အခန်း (၁၃) လက်သီးတစ်ချက် သားရဲတစ်ကောင်
“ဒီကောင် တကယ်ပဲ လုန်ယွိရဲ့ တန်ခိုးစွမ်းအားစက်ကွင်းထဲက ထွက်လာတာပဲ ၊ အတော်သတ္တိကောင်းနေပုံရတယ်…”
ရှင်းကျောက် ရေရွတ်လိုက်သည်။
ရှင်းကျောက်က ကျန်းလန်ရှိရာနေရာနှင့် အလွန်ဝေးကွာသည့် သစ်ပင်တစ်ပင်ထက်တွင် ထိုင်နေခြင်း ဖြစ်၏။ သူ၏ ညဘက်လက်တွင်တော့ မြွေတစ်ကောင်ကို ရစ်ပတ်ထားလေသည်။
ထိုမြွေတွင် ကြီးမားသည့် မျက်ဆံကြီးနှစ်ခု ပါရှိလေသည်။ လောကရှိ အရာအားလုံးကို တွေ့မြင်နိုင်စွမ်းရှိသည့် မွေးရာပါ မှော်စွမ်းအားကို ပိုင်ဆိုင်ထားသော မှော်ဝင်သားရဲတစ်ကောင်ဖြစ်သည်။
ထိုမြွေ၏ တန်ခိုးစွမ်းအားများမှတစ်ဆင့် ရှင်းကျောက် ကျန်းလန်ကို တွေ့မြင်နေရခြင်း ဖြစ်လေသည်။
ထိုမြွေသတ္တဝါက ရှင်းကျောက် မွေးထားသည့် ဝိညာဉ်သားရဲတစ်ကောင်ဖြစ်ပြီး သူ့တွင်ထိုမျှအဖိုးတန်သည့် ဝိညာဉ်သားရဲတစ်ကောင်ရှိနေသည်ကို လူအနည်းငယ်သာ သိရှိထားကြသည်။
“အစီအစဉ်အရဆိုရင်တော့… ငါတို့ လုန်ယွိကို ထောင်ချောက်ဆင်ပြီးဖမ်းဖို့ စီစဉ်ရမယ် ၊ လွန်ခဲ့တဲ့ (၃)နှစ်က ဒီကောင်မ လွတ်သွားတာ ၊ ဒီနေ့တော့ ဘယ်လိုလွတ်အောင်ပြေးမလဲ ကြည့်ကြသေးတာပေါ့…”
ရှင်းကျောက်က မြွေသတ္တဝါ၏ ကြီးမားသည့်မျက်ဆံနှစ်ခုကို အသာအယာထိကိုင်လိုက်သည်။
ထိုခဏမှာပင် … သူ၏ မျက်နှာထက်တွင် လျှပ်စီးပုံသဏ္ဍန်သင်္ကေတတစ်ခု ထွက်ပေါ်လာသည်။ ထိုသင်္ကေတက ခဏမျှသာ ပေါ်လာခြင်းဖြစ်ပြီး ချက်ချင်း ပြန်လည် ပျောက်ကွယ်သွားသည်။
ထိုလျှပ်စီးပုံသဏ္ဍန်သင်္ကေတက ကျန်းလန်သတ်ဖြတ်ခဲ့သည့် ကျင့်ကြံသူညီနောင်၏ မျက်နှာထက်မှ သင်္ကေတနှင့် အတူတူပင် ဖြစ်သည်။
“နဝမတောင်ထွတ်ကကောင်ကိုပဲ ထောင်ချောက်ဆင်ပြီး လုန်ယွိထွက်လာအောင် လုပ်ရမှာပဲ… ၊ သူ့အဖွဲ့ထဲက အားအနည်းဆုံးတပည့် အန္တရယ်ရှိပြီဆိုတာနဲ့ လုန်ယွိ ချက်ချင်းလှုပ်ရှားမှာပဲ… ဟား..ဟား… အဲဒီကောင်စုတ်လေးနဲ့ နည်းနည်းလောက် ပျော်စရာလေးတွေ လုပ်ကြည့်ရတာပေါ့…”
ပြောပြီးသည်နှင့် ရှင်းကျောက်အော်ဟစ်ရယ်မောလိုက်သည်။
ထို့နောက်… ကျန်းလန်ရှိရာသို့ ထွက်ခွာလာခဲ့လေတော့သည်။
ရှင်းကျောက် သွားသည့်မြန်နှုန်းက လျှင်မြန်လွန်းလှသည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ လျှင်မြန်မှုမျိုးထက် အဆပေါင်းများစွာ သာလွန်နေ၏။
…………..
ကျန်းလန်ကတော့ တောင်တက်လမ်းအတိုင်း လမ်းလျှောက်တက်လာနေလေသည်။
ရုတ်တရက်… တစ်စုံတစ်ယောက်က သူ့အနားသို့ အလွန်လျှင်မြန်သည့် မြန်နှုန်းဖြင့် ချဉ်းကပ်လာသည်ကို ခံစားလိုက်မိသည်။
“ဒီလူက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ ၊ ဒါပေမဲ့ သူ့မြန်နှုန်းက အဲဒီအဆင့်လို့ မထင်ရလောက်အောင် လျှင်မြန်လွန်းနေတယ် ၊ ကြည့်ရတာ သူလည်း ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းလို ထူးခြားတဲ့ ကျင့်စဉ်တစ်ခုခုကို ကျင့်ကြံထားတာ ဖြစ်ရမယ် ၊ ဒါမှမဟုတ် ငါ့လိုပဲ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားတာများလား…”
ကျင့်ကြံခြင်းအဆင့်ကိုသာ ဖုံးကွယ်ထားသူဖြစ်ရိုးမှန်လျှင် သူကဲ့သို့ပင် ပြုလုပ်နေသူတစ်ယောက် ဖြစ်နိုင်ကြောင်း ကျန်းလန် ချက်ချင်း တွေးလိုက်မိသည်။
“ဂါး…”
ရုတ်တရက်… တောနက်ထဲမှ မိစ္ဆာသားရဲတစ်ကောင်၏ ခပ်တိုးတိုး ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာသည်။ သားရဲအုပ်စုတစ်စု ဖြစ်နိုင်၏။
ကျန်းလန်က ဟိန်းဟောက်သံများထွက်ပေါ်လာရာသို့ လှည့်ကြည့်လိုက်သည်။ ထိုအခါ သူ့ကို စိုက်ကြည့်နေကြသည့် သားရဲအုပ်တစ်အုပ်နှင့် ရင်ဆိုင်လိုက်ရသည်။
သားရဲအုပ်ထဲတွင် ရန်သူပုန်းအောင်းနေကြောင်း ကျန်းလန် ရိပ်မိလိုက်သည်။ ထို့ကြောင့် စတင်လှုပ်ရှားခြင်းမပြုဘဲ အခြေအနေစောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ကျန်းလန် ရှေ့ဆက်မသွားဘဲ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ထွက်ပေါ်လာမည့်ရန်သူကို စောင့်နေလိုက်သည်။
သိပ်မကြာမီ… ဆူညံသံများထွက်ပေါ်လာပြီး မိစ္ဆာသားရဲအုပ်ကြီးက ကျန်းလန်အနားသို့ တဖြည်းဖြည်း ချဉ်းကပ်လာသည်။
မိစ္ဆာသားရဲများ၏ ပုံသဏ္ဍန်က နွားရိုင်း ၊ ကျား ၊ ဝက်ဝံများနှင့် ဆင်တူသည်။
ထိုသားရဲများအားလုံး၏ တန်ခိုးစွမ်းအားက အခြေခံတည်ဆောက်ခြင်းအဆင့်၏ အထက်တွင် ရှိကြသည်။
“ဂါး… ဂရား…”
ရုတ်တရက် ကျားနှင့်တူသည့် မိစ္ဆာသားရဲတစ်ကောင် ကျန်းလန်ရှိရာသို့ ခုန်ဝင်လာသည်။
ကျန်းလန်က ချက်ချင်းပင် ကိုယ်ကိုလှည့်ကာ ရှောင်တိမ်းလိုက်၏။
“ဂျွတ်…”
ကျန်းလန် ရှောင်တိမ်းလိုက်သောကြောင့် ကျားမိစ္ဆာသားရဲက သစ်ပင်ကြီးတစ်ပင်ကို ခုန်အုပ်မိသွားပြီး သစ်ပင်ကြီး လဲပြိုကျသွားသည်။
“ဘုန်း…”
“ဂါး…”
ကျားမိစ္ဆာသားရဲက ကျန်းလန်ကို ဆက်လက်တိုက်ခိုက်ခြင်း မရှိပေ။ စူးရဲသည့် သားရဲကောင်မျက်ဝန်းများဖြင့် ကျန်းလန်ကို စိုက်ကြည့်နေ၏။
ထိုအချိန်… သားရဲအုပ်ထဲမှ အသံတစ်သံထွက်ပေါ်လာသည်။
“ကျစ်.. ကျစ်… နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးက မဆိုးဘူးပဲ ၊ သားရဲကောင်ကို ရှောင်တိမ်းလိုက်တာ သိပ်လန်းတယ်…”
ထိုအသံက ရှင်းကျောက်၏ အသံမှန်း ကျန်းလန် ချက်ချင်းမှတ်မိလိုက်သည်။
ကျန်းလန်က…
“ဘာလဲ… ဂိုဏ်းတူအစ်ကိုက ကျုပ်ရဲ့ အနီရောင်ဘူးသီးခြောက်ကို ငှားဖို့ ရောက်လာတာလား…”
ကျန်းလန်အနေဖြင့် … ရန်သူက သူ့ကို တိုက်ခိုက်ရသည့်အကြောင်းရင်းကို သိရှိရန် လိုအပ်သည်။
ရန်သူကို ချက်ချင်းသတ်ဖြတ်လိုက်မည်ဆိုလျှင် သူသိလိုသည့် အချက်အလက်များကို သိရှိရတော့မည် မဟုတ်ပေ။
သူ၏ နွားရိုင်းကိုးကောင်စွမ်းအားကတော့ အနည်းငယ် ထိန်းချုပ်ရခက်လေ၏။
ထိုအချိန်… သားရဲအုပ်ထဲမှ လူတစ်ယောက် ထွက်ပေါ်လာလေသည်။ ထိုသူမှာ… ရှင်းကျောက်ပင် ဖြစ်သည်။
ရှင်းကျောက်က…
“မင်းရဲ့ အနီရောင်ဘူးသီးခြောက် ကျုပ်ကို ငှားမယ်ဆိုရင်တော့… ကျုပ်က ပြန်ပေးမှာ မဟုတ်ဘူးနော်…”
ပြောပြီးသည်နှင့် ရှင်းကျောက်က ပြုံးလိုက်၏။
သူ၏ အပြုံးတွင် ကျန်းလန်အပေါ် အထင်အမြင်သေးခြင်း ၊ မထီမဲ့မြင်ပြုလိုခြင်းများ ထင်ဟပ်နေသည်။
ကျန်းလန်ကတော့ ရှင်းကျောက်၏ အကြည့်နှင့် အပြုံးများကို အရေးမစိုက်ပေ။
“ကျုပ်ရဲ့ ဘူးသီးခြောက်ကို ယူမယ်ဆိုရင် ဂိုဏ်းတူအစ်မ’လုန်’ ပြောတဲ့စကားတွေကို သတိရဖို့လိုတယ်… ၊ ယူသွားပြီး ပြန်မပေးဘူးဆိုရင် ဂိုဏ်းတူအစ်မ’လုန်’ ရဲ့ ဓားနဲ့တွေ့သွားမှာပေါ့… မဟုတ်ဘူးလား…”
မှော်ရုံနယ်မြေထဲမဝင်ခင် သူ့ကို ဓားနှင့်ချိန်ပြီး ပြောခဲ့သည့် လုန်ယွိ၏ စကားများကို ရှင်းကျောက် ပြန်လည် အမှတ်ရသွားသည်။
သူက ပြုံးလိုက်ရင်း…
“အိုး… သိပ်ဟုတ်တာပေါ့…”
ရှင်းကျောက်က ခဏနားပြီးမှ စကားဆက်ပြောလိုက်၏။
“ဒါပေမဲ့ ဘူးသီးခြောက်လွယ်ထားလျှက်ပဲ ဂိုဏ်းတူညီလေး ဒီနေရာမှာ သေနေမယ်ဆိုရင်တော့… ဘယ်သူမှ ကျုပ်ကို သံသယဝင်မှာ မဟုတ်တော့ဘူးလေ…”
ကျန်းလန်က အေးဆေးတည်ငြိမ်စွာဖြင့်…
“ဂိုဏ်းတူအစ်ကိုက ဘူးသီးခြောက်တစ်ခုအတွက်နဲ့ ကျုပ်ကို သတ်မလို့လား…”
ရှင်းကျောက်က…
“တကယ်တော့ အစကတည်းက မင်းကို မျက်စိစပါးမွှေးစူးနေတာ… သောက်မြင်ကပ်နေတာ … ၊ အဲဒါကြောင့် သတ်ပစ်မှာ…”
ပြောပြီးသည်နှင့် ရှင်းကျောက်က မိစ္ဆာသားရဲအုပ်ကြီးကို တိုက်ခိုက်ရန် အချက်ပြလိုက်သည်။
သားရဲအုပ်ကြီးနှင့် ရင်ဆိုင်ရသည့်အခါ သွေးပျက်ထိတ်လန့်သွားမည့် ကျန်းလန်၏ မျက်နှာကို ရှင်းကျောက် မြင်လိုလှသည်။
သို့သော်… သို့သော်… ကျန်းလန်က အေးဆေးတည်ငြိမ်လျှက်ပင် ရှိ၏။
ကျင့်ကြံခြင်းအဆင့်နိမ့်ပြီး ထိုသို့ တည်ငြိမ်နေခြင်းကြောင့် ရှင်းကျောက် ကျန်းလန်ကို ကြည့်မရဖြစ်နေမိခြင် ဖြစ်သည်။
မိစ္ဆာသားရဲများက ကျန်းလန်၏ ခြေထောက်နှင့်လက်များကို တစ်စစီ ကိုက်ဖြတ်ပစ်သည်ကို ရှင်းကျောက် ကြည့်ချင်နေမိသည်။
သားရဲအုပ်ကြီးနှင့် ရင်ဆိုင်ရလျှင် ကျန်းလန်ဆိုသည့်ကောင် မည်သည့်နည်းနှင့်မှ အသက်ရှင်နိုင်မည် မဟုတ်ပေ။
ကျန်းလန်က…
“ဂိုဏ်းတူအစ်ကို… ကျုပ်ကို တိုက်ခိုက်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ…”
ရှင်းကျောက်က ကျန်းလန်၏ အမေးကို ပြန်မဖြေပေ။
မထီမဲ့မြင်အကြည့်များဖြင့်သာ ကြည့်နေ၏။
သူတို့အားလုံးက မှော်ရုံနယ်မြေထဲသို့ ပျော်ပွဲစားထွက်လာသူများ မဟုတ်ကြပေ။ ထို့ကြောင့် အချိန်ကုန်ခံပြီး သေလူတစ်ယောက်ကို ရှင်းပြနေစရာ အကြောင်းမရှိပေ။
ထိုအချိန်မှာပင်…
“ဘူး…”
ရှည်လျားသည့် ဦးချိုများပါရှိသော နွားရိုင်းကြီးတစ်ကောင် ကျန်းလန် ရှိရာသို့ တစ်ရှိန်ထိုး ပြေးဝင်လာသည်။
ဦးချိုကြီးများက ကျန်းလန်ကို ဝှေ့ခတ်ပစ်ရန် အသင့်ဖြစ်နေသည်။
လေထုထဲတွင် ပြင်းထန်လှသည့် ဖိအားကြီးတစ်ခု ထွက်ပေါ်လာကြောင်း ကျန်းလန် ခံစားလိုက်ရသည်။ ထိုဖိအားကြီးက နွားရိုင်းကြီး၏ စွမ်းအားပင် ဖြစ်သည်။
ရှင်းကျောက်က ကျန်းလန်ကို ကြည့်နေ၏။
နဝမတောင်ထွတ်မှ သနားဆရာတပည့်လေးကတော့ မိစ္ဆာသားရဲများ၏ တစ်စစီ ကိုက်ဖြတ်ခြင်းမခံရမီ နွားရိုင်းအဝှေ့ခံရပြီး အသက်ထွက်ရှာပေတော့မည်။
ကျန်းလန် သေချာပေါက် အသက်ပျောက်တော့မည်ဟု ရှင်းကျောက်တွေးထင်လိုက်သည်။
နွားရိုင်းကြီး အနားသို့ ရောက်ရှိလာသည်နှင့် ကျန်းလန်က လျှင်မြန်စွာ လှုပ်ရှားလိုက်သည်။
ကျန်းလန်၏ လက်တစ်ဖက်က လေထဲသို့ ရိပ်ကနဲ ဖြတ်သန်းသွားပြီး နွားရိုင်းကြီးရှိရာသို့ လက်သီးချက်တစ်ချက် ပစ်သွင်းလိုက်သည်။
“ဘုန်း…”
မိုးခြိမ်းသံအလား ကျယ်လောင်သည့်အသံကြီးတစ်သံ ထွက်ပေါ်လာသည်။
“ဘန်း…”
ထို့နောက် ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြန်သည်။
ပြင်းထန်လှသည့် လက်သီးချက်ကြောင့် နွားရိုင်းကြီး၏ ခန္ဓာကိုယ်ရှေ့ပိုင်းတစ်ခုလုံး သွေးမှုံများအဖြစ် ပြောင်းလဲသွားသည်။
နွားရိုင်းကြီး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် ကိုယ်တွင်းကလီစာများမှာ အပိုင်းပိုင်ပြတ်တောက်ပြီး လေထဲတွင် ပျံဝဲလျှက်ရှိသည်။
အဖြစ်အပျက်များက လျှင်မြန်လွန်းလေရာ ရှင်းကျောက်မှာ တုံ့ပြန်ချိန်ပင် မရလိုက်ပေ။
သူ… မယုံကြည်နိုင်စွာဖြင့် အံ့သြမှင်တက်လျှက် ရှိသည်။
“ဘာ… ဘာဖြစ်သွားတာလဲ…”
အခြေခံတည်ဆောက်ခြင်းအဆင့်ရှိသည့် နွားရိုင်းကြီးက ချီစွမ်းအားသန့်စင်ခြင်းအဆင့်မျှသာရှိသေးသည့် ကျင့်ကြံသူတစ်ယောက်ကို အဘယ့်ကြောင့် ရှုံးနိမ့်သွားရပါသနည်း။
သို့သော်… ပြဿနာကို ရှင်းကျောက် ချက်ချင်း နားလည်သွားလေသည်။
သူက…
“မင်း… မင်းက … မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားတာကိုး…”
ရန်သူ၏ ကျင့်ကြံခြင်းအဆင့်က ချီစွမ်းအားသန့်စင်ခြင်းအဆင့် လုံး၀ မဟုတ်ခဲ့ပေ။
ရှင်းကျောက် မဲ့ပြုံးတစ်ချက်ပြုံးလိုက်ရင်း…
“နွားရိုင်းတစ်ကောင်လောက်တော့ သတ်လိုက်ပေါ့ကွာ…”
ပြောပြီးသည်နှင့် ရှင်းကျောက်က လက်တစ်ဖက် ဝှေ့ရမ်းလိုက်ပြီး အခြားမိစ္ဆာသားရဲများကို တိုက်ခိုက်ရန် အချက်ပြလိုက်သည်။
အရင်ဆုံး… ကျားပုံသဏ္ဍန်မိစ္ဆာသားရဲတစ်ကောင်က ကျန်းလန်ရှိရာသို့ တစ်ရှိန်ထိုး ဝင်ရောက်လာသည်။
“ဘန်း…”
ကျန်းလန်၏ လက်သီးချက်အောက်တွင် ကျားမိစ္ဆာမှာလည်း သွေးမှုံများအဖြစ် ပြောင်းလဲကာ တစ်စစီ ဖြစ်သွားသည်။
ထို့နောက်…
“ဘန်း…”
“ဘန်း…”
“ဘန်း…”
ခဏအတွင်းမှာပင်… ကျန်းလန်ကို တိုက်ခိုက်ခဲ့ကြသည့် မိစ္ဆာသားရဲများအားလုံး သွေးမှုံများအဖြစ် ပြောင်းလဲသွားကြသည်။
မိစ္ဆာသားရဲများကို တိုက်ခိုက်သည့်အခါ ကျန်းလန်က နွားရိုင်းတစ်ကောင်စွမ်းအားကိုသာ အသုံးပြုခဲ့သည်။
မိစ္ဆာသားရဲတစ်ကောင် လက်သီးတစ်ချက်…။
မိစ္ဆာသားရဲများက အဆင့်နိမ့်သားရဲများဖြစ်ကြသည့်တိုင် ကျန်းလန် သတိတစ်ချက် မလစ်ရဲပေ။ သူက သားရဲများအားလုံးကို သတိထားကာ သေသေချာချာ တိုက်ခိုက်ခဲ့သည်။
တိုက်ပွဲပြီးဆုံးသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်သွားလေသည်။
ပတ်ဝန်းကျင်တစ်ခုလုံး သွေးညှီနံ့များ ဖုံးလွှမ်းလျှက်ရှိပြီး မိစ္ဆာသားရဲများအားလုံး သေဆုံးကုန်ကြပြီ ဖြစ်သည်။
ကျန်းလန်ကတော့ နေရာမှာပင် တည်ငြိမ်စွာ ရပ်နေဆဲ ဖြစ်၏။
ရှင်းကျောက်က ကျန်းလန်အနားသို့ ဖြည်းဖြည်းချင်းတိုးကပ်လာသည်။ ကျန်းလန်က ရန်သူ၏ လှုပ်ရှားမှုကို မျက်တောင်မခတ် စိုက်ကြည့်နေသည်။
ရှင်းကျောက်က…
“မင်း… မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ…”
ရှင်းကျေက် အံ့သြထိတ်လန့်လျှက် ရှိသည်။
သူ၏နားလည်နိုင်ခြင်းများ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ လူတစ်ယောက်က မိစ္ဆာသားရဲများကို လွယ်လွယ်ကူကူဖြင့် မည်သို့ တိုက်ခိုက်သတ်ဖြတ်ပစ်ခဲ့ပါသနည်း။
သားရဲတစ်ကောင်ကို လက်သီးတစ်ချက်…။
ဘီလူူးကြီးတစ်ကောင်က ပုရွက်ဆိတ်များကို ကြိတ်ချေသတ်ဖြတ်ပစ်လိုက်သည်နှင့်ပင် ဆင်တူလှသည်။ ရန်သူသည် ချီစွမ်းအားသန့်စင်ခြင်းအဆင့် မပြောနှင့် အခြေခံတည်ဆောက်ခြင်းအဆင့်ပင် မဖြစ်နိုင်ပေ။
ကျန်းလန်က ရှင်းကျောက်ကို တစ်စုံတစ်ခု မေးမြန်းရန် ဟန်ပြင်လိုက်သည်။
သို့သော်… ထိုအချိန်မှာပင် … ရှင်းကျောက်က ကျန်းလန်ကို စတင်တိုက်ခိုက်လိုက်သည်။
ရှင်းကျောက်၏ လက်သီးချက်က ကျန်းလန်ရှိရာသို့ ဝင်ရောက်လာ၏။ သူ၏ လက်တွင် ကြောက်မက်ဖွယ်ရာ မြွေတစ်ကောင် ရစ်ပတ်လျှက် ရှိသည်။
သို့သော်… ကျန်းလန်က ထိတ်လန့်သွားခြင်း မရှိပေ။
ကျန်းလန်က လက်ကိုလျှင်မြန်စွာ ဆန့်ထုတ်လိုက်ပြီး မြွေပတ်ထားသည့် ရှင်းကျောက်၏လက်ကို ဖမ်းဆုပ်ထားလိုက်သည်။
ကျန်းလန်၏ တိုက်ခိုက်မှုက လျှင်မြန်လွန်းသဖြင့် ရှင်းကျောက်ပင် သေသေချာချာ မမြင်လိုက်ရပေ။
“ဂျွတ်… ဂျွတ်…”
ကျန်းလန်က ရှင်းကျောက်၏လက်ကို လိမ်ချိုးပစ်လိုက်သည်။
အရိုးကျိုးသံများနှင့်အတူ ရှင်းကျောက်၏ လက်မောင်းကြီး ပြတ်ထွက်သွားပြီး မြေပြင်ထက် ပြုတ်ကျသွားသည်။
လက်ပေါ်တွင် ရစ်ပတ်ထားသည့် အဖိုးတန်သားရဲမြွေမှာလည်း အသက်ပျောက်သွားခဲ့ပြီ ဖြစ်သည်။
“အား…”
ရှင်းကျောက်၏ ပြတ်ထွက်သွားသည့်လက်မောင်းမှ သွေးများပန်းထွက်လာသည်။
သူက လက်မောင်းပြတ်နေရာကို အခြားလက်တစ်ဖက်ဖြင့် အုပ်ကိုင်လိုက်ရင်း အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။
ကျန်းလန်၏ တိုက်ခိုက်မှုက အလွန်လျှင်မြန်လေရာ မည်သို့ တိုက်ခိုက်ခံလိုက်ရမှန်းပင် ရှင်းကျောက် မသိလိုက်ပေ။
သူက ကျန်းလန်ကို တိုက်ခိုက်ရန် ဟန်ပြင်ရုံသာ ရှိသေးသည်… သူ့လက်တစ်ဖက်က ပြတ်ထွက်သွားခဲ့ပြီ ဖြစ်သည်။ မျက်ဆံနှစ်ခုနှင့် အဖိုးတန်သားရဲမြွေမှာလည်း သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
သူနှင့် ကျန်းလန် အဆင့်မတူသည်ကို ချက်ချင်းသိရှိသွားလေသည်။
ကျန်းလန်သည် လုံး၀ အခြေခံတည်ဆောက်ခြင်းအဆင့် မဟုတ်ပေ။ ကျန်းလန်သည် ရွှေပြဒါးအမြုတေအဆင့် (သို့မဟုတ်) ထို့ထက်ပင် အဆင့်မြင့်နိုင်သည်။
“ဆရာကြီး… ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ ၊ ဆရာကြီးရဲ့ တန်ခိုးစွမ်းအား ဒီလောက်နက်ရှိုင်းမယ်ဆိုတာ မသိလို့ တိုက်ခိုက်မိတာပါ…”
ရှင်းကျောက် တုန်တုန်ယင်ယင်ဖြင့် ကျန်းလန်ကို တောင်းပန်လိုက်သည်။
သူ့ရှေ့မှ လူငယ်သည် သာမန်ကျင့်ကြံသူတစ်ယောက် မဟုတ်ကြောင်း သိရှိသွားပြီးနောက် ရှင်းကျောက် သေမတတ် ကြောက်ရွံ့တုန်လှုပ်နေမိလေသည်။
ထို့ပြင်… ကျန်းလန်ထိုးနှက်ခဲ့သည့် လက်သီးချက်များအကြောင်းကို ပြန်စဉ်းစားမိသည့်အခါ တစ်စုံတစ်ခုကို သူ… သတိရသွားသည်။
လက်သီးတစ်ချက် သားရဲတစ်ကောင်..။
သားရဲများအားလုံး သွေးမှုံများအဖြစ် ပြောင်းလဲသွားခြင်း…။
လွန်ခဲ့သည့် (၃)နှစ်က ယခုကဲ့သို့ ခပ်ဆင်ဆင် လက်သီးချက်ထိမှန်ခံရပြီး သေဆုံးသွားခဲ့သည့် ကျင့်ကြံသူညီနောင်ကို ရှင်းကျောက် အမှတ်ရလိုက်သည်။
“ဒီ… ဒီလက်သီးချက်က… ပုံစံအတူတူဖြစ်နေပါလား…”
ရှင်းကျောက် တွေးလိုက်မိလေတော့သည်။