်ချေ ရှိသည်။ အကောင်းဆုံး ရလဒ်တောင်မှ ဦးနှောက် မကောင်းတော့သည့် လူတစ်ယောက် ဖြစ်သွားနိုင်ချေ ရှိ၏။
သို့သော် ဝိညာဉ်ရှာဖွေခြင်း နည်းလမ်းတွင် အားနည်းချက်လည်း ရှိသည်။ ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကို မရောက်မီ ထိုနည်းလမ်းအား သေမျိုးတစ်ယောက် အပေါ်၌ အသုံးပြုမည်ဆိုပါက အသုံးပြုသူအား အသုံးပြုခံရသူနှင့်အတူ တူညီသောရလဒ်ကို တန်ပြန်ထိခိုက်စေသည်။
ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်သို့ ရောက်ရှိနေပါက ပြဿနာ ရှိတော့မည် မဟုတ်ချေ။ သို့သော်လည်း ၎င်းအား တစ်ဘဝလုံးတွင် သုံးကြိမ်သာ သုံးခွင့်ရှိပေ၏။ တစ်ကြိမ် အသုံးပြုတိုင်း အသုံးပြုသူ၏ ကျင့်ကြံမှုသည် အောက်သို့ တစ်ဆင့်နိမ့် သွားမည် ဖြစ်သည်။
ဝမ်လင်း သူ၏အခန်းထဲ၌ ခြေချိတ်ထိုင်ကာ သူရရှိခဲ့သော စိတ်ဝိညာဉ် ကျောက်တုံးကို မည့်သို့ပင် လေ့လာစေကာမူ ထူးခြားမှုကို မတွေ့ရချေ။ သို့သော်လည်း စိတ်ဝိညာဉ် ကျောက်တုံးကို ကိုင်ထားသောအခါ သူ၏စိတ်က ကြည်လင်နေသလို ခံစားရသည်။ ဝမ်လင်း စတင်၍ ကျင့်စဉ် ကျင့်လိုက်သည်။
ညက တစ်ရွေ့ရွေ့ ကုန်ဆုံးသွား၏။ ဝမ်လင်း သက်ပြင်းချ လိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ် ၌ ပုရွတ်ဆိတ်များ သွားနေသကဲ့သို့ မခံစားရပေ။ မည်သည့် စိတ်စွမ်းအင်မျှ သူ၏ ခန္ဓာကိုယ်ထဲ၌ ဝင်လာသည်ကို မခံစားမိချေ။ သူက စိတ်ပျက်စွာ ပြုံးလိုက်မိသည်။ ထိုအချိန်၌ တစ်စုံတစ်ယောက်က သူ၏အခန်း တံခါးကို တွန်းဖွင့်လိုက်၏။ စွန်းတဇူးက သုန်မုန်နေသည့် မျက်နှာထားနှင့် ဝင်လာပြီး သူ့လက်ထဲတွင် အနက်ရောင် အရည်များပါသော ပန်းကန်လုံး တစ်လုံးအား ယူလာသည်။
“ဒါကို သောက်လိုက် …”
ဝမ်လင်း မှင်တက် သွားကာ ပန်းကန်လုံးအား ကြည့်ကာ မေးလိုက်သည် … “ဆရာ ဒါတွေက ဘာတွေလဲ …”
စွန်းတဇူးသည် ဝမ်လင်း၏ အမူအရာအား မြင်ပြီး ဒေါသထွက်ကာ အော်လိုက်သည် … “ငါက မင်းကို ဒုက္ခရောက်အောင် လုပ်မယ်လို့ ထင်နေတာလား … ငါက မင်း ကီစုစည်းခြင်းအဆင့် ပထမအလွှာကို မရောက်စေချင်ရင် ဘာလို့ ဒီဆေးဖော်ဖို့အတွက် တစ်ညလုံး အချိန်ကုန်ခံမလဲ စဉ်းစားကြည့်ပါဦး …”
ဝမ်လင်းက တုံံ့ဆိုင်းနေသော်လည်း စွန်းတဇူး၏ ဒေါသထွက်နေသော အကြည့်များအား မြင်ပြီး ပန်းကန်းလုံးအား ယူ၍ သောက်လိုက်သည်။
ထိုအရာအား သူသောက်ပြီးနောက် သူ၏အစာအိမ်ထဲ၌ လောင်ကျွမ်းနေသလို ခံစားလိုက်ရသည်။ ထိုအရာက ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားပြီး သူအား ရေဆာသည့် ခံစားချက်မျိုး ခံစားရစေသည်။ ဤအရာက သူ့အား မီးဖိုပေါ်တင်၍ ကင်ထားသကဲ့သို့ ခံစားရစေသည်။
သူ၏အမြင်အာရုံများ မှောင်မိုက်သွားကာ ပန်းကန်လုံးအား လွတ်ကျသွားပြီး အိပ်ချင်လာသလို ခံစားလာရသည်။
“ကျင့်စဉ်ကို မြန်မြန်ကျင့် … ဆေးစွမ်းတွေကို စုပ်ယူနိုင်အောင် ငါ ကူညီပေးမယ် …” စွန်းတဇူးက အင်တင်တင်ဖြင့် သူ၏လက်ကို ဝမ်လင်း၏ ရင်ဘတ်ပေါ် တင်လိုက်သည်။
အေးမြသော ခံစားမှုက ဝမ်လင်း၏ ဦးခေါင်းထဲသို့ ဝင်ရောက်လာပြီး သူ၏စိတ်ကို ကြည်လင် သွားစေသည်။ ထို့နောက် ဝမ်လင်းက အလျင်အမြန် ကျင့်စဉ် ကျင့်လိုက်၏။ စွန်းတဇူးက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွာသော ပန်းကန်လုံးအား ဝမ်းနည်းစွာ ကြည့်လိုက်ပြီးနောက် ပွစိပွစိ ရေရွတ်ကာ အဆင့်နိမ့် စိတ်ဝိညာဉ် ကျောက်တုံး အနည်းငယ်အား ထုတ်ကာ ဝမ်လင်း၏ ဘေးနားတွင် ချထားလိုက်သည်။ သူ့စိတ်ထဲ၌လည်း တွေးလိုက်သည် … ‘ကောင်လေး ဒီအချိန်မှာ ငါမင်းအတွက် အများကြီး ရင်းနှီး ထားရတယ် … အနာဂတ်မှာ ဒီအရာတွေ အတွက် ပိုပြီး ပြန်ပေးဆပ်ရမယ် … ‘
ခဏကြာပြီးနောက် ဝမ်လင်း၏ ကိုယ်၌ ပုရွက်ဆိတ်များ လျှောက်သွားနေသလို ခံစားလာရသည်။ စွန်းတဇူးသည် ဝမ်လင်းက ဆေးဝါးများမှ စိတ်စွမ်းအင်များ စုပ်နေသည်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်၏။ သူ၏မျက်နှာတွင်လည်း ပျော်ရွှင်သည့် အရိပ်အယောင် တစ်ခု ပေါ်လာသည်။
ထိုအချိန်၌ ဝမ်လင်း၏ ကိုယ်ထဲတွင် ဆိုးဝါးသောကီ တစ်ခု ပေါ်ပေါက်လာပြီး ဝမ်လင်း စုစည်းထားသော ကီများကို လျင်မြန်စွာ ဖျက်ဆီးလိုက်၏။
စွန်းတဇူး ကြေကွဲသွားသည်။ ဤဆိုးဝါးသောကီ အရင်းအမြစ်က မနေ့က ဝမ်လင်း၏ အစားအစာထဲသို့ ထည့်လိုက်သော ကီပြိုကွဲခြင်း မြက်မှ ဖြစ်သည်ဆိုတာကို သူသိသည်။ ဆေးဝါးများ၏ စွမ်းအင်များ အားလုံး အသုံးပြုပြီးနောက် ဝမ်လင်း၏ ကိုယ်ထဲ၌ မည်သည့် ကီစွမ်းအင်မျှ ကျန်မနေချေ။
စွန်းတဇူး သက်ပြင်းချကာ ဝမ်လင်းအား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
ဝမ်လင်းက မျက်လုံးများကို ဖွင့်လိုက်သောအခါ သူ၏ခန္ဓာကိုယ်မှ ပေါ့ပါးမှုနှင့် သက်သောင့်သက်သာ ဖြစ်မှုကို ခံစားလိုက်ရ၏။ ဝမ်လင်းက စွန်းတဇူးအား ကျေးဇူးတင်ကြောင်း ပြောမည် အပြုတွင် နက်မှောင်နေသော စွန်းတဇူး၏ မျက်နှာကို တွေ့လိုက်ရသည်။ ထို့နောက် စွန်းတဇူးက စကားတစ်ခွန်းမျှ မပြောပဲ ထွက်သွား၏။
ဝမ်လင်း မှင်တက် သွားသည်။ စွန်းတဇူး ဘာကြောင့် ထွက်သွားသည်ကို သူ မသိပေ။ သူက အပြင်သို့ ထွက်လိုက်ပြီး အော်ပြောသည် … “ဆရာ … ကျွန်တော် ဒီနေ့ စမ်းချောင်းကို သွားပြီး ကျွန်တော့်ကံကို သွားစမ်းကြည့် လိုက်ဦးမယ် …”
စွန်းတဇူးက မည်သည့်စကား တစ်ခွန်းမျှ မပြောချေ။ သို့သော် သူက ဥယျာဉ်ဂိတ် တံခါးကို တိတ်တဆိတ် ဖွင့်ကာ ဝမ်လင်းနောက်သို့ လိုက်သွားလိုက်၏။ စွန်းတဇူး အရှုံးမပေးချင်သေးပေ။
တစ်လဆိုသော အချိန်က လျင်မြန်စွာ ကုန်ဆုံးသွား၏။ ထိုတစ်လအတွင်း ဝမ်လင်းက နေ့တိုင်း စမ်းချောင်းဆီသို့ သွားကာ ကျင့်စဉ်ကျင့်တိုင်း စွန်းတဇူးက အမြဲ နောက်မှ လိုက်ခဲ့သည်။ သူ တစ်နေ့ထက် တစ်နေ့ ပိုပိုပြီး စိတ်ပျက်လာခဲ့သည်။
ထိုတစ်လအတွင်း သူက ဝမ်လင်းအား ကီစုစည်းမှု ရရှိစေရန် ဆေးဝါးများဖြင့် ကူညီပေးခဲ့သော်လည်း အားလုံး ကျရှုံးသွားရသည်။ စွန်းတဇူး၏ စိတ်အခြေအနေက တဖြည်းဖြည်း ဆိုးဝါးပြီးရင်း ဆိုးဝါးလာခဲ့၏။
အရေးကြီးဆုံးက ဘူးသီးခြောက်ထဲမှ စိတ်စွမ်းအင်များ တဖြည်းဖြည်း လျော့နည်းလာသည်ကို စွန်းတဇူး သတိပြုမိလာခဲ့သည်။ တစ်လတာ အချိန်အတွင်း၌ ဘူးသီးခြောက်ထဲသို့ စမ်းရေများ ထည့််ကြည့်သော်လည်း စမ်းရေများသာ ပြန်လည် ထွက်လာခဲ့သည်။
နောက်ဆုံး၌ ဘူးသီးခြောက်က သာမန် ဘူးသီးခြောက်နှင့် တူလာသဖြင့် စွန်းတဇူး စိတ်ပျက် သွားရသည်။ ထိုအကြောင်းကို နားလည် လာခဲ့ပြီးနောက် ထိုဘူးသီးခြောက်က အစကတည်းက သာမန် ဘူးသီးခြောက်ဖြစ်ပြီး တစ်စုံတစ်ယောက်က စိတ်စွမ်းအင် ထည့်သွင်းထားခြင်း ဖြစ်မည်ဟု ခန့်မှန်းလိုက်တော့သည်။ ဒါကို ဝမ်လင်းက ကံကောင်း ထောက်မပြီး ကောက်ရခဲ့ခြင်းဖြစ်မည်။ ဝမ်လင်းထံ၌ နောက်ထပ် ဘူးသီးခြောက်များ ရှိရန်က အခွင့်အရေး အလွန်နည်းပါးလှသည်။
ထိုအကြောင်းအား တွေးလေ သူ့ခန့်မှန်းချက်က မှန်သည်ဟု ထင်လာပြီး သူ၏နှလုံးသားများ တစ်စစ်စစ် ကိုက်ခဲ လာရသည်။ ဤတစ်လအတွင်း မည်သည့် အရာမျှမလုပ်ပဲ ဝမ်လင်းနောက်သို့ တစ်ချိန်လုံး နောက်ယောင်ခံ လိုက်ကာ ဝမ်လင်းအတွက် ဆေးများ ဖော်စပ်ပေးခဲ့သည်။ ယခုတော့ သူ၏ အားထုတ်မှုများက အချည်းအနှီး ဖြစ်ခဲ့ရ၏။ စွန်းတဇူး ဝမ်လင်းအား ဒေါသတကြီး အော်ခေါ်လိုက်သည်။ သူက ဝမ်လင်း၏ အပြစ်များ ဖော်ထုတ်ဆုံးမပြီး သူ့လက်ကို ဝေ့ရမ်းကာ ဝမ်လင်းကို ခြံဝန်းထဲမှ မောင်းထုတ်လိုက်၏။
ဝမ်လင်းကို ခြံဝန်းထဲ၌ ဆက်ထားလျှင် ဝမ်လင်းကို မြင်တိုင်း အမြဲတမ်း သူ ဒေါသထွက် နေရလိမ့်မည်။ ယခုတော့ ဝမ်လင်းကို သူ၏ စိတ်ထဲမှ ထုတ်ပစ်လိုက်ပြီး အချိန်အနည်းငယ် ကြာပြီးနောက် ဝမ်လင်း အကြောင်းကို လုံးဝ မေ့သွား၏။
စွန်းတဇူး ထပ်ပြီး တွေးမိလိုက်ပြန်သည်။ ဝမ်လင်းက သူကျွေးသော ဆေးများကို လတိုင်း စားသုံးရလျှင်တောင်မှ ကီစုစည်းခြင်း ပထမအလွှာကို ရောက်ရန်အတွက်မူ နောက်ထပ် ၈နှစ်မှ၁၀နှစ် အထိ လိုအပ်ပေဦးမည် ဖြစ်သည်။ ထိုဆေးများသာ မစားသုံးရပါက….. … ။
***