Switch Mode

အခန်း (၁၇)

ကျင့်စဉ်ကျင့်ခြင်း

အချိန်အနည်းငယ် ကြာပြီးနောက် စွန်းတဇူးသည် ဥယျာဉ်ထဲသို့ ဒေါသထွက်စွာဖြင့် ဝင်လာ၏။ ဂိုဏ်းခေါင်းဆောင်ကို ဝမ်လင်းအား တပည့်အဖြစ် လက်ခံမည့် အကြောင်း ပြောပြသောအခါ သူ၏ ဂိုဏ်းတူ ညီအစ်ကို တချို့က သူ့အား လှောင်ပြောင်ခဲ့ကြသည်။ စွန်းတဇူးက ကြိမ်းဝါးလိုက်သည် … ‘ငါ ဘူးသီးခြောက်တွေ အကုန်ရသွားပြီး ကျင့်စဉ်ကို အများကြီး တိုးတက်စေတဲ့ အင်မော်တယ် ဆေးတွေ ဖော်စပ်ပြီးမှ ဘယ်သူ ငါ့ကို ရယ်နိုင်ဦးမလဲ ကြည့်လိုက်ဦးမယ် … ‘

ဥယျာဉ်ထဲသို့ ဝင်လာပြီးနောက် စွန်းတဇူးက ဝမ်လင်းအား မြင်သောအခါ စိတ်တိုစွာ ပြောလိုက်သည်။

”ဝမ်လင်း … မင်း ဒီနေ့ကနေစပြီး ငါရဲ့တပည့်ဖြစ်သွားပြီ … ကျင့်စဉ်ကို ကောင်းကောင်းကျင့် မင်းရဲ့ဆရာကို နာမည် မပျက်စေနဲ့ … “

သူက ဝမ်လင်းအား အိတ်ငယ်တစ်လုံး ပစ်ပေးကာ ပြောလိုက်သည်။

“ဒါက ပင်မတပည့် တံဆိပ်ပြား … ဒါက သိုလှောင်အိတ် … ဒီထဲမှာ အဝတ်တွေ၊ ကျင့်စဉ် မှတ်တမ်းတွေ သိမ်းလို့ရတယ် … ကိုယ့်ဘာသာ စစ်ကြည့်လိုက် … “

ဝမ်လင်းက စိတ်လှုပ်ရှားစွာဖြင့် ထိုအရာအား ကောက်ယူလိုက်သည်။ သူ့မိဘများ၏ မျှော်လင့်ချက်များက သူ၏ စိတ်ထဲ၌ ပေါ်ပေါက်လာသည်။ ဤအချိန်၌ သူက လေးစား ကြည်ညိုစွာဖြင့် ဆရာစွန်းတဇူး ဟု ခေါ်လိုက်သည်။

စွန်းတဇူးက ဝမ်လင်းအား စူးစိုက်ကြည့်ကာ ခပ်ပြတ်ပြတ် ပြန်ပြောလိုက်သည်။

”အခုကစပြီး မင်းရဲ့အခန်းထဲမှာပဲ နေရလိမ့်မယ် … ငါ့ရဲ့ ခွင့်ပြုချက် မရှိဘဲ အပြင်ထွက်ခွင့်မရှိဘူး … “

ထိုသို့ ပြောပြီးနောက် သူက ကျောက်စရစ်ခဲ တစ်လုံးကို ကောက်ယူလိုက်ကာ သူ့နောက်မှ ဥယျာဉ်ဂိတ်အား ပစ်လိုက်၏။ ကျောက်စရစ်ခဲက ခရမ်းရောင် အလင်းတန်း တစ်ခုအဖြစ် ပျံသန်းသွားပြီး ဥယျာဉ်ဂိတ်အား မှန်သွားကာ အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားသည်။

ထို့နောက် စွန်းတဇူးက ဝမ်လင်းအား အေးစက်စက် ကြည့်ကာ သူ၏အခန်းသို့ ပြန်သွား၏။

ထိုအချင်းအရာကို ကြည့်ပြီး ဝမ်လင်း ထိတ်လန့်သွားသည်။ ဝမ်လင်းက သိုလှောင်အိတ်ကို ကိုင်ကာ သူ၏ အခန်းဆီသို့ ပြန်လာခဲ့သည်။ အခန်းက သေးငယ်ပြီး အိပ်ရာတစ်ခုတည်းသာ ပါဝင်သော်လည်း ဝမ်လင်း စိတ်အနှောင့်အယှက် မဖြစ်ပေ။ အိပ်ရာပေါ်၌ ထိုင်ကာ သိုလှောင်အိတ်အား စစ်ဆေးကြည့် လိုက်သည်။

ထိုအိတ်က မီးခိုးရောင် အိတ်ငယ်လေး တစ်လုံး ဖြစ်ပြီး အကောင်းကြီးတော့ ဖြစ်ပုံမရပေ။ ဝမ်လင်း အိတ်ကို သွန်ချလိုက်သောအခါ အနီရောင် ဝတ်စုံတစ်စုံနှင့် စာအုပ်ငယ်လေး တစ်အုပ် ထွက်ကျလာသည်။

ဝမ်လင်းက စိတ်လှုပ်ရှားစွာဖြင့် စာအုပ်ငယ်လေးအား ကောက်ယူကာ ဖွင့်ကြည့် လိုက်သောအခါ ပထမ စာမျက်နှာ၌ “ကီစုစည်းခြင်း၏ အဆင့်သုံးဆင့်” ဟု ရေးထားသည်ကို တွေ့လိုက်ရသည်။

သူ ညသန်းခေါင် အချိန်အထိ ဆီမီးထွန်း၍ စာဖတ်နေ၏။ သူက စာအုပ်ကို ပိတ်ပြီးနောက် ကျင့်စဉ် အကြောင်းကို အနည်းငယ်ပို၍ နားလည်လာကြောင်း ခံစားလိုက်ရသည်။ ဤစာအုပ်၌ ကီစုစည်းခြင်းတွင် အခြေခံ အဆင့်ကြီး သုံးဆင့်ပါဝင်ပြီး ကီစုစည်းခြင်း အဆင့်ကို အလွှာ ၁၅ လွှာ ခွဲခြားထားသည်ဟု ရေးသားထားသည်။

ကောင်းကင်နှင့် မြေကြီးမှ စိတ်စွမ်းအင်များကို ခန္ဓာကိုယ်ထဲသို့ စုပ်ယူလေ့ကျင့်ရသည့် အတွက် ကီစုစည်းခြင်း အဆင့်ဟု ခေါ်ဆိုခြင်း ဖြစ်ပြီး အနာဂတ် ကျင့်ကြံခြင်း လမ်းစဉ်အတွက် ခိုင်မာသော အခြေခံ အုတ်မြစ် တည်ဆောက်ရသော အဆင့်ဖြစ်သည်။

ဤအရာက လူတစ်ဦး၏ ပင်ကို အရည်အသွေးကို စမ်းသပ်သော အကောင်းဆုံး စမ်းသပ်မှုဖြစ်၏။ ပါရမီ ပိုရှိလေ ကောင်းကင်နှင့် မြေကြီးမှ စိတ်စွမ်းအင်များကို စုပ်ယူနိုင်လေဖြစ်ပြီး သူတို့၏ ကျင့်စဉ်က လျင်မြန်စွာ တိုးတက်လာမည် ဖြစ်သည်။ သို့သော်လည်း လူတစ်ယောက်၏ ပါရမီက သာမန်ပဲဆိုလျှင် သူတို့၏ တစ်ဘဝလုံး ကြိုးစားလျှင်တောင်မှ တတိယအလွှာကို ဘယ်တော့မှ ရောက်ရှိမည် မဟုတ်ပေ။ တချို့ဆိုလျှင် ပထမအလွှာကို ပင် မရောက်နိုင်ကြပေ။

‘ကီစုစည်းခြင်း၏ အဆင့်သုံးဆင့်’ စာအုပ်က ဝမ်လင်းအတွက် ရတနာတစ်ခု ဖြစ်သည်။ ဝမ်လင်းက ချက်ချင်း ကီစုစည်းခြင်း ပထမအလွှာအတွက် နည်းလမ်းများကို ကျက်မှတ်လိုက်သည်။ ထို့နောက် သူက ခြေချိတ်ထိုင်လိုက်ပြီး မျက်လုံးမှိတ်ကာ စာအုပ်ထဲ၌ ပါသော သုံးဆင့်ရှိုက် အသက်ရှူ နည်းစနစ်အတိုင်း စတင် လေ့ကျင့်လိုက်သည်။ သုံးဆင့်ရှိုက် အသက်ရှူနည်းက ခန္ဓာကိုယ် အတွင်းသို့ စိတ်စွမ်းအင်များ လျင်မြန်စွာ စုပ်ယူနိုင်ပေးနိုင်သည်။

စာအုပ်ထဲ၌ ထိုအသက်ရှူနည်းအား ပထမအကြိမ် ကျင့်ကြံသူများသည် သူတို့၏ ခန္ဒာကိုယ်ပေါ်၌ ပုရွက်ဆိတ်များ သွားနေသကဲ့သို့ ခံစားရလိမ့်မည်ဟု ရေးသားထားသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ခန္ဓာကိုယ်အတွင်းသို့ စိတ်စွမ်းအင်များ ဝင်လာသောကြောင့် ဖြစ်၏။ ထိုအချိန်တွင် ကြောက်မနေစေရန်နှင့် စိတ်ကို ဖြေလျော့ထားရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

အချိန်အတော် ကြာပြီးနောက် ဝမ်လင်းက မည်သည့် အရာကိုမျှ မခံစားရသည့်အပြင် အသက်ရှူ နည်းစနစ်ကြောင့် အသက်ရှူ မဝသလိုပင် ဖြစ်နေသည်။

ဝမ်လင်းက သက်ပြင်းချလိုက်၏။ စာအုပ်ထဲတွင် ရေးထားသည့် အချက်များက ပင်ကို ပါရမီကောင်းသည့်သူများအတွက် ရေးထားခြင်း ဖြစ်သည်ကို သူ သိသည်။ သူ့ပါရမီက သာမန်သာ ဖြစ်သည့်အတွက် ထိုလူများနှင့် နှိုင်းယှဉ်ရန် မဖြစ်နိုင်ချေ။

သို့သော် သူ စိတ်ဓာတ်မကျပေ။ အချိန်အနည်းငယ် အကြာ အနားယူပြီးနောက် ထိုအသက်ရှူ နည်းစနစ်အား ဆက်လက် လေ့ကျင့်လိုက်သည်။

ညက တဖြည်းဖြည်း ကုန်ဆုံးသွားကာ မနက်အရုဏ်ဦးသို့ပင် ရောက်ရှိလာသော်လည်း ဝမ်လင်းသည် မည်သည့် စိတ်စွမ်းအင်ကိုမှ မခံစားရသေးပေ။ တစ်ညလုံး မအိပ်ရသေးသောကြောင့် သူ့ခေါင်းထဲတွင် မူးနောက်နေသည်။ သူက ထလိုက်ပြီး အပြင်ထွက်ရန် တံခါးကို ဖွင့်လိုက်သည်။

အပြင်ဘက်တွင် နူးညံ့သော လေပြည်လေညင်းများက ဆေးရနံ့များကို သယ်ဆောင်ထား၏။ သူက အကြိမ်ရေ အနည်းငယ်ခန့် အသက်ဝအောင် ရှူလိုက်သော်လည်း ပင်ပန်းမှုကား မပျောက်သေးပေ။ သူက စိတ်စွမ်းအင် ရေများ ဖြည့်ထားသော ဘူးသီးခြောက်ကို မပေးလိုက်ရလျှင် ဤကဲ့သို့ မောပန်းနေမည် မဟုတ်ချေ။

သို့သော် ဤအချိန်က မဆင်မခြင် လုပ်ရမည့်အချိန် မဟုတ်ပေ။ သူက မှော်ကျောက်တုံးနှင့် ဘူးသီးခြောက်များကို သေချာ ဖွက်ထားသည့်အတွက် တခြားသူများ ရှာတွေ့သွားမည်ကို စိတ်မပူချေ။

ဝမ်လင်းက ဆေးဥယျာဉ်ထဲသို့ လမ်းလျှောက် ထွက်လာရင်း ကျောက်တုံး တစ်တုံးတစ်တုံးအား တွေ့သောအခါ ထိုနေရာ၌ ထိုင်ကာ ကျင့်စဉ်ကျင့်လိုက်သည်။ တစ်ခဏခန့် ကြာသောအခါ သူ၏ ခန္ဒာကိုယ်ပေါ်သို့ ပုရွက်ဆိတ်များ တက်လာသလို ခံစားလိုက်ရသောကြောင့် အံ့ဩသွား၏။ ထိုနေရာ၌ ဆက်ကျင့်ရန် ပြင်လိုက်သောအခါ သူ့ဆရာတွေ့သွားပြီး လှမ်းအော်ပြောလိုက်သည်။

”ဝမ်လင်း … မင်းဘာလုပ်နေတာလဲ … အဲ့နေရာကနေ မြန်မြန် ထွက်လာခဲ့စမ်း … မင်းကို ပြောလိုက်မယ် … ဆေးဥယျာဉ်မှာ ဘယ်တော့မှ ကျင့်စဉ်မလေ့ကျင့်ရဘူး … “

ဝမ်လင်းက မျက်လုံးဖွင့် လိုက်သောအခါ စွန်းတဇူးက သူ့အား မျက်မှောင်ကြုတ်ကာ စိုက်ကြည့် နေသည်ကို တွေ့လိုက်ရသည်။ သူ တိတ်ဆိတ်စွာပင် ထလိုက်ပြီး ဆေးဥယျာဉ်ထဲမှ ပြန်ထွက်လာခဲ့သည်။

စွန်းတဇူးက အေးစက်စွာ ပြောလိုက်သည်။

”မင်းက နေရာကောင်း တစ်ခုကို ဘယ်လို ရှာဖွေရမလဲ ဆိုတာတော့ သိသားပဲ … ဒီနေရာမှာ စိတ်စွမ်းအင်တွေ အများဆုံးရှိလို့ ငါ့ဆေးပင်တွေကို ဒီမှာစိုက်ထားတာ … ဒါကို မင်းက စုပ်ယူမယ်ပေါ့ … ဆေးပင်တွေသာ သေသွားမယ်ဆိုရင် ငါတို့အသက်ကို ပေးလျှော်မယ် ဆိုရင်တောင် မလုံလောက်ဘူး … “

ဝမ်လင်းက စွန်းတဇူးးအား ကြည့်ကာ လေးလေးစားစား ပြောလိုက်သည်။

”တပည့် မသိလိုက်လို့ပါ … နောက်ကို ဘယ်တော့မှ ဒီမှာ ကျင့်စဉ် မကျင့်တော့ပါဘူး … ”

စွန်းတဇူး၏ အမူအရာက ပုံမှန်ပြန်ဖြစ်သွားပြီး ပြောသည်။

”ဒါပေမဲ့ မင်းငါ့ကို နောက်ထပ် ဘူးသီးခြောက် ရှာပေးနိုင်ရင် မင်းကို ဆေးဥယျာဉ်ထဲမှာတော့ ကျင့်စဉ်ကျင့်ခွင့် မပေးနိုင်ပေမဲ့ မင်းကို အဆင့်နိမ့် စိတ်ဝိညာဉ် ကျောက်တုံးတစ်တုံး ပေးမယ် … အဲ့တာနဲ့ဆို မင်းအတွက် ကီစုစည်းခြင်းအဆင့်က ပိုပြီး လွယ်ကူလာလိမ့်မယ် … ”

ဝမ်လင်း ခေါင်းညိတ် လိုက်ကာ သူ၏မျက်နှာ၌ လှောင်ပြောင်ရိပ် တစ်ခု ဖြတ်သန်းသွားပြီး ပြောလိုက်သည်။

”တပည့် တောင်ကြားထဲက စမ်းချောင်းကို သွားပြီး နောက်တစ်ကြိမ် သွားကြည့်လိုက်ပါ့မယ် … ကံကောင်းရင် နောက်တစ်ခု ရှာတွေ့ နိုင်တယ် … ”

စွန်းတဇူးက အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။

”မနက်ဖြန် ငါ့ဆီကို နောက်ထပ် ဘူးသီးခြောက် တစ်ဘူး ထပ်ယူလာမယ်ဆိုရင် မင်းကို အဆင့်နိမ့် စိတ်ဝိညာဉ် ကျောက်တုံးတစ်တုံး ပေးမယ် … ”

ဝမ်လင်း စွန်းတဇူးအား ကြည့်ကာ မေးလိုက်သည်။

”ဆရာ တကယ်ပြောတာလား … ကျွန်တော် ဘူးသီးခြောက်တစ်ခု ယူလာမယ်ဆိုရင် ဆရာ ကျွန်တော်ကို အဆင့်နိမ့် စိတ်ဝိညာဉ် ကျောက်တုံးတစ်တုံး ပေးမှာပေါ့ … “

စွန်းတဇူး၏ မျက်နှာတွင် ပျော်ရွှင်သည့် အမူအရာများက ထင်ဟပ်နေပြီး သူက ပြောလိုက်သည် … ”ဟုတ်တယ် … ငါ ဘူးသီးခြောက် တစ်ဘူးရရင် ငါက အဆင့်နိမ့် စိတ်ဝိညာဉ် ကျောက်တုံးတစ်တုံး ပြန်ပေးမယ် … “

ဝမ်လင်းသည် သူ၏စိတ်ထဲ၌ ကြိတ်၍ လှောင်ရယ်လိုက်၏။ သို့သော် အပြင်ဘက်တွင် သူက လေးစားမှုအပြည့်ဖြင့် ခေါင်းညိတ်ပြ လိုက်သည်။

စွန်းတဇူး၏ ညာဘက်လက်တွင် အစီအရင် တစ်ခုပေါ်လာကာ သူက စကားအနည်းငယ် ရွတ်လိုက်ပြီး သူ၏လက်ကို ယမ်းလိုက်ရာ ဥယျာဉ်ဂိတ်တံခါး ပွင့်သွား၏။ သူက မုတ်ဆိတ်ကို ပွတ်သပ်ပြီး ပြောလိုက်သည် … ”အခုပဲ သွားတော့ … မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့ … “

***

Comment

Leave a Reply

Options

not work with dark mode
Reset