Switch Mode

အပိုင်း ( ၁၄ )

မမျှော်လင့်သော ပြောင်းလဲမှု

ဝမ်လင်း၏ နှလုံးသားထဲတွင် နွေးထွေးသွား၏။ လွန်ခဲ့သည့် တစ်လလုံး တခြားသူများက သူ့ကို ပြက်ရယ်ပြု ကြသည်။ ယခု သူက အိမ်ပြန်ရောက်ပြီ ဖြစ်သောကြောင့် သူ့မိဘများ၏ နွေးထွေးမှုကို ခံစားလိုက်ရသည်။

“အကိုနှစ် … ဝမ်လင်းက တကယ်ပဲ အင်မော်တယ်ရဲ့ တပည့်ဖြစ်သွားပီ … ညီလေးခြောက်က မျက်လုံးကန်းနေလို့ စော်ကားမိခဲ့တာ … အစ်ကိုနှစ် ဗွေမယူဖို့ မျှော်လင့်မိတယ် … အစ်ကို သိတဲ့အတိုင်း ကျွန်တော်က စကားပြော ကြမ်းပေမဲ့ ကြင်နာတတ်ပါတယ် … အဲလိုပြောခဲ့တာကလဲ ဝမ်လင်း ကောင်းဖို့အတွက်ပါ… “

“မရီးနှစ်… ကျွန်မက သမီးကို လက်မထပ်ဖို့ ပြောတော့ သူက ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး ထေ့ကျူးကိုပဲ လက်ထပ်မယ်ပဲ ပြောနေတယ် … မင်္ဂလာပွဲကို စီစဉ်လိုက်ရအောင်… “

“လောင်အာ … မင်းရဲ့ ဦးလေးငါးက အိုနေပီ … အနာဂတ်မှာ ဝမ်မိသားစုက မင်းတို့သားတွေ အပေါ် မူတည်လိမ့်မယ် … မင်းရဲ့ ဦးလေးငါးက မင်းရဲ့သားကို အမြဲအကဲခတ် နေခဲ့တာ … ငါအမြင်အရဆို သူက မင်းရဲ့အစ်ကိုကြီး သားထက်တောင် ဖြစ်ထွန်းလိမ့်မယ် … “

ဝမ်လင်း၏ မိဘနှစ်ပါးသည် ပြုံးပျော်နေကြ၏။ မွေးနေ့ပွဲ စစဉ်ကပင် ဆွေမျိုးအားလုံးက ဝမ်လင်းကို ချီးမွမ်းနေခဲ့ကြသည်။ အရက်မူးနေသည့် လူတချို့ကပင် ဝမ်လင်း၏ဖခင် ရခဲ့သင့်သည့် အမွေကို ပြန်ပေးရန် စကားများရင်း ပြဿနာ တက်ကုန်ကြ၏။ ဝမ်လင်း၏ဖခင်က ပြုံးရုံသာ ပြုံးနေလိုက်သည်။ သည်အမျိုးတွေ အကြောင်း သူသာလျှင် အသိဆုံးဖြစ်သည်။

ဝမ်လင်း၏ ဖခင်က အတိတ်က အကြောင်းများကို စိတ်ဝင်စားခြင်း မရှိချေ။ သူက ဝမ်လင်း ကောင်းစားဖို့ အရေးမှအပ ကျန်သည့် အရာများ အလိုမရှိပေ။

သက်ဝင် လှုပ်ရှားနေသည့် နေ့လေး ကုန်ဆုံးသွားပြီး မှောင်ဝင်စ အချိန်သို့ ရောက်ရှိသောအခါ ဆွေမျိုးများလည်း ပြန်ကြကုန်သည်။ ဝမ်လင်းက အိမ်ထောင့် တစ်နေရာရှိ လက်ဆောင်တွေကို ကြည့်လိုက်သည်။ သူ့နှလုံးသား တစ်ခုလုံး ခံစားချက်များနှင့် ပြည့်နှက်နေသည်။ တစ်စုံတစ်ယောက် အောင်မြင်သွားလျှင် သူ့ဘေးနားရှိ လူတွေသည်လည်း အကျိုးအမြတ်ကို ခံစားရသည်ဟု စာအုပ်ထဲတွင် သူဖတ်ဖူးခဲ့သည်။ ယခုတော့ ထိုစကားလုံးများ၏ အဓိပ္ပာယ်ကို သူ နားလည်သွားပြီ ဖြစ်သည်။

ညရောက်သောအခါ ဝမ်လင်း၏ မိဘများက ဝမ်လင်းကို ဂိုဏ်းထဲမှ အကြောင်းများကို မေးသည်။ သူ့မိဘများ၏ မျက်လုံးထဲတွင် သူ့အပေါ်ထားရှိသော မျှော်လင့်ချက်ကို မြင်သောကြောင့် ဝမ်လင်းက သူတို့ကို ပထမဆုံးအကြိမ် လိမ်ခဲ့၏။ သူက ဂိုဏ်းထဲတွင် ဘယ်လို နာမည်ကြီးကြောင်း ၊ အင်မော်တယ် ကျင့်စဉ်များ ဘယ်လို လေ့ကျင့်ကြောင်း ပြောပြခဲ့သည်။ သူ့မိဘများက အံ့သြစွာ နားထောင်ခဲ့ကြ၏။

သူ အသက်ငယ်ရွယ်စဉ် ကတည်းက သူ့မိဘများ ဤမျှလောက် ပျော်သည်ကို မမြင်ခဲ့ဖူးသောကြောင့် ပြင်ပတပည့် တစ်ယောက်အနေဖြင့် မည်မျှပင် ကြမ်းကြမ်းတမ်းတမ်း နေရပါစေ၊ လူဘယ်လောက်များများက သူ့အား အနိုင်ကျင့်ကြပါစေ သူ့မိဘများအတွက် သည်းခံမည် ဖြစ်သည်။

“ငါသည်းခံရမှာ ဆယ်နှစ်တည်းပါပဲ … ” ဝမ်လင်းက နှလုံးသားထဲတွင် တိတ်တဆိတ် ဆုံးဖြတ်ချက် ချလိုက်သည်။

ဝမ်လင်းက သူ့မိဘများနှင့် နှစ်ရက်ခန့် အိမ်၌ အတူနေခဲ့သည်။ တတိယမြောက် နေ့တွင် သူ့မိဘများနှင့် ရွာထဲက လူတိုင်းက သူ့ကို လိုက်ပို့ကြသည်။ သူက အင်မော်တယ် လက်ဖွဲ့ကို ခြေထောက်မှာ ကပ်ကာ ထွက်လာခဲ့သည်။

သူက အဝေးကြီး ရောက်သွားသော်လည်း ရွာသားများ၏ အသံကို ကြားရဆဲပင်ဖြစ်သည်။

ကောင်းကင် တစ်ခုလုံး တိမ်မဲများနှင့် ပြည့်နှက်ကာ မှောင်မည်းလာသည်။ မိုးကြိုး လျှပ်စီးများလည်း လက်နေကြပြီး စိုထိုင်းခြင်းကြောင့် မြူများလည်း ဖြစ်ထွန်းလာ၏။

ဝမ်လင်းက သွားနှုန်း အရှိန်မြှင့်ရုံ မှတစ်ပါး မတတ်နိုင်တော့ချေ။ သူက ညသန်းခေါင်ခန့်တွင် ဟုန်ယွီဂိုဏ်းသို့ ရောက်ရှိပြီးနောက် အိပ်စက်လိုက်သည်။ ကျန်းဟူကား ဟောက်နေဆဲပင် ဖြစ်၏။ ဝမ်လင်းက အိပ်ရာပေါ်တွင် လူးလွန့်ရင်း အိပ်လို့မပျော်ပေ။ ညလယ်ခန့်တွင် အပြင်ဘက်၌ လျှပ်စီးတစ်ချက် လက်သွားရာ အခန်းအတွင်း ပြက်ခနဲ လင်းသွားလေ၏။ ဝမ်လင်းက သူ့ရင်ဘတ်ထဲရှိ မှော်ကျောက်တုံးကို ကိုင်ကြည့် လိုက်သည်။ သူက အိမ်ပြန်ရောက်စဉ် သူ့အမေကို သူ့အင်္ကျီထဲတွင် အတွင်းခံအိတ် ပြုလုပ်ခိုင်းခဲ့သည်။

ဝမ်လင်းက မှော်ကျောက်တုံးကို ထုတ်ယူကာ မီးအိမ်မှ အလင်းရောင်ဖြင့် စူးစမ်းလိုက်သည်။ သူက မှော်ကျောက်တုံးပေါ်မှ သက်တံအစင်းများကို အနီးကပ် ကြည့်ရှုလိုက်၏။

“ဒါမဖြစ်နိုင်ဘူး. … နောက်ဆုံးတစ်ခေါက်က သက်တံအစင်း ငါးခုပဲရှိတာ … အခု ခြောက်ခုဖြစ်နေတယ်…”

ဝမ်လင်း အံ့အားသင့်ကာ မတ်တတ်ရပ်ပြီး ရေတွက်လိုက်၏။ အမှန်ပင် ခြောက်ခုဖြစ်နေသည်။

သူက ဘာကြောင့်ဖြစ်မှန်း မသိသော်လည်း အလွန်အံ့အားသင့် နေသည်။ ဤအဖြစ်အပျက်က သူအား မှော်ကျောက်တုံးအပေါ် စူးစမ်းချင်စိတ်ကို တိုးပွားလာစေသည်။

အပြင်ဘက်တွင် လေများ၊ မိုးကြိုးများ၊ လျှပ်စီးများ၊ မိုးများက မရပ်သေးဘဲ ပြင်းထန်လျက် ရှိနေသည်။ ရုတ်တရတ် ဝမ်လင်းက ပြတင်းပေါက်မှ ဝင်လာသည့် လေအေးကြောင့် နိုးသွားသည်။ သူက မျက်လုံး ပွင့်ကြည့်လိုက်ရာ မှင်တက်မိသွား၏။

လျှပ်စီးများ ဆက်တိုက် လက်နေသောကြောင့် အခန်းထဲတွင် အလင်းရောင် ရှိနေသည်။ မြူများကလည်း တစ်ခန်းလုံး ပြည့်နေ၏။ စားပွဲ၊ ကြမ်းပြင်နှင့် အိပ်ရာများပင် စိုစွတ်နေသည်။ သို့သော်လည်း ဝမ်လင်းကိုယ်တွင် မှော်ကျောက်တုံး ထားရာ နေရာမှအပ တစ်ကိုယ်လုံး ခြောက်သွေ့နေသည်။ ကျန်းဟူအား အဖြူရောင် မြူများက ဝန်းရံထားသည်ကို ဝမ်လင်း မြင်လိုက်သည်။ သူ၏အဝတ်များက စိုစွတ်ကာ ခန္ဓာကိုယ် တစ်ခုလုံး အေးစက်နေပြီး မေးရိုးချင်းပင် ရိုက်နေသည်။

“ကျန်းဟူ … ကျန်းဟူ … ” ဝမ်လင်းက အံ့အားသင့်သွားပြီး မတ်တတ်ရပ်ကာ ကျန်းဟူကို လှုပ်နှိုးလိုက်သည်။ သို့သော်လည်း ကျန်းဟူကား နိုးမည့်ပုံ မပြချေ။ သူ၏အသက်ရှူ နှုန်းလည်း နှေးကွေးနေသည်။

ဝမ်လင်း အလွန်စိုးရိမ်သွား၏။ သူက တခြား တပည့်များအား အကူအညီတောင်းရန် ပြင်လိုက်စဉ် သူ့အဝတ်အစားကို စမ်းမိသွားပြီး သူ့စိတ်ထဲတွင် သံသယများ ကြီးစိုးလာသည်။

‘တစ်ခန်းလုံး စိုစွတ်နေပြီး ဒီနေရာတစ်ခုပဲ ဘာလို့ ခြောက်သွေ့နေတာလဲ… ‘ ဝမ်လင်း တွေးတောနေပြီး အင်္ကျီရင်ဘတ် အိတ်အတွင်းမှ မှော်ကျောက်တုံးကို ထုတ်ယူလိုက်သည်။

ထိုအချိန်တွင် အခန်းထဲရှိ ရေစက်များ အားလုံးက လေထဲသို့ မြောက်တက်လာသည်။ ကျန်းဟူအနားမှ မြူများတောင်မှ ရေစက်များအဖြစ် စတင်ဖြစ်လာသည်။

ရေစက်များ အားလုံးက သလင်းကျောက်ကဲ့သို့ ကြည်လင်နေကာ မှော်ကျောက်တုံးဆီသို့ ဦးတည်နေကြောင်း ဝမ်လင်း သတိထားမိလိုက်သည်။

ဝမ်လင်းက မှော်ကျောက်တုံးကို ရေစက်များနှင့် မထိတွေ့နိုင်စေရန် ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်လိုက်၏။

မှော်ကျောက်တုံးက ကြမ်းပြင်ပေါ်တွင် လိမ့်သွားပြီး ထောင့်တစ်ထောင့်တွင် ရပ်သွား၏။ ရေစက်အားလုံးက မှော်ကျောက်တုံးဆီသို့ ပြေးဝင်ပျောက်ကွယ် သွားသည်။

အချိန်အတော် ကြာပြီးနောက် အခန်းထဲမှ ရေများအားလုံးက ပျောက်ကွယ်သွားပြီး ဖြစ်သည်။ အိမ်ရာ နှစ်ခုလုံးတောင်မှ ခြောက်သွေ့နေလေပြီ။ ကျန်းဟူ၏ အသက်ရှူ သံကလည်း ပုံမှန်ပြန်ဖြစ်နေပြီ ဖြစ်၏။

မှော်ကျောက်တုံးပေါ်မှ သက်တံ အစင်းကလည်း ၇ ခု ရှိသွားလေပြီ။

သူ့၏စပ်စုချင်သည့် စိတ်ကြောင့် ဤကဲ့သို့သော ကိစ္စရပ်များ ဖြစ်ပေါ်လာရသည်။ သည်အရာက သူ့ကို အနည်းငယ် ကြောက်စိတ်ဝင်စေသည်။ သူသာ နိုးမလာခဲ့လျှင် ကျန်းဟူက ယခုအချိန်ဆို အေးခဲပြီး သေနေလောက်ပြီ ဖြစ်၏။

သူ့အပေါ် မသက်ရောက်ရသည့် အကြောင်းရင်းကတော့ သူ့က မှော်ကျောက်တုံးမှ ရေငွေ့ရည်များ ရောစပ်ထားသည့် ရေများ သောက်သုံးထားခြင်းကြောင့် ဖြစ်ရမည်ဟု ဝမ်လင်းက ခန့်မှန်းလိုက်သည်။

သို့သော်လည်းပဲ ဝမ်လင်းက မှော်ကျောက်တုံးပေါ်မှာ သက်တံများ အကြောင်းကို စူးစမ်းချင်နေသေးသော်လည်း သူက ထိုအတွေးများကို ဖယ်ထုတ်လိုက်ပြီး မှော်ကျောက်တုံးကို ရေများစုပ်ယူရန် ခွင့်ပြုထား လိုက်ရသည်။ ထိုကဲ့သို့သော ဖြစ်ရပ်ကို တခြားသူများက သတိပြုသွားမိ သွားမည်ကို သူ အလွန်စိုးရိမ်သည်။

သူက အနည်းငယ် တုံံ့ဆိုင်းနေပြီး မှော်ကျောက်တုံးကို ဂရုတစိုက် အိတ်ထဲသို့ ပြန်ထည့်လိုက်ပြီး သိပ်မကြာခင်မှာပင် အရုဏ်တက် အချိန်ရောက်လာပြီး ငြီးငွေ့ဖွယ် ကောင်းသော အလုပ်ကို သွားလုပ်ရန် ပြင်လိုက်စဉ်မှာပင် ကျန်းဟူက အိပ်ရာပေါ်မှ ခုန်ထလာပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset