”ဖျံကောင် … ” ဝမ်လင်းက အံ့အားသင့် သွားသည်။ အဆိုပါလူမှာ သူ့ကို လှောင်ပြောင်ခဲ့သည့် အဝါဝတ်စုံဝတ် တပည့် တစ်ယောက်ဟု ယူဆ၍ရသော်လည်း သိပ်မသေချာပေ။
“အာ … မင်းသူ့ကို မမြင်လိုက်ဘူးလား … သူက တပည့်တွေကို အလုပ်ခွဲတမ်း ချပေးရတဲ့ တာဝန်ရှိသူပဲ … သူက ပြင်ပတပည့် ဖြစ်ပေမဲ့ ကျင့်စဉ်ကျင့်လို့ရတယ် … အဝါရောင် ဝတ်စုံဝတ်ထားပေမဲ့ လူကောင်း တစ်ယောက်နဲ့ မတူဘူး… ဒါကြောင့် ငါတို့က သူ့ကို ဖျံလို့ခေါ်ကြတာ … “ ကျန်းဟူက မရပ်မနား ရှင်းပြလိုက်သည်။
ဝမ်လင်းက အာလူးကြော်ကို တစ်ကိုက်ကိုက်ပြီး ပြောလိုက်သည်။
“ငါ ဒီနေ့ သူ့ကို မြင်မှ သူဘယ်သူလဲသိတာ … သူက ငါ့ကို မနက်ဖြန်က စပြီးတော့ တစ်ရက်ကို ရေစည်၁၀စည် မဖြည့်ရင် အစာမပေးဘူးတဲ့ … ”
ကျန်းဟူ အံ့အားသင့်သွားသည်။ သူက ဝမ်လင်းကို ခဏစိုက်ကြည့် လိုက်သည် … “အစ်ကို … ခင်ဗျား သူ့ကို အရင်က အပြစ်လုပ်ဖူးလား … ”
ဝမ်လင်း ခေါင်းယမ်း၍ ပြန်ပြောလိုက်သည်။
”ဘာလို့လဲ … ”
ကျန်းဟူက ဝမ်လင်းကို သနားကြည့်ဖြင့် ကြည့်လိုက်သည်။
”ဝမ်လင်း … ရေတိုင်ကီတွေက အိမ်မှာသုံးတဲ့ တိုင်ကီတွေလို မှတ်နေလား … ဒီလောက်ကြီးလေ … ”သူက လက်ဖြင့် တိုင်းထွာပြလိုက်သည်။
ကျန်းဟူ ခါးသီးစွာ ပြုံးလိုက်၏။
“မင်း ဖျံကောင်ကို ရန်စမိပြီ… သူပြောတဲ့ ရေတိုင်ကီဆိုတာ သူ့အခန်း လောက်ကြီးတဲ့ ရေတိုင်ကီတွေ ဆယ်တိုင်ကီတောင်မှ … ဝမ်လင်း … ဒီအာလူးကြော်တွေ ငါမစားတော့ဘူး … မင်း သိမ်းထား … လေးငါးရက်စာလောက် ဖူလုံလိမ့်မယ်. … တောင်ပေါ်က တင်းကုပ်တွေ အကုန်လုံးက နေရာယူပြီးသွားကြပြီ…အဲဒီနေရာတွေက တပည့်ခေါင်းဆောင်တွေပဲ ယူလို့ရတာ … မနက်ဖြန်တော့ တောင်ထွက် သီးနှံတွေပဲ စားရတော့မယ် … ”
သူက ကျန်ရှိနေသည့် အာလူးကြော်များကို စားပွဲပေါ်တင်ရင်း သက်ပြင်းချကာ အိပ်ရာပေါ် လှဲချလိုက်သည်။
ဝမ်လင်းက ဒေါသထွက် နေသော်လည်း သူ့မိဘများ၏ ပုံရိပ်များကို ပြန်မြင်ယောင် မိသောအခါ စိတ်ကို အတင်းလျှော့ချ လိုက်သည်။ သူက ဒေါသထွက်နေသော စိတ်ဖြင့်ပင် အိပ်ပျော်အောင် အိပ်လိုက်ရတော့သည်။
ဒုတိယနေ့တွင် ဝမ်လင်းက အိပ်ရာထသည့် အချိန်တွင် မိုးမလင်းသေးဘဲ မှောင်နေဆဲပင် ဖြစ်သည်။ ကျန်းဟူကား ဟောက်နေဆဲပင်။ ဝမ်လင်းက မီးခိုးရောင် ဝတ်စုံကို ဝတ်ဆင်ကာ ဖျံကောင်နှင့် တွေ့ခဲ့သည့် နေရာသို့ အလျင်အမြန် သွားလိုက်သည်။ ထိုနေရာသို့ သူရောက်ရှိပြီး မကြာမီတွင် နေရောင် ထွက်လာတော့သည်။ ဝတ်စုံဝါဝတ် လူငယ်များက တံခါးများကို ဖွင့်ကာ ဝမ်လင်းကို ထူးဆန်းစွာ ကြည့်နေကြသည်။
“အနည်းဆုံးတော့ မင်း အချိန်မှန်တယ် … ရေပုံးယူပီး အရှေ့ဘက်ကိုသွား … တောင်ပေါ်မှာ စမ်းချောင်းရှိတယ် … အဲ့စမ်းချောင်းရေကို ဒီကိုခပ်ခဲ့ … ”
သူက ဝမ်လင်းကို ဂရုမစိုက်ချေ။ သူက မြေကြီးပေါ်တွင် တင်ပျဉ်ခွေထိုင်ချလိုက်ပြီး နေထွက်လာသည်ကို မျက်နှာမူကာ အသက်ကို ဖြည်းညင်းစွာ ရှူသွင်းလိုက်သည်။ သူ့နှာခေါင်းမှ နဂါးနှစ်ကောင်ကဲ့သို့ အဖြူရောင် မြူများ ထွက်နေသည်။
ဝမ်လင်းက သူ့ကို မနာလိုစွာ ကြည့်လိုက်၏။ ထို့နောက် အခန်းထဲသို့ ဝင်ကာ လှည့်ပတ် ကြည့်ရှုလိုက်သည်။ နောက်ဆုံးတွင် တံခါးနောက်ရှိ ရေဆယ်တိုင်ကီကို မြင်လိုက်သည့်အခါ သူက မချိပြုံး ပြုံးလျက် အရှေ့ဘက်ဂိတ်သို့ ဦးတည်လိုက်၏။
အချိန်အတန်ကြာ လျှောက်ပြီးနောက် ဝမ်လင်းက စမ်းချောင်းရှိရာကို ရောက်ရှိသွားသည်။ ပတ်ဝန်းကျင်က လှပပြီး ရေစီးဆင်းသံကလည်း သာယာနာပျော်ဖွယ် ဖြစ်ကာ စိတ်နှလုံး အေးချမ်းစေသည်။ သူ့တွင် အလှအပကို ခံစားရန် အချိန်မရှိချေ။ ရေပုံးအား ရေဖြည့်လိုက်ပြီး တောင်ပေါ်သို့ အမြန်ပြန်တက် သွားလိုက်သည်။
မှောင်ရီဝင်စ အချိန်အထိ ရေခပ်နေခဲ့သော်လည်း တစ်တိုင်ကီပင် မပြည့်သေးပေ။ အာလူးကြော်များသာ စားမထားခဲ့ပါက သူ့တွင် ဆက်လက် လုပ်ကိုင်ရန် ခွန်အားရှိမည် မဟုတ်ချေ။ သူ၏ ခြေ၊ လက်များ လေးလံနေကာ လှုပ်ရှားမှုပြုတိုင်း နာကျင်နေသည်။
ဝမ်လင်းက ခဏစဉ်းစားလိုက်ပြီး ရေပုံးထဲသို့ ရေတစ်ဝက်ဖြည့်ကာ လူသူမရှိသည့် နေရာသို့ သွားလိုက်သည်။ သူက ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိမှန်း သေချာသွားသည့်အခါ မှော်ကျောက်တုံးကို ထုတ်ယူပြီး ရေပုံးထဲသို့ ခေတ္တခဏ စိမ်လိုက်၏။ ထို့နောက် ကျောက်တုံးကို ပြန်ထုတ်ကာ ရေကို သောက်သုံး လိုက်သည်နှင့် တစ်ပြိုင်နက် အစာအိမ်ထဲမှ နွေးထွေးမှုကို ခံစားရပြီးနောက် ကြွက်သား နာကျင်မှုများက ပျောက်ဆုံးသွားသည်။
ရလဒ်သည် ရေငွေ့ရည်များကဲ့သို့ မကောင်းမွန် သော်လည်း ဝမ်လင်းက စိတ်လှုပ်ရှားဆဲပင် ဖြစ်သည်။ သူက ရင်ဘတ်ကို ကိုင်ပြီး မှော်ကျောက်တုံးကို နေရာအနေအထား ညှိလိုက်သည်။ သူသည် ဤမှော်ရတနာ အကြောင်းကို မည်သူ့ကိုမှ မပြောရန် ဆုံးဖြတ်လိုက်၏။
ရေပုံးတစ်ဝက် ကုန်အောင် သောက်ပြီး သောအခါ သူ၏ကြွက်သားများက နာကျင် ကိုက်ခဲမှုများ ပျောက်ကွယ်သွားပြီး ခွန်အားများ ပြန်လည် ပြည့်ဝလာသယောင် ခံစားလိုက်ရသည်။ သူက ရေကို လျင်မြန်စွာပင် ဆက်လက် ဖြည့်နေလိုက်၏။
ထိုညတွင်ပင် မှော်ကျောက်တုံးကို ရေပုံးတစ်ဝက်ထဲသို့ ထပ်မံနှစ်ကာ သောက်သုံးပြန်သည်။ သူ့အား သံသယ မဝင်စေရန် နွမ်းလျသည့် ပုံစံဖြင့် ပြန်လာလိုက်၏။
ခဏကြာသောအခါ ကျန်းဟူ ပြန်ရောက်လေသည်။ သူက အလုပ်ပင်ပန်းလာပုံ ပေါ်ဆဲပင် ဖြစ်သည်။ နှစ်ယောက်သား စကားအနည်းငယ် ပြောပြီးနောက် ကျန်းဟူက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် အာလူးနှစ်လုံး တောင်းယူလိုက်၏။ သူက ထိုအာလူးများအား စားသောက်ကာ အိပ်ပျော်သွားလေသည်။
အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားကာ မျက်တောင်တစ်ခတ် အတွင်းမှာပင် ဝမ်လင်း ဟုန်ယွီဂိုဏ်း တပည့်ဖြစ်ခဲ့ရာ တစ်လခန့် ကြာမြင့် သွားလေသည်။
ဝမ်လင်းက ကျန်းဟူ၏ အလုပ်မှာ ထင်းခွေရန် ဖြစ်ကြောင်း သိသွားသည်။ သူက အစာမစားမီ ထင်းအလုံအလောက် ရရှိရန် အားထုတ်ရသည်။ သူကား ပြင်ပတပည့် ဖြစ်ကတည်းက သုံးနှစ်သုံးမိုး ထင်းခွေခဲ့ရသည်။ လွန်ခဲ့သည့် သုံးနှစ်က သုံး၊ လေးရက် တစ်ကြိမ်သာ အစာစားခဲ့ရသော်လည်း ယခုအခါ နှစ်ရက် တစ်ကြိမ်အထိ အစာစားခွင့် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။
သူ့စကားများအရ ပြင်ပ တပည့်များသည် တန်ခိုးကျင့်စဉ် အခြေခံကို မသင်ယူမီအထိ တစ်နေ့သုံးကြိမ် အစာစားခွင့်ရရန် ဆယ်နှစ်ကြာအောင် ဝေယျာဝစ္စများ ပြုလုပ်ရလေသည်။
ပင်မတပည့်များကား ထိုသို့မဟုတ်ပေ။ သူတို့တွင် ဆရာများရှိကာ ဝေယျာဝစ္စများ လုပ်ရန် မလိုအပ်သည့်အပြင် ကိုယ်ပိုင် အခန်းများလည်း ရှိ၏။ သူတို့၏အလုပ်ကား တန်ခိုးကျင့်ရန် သာလျှင် ဖြစ်သည်။
ယေဘုယျအားဖြင့် ပင်မတပည့်နှင့် ပြင်ပတပည့်ကြားတွင် အကူဖြစ်လာသော ဝမ်ဟိုကဲ့သို့ အစေခံလူတန်းစား ရှိသေးသည်။
ထိုလူများက ဝေယျာဝိစ္စများအား ပြုလုပ်ရန် မလိုအပ်သလို အဆင့်နိမ့် ကျင့်စဉ်များကိုပင် လေ့ကျင့်ခွင့်ရသည်။ သူတို့၏ ဆရာများက ပေးသော တာဝန်ကိုသာ ပြုလုပ်ရန် လိုအပ်ပေသည်။ သို့သော် ထိုလူများသည် ပင်ကိုပါရမီ နည်းပါးကာ သူတို့ တစ်ဘဝလုံးကို အကူများအဖြစ်သာ ဖြတ်သန်းရလေ့ ရှိသည်။
ဝမ်လင်းက ကျန်းဟူထံမှ သိရသလောက် ပါရမီရှိသည် ဆိုသည်မှာ စိတ်စွမ်းအင် မြင့်မားခြင်း ဖြစ်ကြောင်း၊ တစ်စုံတစ်ယောက်က စိတ်စွမ်းအင် လုံလောက်လျှင် တစ်နှစ်အတွင်း အင်မော်တယ် ကျင့်စဉ်ကို လေ့ကျင့်နိုင်ပြီး လုံလောက်မှု မရှိပါက ဆယ်စုနှစ်များစွာ သို့မဟုတ် ရာစုနှစ်များစွာပင် အချိန်လိုအပ်ကြောင်း ကြားသိရသည်။
လူတစ်ယောက်၏ အသက်သည် ကန့်သတ်ချက် ရှိသည်။ သာမန်လူ တစ်ယောက်သည် သူ့ဘဝ တစ်လျှောက်လုံး လေ့ကျင့်လျှင်ပင် ဖြစ်ထွန်းမည် မဟုတ်ချေ။ ထို့ကြောင့် ဂိုဏ်းက စိတ်စွမ်းအင်ကိုသာ ဦးစားပေးခြင်းဖြစ်သည်။
ဝမ်လင်းက သူရေဖြည့်နေရသည့် တစ်လလုံး မှော်ကျောက်တုံး စိမ်ထားသည့် ရေများစွာ သောက်သုံးခဲ့သောကြောင့် သူ့ခန္ဓာကိုယ်မှာ ပို၍သန်မာလာသည်။ ယခင်က ရေဆယ်တိုင်ကီ ဖြည့်ရန် ခြောက်ရက်ကြာသော်လည်း ယခုအခါ သုံးရက်သာကြာမြင့်တော့သည်။
သို့သော်လည်း အခြားလူများ သံသယ မဝင်စေရန် အလို့ငှါ ဝမ်လင်းက နေမထွက်မီ အိပ်ရာမှထပြီး ရေပုံးယူကာ ရေခပ် ထွက်လေ့ရှိသည်။ အခြားလူများက သူသုံးရက်တည်းနှင့် ရေဖြည့် နိုင်သောကြောင့် အံ့အားသင့် ကြသော်လည်း စောစောထကာ နောက်ကျမှ အိပ်သောကြောင့် ထိုသို့ပြီးသည်ဟု ယူဆကြသည်။
***