Switch Mode

အပိုင်း ( ၁၂ )

အင်မော်တယ်လက်ဖွဲ့

ဂိုဏ်းသို့ရောက်ပြီး တစ်လအတွင်း၌ ပြင်ပတပည့် အားလုံးနီးပါးက ဝမ်လင်းကို သိလာကြသည်။ သူတို့က မောက်မာပြီး ဝမ်လင်းကို တွေ့သည့် အခါတိုင်း အထက်ဆီးမှ ပြောကြသည်။

ဝမ်လင်းက သူတို့ကို လျစ်လျူရှုထား၏။ ဤပြင်ပ တပည့်များက သူတို့ကိုယ်သူတို့ လိမ်ညာ နေကြသည်ကို သူသိသည်။ သူမရောက်ခင် အချိန်က သူတို့သည် အောက်ခြေမှ အနိမ့်ဆုံးတပည့်များ ဖြစ်ကြသည်။ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးစားပြီး ရောက်လာသည့် ဝမ်လင်းလို တပည့်မျိုးက သူတို့ထက် နိမ့်ကျသည်ဟု ထင်နေကြပြီး ဝမ်လင်းကို တွေ့သည့် အချိန်တိုင်း သူတို့၏ ရင်ထဲမှ မကျေနပ်ချက်များကို ဖွင့်ထုတ်ပြီး ဝမ်လင်းကို ပိုးစိုးပက်စက် ပြောဆိုကြ၏။

ဝမ်လင်းက ဘာမှပြန်မလုပ်နိုင်သည့် သူ့ကိုယ်သူ ပြန်ကြည့်ပြီး အေးစက်စွာ ရယ်လိုက်သည်။ ဂိုဏ်းထဲတွင် သန်မာသော သူကသာ အမှန်ဖြစ်၏။ ပြင်ပ တပည့်တချို့က ဤနေရာသို့ ရောက်တာကြာနေပြီ ဖြစ်သည့်အတွက် သူတို့၏ ခန္ဓာကိုယ်က အလွန် သန်မာနေပြီ ဖြစ်သည်။ တချို့ဆို အင်မော်တယ် ကျင့်စဉ်အချို့ကို ကျင့်ကြံနေကြပြီ ဖြစ်၏။ ဝမ်လင်းသာ ပြန်တိုက်ခိုက်လျှင် သူသာ ပြန်ခံရပေမည်။

သို့သော်လည်း ဝမ်လင်းက သည်းခံ နေရလောက်သည်အထိ သဘောမကောင်းချေ။ သူ သန်မာလာသည့် တစ်နေ့ ပြန်ပြီး ကလဲ့စားချေနိုင်ရန် ထိုသူများ၏ မျက်နှာကို မှတ်ထားလေသည်။

ဝမ်လင်းက သူ့ကိုယ်သူ မျက်မမြင်၊ နားမကြားဖြစ်နေသူ တစ်ယောက်ကဲ့သို့ သဘောထား လိုက်သည်။ နေ့တိုင်း ရေကိုသာ ဆက်ဖြည့်နေပြီး မှော်ကျောက်တုံးကို လျှို့ဝှက်စွာ လေ့လာနေ၏။ .

သူက မှော်ကျောက်တုံးကို အရည်အမျိုးမျိုးတွင် စမ်းသပ်ခဲ့သည်။ ရလဒ်ကလည်း အမျိုးမျိုး ထွက်လာခဲ့၏။

ရေငွေ့ရည်တွင်လည်း အမျိုးအစား ကွဲပြားနေသေးသည်။ မနက်ခင်း အချိန်ထွက်သည့် ရေငွေ့ရည်က အကောင်းဆုံး ဖြစ်ပြီး ညအချိန်၌ ထွက်သည့် ရေငွေ့ရည်က အဆိုးဆုံး ဖြစ်၏။

ရောနှောသည့် အခါတွင်လည်း စမ်းရေနှင့် ရောစပ်ခြင်းက အကောင်းဆုံးဖြစ်ပြီး သွေး သို့မဟုတ် ချွေးများဖြင့် ရောနှောထားသော အရည်က ထိရောက်မှု မရှိသလောက် နည်းပါးသည်။

ဝမ်လင်းက တောထဲ၌ သဘာဝအလျောက် တွေ့ရသည့် ဘူးသီးခြောက်များကို အပေါက်ဖောက်ကာ ရေငွေ့ရည်များကို သိမ်းဆည်း ထားလိုက်၏။

ထိုဘူးသီးခြောက်များကို ဝမ်လင်းက အဆောင်မှာ မသိမ်းထားဘဲ အဆောင်နှင့်ဝေးသော နေရာတွင် သေချာဖွက် ထားလေသည်။ ရေသယ်သည့်အချိန်၌သာ ရေငွေ့ရည် ထည့်ထားသော ဘူးသီးခြောက်ကို ဆောင်ထားပြီး ဂိုဏ်းသို့ မည်သည့်အချိန်မှ ပြန်သယ်မလာချေ။

ရေသယ်သည့်အချိန်တွင် ပင်ပန်းလာသည့်အခါ သောက်ရန် ဆောင်ထားခြင်း ဖြစ်သည်။

ဝမ်လင်းက မှော်ကျောက်တုံး၏ အံသြဖွယ် ဖြစ်ရပ်တစ်ခုကို ထပ်မံ တွေ့ရှိထား၏။ နေ့အချိန်တွင်ဖြစ်စေ၊ ညအချိန်တွင်ဖြစ်စေ မှော်ကျောက်တုံး၌ ရေငွေ့ရည်များ ဖြစ်ပေါ်လာသည့် အချိန်တွင် မှော်ကျောက်တုံးပေါ်တွင် ရေငွေ့ရည် အများအပြား ရှိနေသည်။ သို့သော်လည်း ထိုရေငွေ့ရည်များကို သိမ်းဆည်းသည့် အခါတိုင်း ၁၀စက်ခန့်သာ ရပြီး ကျန်ရှိနေသော ရေငွေ့ရည်များမှာ ပျောက်ကွယ်သွား၏။

ထိုအဖြစ်ပျက်ကို ကြည့်ပြီး မှော်ကျောက်တုံးက ရေငွေ့ရည်များကို စုပ်ယူသည်ဟု ဝမ်လင်း ယုံကြည်လိုက်သည်။ သူ၏ထင်မြင်ချက်က ယုတ္တိမရှိသော်လည်း တခြား ဖြစ်နိုင်သည့်အကြောင်းအရာ မရှိတော့ချေ။

ဝမ်လင်းက ရေစည်တွေဖြည့်ပြီးသည့် အချိန်တွင် ကျင့်စဉ် ကျင့်နေသော ဝတ်စုံဝါဝတ် တပည့်ဆီသွား၍ အကြောင်းကြားလိုက်၏။

“အစ်ကိုလျူ … ကျွန်တော် အိမ်ခဏပြန်မှာမို့ မနက်ဖြန် ကျွန်တော် ဒီကို လာနိုင်မှာ မဟုတ်ဘူး … ”

ဝတ်စုံဝါဝတ် လူငယ်က ဝမ်လင်းကို ကြည့်ပြီး နှာခေါင်းရှုံ့ လိုက်သည်။

ဝမ်လင်းက ထိုအခြင်းအရာကို ဂရုမစိုက်ချေ။ ပြင်ပတပည့် တစ်ယောက်က တစ်နှစ်တွင် သုံးကြိမ် အိမ်သို့ ပြန်ခွင့်ရှိသည်ကို ကျန်းဟူထံမှ သိရှိထား၏။ သို့သော်လည်း အကြီးအကဲစွန်းထံမှ ခွင့်ပြုချက်ကို တောင်းခံပြီးမှသာ အိမ်သို့ပြန်ရသည်။

သူ့အဖေ၏ မွေးနေ့က မကြာခင် ရောက်ရှိတော့မည်ကို ဝမ်လင်းက မှတ်မိနေသည်။ ဝမ်လင်းက သူ့အလုပ်များ ပြီးသွားသည့် အချိန်တွင် ပြင်ပတပည့်များကို အုပ်ချုပ်ရသော အကြီးအကဲထံ လမ်းလျှောက် ထွက်လာသည်။

ဟုန်ယွီဂိုဏ်းတွင် သင်ကြားရေးဋ္ဌာန ခြောက်ခုရှိပြီး ဋ္ဌာနတစ်ခုစီကို အဖွဲ့ ငါးဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။ အဖွဲ့ငါးဖွဲ့ကို သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေကြီး ဟု နာမည်ပေးထား၏။ ပင်မတပည့်များနှင့် အကြီးအကဲများက ပင်မဝန်းထဲတွင် နေထိုင်ကြသည်။ ရေသယ်နေသည့် သူ့ဘေးမှ ပင်မတပည့်များ ဖြတ်သွားလျှင် သူတို့ကိုကြည့်ပြီး ဝမ်လင်း အားကျနေတတ်သည်။ ဝမ်လင်းက ပင်မဝန်းသို့ ရောက်လာသောအခါ ဘေးဘယ်ညာကို ကြည့်လိုက်ပြီး အော်ပြောလိုက်သည်။

“ပြင်ပတပည့်ဝမ်လင်း … အကြီးအကဲစွန်းကို တွေ့ခွင့်တောင်းခံပါတယ် … ”

ဝတ်စုံဖြူဝတ် လူငယ်တစ်ယောက် ထွက်လာပြီး ဝမ်လင်းကို ကြည့်၍ ပြောလိုက်သည် … “မင်းက ဝမ်လင်းလား … ”

ထိုလူငယ်က အဖြူရောင် ဝတ်စုံကို ဝတ်ထားတာ ကြည့်ပြီး သူ့စိတ်ထဲ မွန်းကျပ်သွား၏။

ဟုန်ယွီဂိုဏ်းတွင် တပည့်များကို ဝတ်စုံအရောင်များဖြင့် ခွဲခြားထားသည်။ ပြင်ပတပည့်များက မီးခိုးရောင်နှင့် အဝါရောင် ဝတ်စုံများကို ဝတ်ဆင်ရသည်။ အင်မော်တယ် ကျင့်စဉ်များ ကျင့်ကြံခွင့် ရရှိနေပြီ ဖြစ်သည့် ပြင်ပတပည့်များသာ အဝါရောင်ကို ဝတ်ဆင်ရပြီး ကျန်သော ပြင်ပတပည့်များက မီးခိုးရောင် ဝတ်စုံကို ဝတ်ဆင်ရ၏။ ပင်မ တပည့်များကိုလည်း ခရမ်းရောင်၊ အနက်ရောင်၊ အဖြူရောင်၊ အနီရောင် ဟူ၍ အစဉ်လိုက် အဆင့်ခွဲထားသည်။ အမြင့်ဆုံးက ခရမ်းရောင် ဖြစ်သည်။

ဝတ်စုံဖြူဝတ် လူငယ်က ပင်မဝန်းထဲ ပြန်လှည့်မဝင်သွားခင် ပါးစပ်ကို ရွဲ့လိုက်ပြီး ဝမ်လင်းကို အေးစက်စက် ကြည့်သွား၏။ ဝမ်လင်းကလည်း သူ့နောက်မှ လူသေကောင် မျက်နှာဖြင့် လိုက်သွားသည်။

အတန်ကြာအောင် လမ်းလျှောက်ပြီးနောက် ပန်းပွင့်များဖြင့် အလှဆင်ထားသည့် အိမ်ရှေ့သို့ ရောက်ရှိသွား၏။

ဝတ်စုံဖြူဝတ် လူငယ်က ပျင်းရိပျင်းတွဲဖြင့် အော်ပြောလိုက်သည် … “ဆရာစွန်း … ပြင်ပတပည့် တစ်ယောက် ဆရာ့ကိုတွေ့ဖို့ ရောက်နေတယ် … ”

ထို့နောက် သူက ဘေးမှာ မတ်တတ်ရပ် နေလိုက်သည်။

ဥယျာဉ်ထဲမှ အက်ကွဲသော အသံတစ်သံ ထွက်လာ၏ … “မင်း ပြန်လို့ရပြီ … တွေ့ချင်တဲ့ တစ်ယောက်က ဝင်လာခဲ့ … ”

ဝတ်စုံဖြူဝတ် လူငယ်က ရယ်ပြီး ထွက်ခွာသွားသည်။

ဝမ်လင်းက အလွန်စိတ် လှုပ်ရှားစွာဖြင့် ဥယျာဉ်တံခါးကို တွန်းဖွင့် လိုက်သည်။ ထိုအခိုက်အတန့် အချိန်လေးတွင် ဆေးပင်များ၏ရနံ့များ သူ့နှာခေါင်းထဲသို့ တိုးဝင်လာသည်။ ဝမ်လင်းတံခါးကို လှည့်ကြည့် လိုက်ပြီး အပြင်မှာတုန်းက ဘာကြောင့် အနံ့မရသလဲဟု တွေး၍ အံ့သြနေ၏။

ဥယျာဉ်ထောင့်မှ မကျေမနပ် ဖြစ်နေသည့် အသံတစ်သံ ထ”ဘာလို့ အဲ့မှာရပ်နေတာလဲ … ဒီကို မြန်မြန်လာပြီးတော့ မင်းနာမည်ပြောစမ်း … ”

ဝမ်လင်းက လျင်မြန်စွာ ပြောလိုက်၏။

“ပြင်ပတပည့် ကျောင်းသား ဝမ်လင်းဖြစ်ပါတယ် … အဖေ့ရဲ့မွေးနေ့က မနက်ဖြန်မို့လို့ အိမ်ကို ခဏလောက် ပြန်ချင်လို့ပါ … ”

အကြီးအကဲစွန်းက ဆူပူကြိမ်းမောင်း လိုက်သည် … “ဝမ်လင်းက မင်းလား … အင်မော်တယ် တစ်ယောက်ဖြစ်ဖို့ လေ့ကျင့်နေတဲ့သူက လောကီအရေးတွေ ဂရုစိုက်နေသေးတာလား … မင်းတစ်ဘဝလုံး အင်မော်တယ် ဖြစ်လာမှာ မဟုတ်ဘူး … ”

ဝမ်လင်းက မျက်မှောင်ကြုတ် လိုက်ပြီး ပြောလိုက်သည်။

“တပည့်မှာ အင်မောင်တယ်ကျင့်စဉ်တစ်ခုတောင် မရှိတာ ဘယ်လိုလုပ်ပြီး အင်မော်တယ်လမ်းကြောင်းပေါ် ရောက်နိုင်ပါ့မလဲ … ”

အကြီးအကဲ ခေတ္တမှင်သက်သွားပြီး ဒေါသဖြင့် ပြောလိုက်၏။

“သုံးရက်အချိန်ရမယ် … မြန်မြန်ပြန်လာခဲ့ … ဒါက မိုင်တစ်ထောင် အင်မော်တယ်လက်ဖွဲ့ပဲ … နှစ်ခါသုံးလို့ရတယ် … ဒါက မင်းရဲ့အမြန်နှုန်းကို မြှင့်ပေးလိမ့်မယ် … ”

အဝါရောင် ခပ်မွဲမွဲစက္ကူ တစ်ရွက်က ပြတင်းပေါက်မှ ဝမ်လင်းဆီ ဝဲပြီး ရောက်လာသည်။

ဝမ်လင်းက အဆောင်လက်ဖွဲ့ကို ယူလိုက်၏။ တပည့်တွေ အားလုံးက အိမ်ပြန်သည့်အခါ ဤလက်ဖွဲ့ကို ရရှိကြသည်ဟု ကျန်းဟူထံမှ သိထားသည်။ ဂိုဏ်း၏ ရည်ရွယ်ချက်က ရတနာတွေနှင့် အင်မော်တယ် ကျင့်စဉ်တွေဖြင့် လူငယ်တွေကို ဆွဲဆောင်ရန် ဖြစ်သည်။

ဤလက်ဖွဲ့က အရည်အသွေး နိမ့်သော်လည်း အသုံးပြုရ လွယ်ကူသည်။ ခြေထောက်တွင် ကပ်လိုက်ရုံမျှဖြင့် အမြန်နှုန်းကို တိုးမြင့်နိုင်သည်။

ပြင်ပတပည့်များက ဤအဆောင် လက်ဖွဲ့များကို အပြင်မှာ အခြားပစ္စည်းများနှင့် လဲလှယ်နိုင်ရန် သိမ်းထားကြသည်။ တပည့်အများစုက အဆောင်လက်ဖွဲ့များကို လိုချင်ကြ၍ အိမ်ပြန်ရန် ဆင်ခြေပေးကြ၏။

ပင်မဝန်းထဲမှ ထွက်လာပြီးနောက် ဝမ်လင်းက သူ၏အခန်းသို့ တန်းတန်းမတ်မတ် ပြန်လာသည်။ ထို့နောက် ကျန်းဟူကို နှုတ်ဆက်ပြီး တောင်ပေါ်မှ ဆင်းသွားလိုက်သည်။

ထိုအချိန်၌ ကေင်းကင်ပေါ်တွင် ကြယ်များ တောက်ပနေသည်။ ဝမ်လင်းက အိမ်ကို မနက်ဖြန်မှ ပြန်ချင်နေ၏။ အဆောင်လက်ဖွဲ့ကိုလည်း အသုံးမပြုချင်ပေ။ သူ့အဖေ၏ မွေးနေ့ကို မမီမှာလည်း စိုးရိမ်နေသည်။ ထို့ကြောင့် ညခင်း ကတည်းက ထွက်လာခဲ့ခြင်း ဖြစ်၏။

ဝမ်လင်း ထွက်သွားပြီးနောက် အကြီးအကဲစွန်းက ဆေးဖက်ဝင် အပင်တချို့ကို သိမ်းဆည်းရန် ထွက်လာသည်။ ဝင်ပေါက်ကို ကြည့်ပြီး ရုတ်တရုတ် ကြက်သေ သေသွား၏။ ဝင်ပေါက်နားတွင် စိုက်ထားသော မြက်ပင်ပြာ အားလုံး ခြောက်သွေ့ညှို့နွမ်း နေလေပြီ။

***

Comment

Leave a Reply

Options

not work with dark mode
Reset