အခန်း (၁၂)

သားကောင်ပမာအချောင်းမြောင်းခံရခြင်း

အခန်း (၁၂) သားကောင်ပမာအချောင်းမြောင်းခံရခြင်း

ကျန်းလန်က အဖွဲ့၏ နောက်ဘက်နားမှ တိတ်တဆိတ်လိုက်ပါလာပြီး အဖွဲ့ဝင်များပြောဆိုနေသည့် စကားများကို နားထောင်နေလေသည်။

သူတို့ပြောသည့် စကားများအရ… မှော်ရုံနယ်မြေသို့ ဝင်ရောက်မည့် အဖွဲ့တစ်ဖွဲ့တွင် ကျင့်ကြံသူ (၇)ယောက် ပါဝင်သည်ဟု သိရသည်။

ထိုသို့ဆိုလျှင်… မှော်ရုံနယ်မြေထဲ ဝင်ရောက်သူ အလွန်များပြားပေလိမ့်မည်ဟု ကျန်းလန် တွေးလိုက်မိ၏။

စဉ်းစားကြည့်တော့လည်း ဤသည်က ဖြစ်သင့်သည့်ကိစ္စပင် ဖြစ်သည်။

မှော်ရုံနယ်မြေထဲသို့ လူအနည်းငယ်သာ ဝင်မည်ဆိုပါက နဝမတောင်ထွတ်မှ တပည့်တစ်ယောက်ဖြစ်သော ကျန်းလန်အနေဖြင့် အဖွဲ့နှင့်အတူ လိုက်ပါရန် အခွင့်အရေးရမည် မဟုတ်ပေ။

ထို့ပြင်… မှော်ရုံနယ်မြေထဲ ဝင်ရောက်ကြသည့် ကျင့်ကြံသူများထဲတွင် ချီစွမ်းအားသန့်စင်ခြင်းအဆင့် တစ်ယောက်မှ မပါရှိပေ။

ကြည့်ရသည်မှာ… နဝမတောင်ထွတ်မှ တစ်ဦးတည်းသောတပည့် ကျန်းလန်အတွက် ထူးခြားအခွင့်အရေး ရရှိခဲ့ဟန် တူသည်။ ဤသည်မှာ ဆရာဖြစ်သူ မော့ကျန်းသုန့်၏ စီစဉ်ပေးမှု ဖြစ်နိုင်၏။

အချိန် (၃)နှစ်ခွဲအတွင်း…

ကျန်းလန်က ချီစွမ်းအားသန့်စင်ခြင်းအဆင့် အောင်မြင်ခဲ့သည်ဟု အများက ထင်မှတ်ကြသည်။

အမှန်တော့… (၃)နှစ်ခွဲအတွင်း ချီစွမ်းအားသန့်စင်ခြင်းအဆင့် အောင်မြင်အောင် ကျင့်ကြံနိုင်ခြင်းမှာ အလွန်လျှင်မြန်သည်ဟု ဆိုနိုင်သည်။

ပါရမီရှင်တစ်ယောက်၏ မြန်နှုန်းမျိုးပင် ဖြစ်၏။

သို့သော်… နဝမတောင်ထွတ်တွင် တပည့်ဆို၍ ကျန်းလန် တစ်ယောက်သာ ရှိလေသည်။ ထို့ကြောင့်… တောင်ထွတ်တစ်ခုလုံးရှိ ရင်းမြစ်များအားလုံး ကျန်းလန်တစ်ယောက်တည်းအတွက်သာ ပုံအောအသုံးပြုပေမည်။

ထို့ကြောင့် … ကျန်းလန် ကျင့်ကြံခြင်းအဆင့်တက်ခြင်း လျှင်မြန်နေသည်ဟု အားလုံးက ယူဆကြသည်။

အခြားတောင်ထွတ်များမှ တပည့်များဆိုလျှင် ကျန်းလန်ကဲ့သို့ လျှင်မြန်လိမ့်မည် မဟုတ်ပေ။

သို့သော်… ကျင့်ကြံသူတစ်ယောက်သည် ပြင်ပရင်းမြစ်အကူအညီများဖြင့် အစပိုင်းတွင် ကျင့်ကြံခြင်းအဆင့်တက်ခြင်း လျှင်မြန်နိုင်သော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်း ခက်ခဲနှေးကွေးလာမည် ဖြစ်သည်။

ဤသည်က ပါရမီရှင်နှင့် သာမန်လူများအကြား ကွာဟချက် ဖြစ်သည်။ အချိန်ကြာသည်နှင့်အမျှ ပင်ကိုယ်စွမ်းရည်က ကွာခြားသွားမည်ဖြစ်သည်။

ထိုသို့ဖြင့်… လုန်ယွိ ဦးဆောင်သည့်အဖွဲ့ ထူးခြားသည့် နေရာတစ်ခုသို့ ရောက်ရှိလာကြလေသည်။

ထိုနေရာတွင် ကျောက်သားကလာဘ်တစ်ခုရှိနေပြီး ကလာဘ်ပေါ်တွင် ထူးဆန်းသည့် အလင်းရောင်များ တောက်ပလျှက် ရှိသည်။

အလင်းရောင်များကြားတွင် ဥမင်တစ်ခုအလား ဝင်ပေါက်တစ်ခုကို တွေ့မြင်ရ၏။

လုန်ယွိက…

“ငါတို့ မှော်ရုံနယ်မြေထဲ ဝင်တဲ့အခါ ဥမင်မုန်တိုင်းထဲ စုပ်ယူခံရလိမ့်မယ် ၊ ဒါကြောင့် အားလုံး ငါ့နောက်ကနေ ကပ်ပြီး လိုက်ခဲ့ကြဖို့ လိုတယ် ၊ တကယ်လို့…  မင်းတို့ ကြောက်တယ်ဆိုရင်တော့ မျက်လုံးမှိတ်ထားလို့ ရတယ်…”

လုန်ယွိစကား အဆုံးသတ်သွားသည်နှင့် အဖွဲ့ဝင်များအားလုံး တိတ်ဆိတ်စွာဖြင့်ပင် အသင့်ပြင်ထားလိုက်ကြသည်။

ကျန်းလန်လည်း သူမပြောသည့်စကားအတိုင်း အသင့်ပြင်ထားလိုက်သည်။

ကျန်းလန်က အခြားအကြောင်းအရာများကို သိပ်ပြီး စိတ်မဝင်စားပေ။ မှော်ရုံနယ်မြေထဲရောက်လျှင် စနစ်တွင် မှတ်ပုံတင်ရန်သာ စိတ်ကူးနေမိသည်။

သူ၏ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာရန်မှာ စနစ်တွင် မှတ်ပုံတင်နိုင်ခြင်းအပေါ် မူတည်နေသည် မဟုတ်ပါလား။

ယခု… အများအမြင်တွင် ကျန်းလန်က ချီစွမ်းအားသန့်စင်ခြင်းအဆင့် အောင်မြင်ပြီးကာစ ဖြစ်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့် စတင်ကျင့်ကြံရမည့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

အခြေခံတည်ဆောက်ခြင်းအဆင့် စတင်ကျင့်ကြံပြီဆိုသည်နှင့် သူ၏ စိတ်စွမ်းအားနှင့် ရုပ်ခန္ဓာစွမ်းအားကို အစစ်ဆေးခံရန် မလိုတော့ဟု ဆရာဖြစ်သူ မော့ကျန်းသုန့်က ပြောထားသည်။

ထို့ကြောင့်… သူ့အနေဖြင့် ကျင့်ကြံခြင်းအဆင့် မြင့်တက်လာရန် လိုအပ်သည်။

သို့သော်… ကျန်းလန်က သူ့ကို အခြားသူများ အာရုံစိုက်မိမည်ကိုလည်း မဖြစ်စေချင်ပေ။ ထို့ကြောင့် သတိရှိရှိဖြင့် နေထိုင်ရန် ဆုံးဖြတ်ထားသည်။

ထိုအချိန်မှာပင်…

လုန်ယွိ၏ ခန္ဓာကိုယ်မှ အလင်းရောင်မှိန်ပျပျတစ်ခု ထွက်ပေါ်လာလေသည်။

ထိုအလင်းရောင်က လုန်ယွိ၏ တန်ခိုးစွမ်းအားဖြစ်ပြီး ကြည်ပြာရောင်တောက်ပလျှက်ရှိသည်။ အလင်းရောင်က သူမ၏ အဖွဲ့ဝင်များအားလုံးကို ဝန်းရံရစ်ပတ်ထားလိုက်လေသည်။

ထို့နောက်… ဆွဲငင်အားတစ်ခုက ဆွဲခေါ်နေကြောင်း ကျန်းလန် စတင်ခံစားလိုက်ရသည်။

စက္ကန့်ပိုင်းအတွင်းမှာပင် ကျောက်သားကလာဘ်ပေါ်တွင် တောက်ပနေသည့် ဥမင်ပေါက်ထဲသို့ သူတို့အားလုံး စုပ်ယူခြင်းခံလိုက်ရပြီး မုန်တိုင်းတစ်ခုအလယ်သို့ ရောက်ရှိသွားသည်ကို ခံစားလိုက်ကြရသည်။

စောစောက လုန်ယွိပြောခဲ့သည့် ဥမင်မုန်တိုင်း ဖြစ်ဟန်တူ၏။

ထိုအချိန်မှာပင်… သူတို့ကို ဝန်းရံရစ်ပတ်ထားသည့် ကြည်ပြာရောင်အလင်းက နဂါးတစ်ကောင်၏ အရိပ်အဖြစ် ပြောင်းလဲသွားလေသည်။

ကျန်းလန် အံ့အားသင့်သွားပြီး…

“သူက တကယ်ပဲ နဂါးမျိုးနွယ်ကိုး…”

ဟု စိတ်ထဲမှ တွေးလိုက်မိသည်။

ခွန်လွန်တောင်တွင် နဂါးမျိုးနွယ်များ တပည့်အဖြစ်ရှိနေခြင်းက ပုံမှန်ပင် ဖြစ်သည်။

သို့သော်… လွန်ခဲ့သည့် (၃)နှစ်က သူနှင့် တိုက်ခိုက်ခဲ့သည့် ကျင့်ကြံသူညီနောင်က သူ့ကို နဂါးမျိုးနွယ်အကြောင်း ပြောပြခဲ့ဖူးသည်။

ထိုစဉ်က … ကျန်းလန်က စိတ်မဝင်စားသောကြောင့် သေသေချာချာ နားမထောင်ခဲ့မိပေ။ ထို့ကြောင့် ထိုသူ ဘာပြောမှန်း ကျန်းလန် မမှတ်မိတော့ပေ။

သိပ်မကြာမီ… သူတို့အားလုံး မြေပြင်ထက်သို့ အန္တရယ်ကင်းကင်းဖြင့် ဆင်းသက်ခဲ့ကြလေသည်။

သူတို့ မြေပြင်ထက်သို့ ခြေချမိသည်နှင့်… အရှေ့ဆီတွင် မြင့်မားသည့် တောင်ကြီးတစ်တောင်ကို တွေ့မြင်လိုက်ကြရသည်။

သူတို့အဖွဲ့က တောင်ခြေသို့ ရောက်ရှိနေကြခြင်း ဖြစ်၏။

ကျန်းလန် တောင်ပေါ်သို့ မော့ကြည့်လိုက်သည်။

တောင်ထိပ်ဆီတွင် မှော်ဆန်လှသည့် တိမ်တိုက်များ တောက်ပနေသည်ကို ကျန်းလန် တွေ့မြင်လိုက်ရသည်။ ထို့ကြောင့်… တောင်ထိပ်တွင်သာ စနစ်မှတ်ပုံတင်နိုင်လျှင် တစ်စုံတစ်ခု ထူးခြားနိုင်မည်ဟု ကျန်းလန် တွေးလိုက်မိ၏။

တောင်ထိပ်တွင် မဟာတာအိုလမ်းကြောင်းတစ်ခု ရှိနေလျှင်တော့ အတိုင်းထက်အလွန်ပင် ဖြစ်သည်။

မှော်ရုံနယ်မြေအတွင်းသို့ ကျင့်ကြံသူများ ဝင်ရောက်ကြသည့်အကြောင်းရင်းမှာ ကျင့်ကြံခြင်းဆအင့် မြင့်တက်လာစေရန် ရည်ရွယ်လေသည်။ ထို့ကြောင့်… မှော်ရုံနယ်မြေက ရက်ပေါင်းအတန်ကြာအောင် ပွင့်နေမည် ဖြစ်သည်။

ထို့ကြောင့် … မဟာတာအိုလမ်းကြောင်းသာ ရှိနေပါက ကျန်းလန် ဤနေရာတွင် နေထိုင်ပြီး စနစ်တွင် ထပ်ခါထပ်ခါ နေ့စဉ်ရက်ဆက် မှတ်ပုံတင်နိုင်မည် ဖြစ်သည်။

လုန်ယွိက…

“ကဲ… ငါတို့ အခု မှော်ရုံနယ်မြေထဲကို ရောက်လာကြပြီ… ၊ မင်းတို့ အားလုံး ကိုယ်သွားချင်တဲ့နေရာကို လွတ်လွတ်လပ်လပ်သွားလာနိုင်တယ်…”

ခဏနားပြီး လုန်ယွိက စကားဆက်ပြောသည်။

“ဒါပေမဲ့… ငါ့ရဲ့ တန်ခိုးစွမ်းအားစက်ကွင်းထဲမှာပဲနေမယ်ဆိုရင် မင်းတို့ အန္တရယ်တစ်ခုခု ကြုံတာနဲ့ ငါ ချက်ချင်း အာရုံခံမိလိမ့်မယ် ၊ ဒါဆို ငါ… အမြန်ဆုံး လာကူညီနိုင်မယ် ၊ ဒီတော့… ဖြစ်နိုင်ရင် မင်းတို့ ငါ့ရဲ့ တန်ခိုးစွမ်းအားစက်ကွင်း အပြင်ဘက်ကို ထွက်မသွားစေချင်ဘူး…”

ထို့နောက် သူမက တောင်ခြေတွင် တင်ပျဉ်ခွေထိုင်ချလိုက်ပြီး စကားတစ်ခွန်းမှ မပြောတော့ဘဲ မျက်လုံးများကို မှိတ်ထားလိုက်လေတော့သည်။

ကျန်းလန် စိတ်ထဲက မေးခွန်းထုတ်လိုက်၏။

“သူ့ရဲ့ တန်ခိုးစွမ်းအားစက်ကွင်းထဲမှာပဲ နေရမယ်… တဲ့ ၊ သူ့ရဲ့ တန်ခိုးစွမ်းအားစက်ကွင်းက ဘယ်လောက် ကျယ်ပြန့်မှာ မို့လို့လဲ…”

ကျန်းလန်၏ တန်ခိုးစွမ်းအားစက်ကွင်းသည်ပင် တောင်တစ်ဝက်ထိရောက်အောင်ပင် ဖြန့်ကျက်နိုင်ခြင်း မရှိပေ။ တောင်ကလည်း အလွန်မြင့်မားသည် မဟုတ်ပါလား။

မည်သို့ပင်ဖြစ်စေ… ကျန်းလန်ကတော့ တောင်ပေါ်သို့ ရောက်အောင်တက်မည်ဟု ဆုံးဖြတ်ထားလေသည်။

ကျန်းလန်၏ သစ်ရွက်အမြင်တန်ခိုးစွမ်းအားနှင့် ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်း တန်ခိုးစွမ်းအားများကို အသုံးပြုမည်ဆိုလျှင် တောင်ထိပ်သို့ အလျှင်အမြန် ရောက်ရှိသွားမည် ဖြစ်သည်။

သို့သော်… ထိုတန်ခိုးစွမ်းအားများကို အသုံးပြုရန် မလိုသေးပေ။

သူ တောင်ထိပ်သို့ သွားခြင်းက မည်သူ့ကိုမှ ထိခိုက်မည် မဟုတ်ပေ။ ထို့ပြင်… အခြားအဖွဲ့ဝင်များအနေဖြင့်လည်း အဘယ့်ကြောင့် ကျန်းလန် တောင်ထိပ်သို့ သွားရကြောင်း မေးခွန်းထုတ်စရာ အကြောင်းမရှိပေ။

ထို့နောက်… အဖွဲ့ဝင်ကျင့်ကြံသူများက မိမိသွားလိုသည့် နေရာအသီးသီးသို့ ထွက်ခွာသွားကြလေတော့သည်။

သူတို့အားလုံး မှော်ရုံနယ်မြေသို့ ဝင်ခဲ့ကြသည်မှာ ကျင့်ကြံခြင်းအဆင့် မြင့်တက်လိုသောကြောင့် ဖြစ်သည်။ ထို့ကြောင့်… အချိန်ဖြုန်းနေစရာ အကြောင်းမရှိပေ။

သို့သော်… ရှင်းကျောက်ကတော့ ထွက်ခွာသွားခြင်း မရှိသေးဘဲ ကျန်းလန်ကို လှမ်းကြည့်ပြီး မဲ့ပြုံးတစ်ချက်ပြုံးလိုက်၏။

“ဂိုဏ်းတူညီလေး… ၊ တတိယတောင်ထွတ်ရဲ့ မှော်ရုံနယ်မြေက နည်းနည်းတော့ အန္တရယ်များတယ်နော် ၊ မင်းအနေနဲ့ ဂိုဏ်းတူအစ်မ’လုန်’ရဲ့ တန်ခိုးစွမ်းအားစက်ကွင်းအပြင်ကို ထွက်မသွားတာ အကောင်းဆုံးပဲ ၊ ဂိုဏ်းတူအစ်မ’လုန်’ ရဲ့ တန်ခိုးစွမ်းအားစက်ကွင်းက အရမ်းကျယ်ပြန့်လွန်းတယ် ၊ မင်း ကျင့်ကြံခြင်းဆင့်တက်ဖို့ သူ့ရဲ့ တန်ခိုးစွမ်းအားစက်ကွင်းထဲက မထွက်လဲ ဘာမှ မဖြစ်ဘူး…”

ရှင်းကျောက်၏ စကားက ကျန်းလန်ကို ဂရုတစိုက်သတိပေးနေဟန် ဖြစ်သော်လည်း အမှန်တွင် နှိမ့်ချပြောဆိုနေခြင်း ဖြစ်၏။

သို့သော်… ကျန်းလန်က ရန်မများချင်သောကြောင့် မသိချင်ယောင်ဆောင်လိုက်သည်။

ကျန်းလန်က ရှင်းကျောက်ကို ဦးညွှတ်အရိုအသေပေးလိုက်ရင်း…

“ဂိုဏ်းတူအစ်ကို သင်ပြပေးတာ ကျေးဇူးတင်ပါတယ်…”

ပြောပြီးသည်နှင့် ကျန်းလန် လှည့်ထွက်လာခဲ့သည်။

ရှင်းကျောက်က ကျန်းလန်၏ ကျောပြင်ကို စိုက်ကြည့်ရင်း တွေးလိုက်သည်။

“ဟွန်း… သူ ဒေါသထွက်လာအောင် စွပေးတာတောင် ဒေါသမထွက်ရဲအောင် ဖြစ်နေတာ… ၊ အလကား ငကြောက်…”

ထို့နောက်… ရှင်းကျောက်လည်း ထွက်ခွာသွားလေတော့၏။

ကျင့်ကြံသူတပည့်များအားလုံး ထွက်ခွာသွားကြပြီ ဖြစ်လေသည်။

ထိုအခါမှ… တောင်ခြေတွင် တင်ပျဉ်ခွေထိုင်နေသည့် လုန်ယွိက မျက်လုံးများကို အသာဖွင့်ကြည့်လိုက်သည်။

သူမက ကျန်းလန်ထွက်ခွာသွားသည့်ဘက်နှင့် ရှင်းကျောက် ထွက်ခွာသွားသည့်ဘက်ကို တစ်ချက် အကဲခတ်ကြည့်လိုက်သည်။

သူတို့ (၂)ယောက် သွားရာအရပ်က ဆန့်ကျင်ဘက်ဖြစ်နေကြောင်း သိလိုက်ရမှ လုန်ယွိ စိတ်အေးသွားသည်။ ရှင်းကျောက်အနေဖြင့် ကျန်းလန်ကို လိုက်ပြီးဒုက္ခပေးလိမ့်မည်မဟုတ်ဟု လုန်ယွိ တွေးလိုက်မိသည်။

အဖွဲ့ထဲတွင် ကျင့်ကြံခြင်းအဆင့်အနိမ့်ဆုံးဖြစ်သော ကျန်းလန်အတွက် စိတ်ချသွားရမှ လုန်ယွိ မျက်လုံးများကို ပြန်မှိတ်လိုက်ပြီး ဆက်လက်ကျင့်ကြံနေလိုက်သည်။

ထိုသို့ဖြင့်… အချိန်အတန်ကြာသွားခဲ့လေသည်။

လုန်ယွိ တစ်စုံတစ်ခုကို သတိထားမိဟန်ဖြင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်ပြန်သည်။

“အားလုံးက ငါ့ရဲ့ တန်ခိုးစွမ်းအားစက်ကွင်းထဲက ထွက်သွားကြတာပဲ…”

ကျင့်ကြံခြင်းအဆင့်အနိမ့်ဆုံးတပည့်ဖြစ်သည့် ကျန်းလန်သည်ပင် သူမ၏ တန်ခိုးစွမ်းအားစက်ကွင်းထဲမှ ထွက်ခွာသွားခဲ့ပြီ ဖြစ်လေသည်။

သို့သော်… သူမ ထိုကိစ္စကို အရေးမစိုက်ပေ။ လူတိုင်းတွင် ကိုယ်ပိုင်ရွေးခြယ်ပိုင်ခွင့် ရှိကြသည် မဟုတ်ပါလား။

သူမအနေဖြင့် အဖွဲ့ဝင်များအားလုံးကို ထိန်းချုပ်ထားရန် မဖြစ်နိုင်ပေ။

………….

ကျန်းလန် တောင်ပေါ်သို့ လျှင်မြန်စွာ တက်လာခဲ့သည်။

တောင်ပေါ်လမ်းတစ်ဝက်ခန့်ရောက်သည်နှင့် ကျန်းလန် နောက်သို့ တစ်ချက်လှည့်ကြည့်လိုက်ပြီး…

“ဂိုဏ်းတူအစ်မ’လုန်’… ငါ့ကို အာရုံမခံမိလောက်တော့ဘူး ထင်တာပဲ…”

ဟု ရေရွတ်လိုက်၏။

ကျန်းလန်က တောင်ထိပ်အထိတက်ရန် ဆုံးဖြတ်ထားလေရာ လုန်ယွိ၏ တန်ခိုးစွမ်းအားစက်ကွင်းထဲတွင် နေထိုင်ရန် မဖြစ်နိုင်ပေ။

ကျန်းလန်က အမှန်တကယ် ချီစွမ်းအားသန့်စင်ခြင်းအဆင့် ကျင့်ကြံသူဆိုလျှင်တောင်မှ လုန်ယွိ၏ တန်ခိုးစွမ်းအားစက်ကွင်းထဲတွင် နေမည့်သူ မဟုတ်ပေ။

ချီစွမ်းအားသန့်စင်ခြင်းအဆင့်မှ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ အဆင့်တက်ရန်မှာ ရွေးပြဒါးအမြုတေအဆင့်လောက် ခက်ခဲခြင်းမရှိပေ။ သို့သော်… လွယ်ကူသည်ဟုလည်း မဆိုနိုင်ပြန်ပေ။

ကျန်းလန် တောင်ပေါ်သို့ ဆက်တက်လာခဲ့သည်။

တောင်ပေါ်တက်သည့် တောင်တက်လမ်းပတ်ဝန်းကျင်က အန္တရယ်တော့ သိပ်မကင်းပေ။ သို့သော်… ကျန်းလန်ကတော့ အန္တရယ်များအားလုံးကို ရှောင်တိမ်းနိုင်ခဲ့သည်။

ကျန်းလန်တွင် တိုက်ခိုက်နိုင်သည့်စွမ်းအားအပြည့်ရှိသော်လည်း မလိုအပ်ဘဲ မတိုက်ခိုက်လိုပေ။ အထူးသဖြင့်… မှော်ရုံနယ်မြေကဲ့သို့ ကျွမ်းဝင်ခြင်းမရှိသည့် နေရာမျိုးတွင် တိုက်ခိုက်လိုခြင်း မရှိပေ။

သူ့အနေဖြင့် တောင်ထိပ်သို့ ရောက်အောင်တက်ပြီး စနစ်တွင် မှတ်ပုံတင်ရန်သာ အရေးကြီးသည်။ ထို့ကြောင့်… သူ၏ တိုက်ခိုက်စွမ်းရည်ကို အကြောင်းမဲ့ ပြသနေရန် မလိုပေ။

စနစ်တွင်မှတ်ပုံတင်ရန်ကတော့ နောက်တစ်နေ့နံနက် တောင်ထိပ်သို့ ရောက်မှသာလျှင် မှတ်ပုံတင်ရမည် ဖြစ်သည်။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားလေသည်။

အနောက်ဘက်သို့ နေဝင်သွားခဲ့ပြီး ညအချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ည…

ကြယ်ရောင်အနည်းငယ်ဖြင့် မှောင်မိုက်သည့် ညတစ်ည ဖြစ်၏။

သို့သော်…  ကျန်းလန် အနားမယူဘဲ တောင်ပေါ် ဆက်တက်လာခဲ့သည်။

ကြုံတွေ့ရသည့်အန္တရယ်များကိုလည်း ဉာဏ်လွှာသုံး၍တစ်မျိုး ၊ လှည့်ကွက်များသုံး၍တစ်ဖုံ ကျန်းလန် ရှောင်တိမ်းခဲ့သည်။ ထို့ကြောင့်… လမ်းတစ်လျှောက်တွင် အန္တရယ်နှင့် ထိပ်တိုက်ရင်ဆိုင်ရခြင်း မရှိခဲ့ပေ။

“ချွတ်…”

ချွတ်နင်းသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာလေသည်။

ကျန်းလန် ကြည့်လိုက်သည့်အခါ ကြယ်ရောင်မှိန်မှိန်အောက်တွင် ကျားနှင့်သဏ္ဍန်တူသည့် သားရဲတစ်ကောင်ကို တွေ့မြင်လိုက်ရသည်။

ထိုသတ္တဝါ သူ့ကို သတိမထားမိစေရန် ကျန်းလန် ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်၏။

ကျားသတ္တဝါက ကျန်းလန်ကို သတိမထားမိဘဲ သူ့လမ်းသူ ဆက်လျှောက်သွားလေ၏။ ထိုအခါမှ… ကျန်းလန်က ခြေသံကို အသာဖွနင်းရင်း ထိုသတ္တဝါကို ရှောင်တိမ်းသွားလိုက်သည်။

သိပ်မကြာမီ… ကျားသတ္တဝါက သူ့အနောက်တွင် ကျန်ရစ်ခဲ့လေ၏။

သို့သော်… တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့်နေသည့် ခံစားချက်ကို ရုတ်တရက် ခံစားလိုက်ရသည်။

“စောစောက ကျားက ငါ့ကို ချောင်းနေတာများလား…”

ကျန်းလန် တွေးလိုက်မိပြီး ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

သို့သော်… သူ့ကို ကြည့်နေသည့်အကြည့်က အနီးအပါးမှ မဟုတ်ပေ။

အဝေးတစ်နေရာမှ ကြားခံမှော်ဝင်ပစ္စည်း သို့မဟုတ် ဝိညာဉ်သားရဲကိုအသုံးပြုကာ တစ်စုံတစ်ယောက်က သူ့ကို လျှို့ဝှက် ကြည့်ရှုနေခြင်းမျိုး ဖြစ်လေသည်။

ရန်သူက သူ့ကို သားကောင်ချောင်းသကဲ့သို့ ချောင်းမြောင်းနေပြီဖြစ်ကြောင်း ကျန်းလန် သတိပြုလိုက်မိသည်။

“ကောင်းပြီလေ… မင်းထွက်လာမယ့်အချိန်ထိ စောင့်ရုံပဲပေါ့…”

ကျန်းလန်တွေးလိုက်ပြီး တောင်ပေါ်သို့ ဆက်တက်လာခဲ့သည်။

ရန်သူက မကြာခင် သူ့ထံ ရောက်ရှိလာတော့မည်ကို ကျန်းလန် ခန့်မှန်းမိသည်။ ထို့ကြောင့်… ကျန်းလန် ရန်သူနှင့်တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်သည်။

ကျန်းလန်က ရန်သူကို ဘယ်သောအခါမှ လျှော့တွက်လေ့ မရှိပေ။

သူက ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း ပျက်သုဉ်းနေသည့် တစပြင်လောကကြီးအလယ်တွင် ထိုအဆင့်က ဘာမှ မပြောပလောက်ပေ။

ထို့ကြောင့် … ကျန်းလန် တစ်ချက်မှ သတိမလွတ်ရဲပေ။

ထို့ပြင်… သူ့ကို ပစ်မှတ်ထားတိုက်ခိုက်နေသူက မည်သူဖြစ်ကြောင်း ကျန်းလန် မသိရှိပေ။ မည်သည့်အကြောင်းကြောင့် တိုက်ခိုက်ရသည်ကိုလဲ ကျန်းလန် မသိရှိသေးပေ။


Comment

Leave a Reply

Options

not work with dark mode
Reset